Friday, January 6, 2012

သူငယ်ချင်းနဲ့ ပြိတ္တာ


စာရေးသူမှာသူငယ်ချင်း တစ်ယောက်ရှိသည်၊ ဘောလုံးကန်အရမ်းကောင်းသည်၊ ကြေးစားလို့တောင် ပြောလို့ရပါသည်၊ သူ အကြိုက်ဆုံးအသင်းက ရီရဲမက်ဒရစ်ပါ၊ ရီရဲအသင်းရဲ့ ဂျာစီ ဓာတ်ပုံများကိုလည်း အမြဲဝယ်ထားတတ်သည်၊ သူပါသော ချိန်းပွဲများဆိုလျှင် စာရေးကို ခေါ်တတ်သည်၊ စာရေးသူလည်း လိုက်ပြီးအားပေးရ သည်လေ၊ စာရေးသူကတော့ ဘောလုံးကန်တာကို ၀ါသနာပါပေမဲ့ လူချတာများလို့ မကန်ဖြစ်တော့၊ ၀င်ကန်တဲ့ ပွဲတိုင်းလိုလိုလည်း ရန်ပွဲနွဲရတာများသည်၊ ရန်ပွဲကြောင့်ပဲ သူငယ်ချင်းများကကန်ခွင့်မပြု၊ သူတို့ငဲ့ညှာပြီး မကန်ဖြစ်တာလည်း ကြာခဲ့ပါပြီ၊ တစ်နေ့ သူငယ်ချင်းက သူ့ကိုယ်တွေ့အဖြစ်ပျက်တစ်ခုကို အားရပါးရ ပြောပြသည်၊ တကယ်ကို တွေးတွေးပြီး ကြောက်မိသည်၊ အဲဒီအဖြစ်အပျက်လေးကို ဖတ်ကြည့်ကြပါစို့နော်။

ဦးသြဘာသဆိုတဲ့ ဦးဇင်းတစ်ပါးရှိသည်၊ သူသည် စာမေးပွဲကို ငါးနှစ်တိတိကျခဲ့သည်၊ ထို့ကြောင့် အရမ်းကို စိတ်ညစ်နေသည်၊ စိတ်လေနေသည်၊ သူ့မှာယုံချက်တွေ လုံးဝပျောက်ဆုံးနေသည်၊ စာလည်း မလုပ်ချင်တော့၊ စာလည်း မသင်ချင်တော့၊ စာမေးပွဲလည်း မဖြေချင်တော့၊ ဖြေလည်း အောင်လိမ့်မယ်ဟု မယုံကြည်တော့၊ ကျောင်းမှာနေတာ နှစ်တွေလည်း ကြာလာတော့ ဆရာတော်ကြီးက သူ့ကို ကျောင်းဝေယျာဝစ္စလုပ်ရင် ကျေနပ်ပြီး ဟုပြောကာ ထားသည်၊ သူကလည်း ကျောင်း ဝေယျာဝစ္စကို ကျေပွန်အောင်လုပ်သည်၊ အားတဲ့အချိန်မှာတော့ သူနဲ့ရင်းနှီးသော မောင်ငယ်တို့အိမ်ကို သွားနေသည်၊ မောင်ငယ်နဲ့ကလည်း ညီအစ်ကိုရင်းတွေကို ခင်မင်ရင်းနှီးသည်၊ မောင်ငယ်က ကျောက်အရောင်းအ၀ယ်လုပ်သည်။

တစ်ရက်တော့ မောင်ငယ်က ကျောက်အရောင်းအ၀ယ်ဖြစ်ကာ သိန်း(၂၀) မြတ်လာ သည်၊ ဒါနဲ့ ဆိုင်ကယ်အသစ်တစ်စီး ၀ယ်လိုက်သည်၊ ဖြစ်ချင်တော့ အဲဒီလက ဦးသြဘာသနဲ့ စာရေးသူရဲ့ သူငယ်ချင်းက အလည်တိုက်ကြီးမှာ အစောင့်ကြနေသည်၊ အလည်တိုက်ကြီး၏ အိပ်ခန်းသည် သုံးပါးသာ အိပ်လို့ရသည်၊ အစောင့်ကြသော သူများသည် ထိုအခန်းမှာ အိပ်ရသည်၊ အစောင့်တစ်ခါတစ်ခါကို နှစ်ပါးနှစ်ပါး စောင့် အိပ်ရသည်၊ ဦးသြဘာသနဲ့ သူငယ်ချင်းလည်း ညအိပ်ချိန်မှသာ လာအိပ်သည်၊ နေ့ခင်းဆိုရင် အလည်တိုက်ပေါ်ကို မတက်ဖြစ်ကြ၊ အိပ်ယာမှ နိုးထလျှင်လည်း ပစ်ထားခဲ့ကြသည်၊ ခြင်ထောင်ခေါက်သည် မရှိ၊ အဲဒီလောက်ထိ သံယောဇဉ်ရှိတာ၊ ဟဲဟဲ၊ တာဝန်ကျလို့သာ နေနေရတာ၊  မနေချင်ကြပါ၊ ဒီနေ့ ည (၁၀း၀၀)နာရီ လောက်မှာ မောင်ငယ်က ဦးသြဘာသကို လာခေါ်သည်၊ ဦးသြဘာသလည်း လူထွက်ချင် နေသည်မို့ အငြင်းတော့ပဲ လူဝတ်လဲကာ လိုက်သွားတော့သည်၊ ဦးဇင်းလူထွက်သည့်နေ့ (ရှင်လိင်ပြန်သည့်နေ့ အပျော်ဆုံးနေ့ဆိုပဲ) မို့ အပြတ်ပျော် လိုက်မည်ဟုများ စိတ်ထဲမှာတွေးထားသလား မပြောတတ်၊ မောင်ငယ်နဲ့ ထွက်သွားသည်၊ မောင်ငယ်ကလည်း ဆိုင်ကယ်ကို အကြမ်းမောင်းသည်။

၈၅ - လမ်းပေါ်က ဓာတ်ဆီဆိုင်မှာ ဆီဖြည့်သည်၊ ပြီးတာနဲ့ ဆီဆိုင်မှ အထွက် ဆိုင်ကယ်ချင်း နှုတ်ဆက်သလိုဖြစ်ပြီး “ဗြုန်း”ဆိုတဲ့အသံအတူ လန်ကျလို့ သွားပါတော့ သည်၊ မောင်ငယ်က ကတ္တရာလမ်းနဲ့အနမ်းပေးလိုက်ပြီး ခေါင်းတစ်ခြမ်း ကွဲလန်သွား သည်၊ အပျော်ဆုံးနေ့လေးကို လက်ဝယ်ပိုက် ဆိုင်ကယ်မောင်းကြမ်းတဲ့ မောင်ငယ် နောက်လိုက်ခဲ့တဲ့ ကိုသြဘာလေးမှာတော့ ခြေတစ်ချောင်းထော့နဲ့ထော့နဲ့ ဖြစ်သွား သည်၊ လက်တစ်ဘက်က လှုပ်လို့မရတော့ ကျိုးသွားရှာသည်၊ အနီးနားက လူတွေက ၀ိုင်းဦးကြည့်ကြ၊ သက်ဆိုင်ရာတွေရောက်လာတော့ မှတ်ချက်တွေရေး၊ ကိုသြဘာကို ကူညီဘို့အရေး ဆေးခန်းကို ပြေးရပြန်သည်၊ မောင်ငယ်ကတော့ ပွဲချင်းပြီး သွေးအေး သွားခဲ့သည်၊ အင်း ဖြစ်ချင်ရင် နေ့တွေ နေရာတွေ ရွေးနေလို့ မလွတ်ပါဘူးလေ။

စာရေးသူ၏ သူငယ်ချင်းက မြို့ထဲက အဖြစ်အပျက်ကို မသိပါ၊ သူတစ်ယောက် တည်းသာ မီးဖွင့်ပြီး အလည်တိုက်ကြီးပေါ်မှာ အိပ်နေရှာသည်၊ သူအိပ်လို့ မပျော်သေးပါ၊ အခန်းတံခါး ပွင့်လာသည်၊ ကိုသြဘာ ပြန်လာသည်ထင်ပြီး လှည့်ကြည့်မိသည်၊ မြင်ရသည်က သွေးသံရဲရဲ ခေါင်းတစ်ခြမ်းဟက်တက်ကွဲနဲ့ ကြောက်စရာကောင်းတဲ့ မျက်နှာနဲ့ မောင်ငယ် ဖြစ်နေသည်၊ အံ့သြနေမိပေမဲ့ နည်းနည်းမှမလှုပ် ကုတ်ကုတ်လေးကြည့်နေမိသည်၊ မောင်ငယ်က သူငယ်ချင်း အိပ်နေပြီ ထင်သဖြင့် မခေါက်မသိမ်းရသေးတဲ့ကိုသြခြင်ထောင်ကို မ - ကြည့်သည်၊ ပြီးတော့ “ဦးသြ၊ ဦးသြ ကံကောင်းပါတယ်၊ ကျွန်တော်ကတော့ ခေါင်းကွဲသွားတယ်” လို့ ပြောပြီး အခန်းမှ ပြန်ထွက်သွားသည်၊ သူငယ်ချင်းလည်း “ အမလေး ” လို့ အော်ဘို့ပင် မေ့နေသည်၊ အမြဲနေသော အဆောင်သို့ ခြေကုန်တင်ပြေးတော့သည်။

အဆောင်ပြန်ရောက်တော့ သူ့နေရာလေးမှာ အသာလေးကွေးနေသည်၊ ခြင်ထောင်က မရှိတော့၊ အလည်တိုက်ကြီးပေါ်မှာ ကျန်နေခဲ့သည်၊ ခြင်မြည်သံကြောင့် အိပ်လို့က မပျော်၊ မတွေးသော်လည်း ပေါ်ပေါ်လာသည်က မောင်ငယ့်မျက်နှာ၊ ကြက်သီးပင် ထထလာသည်၊ ည နက်ချိန်က အသည်းယားစရာ တိတ်ဆိတ်လွန်းလှသည်၊ ဘေးက အိပ်နေသူ၏ တိုးတိတ်စွာ အသက်ရှုသံပင် သဲသဲကွဲကွဲကြားနေရသည်၊ နာရီသံက တချောက်ချောက်နဲ့၊ ခဏကြာတော့ ကိုယ်တော်လေးတစ်ပါး အပေါ့စွန့်ဘို့ ထသွားသည်၊ သူငယ်ချင်းလည်း အားရှိသွားသည်၊ တစ်ပါးအဖော်ရသည်ပေါ့၊ ခဏကြာတော့ “အားးးးးးးးးးးး”ဟူသော စူးစူးဝါးဝါး အော်သံကြောင့် ထထိုင်လိုက်သည်၊ ပြေးတက်လာသော ခြေသံနဲ့အတူ အပေါ့စွန့်သွားသော ကိုယ်တော်လေး ရောက်လာ သည်၊ သူလည်း သူငယ်ချင်းလို မောဟိုက်လို့နေသည်၊ မျက်နှာမှာလည်း ချွေးသီးချွေး ပေါက်လေးတွေနဲ့၊ သူငယ်ချင်းလည်း အံ့သြစွာဖြင့် “ဘာဖြစ်တာလဲ” လို့ အနားကပ်ကာ မေးကြည့်သည်၊ တိုးတိုးလေးပေါ့နော်၊ ဘေးမှာက အိပ်ပျော်နေသူတွေရှိတယ်လေ၊ အပေါ့စွန့်သွားတဲ့ ကိုယ်တော်လေး ပြောပြမှ ပိုပြီးအံ့သြ ထိပ်လန့်သွားသည်၊ ထိုကိုယ်တော်လေးလည်း မောင်ငယ်ကို မြင်ခဲ့ရသည်လေ။

ထိုကိုယ်တော်လေးသည် အပေါ့စွန့်ရန် လုပ်ထားသော ရေလောင်းကျင်ငယ်အိမ်တွင် အပေါ့စွန့်နေသည်၊ ရေလောင်းကျင်ငယ်အိမ်သည် အလယ်မှာ ကာထားသည်၊ ဟိုဘက်တစ်ယောက် ဒီဘက်တစ်ယောက် ထိုင်ပြီး အပေါ့စွန့်လျှင် တစ်ယောက်ကို တစ်ယောက်မမြင်ရပါ၊ မမြင်ရအောင်လည်း အကာလုပ်ပေးထားသည်၊ ထိုကိုယ်တော် လေး ထိုင်ပြီးအပေါ့စွန့်နေစဉ် တစ်ဘက်မှာ အပေါ့လာစွန့်သည့် ခြေသံ အပေါ့စွန့်သံ လောင်းထည့်သည့်ရေသံများကို ကြားရသည်၊ ထိုကိုယ်တော်လေး လည်း “ဒီကောင် အပေါ့စွန့်တာ မြန်လှချည်းလား”လို့ တွေးပြီး အားကုန်ညှစ်ကာ အပေါ့စွန့်မိသည်၊ အဖော်ရှိတော့ အားတက်တာပေါ့နော်၊ ညဘက်ဆိုတာ အလိုလို တိတ်ဆိတ်မှု့နဲ့တင် ကြောက်စရာကောင်းနေပါသည်။

ထိုကိုယ်တော်လေး အပေါ့စွန့် ရေလောင်းပြီးသော်လည်း တစ်ဘက်ကလူ ပြန်သွား သည့်ခြေသံကို မကြားရပါ၊ ဒါနဲ့ ဘယ်သူများလဲလို့ သိအောင် ထပြီး တစ်ဘက် ကျင်ငယ်အိမ်ဘက်သို့ ငဲ့ကြည့်လိုက်သည်၊ ဟာ ခေါင်းဟက်တက်ကွဲနဲ့ ထိုင်နေတဲ့ မောင်ငယ်၊ သွေးသံရဲရဲနဲ့ နီရဲနေတဲ့ မြင်ကွင်း၊ ချက်ချင်းပဲ အလန့်တကြားအော်ဟစ်ကာ ပြေးတက်ခဲ့တော့သည်၊ လှေကားထစ် (၁၅) ထစ်လောက်ရှိတာတောင် တစ်ခါတည်း ခုန်တက်လိုက်မိသည် ထင်သည်၊ တစ်ယောက်နဲ့တစ်ယောက် ပြောပြပြီး ထိုကိုယ်တော်လေးနဲ့ သူငယ်ချင်းမှာ မအိပ်နိုင်တော့ပါ၊ တစ်ယောက်နဲ့တစ်ယောက် စကားပြောလို့သာ နေတော့သည်၊ မနက် (၄) နာရီထိုးတော့ ဆွမ်းချက်ဘို့ အလှည့်ကျတဲ့ ကိုယ်တော်လေး သုံးပါးက ထကြပြီ၊ သူတို့ကို ကူညီရင်း သူငယ်ချင်းလည်း မအိပ်ပဲနေလိုက်တော့သည်၊ မနက်လင်းတော့ တာဝန်ရှိသူများက ဆရာတော့်ဆီလာပြီး ညက အဖြစ်အပျက်တွေကို လာရောက်လျှောက်ထားပါသည်၊ ဆရာတော်လည်း ကိုယ့်ကျောင်းမှာ နေသူမို့ စားစရာ ထမင်းဟင်းများ ဆေးဘိုးအတွက်လိုအပ်တဲ့ ငွေကြေးများ ထုပ်ပေးပြီး ကိုယ်တော်လေးများကို ကိုသြဘာကို စောင့်ရှောက်ဘို့ လွှတ်ရသည်၊ ကျောင်းသံဃာများအားလုံး ညကဆိုင်ကယ်မတော်တဆ အဖြစ်အပျက်ကို ခုမှသိကြရသည်၊ သို့သော်လည်း သူငယ်ချင်းနဲ့ အပေါ့စွန့်တဲ့ ကိုယ်တော် လေးမှာတော့ ညက ချက်ချင်းပင် မောင်ငယ်ကို မျက်ဝါးထင်ထင် တွေ့မြင်ခဲ့ရလေသည်။

အထက်ပါ အဖြစ်အပျက်သည် အဖြစ်မှန်ပင်ဖြစ်သည်၊ စာဖတ်သူများ ယုံနိုင်မည် မယုံနိုင်မည်တော့ စာရေးသူ မပြောတတ်၊ နာမည်များကိုတော့ ဖြတ်လျှက် ထည့်ထားပါ သည်၊ နာမည်အရင်းများ မဟုတ်ပါ၊ ပြိတ္တာဘ၀နဲ့ မောင်ငယ်ရောက်လာ နိုင်သည်ကိုတော့ စာရေးသူက ယုံမိသည်၊ သို့သော်လည်း သေပြီးတဲ့ ခန္ဓာကိုယ်နဲ့ လာနိုင်သလား၊ သေနေတဲ့ခန္ဓာကိုယ်နဲ့ လာဘို့ရော လိုသလားလို့တော့ ခဏခဏ တွေးမိခဲ့သည်၊ သူသေသွားတဲ့ ခန္ဓာနဲ့ပဲ ပြိတ္တာဖြစ်ရသည်လို့တော့ မကြားဖူးပါ၊ ဘ၀သစ်မှာ ခန္ဓာသစ်နဲ့ပဲ ဖြစ်သင့်သည်ဟု တွေးမိခဲ့သည်၊ သေသောခန္ဓာနဲ့ဘ၀သစ်မှာ ဖြစ်နေတာဆိုလို့ အသညသတ်ဗြဟ္မာများသာ ရှိသည်ဟု မှတ်ထားဖူးသည်၊ ကံတရားရဲ့ ဆန်းပြားပုံကလည်း ရှိနေပြန်သည်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ သိစေချင်သော ဗဟုသုတ သံဝေဂရစေချင်သော ဆန္ဒသက်သက်နဲ့ ဒီအဖြစ်အပျက်လေးကို ရေးချက်လိုက်ပါ သည်ဟု -------------------

1 comment:

  1. Borgata Hotel Casino & Spa - Joliet - KTHR
    Borgata Hotel Casino & Spa is a Wedding Venue 목포 출장안마 in Joliet, IL and features 진주 출장안마 a bar, a 파주 출장안마 restaurant, and a casino. The 사천 출장샵 property has a 성남 출장안마 restaurant

    ReplyDelete