စာရေးသူရယ် ရဟန်းဖခင် ဦးအောင်မင်းရယ် ရဟန်းမိခင် ဒေါ်အုန်းပိုင်ရယ် တိပိဋကဆရာတော် ဦးသုမင်္ဂလ၏ ရုပ်ကလာပ်တော်ကို သွားရောက်ဖူးမျော်ကန်တော့ကြသည်၊ အများအားဖြင့် လက်အုပ်လေးချီပြီး ရုပ်ကလာပ်တော်ကို တစ်ပတ်လှည့်ကာ ကြည့်ရှုပြန်သွားသူများသာ ဖြစ်သည်၊ အချို့သော ရဟန်း/ရှင်/ လူများသာ ထိခြင်း ငါးပါးနဲ့ကန်တော့ကြသည်၊ စာရေးသူလည်း ကျကျနနထိုင်ပြီး လေးလေးနက်နက်ကို ကန်တော့ခဲ့ပါသည်၊ ပြန်လာသောအခါ အင်းစိန်ကုံးတံတားအရောက် အမှတ်မထင်မေးလိုက်သော အမေးကြောင့် လိုရင်းအဖြေကို ဖြေပေးခဲ့ရသည်၊ မေးတာက " ဦးဇင်း ရုပ်ကလာပ်ဟာ သစ်တုံးလောက်တောင် မကျိုးမရှိတော့ဘူး၊ သစ်တုံးကမှ ထင်းအဖြစ် အသုံးပြုလို့ ရသေးတယ်လို့ ကြားဖူးတယ် (ဖခင်ကြီးက စာပေဗဟုသုတကြွယ်ဝသည်)၊ ဦးဇင်းက ရုပ်ကလာပ်ကို ထိခြင်းငါးပါးနဲ့ ကန်တော့တာ တွေ့ရတယ်၊ အဲလိုကန်တော့ဦးချတော့ ကိုယ့်မှာရှိတဲ့သိက္ခာ ကျမသွား ဘူးလား" ဟု ဖြစ်သည်၊ စာရေးသူ လည်း " အင်း ရုပ်ကလာပ်ဟာ သစ်တုံးလောက်တောင် အကျိုးမရှိတော့ဘူးလို့ဟောထားတာရှိပါတယ်၊ အဲဒီစကားဟာ မှန်ပါတယ်၊ ဒါပေမဲ့ ရှိခိုး ဦးချတဲ့နေရာမှာ အခြင်းအရာ နှစ်မျိုးရှိတယ်လေ " လို့ပြောလိုက်တော့ " ဟုတ်လား၊ အဲဒီနှစ်မျိုးကို စာနဲ့ရေးပေးပါဘုရား၊ မသိသေးတဲ့အရာဆိုတော့ မှတ်သားထားရအောင်လို့ပါ" ဟု ဖခင်ကြီးက ပြောသည်၊ စာရေးသူလည်း "စာနဲ့ရေးပေးတာ ပိုပြည့်စုံပါလိမ့်မယ်" ဟု တွေးမိပြီး ဆက်မပြောဖြစ်ကြတော့။
နောက်နေ့တွင် စာရေးဘို့ ပြင်ရတော့သည်၊ စာပေက တွေ့ပြီးသား သိပြီးသားမို့ ရှာရ ဖွေရတာ သိပ်မပင်ပန်းပါ၊ ဘယ်လိုပုံစံနဲ့ ဘယ်အကြောင်းအရာကို စရေးရမယ် ဘယ်မှာအဆုံးသတ်ရမယ်ဆိုတာ လောက်ပဲ တွေးရ စဉ်းစားရသည်၊ ကဲ ရှိခိုးကန်တော့ ကြတဲ့နေရာမှာ အဓိကအကြောင်းအရာ နှစ်ချက်ရှိသည်၊ အဲဒီအကြောင်းအရာနှစ်ချက်ကိုပဲ ပြုလုပ်ရမည့် ဆောင်ရွက်ချက်တွေနဲ့ တွဲရေးသွားပါမည်၊ ဖခင်ကြီးကို ဖြေဆိုတဲ့ ပုံစံတော့ ဖြစ်မည်မဟုတ်ပါ၊ ခုရေးရခြင်းရဲ့ ရည်ရွယ်ချက်ကလည်း ရှိခိုးဦးချ ကန်တော့ကြတဲ့ နေရာမှာ အဓိကသိထားရမည့် အချက်နှစ်ခုကို သိစေလိုခြင်းသာဖြစ်သည်၊ ထိုနှစ်ချက်မှာ ---
(၁) ထိုသေသွားကြသော ပျံလွန်တော်မူသွားကြသော ပရိနိဗ္ဗာန်ပြုသွားကြသော ပုဂ္ဂိုလ်များ၏ ရင်ထဲတွင် ကိန်းဝပ်ခဲ့သော သီလ သမာဓိ ပညာဂုဏ်များကို အာရုံပြုပြီး ပူဇော်ရှိခိုးကန်တော့ခြင်းဖြစ်သည်၊
လောကမှာ စေတီတည်ထားပြီး ပူဇော်ခွင့် အမြတ်တနိုးထားခွင့် ရှိသူများမှာ -- ဘုရား/ ပစ္စေကဗုဒ္ဓါ / ရဟန္တာ/ စင်္ကြာဝတေးမင်းတို့ဖြစ်သည်၊ ထိုပုဂ္ဂိုလ်များကို (သက်ရှိထင်ရှားဖြစ်စေ သက်မဲ့ရုပ်ကလာပ်ဖြစ်စေ ဓာတ်တော်ကိုဖြစ်စေ အရိုးပြာကိုဖြစ်စေ အသုံးအဆောင်ကိုဖြစ်စေ) အရိုအသေပေးထိုက် ရှိခိုး ပူဇော်ထိုက်သည်၊ ကျန် သီလ၀န္တရဟန်းများကိုတော့ စေတီတည်ထားပူဇော်ခွင့်ကို ဟောတော်မမူခဲ့ပါ၊ အကြောင်းမှာ "သီလ၀န္တရဟန်းတော်များသည် ဗုဒ္ဓခေတ်မှာရော နောက်နောက်ခေတ်တွေမှာရော အလွန်ပင်များစွာ ရှိနေကြသည်၊ ထိုရဟန်းများကို စေတီတည်ထား ပူဇော်ကြမည်ဆိုလျှင် လောကမှာ စေတီတွေချည်း ပြည့်နေလိမ့်မည်ဖြစ်သောကြောင့်တည်း "၊ စေတီသာ တည်ထား ကိုယ်းကွယ်ခြင်းငှါ မထိုက်သော်လည်း သီလ၀န္တရဟန်းများကို သက်ရှိထင်ရှားရှိစဉ်မှာဖြစ်စေ သက်မဲ့ ရုပ်ကလာပ်ကိုဖြစ်စေ သူတို့ရင်ထဲမှာ ကိန်းခဲ့ဘူးသော သီလ သမာဓိ ပညာဂုဏ်များကို အာရုံပြုပြီး ပူဇော်ရှိခိုးကန်တော့ရမည်၊ ကန်တော့နိုင်သည်၊ ကန်တော့ကြသောကြောင့် လောက၀တ္တရာကျေပွန်သဖြင့် လောကသားတို့၏ အပြစ်ပြောခံရမှု့မှ လွတ်ခြင်း ကုသိုလ်တရားတိုးပွားခြင်း ဟူသောအကျိုးများရနိုင်သည်။
မိဘတို့ကို သက်ရှိထင်ရှားရှိစဉ်မှာဖြစ်စေ သက်မဲ့ရုပ်ကလာပ်ကိုဖြစ်စေ အရိုးပြာ အကြွင်းအကျန်ကိုဖြစ်စေ ဓာတ်ပုံကိုဖြစ်စေ ရှိခိုးပူဇော် ကန်တော့နိုင်သည်၊ လုပ်လေ့လုပ်ထလည်း ရှိသည်၊ မိဘတို့သည် သီလမဖြူစင်ကြသည့်တိုင် မိမိတို့သားသမီးများအပေါ်မှာထားသော မေတ္တာ စေတနာ ကရုဏာတို့၏ လေးနက်မှု့ များပြားမှု့ ကြီးမားမှု့တို့ကြောင့် ဦးချကန်တော့ ရှိခိုးပူဇော်ခံထိုက်သူများဖြစ်သည်၊ တစ်ချို့ သော မိဘများသည် အကျင့်သီလကောင်းမြတ်ဖြူစင်ကြသည်၊ တစ်ချို့ မိဘများသည် သားသမီးများ အပေါ်မှာ ကောင်းသလောက် သူတစ်ပါးအပေါ်မှာ ဆိုးဝါးသော ပြုမူလုပ်ဆောင်တာမျိုးလည်း ရှိသည်၊ မည်သို့ပင်ဖြစ်စေ သားသမီးများသည် မိမိတို့အပေါ်မှာထားသော မိဘမေတ္တာစေတနာကရုဏာများကို အာရုံပြုပြီး မိမိတို့မိဘကို ကန်တော့သင့်သည် ပူဇော်သင့်သည်၊ ပြောလိုချင်သည်မှာ "ရုပ်ကလာပ်ကို ကန်တော့သည်မဟုတ်ပါ၊ ရုပ်ကလာပ်ထဲမှာ ကန်းခဲ့ဘူးသော သီလဂုဏ် သမာဓိဂုဏ် ပညာဂုဏ် မေတ္တာဂုဏ် စေတနာဂုဏ် ကရုဏာဂုဏ်တို့ကို အာရုံပြု ကန်တော့ကြခြင်းသာဖြစ်သည်၊ ထိုသို့ကန်တော့ တတ်အောင်လည်း နှလုံးသွင်းတတ်ရမည် ဖြစ်သည်" ဟူသော အချက်ဖြစ်သည်၊ ဒီလောက်ဆိုရင် " ရုပ်ကလာပ်ကို ကန်တော့ခြင်းသည် အကျိုးမရှိတော့သော အချည်းနှီးဖြစ်နေသော ရုပ်ဒြပ်ကြီးကို ပူဇော်ကန်တော့ခြင်း မဟုတ်၊ ထိုရုပ်ကလာပ်ထဲမှာ ကိန်းခဲ့ဖူးသော အမျိုးမျိုးသော ဂုဏ်များကို အာရုံပြုပြီး ပူဇော်ကန်တော့ခြင်း ဖြစ်သည်" ဟူသော အချက်ကို သိလောက်ပါပြီ၊ ထိုသို့ကန်တော့ခြင်းကြောင့် ဂုဏ်သိက္ခာမကျသွားပဲ ကဲ့ရဲ့ အပြစ်တင်လွတ်ခြင်း ကုသိုလ်တရားတိုးပွားခြင်း စသော အကျိုးတရားများ ရနိုင်သည်ဟူသော အချက်ကိုလည်း သဘောပေါက်နားလည်လောက်ပါပြီ၊ အရိုးပြာများ အသုံးအဆောင်များ ဓာတ်ပုံများတောင် ပူဇော်ကန်တော့ခွင့် ရှိတယ်ဆိုမှတော့ ထိုအဆင့်ထိမရောက်သေးသော ရုပ်ကလာပ်ကို ပူဇော်ကန်တော့ခြင်းမှာ မပြစ်မရှိဘူး သိက္ခာမကျဘူးဆိုတာ ထပ်ပြီး ရှင်းပြ ပြောဆိုနေဖွယ်ရာ မလိုလောက်တော့ဘူးဟု ထင်မိသည်၊ ရုပ်ကလာပ်ဟာသစ်တုံး လောက်တောင် အကျိုးမရှိဟူသော တရားတော်ကို ဘုရှင်းရှင်သည် နေရာဒေသပုဂ္ဂိုလ်ကို မကြည့်ဘဲ ဓမ္မဓိဋ္ဌာန်ဖြင့်သာ ဟောထားခဲ့သည်ဟု စာရေးသူ ထင်သည်၊ ဘုရားရှင်တရားဟောတော်မူရာမှာ အခြေ အနေအမျိုးမျိုးကိုလိုက်ပြီး အကျိုးများအောင် သိသာ မြင်သာဖြစ်အောင် သဘောပေါက်နားလည် လွယ်အောင် ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဟောတော်မူခဲ့တာကိုလည်း သတိချပ်စေချင်ပါသည်။
ကဲ နောက်အကြောင်းအရာ တစ်ခုကို သွားကြဦးစို့၊
(၂) သက်ရှိထင်ရှားရှိစဉ်က ကာယကံ ၀စီကံ မနောကံတစ်ပါးပါးဖြင့် ပြစ်မှားမိသော အပြစ်ရှိက ကျေဘို့ရန် ရှိခိုးဦးချကန်တော့ တောင်းပန်ခြင်းဖြစ်သည်၊
စာရေးသူတို့သည် အများအားဖြင့် မိမိနဲ့အတွေးအခေါ် အယူအဆမတူရင် အပြစ်တင်စောတတ်ကြသည်၊ မပြစ်မြင်လွယ်တတ်ကြသည်၊ ကာယကံ ၀စီကံနဲ့မစော်ကားမိရင်တောင် မနောကံနဲ့ ပြစ်မှားစော်ကား မိတတ်ကြသည်၊ မန္တလေးမြို့ မဟာဝိသုဒ္ဓါရုံတိုက်သစ်မှာ ရွှေကျင်အစည်းအဝေးလုပ်စဉ် စာရေးသူအနေနဲ့ တိပိဋကဆရာတော်ဦးသုမင်္ဂလကို ပထမဆုံး မြင်ဖူးတွေ့ဖူး ခြင်းဖြစ်သည်၊ ဓာတ်ပုံသာမြင်ဖူးသည်၊ အပြင်မှာ ခုလို မျက်ဝါးဝါးထင်ထင် မတွေ့ဘူး၊ ဆရာတော်၏ ဂုဏ်သတင်းမှာ အင်မတန်မှကို ကျော်ကြားထင်ပေါ်လှ သည်၊ စာရေးသူလည်း ကြုံတုန်းကြုံခိုက် ဖူးမျော် ပူဇော်လိုက်မည်ဟူသော အတွေးဖြင့် ဆရာတော်ကို မြင်နိုင် လောက်ရာအရပ်မှနေပြီး ကြည့်နေမိသည်၊ သိပ်မကြာပါ၊ ၀ါဆိုကျောင်းဆောင်ဘက်မှ အခြား ဆရာတော် နှစ်ပါးနဲ့အတူ ထွက်လာသည်၊ ဆရာတော်သည် ပေါ့ပေါ့ပါးပါး ပျော်ပျော်ရွှင်ရွှင်နေတတ်ဟန်ရှိသည်၊ တိပိဋကဟူသော ဂုဏ်ပိမှု့ကို တွန်းလှန်းနိုင်သူထင်သည်၊ စာရေးသူတို့ ကိုရင်လေးဘ၀ကဲ့သို့ပင် အခြားဆရာတော်တစ်ပါးကို ရင်းရင်းနှီးနှီး ပွေ့ဖက်နေသည်၊ စာရေးသူထင်ပါသည်၊ ထိုဆရာတော်များသည် ငယ်သူငယ်ချင်းများဖြစ်ကြလိမ့်မည်ဟု၊ ငယ်သူငယ်ချင်းတွေ ပြန်တွေ့ဆုံခိုက် ငယ်ငယ်ကပုံရိပ်တွေ ပြန်လည် ထင်ဟပ်လာဟန်တူသည်၊ မည်သို့ ဖြစ်စေ ဆရာတော်ဦးသုမင်္ဂလ၏ အပေါ်ရုံသက်န်းသည် အရမ်းကို အိနုနေပုံပေါ်သည်၊ သက်န်းသားက ရှေ့ နဲ့ နောက် မညီပဲ သက်န်းမနိုင်သေးသည့်ကိုရင်လေး သက်န်းရုံထား သလိုဖြစ်နေသည်၊ ထိုအခြင်းအရာကို မြင်တွေ့လိုက်ရသော စာရေးသူက ဆရာတော်ကို " တိပိဋက ဆရာတော် လုပ်နေပြီး သက်န်းတောင် ညီအောင်မရုံဘူးကွာ၊ ပေါ့ပေါ့ပါးပါးနေတတ်တာ ကောင်းပေမဲ့ ဖြစ်သလို နေတတ်တာတော့မကောင်းဘူး၊ နောက်သံဃာငယ်လေးတွေ အတုယူ မှားသွားနိုင်တယ်" လို့ ပြစ်တင်စကားပြောမိခဲ့သည်၊ စာရေးသူသည် ဆရာတော့်အပေါ်မှာ ၀စီကံရော မနောကံပါ ပြစ်မှားမိခဲ့သည်။
နှစ်တွေလည်း ကုန်လွန်ခဲ့ပါပြီ၊ တစ်နေ့မှာ ၀မ်းနည်းဖွယ်ကောင်းလှသော ဆရာတော်ပျံလွန်တော်မူသွားပြီး ဟူသောသတင်းကို မယုံနိုင်စရာ ကြားခဲ့ရသည်၊ ဆရာတော်ပျံလွန်တော်မူသည်ဟူသော သတင်းကို ကြားတကည်းက သွားဖူးချင်နေပါပြီ၊ ကန်တော့တောင်းပန်ချင်နေပါပြီ၊ ထိုကြောင့်လည်း ဈာပနပြု လုပ်မည့်နေ့ မနက်ခင်းမှာ သွားရောက်ဖူးမျော် ဦးချကန်တော့ တောင်းပန်ခဲ့ခြင်းဖြစ်သည်၊ ထိုသို့ပြုလုပ်လိုက်ရမှပဲ စာရေးသူရင်ထဲမှာ အပြစ်ကင်းလွတ်သွားသူသဖွယ် ပေါ့ပါးလွတ်လပ်သွားသည်၊ ကျေနပ်သွားသည်၊ စိတ်ချမ်းသာသွားသည်၊ ဆရာတော်နဲ့ပတ်သက်ပြီး အပြစ်ကြွေး မရှိသူဖြစ်သွား တော့သည်၊ အပြစ်ကိုတောင်းပန်သည့်နေရာမှာ သက်ရှိနေစဉ်တောင်းပန်လျှင်လည်း အပြစ်များကျေပျောက် သည်၊ သက်မဲ့ရုပ်ကလာပ်ကို တောင်းပန်လျှင်လည်း ကျေပျောက်သည်၊ ထိုသူ၏အသုံးအဆာင် ပစ္စည်းတစ်ခုခုကို တောင်းပန်လျှင်လည်း ကျေပျောက်သည်၊ နောက်ဆုံး ထိုသူကို သင်္ဂြိုလ်ခဲ့သော မြေနေရာ ကို သွားရောက်ကန်တော့လျှင်လည်း ကျေပျောက်သည် (ထိုအကြောင်းအရာများကို ပါရာဇိကဏ် အဋ္ဌကထာမှာ သူတော်ကောင်းရဟန်းကို ပြစ်မှားမိသော ရဟန်းတစ်ပါးနဲ့ ပတ်သက်ပြီး တောင်းပန်ပုံတို့ကို အဆင့်ဆင့် ရေးသားထားပါသည်)၊ ထိုအချက်များကို သိထားဘို့လိုပါသည်၊ လယ်တီ ဆရာတော်နှင့် ပခုက္ကူ ဆရာတော်လို့ပဲ ထင်ပါသည်၊ သေသေချာချာတော့ မမှတ်မိတော့၊ တစ်ခါက ကျမ်းစာအုပ်ကို အကြောင်းပြုပြီး စာပေတတ်ကျွမ်းမှု့ကို အကြောင်းပြုပြီး ထိုဆရာတော်နှစ်ပါး တစ်ပါးပေါ်တစ်ပါး ၀စီကံ မနောကံများဖြင့် ပြစ်မှားမိကြသည်၊ ပခုက္ကူဆရာတော်ကတော့ မပြစ်မှားဟုလည်း ကြားဖူးသည်၊ တစ်နေ့မှာပေါ့၊ ပခုက္ကူ ဆရာတော်ကြီး ပျံလွန်တော်ပူပြီးတဲ့ တစ်နေ့ပေါ့၊ လယ်တီဆရာတော်လည်း အကြောင်းတိုက်ဆိုင်လို့ ပခုက္ကူမြို့ကို ရောက်တဲ့အခါ ပခုက္ကူဆရာတော် သီတင်းသုံးခဲ့သော ကုဋင်ကို လက်အုပ်ချီးမိုးပြီး ကန်တော့ တောင်းပန်ခဲ့သတဲ့၊ မည်မျှ ကြည်ညိုလေးစားဖွယ်ကောင်းသော အတုယူဖွယ်ကောင်းသော သူတော် သူမြတ်တို့ လုပ်ရပ်ပါနည်း။
ကဲဒီလောက်ဆိုလျှင် " ဒုတိယမြောက်အကြောင်းအရာမှာ အပြစ်ကို ရှိခိုးတောင်းပန် ကန်တော့ခြင်း ဖြစ်သည် " ဆိုတာ သလောက်ပါပြီနော်၊ မိဘကိုဖြစ်စေ ဆရာသမားကိုဖြစ်စေ လေးစားထိုက်သော ပုဂ္ဂိုလ်တစ်ဦးဦးကို ဖြစ်စေ သက်ရှိမှာ တောင်းပန်ဘို့ မမီလိုက်လျှင် အထက်မှာပြောခဲ့သော အချက်များဖြင့် တောင်းပန်လျှင်လည်း အပြစ်မှကင်းလွတ်သည် ဆိုတာလေးကို မှတ်ထားစေချင်ပါတယ်နော်၊ စာရေးသူကဲ့သို့ ရုပ်ကလာပ်ကို ကန်တော့တာ မဟုတ်ပဲ ပြစ်မှားမိသော အပြစ်ကိုတောင်းပန် ကန်တော့တာမျိုးကို လုပ်နိုင်ကြပါစေနော်၊ ဒီလောက်ဆိုရင် နှစ်ချက်လုံးကို သဘောပေါက် နားလည်လောက်ပါပြီ၊ စာဖတ်သူမိတ်ဆွေအပေါင်းတို့ ဦးချကန်တော့တဲ့အခါ လက်အုပ်ချီမိုး ရှိခိုးတဲ့အခါတွေမှာ ဂုဏ်ကိုအာရုံပြုပြီး ရှိခိုးပူဇော်ကန်တော့ခြင်းနဲ့ အပြစ်ကိုတောင်းပန် ကန်တော့ခြင်းဆိုတဲ့ အချက်နှစ်ကို သိရှိနိုင်ကြပါစေ၊ ထိုသို့သော အသိစိတ်နဲ့ ရှိခိုးကန်တော့ပါက ဂုဏ်သိက္ခာမပါဘူးဆိုတာကိုလည်း သိနိုင်ကြပါစေ၊ နားလည်နိုင်ကြပါစေ၊ မည်သည့်အရာကိုဖြစ်စေ ရည်ရွယ်ချက်မှန်မှန် အသိစိတ်သန်သန်နဲ့ ပြုလုပ်နိုင်ကြပါစေလို့---------------