Thursday, October 6, 2011

စွဲကျန်ရစ်သော ပန်းတစ်ပွင့်

ဒီဆောင်းပါးလေးကို (၁)၊ အများနဲ့နေထိုင်နည်း၊ (၂)၊ တစ်ယောက်တည်းနေရကျိုး၊ (၃) စွဲကျန်ရစ်သော ပန်းတစ်ပွင့် - ဟု သုံးပိုဒ်ခွဲပြီး ရေးသားထားပါသည်၊ စာရေးသူ မိဘမဲ့ဂေဟာသို့ သွားရောက်ခဲ့စဉ် စိတ်တွင် ခံစားရသော ခံစားချက်အမှန်များကို ရေးသားထားခြင်း ဖြစ်ပါသည်၊ စာရေးသူနဲ့ အတူသွားရောက်ကြသော နောင်တော် ညီတော်များ ဒီဆောင်းပါးကို ဖတ်ရလို့ စိတ်တိုကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြဘို့ အနူးအညွှတ် တောင်းပန်ပါသည်၊ စာရေးသူ၏ အမှန်အတိုင်း ရေးတတ်သောအကျင့်လေးကို စာနာပေးကြပါလို့ ကြိုတင် တောင်းပန်ပါရစေ။

(၁) အများနဲ့နေထိုင်နည်း
ဒီနေ့ ၅-၁၀-၂၀၁၁ နေ့၊ စာရေးသူတို့အဖွဲ့ ကျောင်းတိုက်မှ နေ့ခင်း ၁း ၄၀ မှာစထွက်သည်၊ လမ်းရောက်တော့ ခေါင်းဆောင်နောင်တော်ကြီးမှ လက်သုတ်ပ၀ါများ ၀ယ်သည်၊ စာရေးသူတို့ ၁၅ - မိနစ်ခန့်စောင့်ကြသည်၊ မပြီးသေးပါ၊ သို့ဖြင့် ကျောင်းတိုက်တစ်တိုက်မှ နောင်တော်တစ်ပါးကို သွားခေါ်သည်၊ ပြန်လာသော်လည်း လက်သုတ်ပ၀ါဝယ်နေသော နောင်တော်က မပြီးသေးပါ၊ ဖုန်းဆက်တဲ့ နောင်တော်တစ်ပါးကလည်း အူကြောင်ကြောင်နဲ့၊ ဆိုင်ကထွက်လာပြီးလား ဘာလား သေသေချာချာ ရေရေရာရာ မေးလို့မရ၊ စာရေးသူ၏ စိတ်ကလည်း မြန်သည်၊ ကိုယ့်ကိုယ်လည်း သိသည်၊ သိလို့လည်း တစ်ချို့ကိစ္စတွေမှာ မသိချင်ယောင် ဆောင်နေလိုက်သည်၊ ခုဟာက မရတော့၊ စောင့်နေရတာ တော်တော်ကြာသွားပြီ။

ကားပေါ်မှ ဆင်းလို့လွယ်ကူသည့် နောင်တော်များကလည်း ဆင်းပြီး ကြိုမယ် ပြုမယ် မရှိ၊ ထိုင်ခုံပေါ်ထိုင်ခွင့် ရလိုက်သည်နဲ့ တစ်ပြိုင်နက် မထချင်ကြတော့၊ အင်း ဒါကလည်း သဘာဝတရားတစ်ခုပင် ထင်ပါသည်၊ မည်သူမဆို ထိုင်ခုံ တစ်ခုကို နေရာတစ်ခုကို ကိုယ်ပိုင်သဘောနဲ့ ထိုင်ခွင့်ရလိုက်ပြီဆိုတာနဲ့ ထပေးချင်စိတ် ဖယ်ပေးချင်စိတ် မရှိကြတော့ပါ၊ ထိုထိုင်ခုံလေးပေါ်မှာ ထိုင်နေရတဲ့ သာယာမှု့ကို မစွန့်လွှတ်နိုင်ကြ၊ စာရေးသူက “ ကားရှိတဲ့နေရာမသိလို့ ကြာနေတာလား၊ ၀ယ်လို့မပြီးသေးလို့ ကြာနေတာလား “ ဆိုတာကို ကွဲကွဲပြားပြား သိချင်သည်၊ ကားရှာမတွေ့လို့ ကြာနေတာဆိုလျှင် သွားပြီး ခေါ်စေချင်သည်၊ ခရီးကြိုမှု့ ပြုလုပ်စေချင်သည်၊ သို့သော် နောင်တော်များက ဒီလိုမဟုတ်ခဲ့၊ စာရေးသူ စိတ် စာရေးသူ အတွေးနဲ့ သူတို့ပုံစံနဲ့က လုံးဝအဆင် မပြေ၊ လုပ်ချင်ရင် ဘယ်သူ့ကို ပြောမနေပဲ ကိုယ့်ဘာသာထလုပ်တတ်သော အကျင့်က ငယ်ငယ်ကတည်းက စာရေးသူဆီမှာ စွဲကပ်နေခဲ့သည်၊