Monday, January 9, 2012

ကျေးဇူးပါ ချစ်ညီမလေး


ဖေဖေသည် ညီမလေးကို သိပ်ချစ်သည်၊ သူ့ဘ၀မှာ ညီမလေးသည် ပထမလို့ ပြောရင် ရနိုင်သည်၊ ဖေဖေသည် တကယ့်မုဆိုးတစ်ယောက်လိုဖြစ်နေသည်၊ အမှန်တကယ် တော့ မုဆိုးတစ်ယောက် မဟုတ်ပါ၊ သို့သော်လည်း တောဝက် လိုက်သွားလျှင် ဖေဖေမပါလျှင် မပြီး၊ ဖေဖေ့ကိုပဲ အားကိုးကြသည်၊ (အားကိုးလောက် အောင်လည်း ဖေဖေက လှံထိုးသိပ်ကျွမ်းကျင်သည်၊ သူ့သူငယ်ချင်းဦးဦးများ ပြောပြလို့ သိရတာပါ၊ စာရေးသူကိုယ်တိုင်တော့ မမြင်ဖူးပါ)၊ အိမ်မှာ ဖေဖေကိုင်သော နှစ်ဘက်သွားနဲ့ လှံရှည်တစ်ချောင်းရှိသည်၊ တစ်ခါတစ်လေ ကိုနုအောင်ဟုခေါ်သော ရဲသား တစ်ယောက်စီမှ သေနတ်ငှါးပြီး တောပစ်ထွက်တတ်သည်၊ ရလာသော တောကောင်၏ ပေါက်တစ်ဘက်ကို စခန်းမှူးအားပေးရသည်၊ (သေနတ် အသုံးပြုခပေါ့နော်)၊ ညဘက်ဆိုလျှင်လည်း တောကောင်ပစ် ထွက်သည်၊ ဒူးလေးကိုထမ်းလျှက် အဖော် တစ်ယောက်နဲ့ ထွက်တတ်သည်၊ တကယ်တမ်းတော့ ဖေဖေဟာ လယ်ယာလုပ်ငန်း ကိုပဲ စွဲစွဲမြဲမြဲလုပ်တတ်သူပါ၊ လယ်ယာများ ဥယျာဉ်များဆိုလည်း ဖေဖေစွမ်းရည်ကို တောသို့ ဥယျာဉ်သို့ ရောက်ဖူးမှ အံ့သြရလောက်အောင် ထက်မြတ်မှန်းသိရသည်၊ ဖေ့ဖေ့ဝါသနာကြောင့်သာ မုဆိုးတစ်ယောက်လို ဖြစ်နေရှာတဲ့ ဖေဖေ၊ ဆန်ကောင်း စားချင်ရင် ကိုယ်တိုင်စိုက်လို့ ပြောတတ်တဲ့ ဖေဖေ။

ညနေခင်းဆိုလျှင် အိမ်နောက်ဘေးက ဥယျာဉ်ထဲမှာ ဖေဖေက လူငယ်များကို လေးပစ်  သင်ပေးတတ်သည်၊ လူငယ်များကလည်း ရေမချိုးခင် (၁) နာရီလောက် ကြိုလာ တတ်သည်၊ နေ့တိုင်းလိုလို လူငယ်များစွာ ရှိနေသဖြင့် အလှည့်ကျ စနစ်ဖြင့် သင်ပေး ရသည်၊ ညဘက် တောပစ်က ပြန်လာပြီးဆိုလျှင် တောကြက်များ ၁၀ ကောင်လည်း ဟုတ်သည်၊ တစ်ချို့ညဆိုလျှင် အကောင် ၂၀ ရတာတွေလည်း ရှိသည်၊ ပြောလျှင် ပိုသည်ဟု ထင်ကြလိမ့်မည်၊ အဲဒါတွေဟာ အမှန်တွေပါပဲ၊ တောက ဥယျာဉ်များ ယာခင်းများကို လာရောက်စားသောက်တတ်သော တောခွေးများ တောကြက်များ လင်းယုန်များဆိုလည်း ဖေဖေ့ ညွှတ်ကိုင်းနဲ့မိပြီး ခဏခဏ သေပွဲဝင်ကြရသည်၊ လင်းယုန်ကို အစာနဲ့မျှားခေါ်ပြီး ထောင်ဖမ်းပုံများ တောခွေးများကို ဖိတုံးနဲ့ ထောင်ဖမ်းပုံများ တောကြက်များကို ကွင်းဖျောက်ပြီး ထောင်ဖမ်းပုံများကို စာရေးသူ လည်း အတုယူခဲ့ဘူးသည်။

စာရေးသူသည် ငယ်ငယ်က တော်တော်ဆိုးခဲ့သည်၊ မိဘပြောစကားလည်း နားမထောင်ခဲ့၊ လုပ်ချင်တာသာ လုပ်ခဲ့သည်၊ ညီမလေးသည် စာရေးသူကို အရမ်းချစ် သည်၊ ချစ်မှာပေါ့ သူ့မှာ အားကိုးစရာဆိုလို့ ဒီအစ်ကိုပဲ ရှိတာကိုး၊ သူဘာပဲ လုပ်လုပ်၊ ဘာပဲ စားချင်စားချင် စာရေးသူကိုသာ ပူဆာတတ်သည်၊ စာရေးသူလည်း ညီမလေးကို သိပ်ချစ်ရသည်၊ ညီမလေးသည် သုံးနှစ်ပြည့်ခါနီးတိုင်အောင် မေမေ့နို့ကို စို့နေဆဲပါ၊ မေမေက နို့ဖြတ်ချင်သည်၊ ညီမလေးက မရ၊ ဒီတော့ မေမေက ငြုတ်သီးတို့ ပရုတ်ဆီ တို့ကို အသုံးပြုတော့သည်၊ ညီမလေးက မြတ်နိုးစွာ ဆာလောင်စွာ သောက်စို့တဲ့အခါ အဆိပ်ခပ်ခံရသလို ဖြစ်ဖြစ် သွားရှာသည်၊ မေမေ့ကို ဘာလို့အဲလိုလုပ်ရတာလဲလို့ မေးကြည့်တော့ “သွားတွေ ပိုးစားမှာ စိုးလို့” လို့ ပြောသည်၊ (အင်း ဒါက မေမေ့စေတနာပါ၊ ဟိ ဖေဖေ့ကြောင့်တော့ မဟုတ်လောက်ပါဘူး၊ ဒါပေမဲ့ ညီမလေး ခံစားရတာကို မြင်ရတော့ စိတ်ထဲမှာ မကောင်းဘူး)၊ ညီမလေးက စပ်လို့ အော်ငိုတဲ့အခါ မေမေ့မှာ ငိုရခက် ရယ်ရခက်ပါ၊ မေမေက “နောက် စို့ဦးမလား”လို့ မေးတဲ့အခါ ညီမလေးက “ ကြည်လင် ၀င်းပတဲ့ မျက်ရည်ပုလဲလုံးလေးတွေကို လက်ကလေးနဲ့ ပွတ်သပ်ရင်း” ခေါင်းလေးကို ခါခါ ပြတတ်သည်၊ ခဏခဏ ဒီအတိုင်းဖြစ်နေကြပါ။

တစ်နေ့ ညီမလေး ၀မ်းခဏခဏသွားသည်၊ စာရေးသူပဲ သိသည်လေ၊ ကျန်းမာရေး အကြောင်းလည်း ကောင်းကောင်းမသိသေးတဲ့အရွယ်၊ မိဘတွေကိုလည်း အထူး တလည် လုပ်ပြီး ပြောမပြမိခဲ့ဘူး၊ ၀မ်းခဏခဏသွားနေပေမဲ့ နည်းနည်း နည်းနည်းသာ သွားသည်၊ ၀မ်းကိုက်နေသည် ဖြစ်မှာပေါ့နော်၊ ဒီလိုနဲ့ သုံးရက်မြောက်နေ့ည သန်းခေါင်ယံ အချိန်မှာတော့ ညီမလေးက အမောဖောက်ပါတော့သည်၊ စာရေးသူက မေမေ့ရင်ခွင့်ထဲမှာပါ၊ ဖေဖေကတော့ ညီမလေးကို ပွေ့ချီထားသည်၊ ဘေးမှာလည်း အမျိုးတွေက အများကြီး ၀ိုင်းအုံလို့၊ ဆရာဝန်ကို ပင့်ရသည်၊ ဆရာဝန်က ခေါင်းခါပြ သည်၊ ဘာရောဂါမှန်းလည်း မသိခဲ့၊ ဒါနဲ့ နောက်ထပ် ဂိုဏ်းဆရာ တစ်ယောက်ကို ပင့်ရပြန်သည်၊ ဂိုဏ်းဆရာကြီးက ရွာသူနဲ့တောသူ ပေါင်းပြီးပြုစားတာလို့ ပြောသည်၊ မေမေလည်း ဂိုဏ်းဆရာကြီးပြောသည့်အတိုင်း ခေါစာပစ်ရသည်၊ စာရေးသူက မကျေနပ်၊ ဘာကြောင့် ညီမလေးကို ဒီလိုလုပ်ရသလဲဆိုတဲ့ ဒေါသ စိတ်က နဖူးထိပ်ထိ ရောက်နေသည်၊ အဲဒီဒေါသကြောင့်ပဲ  မေမေခေါစာ ပစ်တဲ့နေရာနဲ့ မနီးမဝေးမှာ သွားနေလိုက်သည်။

စာရေးသူက ရွာသူလာစားလျှင် ရိုက်ဘို့ ၀ါးရင်းတုတ်တစ်ချောင်းကို ကိုင်လျှက် အရိပ်ရသည့်နေရာမှ စောင့်ကြည့်နေသည်၊ ခဏကြာတော့ ခွေးတစ်ကောင်က ထိုခေါစာကို လာစားသည်၊ ဒေါသထွက်နေတဲ့ စာရေးသူလည်း ဘာမှ တွေးမနေတော့ဘူး၊ လက်ထဲရှိတဲ့ ၀ါးရင်တုတ်နဲ့ ဒီလောက်ရှုပ်တဲ့ခွေးဆိုပြီး လှမ်းပစ်လိုက်ည်၊ “ ဂိန်း ”လို့ အော်ပြေးရမည့်ခွေးက မအော်ပါ၊ သူ့ကို ထိမှန်တော့ စာရေးသူကို ရပ်ကြည့်နေသည်၊ မကျေနပ်တဲ့ ပုံစံနဲ့၊ သိပ်ဒေါသဖြစ်ဘို့ ကောင်းသည်၊ စာရေးသူလည်း နောက်ထပ်ခဲတစ်လုံး ကောက်ဘို့ ရှာနေချိန် ထိုခွေးက ပြန်လစ်ပြေးသည်၊ ခေါစာ ပစ်ထားတဲ့ဥစ္စာလည်း လွင့်စင်သွားသည်၊ စာရေးသူ ပစ်လိုက်သောဝါးရင်းတုတ်က ခွေးကိုထိမှန်သည်၊ ယိုင်ခွေ သွားသော ခွေးက ခေါစာကို တိုက်မိသည်၊ ဒီတော့ ခေါစာလည်း လွင့်စင် မှောက်သွားပြီပေါ့။

စာရေးသူလည်း အရိပ်ထဲမှာပဲ ခဲတစ်လုံးကို ကိုင်ထားလျှက် စောင့်ကြည့်နေသည်၊ ခဏကြာတော့ မေမေက ပစ်ထားတဲ့ ခေါစာကိုလာကြည့်သည်၊ ခေါစာမှောက်နေတာ တွေ့တော့ မေမေ ခဏရပ်ပြီး တွေဝေနေသည်၊ စာရေးသူ အနားရောက်သွားတော့ ဘယ်လိုဖြစ်တာလဲ ဟု မေးသည်၊ စာရေးသူလည်း အဖြစ်မှန်ကို ပြောပြလိုက်သည်၊ အဲလို မလုပ်ရဘူး၊ အဲဒါ ရွာသူက ခွေးကို ပူးကပ်ပြီး လာစားတာ လို့ ပြောသည်၊ ပြီးတော့ အိမ်ပေါ် အမြန်တက်သွားပြီး ပြန်လာသည်၊ လင်ပန်းထဲမှာ စောစာကအတိုင်း ခေါစာပစ်ဘို့ ပါလာပြန်သည်၊ ခေါစာပစ်ပြီး စာရေးသူကိုလည်း အိမ်ပေါ်ခေါ်သွားသည်၊ အိမ်ပေါ်ရောက်တော့ ညီမလေးပါးစပ်ထဲမှာ အမြှုပ်ဖွေးဖွေးတွေက ထမင်းအိုး ဝေကျသလို တက်တက်လာနေသည်၊ ဖေဖေကတော့ “ သမီး ဘုန်းဘုန်းပြန်လာပြီ၊ ဘုန်းဘုန်းပြန်လာပြီ၊ ကန်တော့ရအောင် ကန်တော့ရအောင်” ဆိုပြီး တဖွဖွပြောနေရှာ သည်၊ မေမေရဲ့မောင် ဦးဇင်းရှိသည်လေ။

 ညီမလေးသည် အသည်းအသန် မောဟိုက်နေပေမဲ့ ဖေ့ဖေ့စကားကို ကြားသည်၊ သူ့စိတ်ထဲမှာလည်း ဦးလေးဘုန်းကြီးကို အာရုံပြုနေသည်ထင်သည်၊ “အင်း အင်း အင်း” ဟူသော အဖြေပေးသံက အဆက်မပြတ် ပေါ်ထွက်လာနေသည်၊ မနက် ၄း၀၀ နာရီလောက်မှာ မေမေက အားကြီး ငိုနေပါပြီ၊ မေမေ့ငိုသံနဲ့ ကိုယ်ခန္ဓာက တသိမ့်သိမ့် တုန်လှုပ်နေမှု့ကြောင့် စာရေးသူလည်း နိုးသွားသည်၊ မေမေ့ရင်ခွင်ထဲက ထလိုက်သည်၊ ဖေဖေက ဘဘကြီးတို့နဲ့ စကားပြောနေသည်၊ ညီမလေး ဆုံးသွားပါပြီ၊ ဆုံးသွား သော်လည်း စာရေးသူ ဘာမှန်း မသိခဲ့ဘူး၊ မေမေငိုလို့ လိုက်ငိုမိသေးသည်၊ ရင်ထဲမှာ တော့ ဘယ်လိုမှ မခံစားရ၊ သေသည် ဆုံးသည်ဆိုသော စကားသံလည်း ခဏခဏ ကြားဖူးသည်၊ သို့သော် ထိုစကားသံ၏ အဓိပ္ပာယ် သဘောတရားကို နားမလည်ခဲ့၊ မနက်မိုးလင်းတော့ ရပ်ဝေးမှ ဆွေမျိုးများလည်း ရောက်လာကြသည်၊ စာရေးသူတို့ အမျိုးသည် ဆွေးကြီးမျိုးကြီးဖြစ်သည်၊ ဟဲဟဲ ၊ ကြွားတာနော်၊ စည်းစည်းလုံးလုံး ညီညီ ညွတ်ညွတ်သာ ရှိနေပါမူ မည်မျှတောင် ပျော်စရာကောင်းလိုက်မည်နည်း၊ ခုတော့ ဒီလိုမဟုတ်ပါ၊ ထားပါတော့လေ (ဆွေးကြီးမျိုးကြီးဆိုလို့ ချမ်းသာတယ် ဂုဏ်တင့်တယ်လို့ ဆိုလိုတာ မဟုတ်ပါဘူးနော်၊ သွေးသားတော်စပ်သူတွေ များစွာရှိတယ်လို့ အရေအတွက်ကို ပြောတာပါ)။

မနက်မိုးလင်းတော့ စာရေးသူက မေမေ့ရင်ခွင်ထဲမှာပါ၊ မေမေက စာရေးသူ ခေါင်းကို ပွတ်သပ်းရင် အမျိုးများနဲ့ စကားပြောလိုက် ငိုလိုက်နဲ့ မေမေလည်း တော်တော်လေး မောဟိုက်နေသည်၊ ညီမလေးကို ရေပတ်တိုက်ပြီး သန့်ရှင်းပေးသည်၊ ပြီးတော့ မေမေက သနပ်ခါးပါ လိမ်းပေးထားသည်၊ အဖွားစော ရောက်လာတော့ “ဟဲ့ ၊ ငါ့မြေး မသေပါဘူးအေ၊ ငါ့မြေးလေး သတိမေ့နေတာပါ၊ ကြည့်စမ်းပါဦး၊ ငါ့မြေးလေးက လှလိုက်တာ၊ အိပ်နေတာပါအေ” လို့ မျက်ရည်တွေ စိုရွဲလို့ ပြောရင်း ငိုနေရှာသည်၊ ဟုတ်ပါသည်၊ ညီမလေးသည် သေသူနဲ့ မတူပါဘူး၊ ပြုံးပြုံးလေးနဲ့ အိပ်နေသလိုပါပဲ၊ ခုမှ ပိုလှနေ သည်ဟုပင် ထင်ရသည်၊ စကားသိပ်တတ်တဲ့ ညီမလေးပါ၊ သုံးနှစ်ပြည့်ဘို့ သုံးရက်ပဲ လိုပါတော့တယ်၊ ရဟန်း(၅)၀ါ ရသည့်ထိ သာသနာ့ဘောင်မှာ နေဖူးသော အဖွားငယ်ရဲ့ ခင်ပွန်းက “သိပ်ပြီး ၀မ်းနည်း မနေကြပါနဲ့၊ နင်တို့ သမီးလေးက ကောင်းရာသုဂတိရောက်မှာ သေချာပါတယ်၊ အတိတ် နိမိတ်ကောင်းကို မြင်ရပြီး သွားရောက်ရမှာ ပျော်လို့ ခုလို ပြုံးပြုံးလေး ဆုံးသွားတာပါ၊ အတိတ်နိမိတ်မကောင်းတာကို မြင်ရပြီး သွားရောက်ရမှာ ကြောက်တဲ့ သူတွေကြတော့ လန့်ပြီး အော်ပြီး မဲ့ရွဲ့ပြီး ဆုံးသွားကြရတာ၊ အဒါလေးကို တွေးပြီး ၀မ်းသာပေးကြပါ၊ ငိုမနေကြပါနဲ့တော့ အရမ်းပင်ပန်းနေကြပြီ” လို့ ပြောသည်။

ဘယ်လိုပင် ပြောသော်လည်း အဖွားစောနဲ့မေမေက မရပါဘူး၊ ငိုသံတွေ ပြောသံဆိုသံ တွေက လျော့မသွားခဲ့၊ မနက်မိုးလင်းတော့ လူတွေအများကြီးရောက်လာသည်၊ ညီမလေးအတွက် ပြင်ဆင်ကြသည်၊ လူရှုပ်ရင် မနေတတ်သော စာရေးသူက ဥယျာဉ်ထဲသို့ သွားနေလိုက်သည်၊ ဘာရယ်လို့တော့ မဟုတ်၊ ယောင်တောင်တောင်နဲ့၊  သေရင် ဘာဖြစ်လဲ ဆုံးရင် ဘာဖြစ်လဲဆိုတဲ့ အတွေးနဲ့သာ လုံးချာလိုက်နေသည်၊ ဗိုက်ဆာလို့ ပြန်လာတော့ နေ့ခင်းအိမ်မှာ လူတွေ သိပ်မရှိကြ၊ ဖေဖေ မေမေနဲ့ ဘဘ ဖွားဖွားတို့ကိုလည်း မတွေ့ရဘူး၊ ပြီးတော့ ညီမလေးကို တွေ့ချင်လာသည်၊ နေ့တိုင်း မြင်နေကြ ညီမလေးကို မမြင်ရ မတွေ့ရတော့ ရင်ထဲမှာ ဟာနေသည်၊ တစ်ခုခု လိုနေသည်၊ အမြဲတမ်း နေနေကြ အိမ်ကလည်း ယောင်တောင်တောင်ကြီးဖြစ်နေသည်၊ အိပ်နေသော ညီမလေးလည်း မရှိတော့ဘူး၊ ဘာညာဘာညာလည်း မမေးချင်ဘူး၊ ဦးကြီးတစ်ယောက်က ထမင်းစားဘို့ ပြောပြီး ပြင်ကျွေးသည်၊ စာရေးသူလည်း ထမင်းစားပြီး ဟိုအဝေးက ဦးလေးငယ်တို့တောသို့ လစ်ထွက်ခဲ့သည်၊ ထမင်းကျွေးသော ဦးကြီးက တားပါသည်၊ ဒီနေ့ ဘယ်မှ မသွားဘို့ ပြောသည်၊ စာရေးသူက လှည့်တောင် မကြည့်ခဲ့ပါဘူး၊ စကားလည်း ပြန်မပြောခဲ့မိဘူး။

ဦးလေးငယ်တို့ မောင်နှမတစ်စုသည် တောမှာပဲနေကြသည်၊ သူတို့တောသည်လည်း စာရေးသူတို့တောလိုပါပဲ ပျော်စရာကောင်းသည်၊ စိမ်းစိုပြီး အေးချမ်းသည်၊ လူအရောက်လည်း နည်းသည်၊ ညနေရောက်တော့ ဦးလေးက ပြန်ဘို့ ပြောသည်၊ စာရေးသူက ညအိပ်မှာဖြစ်ကြောင်း ပြောတော့ ဦးလေးလန့်သွားသည်၊ ဦးလေးငယ်တို့ တစ်အိမ်လုံးနီးပါး စာရေးသူတို့ အိမ်သို့ ရောက်နေကြသည်၊ ဦးလေးငယ်က တောစောင့်နေခဲ့ရသည်၊ စာရေးသူ ညအိမ်မည်ဆိုတော့ မတားချင်သော်လည်း တားသည်၊ သူက ကျောပိုးပြီး ပြန်ပို့ပေးမည်ဟု ပြောသဖြင့် သဘောတူလိုက်သည်၊ မပြန်ချင်တဲ့ စာရေးသူကို ကျောပိုးပြီး လိုက်ပို့သည်၊ လာတုန်းက ခြေညောင်း မောပန်းအောင်လာခဲ့ရသည့် ဒီခရီး အပြန်မှာတော့ ကျောပိုးစီးလို့ ၊ ဟီးးးးးးး ပျော်လိုက်သေးသည်။

အိပ်ပြန်ရောက်တော့ ဖေဖေရော မေမေရော စိတ်ပူနေကြသည်၊ ဒေါ်လေးတို့ကလည်း စာရေးသူကို ဆူသူကဆူ, ချော့သူက ချော့နဲ့၊ မနက်ခင်းကလောက် လူတွေလည်း သိပ်မရှုပ်တော့ဘူး၊ ဘဘကြီးတို့ ဖွားဖွားတို့လည်း ရှိနေကြသည်၊ ဒေါ်လေး တစ်ယောက်ကို မေးကြည့်တော့ ညီမလေးကို သဂြိုလ်လိုက်ပြီးတဲ့၊ သဂြိုလ်တယ်ဆိုတာ ဘာမှန်းမသိပေမဲ့ ထပ်ပြီးမမေးတော့ပါဘူး၊ ဦးလေးငယ်က ဖေဖေနဲ့မေမေ့ကို အကြောင်းစုံ ပြောပြပြီး ထမင်းစားသည်၊ ပြီးတော့ မျက်နှာမကောင်းစွာနဲ့တောသို့ ပြန်သွားသည်၊ စာရေးသူလည်း မေမေ့ရင်ခွင်ထဲမှာ ထိုးအိပ်လိုက်သည်၊ ဒေါ်လေး တစ်ယောက်က လာခေါ်သည်၊ ပွေ့ခေါ်သွားသည်၊ ဒေါ်လေးက သူ့လက်မောင်းပေါ်မှာ စာရေးသူကို သိပ်သည်၊ ပြီးတော့ “သားလေး၊ သားလေး မေမေနေ့ခင်းက မေ့လဲသွားသေးတယ်၊ သားလေးက ဘယ်ရောက်နေတာလဲ” လို့ ပြောသည်၊ မေမေနေ့ခင်းက ငိုတာလွန်ပြီး မေ့လဲသွားသတဲ့၊ စာရေးသူ ဘာမှမသိခဲ့ဘူး၊ ခုထိတိုင်အောင် ညီမလေးကို ဘယ်နေရာ ဘယ်လိုပုံစံနဲ့ သဂြိုလ်ခဲ့လဲဆိုတာကို မသိ၊ ညီမလေး ကောင်းရာမွန်ရာ ဘုံဘ၀မှာ ပျော်နေပါစေလို့ပဲ ဆုတောင်းကာ နေမိတော့ သည်၊ (ညီမလေးကို နေ့ချင်း သဂြိုလ်ရသည်၊ အကြောင်းမှာ အမေကြီးပွဲတော်ရက် အတွင်းဖြစ်နေလို့တဲ့၊ အဲဒီအမေကြီးကို မြင်းစီးပြီး စီးချင်းထိုး တိုက်ပစ်ချင်သည်၊ စိတ်နာ လွန်းလို့)။

ညီမလေးဆုံးပြီးတဲ့နောက်ပိုင်းမှာ ဖေဖေက ညဘက် တောပစ် မထွက်တော့ပါဘူး၊ လေးပစ်လည်း သင်မပေးတော့ပါဘူး၊ လှံကိုင်ပြီး တောင်ကောင်လိုက်လည်း မသွားတော့ပါဘူး၊ သေနတ်ထမ်းပြီး တောကောင်ပစ်လည်း မထွက်တော့ပါဘူး၊ ဒါပေမဲ့ သံကွင်းတွေ ညွှပ်ကိုင်းတွေနဲ့တော့ အကောင်တွေ ထောင်ဖမ်းနေဆဲပါပဲ၊ ဖေဖေထောင်ဖမ်းလို့ရတဲ့ ဂျီ ဆိုလည်း မနည်းလှဘူး၊ ဂျီဂျိုတွေ ဂျီသားရေတွေက သက်သေပြနေပါတယ်၊ တစ်နေ့တော့ ဖေဖေထောင်ထားတဲ့ သံကွင်းမှာ ဘဘရဲ့ခွေး  မိနေပါတယ်၊ မိပြီးဆိုတာနဲ့ သေပြီပေါ့နော်၊ သတ်စရာမလိုပါဘူး၊ မိတာနဲ့ အသေသတ်တဲ့ သစ်တုံးကြီးကြီးနဲ့ မောင်းဆင်ထားပြီးသားပါ၊ ဘဘရဲ့ခွေး သေသွားတော့ ဖေဖေက ပြုံးတုံ့တုံ့နဲ့ စိတ်မကောင်းတော့ ဖြစ်နေဟန်တူသည်၊ သို့သော်လည်း သံကွင်းကို ထပ်ထောင်ထားခဲ့သည်၊ နောက်နှစ်ရက်လောက် အကြာမှာတော့ ဂျီကလေးတစ်ကောင် မိသည်၊ သစ်တုံးဒဏ်ကြောင့် ကြေမွလို့ပါပဲ၊ အဲဒီဂျီကလေးကို ဖေဖေက အိမ်သို့ယူ မလာခဲ့ပါဘူး၊ တောက ဥယျာဉ်ထဲမှာပဲ မြှုပ်ထားခဲ့သည်၊ ပြီးတော့ ဖေဖေက သံကွင်းတွေကို အားလုံးလိုက်ဖြုတ်တော့သည်၊ ညွှတ်ကိုင်းတွေကိုလည်း ဖြုတ်သည်၊ ခုတော့ လှံရှည်ရော ဒူးလေးရော သံကွင်းတွေရော ညွှတ်ကိုင်းတွေရော အသက်မဲ့နေခဲ့ပါပြီ။

ဖေဖေသည် ညီမလေးကို အရမ်းချစ်ခဲ့သည်၊ ညီမလေးဆုံးတော့ ဖေဖေ ရင်ကွဲမတတ် ခံစားခဲ့ရသည်၊ မျက်ရည်မကျခဲ့လို့ ဖေဖေ မခံစားရဘူးလို့တော့ မထင်လိုက်ပါနဲ့၊ ဖေဖေ့မှာ မျက်ရည်မရှိသလိုဖြစ်နေလို့ မျက်ရည်တော့ မကျခဲ့ပါဘူး၊ ဂျီကလေး သေဆုံးချိန်မှာ ဂျီမိခင်ကြီး ဖခင်ကြီးများ ဘယ်လောက်တောင် ခံစားရ လိမ့်မလဲ လို့ တွေးမိပြီး ဖေဖေက အဲဒီအလုပ်တွေကို လုံးဝစွန့်ပစ်ခဲ့တယ်၊ ဖေဖေ့မှာ အဲလိုကိုယ်ချင်းစာ တရားလေး ကိန်းလာတာဟာ ညီမလေး ကျေးဇူးကြောင့်ပါ၊ အဲဒီလိုဖြစ်လာဘို့ ညီမလေးက သေဆုံးပေးခဲ့ရသလိုပါပဲ၊ ညီမလေးဆုံးသွားလို့သာ ဖေဖေ့မှာ အဲလို ကိုယ်ချင်းစာတရားလေးတွေ ကိန်းလာခဲ့တာပါ။

 ညီမလေးကို လွမ်းဆွတ်သတိရ တမ်းတနေမိပေမဲ့ ညီမလေးကြောင့် ဖေဖေ့ လုပ်ရပ်တွေ ပြောင်းလဲလာတာကို တွေ့ရတော့ ညီမလေးကို အရမ်းကျေးဇူး တင်နေမိ သည်၊ ညီမလေးရေ ကောင်းရာ သုဂတိဘ၀မှာ ဒို့ဖေဖေရဲ့ ကောင်းမွန်တဲ့ ပြောင်းလဲမှု့ လုပ်ရပ်လေးကို မြင်ယောင် ကျေနပ်နိုင်ပါစေနော်၊ ဖေဖေဒီလို ပြောင်းလဲလာတာဟာ ညီမလေးကျေးဇူးကြောင့်ပါလို့ ကိုကိုပြောချင်ပါတယ်၊ ညီမလေးနဲ့ ခွဲခွါနေရတာကို ၀မ်းနည်းမိပေမဲ့ ဖေဖေ့ကို ပြောင်းလဲအောင် လုပ်ပေးနိုင်တဲ့အတွက် ကျေးဇူးပါ ညီမလေးရယ် ----------------

( ကိုယ့်လူမျိုးစုဝင် ကိုယ့်ဘာသာဝင်များ ကောင်းစားဘို့ တိုးတက်ဘို့ များပြားလာဘို့ အတွက်သာ စိတ်ကူး ကြံစည် လုပ်ဆောင်နေကြသော အတ္တသမားများအနေနဲ့ ကိုယ်ချင်းစာ တရားလေး မြန်မြန်မွေးပေးနိုင်ကြပါစေ၊ လူသားချင်း စာနာမှု့ လူ့အခွင့် အရေးကို နားလည်မှု့ဖြင့် တစ်ခြားလူမျိုး တစ်ခြားဘာသာကို စော်ကားပုတ်ခပ်ခြင်း ရန်ပြုမှုခြင်း အတင်းသိမ်းသွင်းခြင်း  မတရားအနိုင်ကျင့် ဖျက်ဆီးခြင်းများ မြန်မြန်ကင်းဝေးပါစေ လို့ ဒီဆောင်းပါးလေးနဲ့ ဆန္ဒပြုပါတယ်၊ ငြိမ်းချမ်းသော ကမ္ဘာလောကကြီးကို တည်ဆောက်နိုင်ဘို့ ကိုယ်ချင်းစာတရား ကိုယ်စီထားကြပါစို့ -- )။




No comments:

Post a Comment