Wednesday, August 31, 2011

ဝိညာဉ်မဟုတ်သော ပရလောကအကြောင်း (၁)

ခုရေးသားသော အကြောင်းအရာများမှာ ဖြစ်ရပ်မှန်များသာ ဖြစ်သည်၊ ပရလောကဟူသည် ၀ိညာဉ်ဖြင့် တည်နေသော ဘ၀မဟုတ်၊ လူ့ဘ၀ကဲ့သို့ ဘ၀တစ်ခုဖြင့်တည်နေသော ဘ၀သာ ဖြစ်သည်၊ (ပရလောက- ဟူသည် ပရ - မိမိတို့မှ တခြားသော၊ လောက - လောက ဘ၀ဟု သဘောကောက်ယူရသည်)၊ လူ့ဘ၀နဲ့ ကြည့်လျှင် လူ့ဘ၀မှ တခြားသော ခွေး နွား  စသည်တို့သည်လည်း မြင်ရသော ပရလောကပင်ဖြစ်သည်၊ မမြင်ရသောပရလောကလည်း ရှိသည်၊ ထိုမမြင်ရသော ပရလောကသည်လည်း မြင့်သောဘ၀ နိမ့်သော ဘ၀စသည်ဖြင့် အမျိုးမျိုးရှိသည်၊ နတ်ပြည်ခြောက်ထပ်မှနတ်များ ဗြဟ္မာပြည်မှ ဗြဟ္မာများသည် မြတ်သော ဘ၀ကို ပိုင်ဆိုင် ထားကြသော ပရလောကသားများဖြစ်ကြသည်၊ အစားရေစာ ခေါင်းပါး ငတ်ပြတ်သော ပြိတ္တာများ နေစရာ ၀တ်စရာရှားပါးသော ပြိတ္တာများ ရုပ်ရည်အဆင်း ဆိုးရွားသော ပြိတ္တာများတို့သည် နိမ့်ကျသော ပရလောကသားများဖြစ်ကြသည်။

လူတို့ကြောက်လန့်ကြသော ပရလောကသားများသည် လူတို့ကို အန္တရာယ်ပြုနေသည်တော့ မဟုတ်၊ သူတို့အလုပ် သူတို့လုပ်နေကြခြင်းသာ ဖြစ်သည်၊ လူတွေစွန့်ပစ်ထားသော အသိုးအပုတ်များကို ရှာဖွေစား သောက်ကြချိန် လူတွေနဲ့ မတော်တဆ တွေ့ဆုံတတ်ကြသည်၊ ထိုသို့တွေ့ဆုံခြင်းကို ခြောက်လှန့်သည်ဟု ထင်မှတ်ကြသည်၊ နေစရာမရှိလို့  ဟိုသွားဒီသွားလုပ်နေချိန်မှာလည်း တွေ့တတ်ဆုံတတ်ကြသည်၊ ဒါကိုလည်း လိုက်လံ နှောယှက်နေသည် ခြောက်လှန့်နေသည်ဟု ထင်မှတ်ကြသည်၊ တကယ်တမ်းကြတော့ အထက်မှာ ပြောပြခဲ့သော ပြိတ္တာများသည် လူတွေကို အန္တရာယ် မပြုနိုင်ပါ၊ အားနည်းသူသည် အားကြီးသူကို အန္တရာယ်မပြုနိုင်သကဲ့သို့ဖြစ်သည်၊ သို့သော် လူများစွာသည် ထိုသို့သော ပြိတ္တာများကို မြင်လျှင် တွေ့လျှင် ကြောက်လန့်တတ်ကြသည်၊ စာရေးသူ အပါအ၀င်ဖြစ်သည်၊ လူတွေကို ဒုက္ခပေးနိုင်သော ဘီးလူးသတ္တ၀ါ များကိုတော့ ကြောက်လန့်သင့်သည်ပေါ့နော်၊ ကျန်တဲ့ အထက်မှာ ပြောပြခဲ့သော ပြိတ္တာ များကိုတော့ မြွေဆိုးလောက် ကြောက်စရာမလိုပါ၊ စာရေးသူ စဉ်းစား ကြည့်မိသည်၊ " မမြင်ဖူးသောကြောင့်၊ အမြင်တစ်မျိုး ထူးနေသောကြောင့် ကြောက်လန့်ကြတာ ဖြစ်မည် "

Thursday, August 18, 2011

ကမ္ဘာ့ထိပ်တန်း စာရင်းဝင်များ

ကမ္ဘာ့ထိပ်တန်း ၁၀ နေရာမှာရှိတဲ့ အချက်အလက်တစ်ချို့ကို ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်..


ကမ္ဘာ့အနက်ဆုံး ပင်လယ် သမုဒ္ဒရာ (၁၀)ခု




ကမ္ဘာ့အရှည်ဆုံး မြစ်(၁၀) စင်း


  ကမ္ဘာ့အကြီးဆုံး ရေကန် (၁၀) ခု

 
 ကမ္ဘာ့အကြီးဆုံး နိုင်ငံ (၁၀)နိုင်ငံ



ဘီလီယံနာသူကြွယ်ကြီးတွေ အများဆုံး ရှိတဲ့ နိုင်ငံ(၁၀)
 

အသန့်ရှင်းဆုံး နိုင်ငံ (၁၀)ခု

လူဦးရေ အထူထပ်ဆုံး တိုင်းပြည်(၁၀)ခု


အိမ်ထောင်စုတွင်း လူဦးရေ အများဆုံး (၁၀)နိုင်ငံ


ကလေးမွေးဖွားမှုနှုန်းအများဆုံး (၁၀)နိုင်ငံ

သေနှုန်းအမြင့်ဆုံး နိုင်ငံ (၁၀)

လင်မယား ကွာရှင်းပြတ်စဲမှု အမြင့်မားဆုံး တိုင်းပြည်(၁၀)ခု

မိမိကိုယ်ကိုယ် သေကြောင်းကြံစည်မှု အများဆုံး တိုင်းပြည်(၁၀)ခု

ခရီးသွားဖို့ အကောင်းဆုံး ဥရောပ(၁၀)နိုင်ငံ


ဟန်းနီးမွန်းထွက်ဖို့ အကောင်းဆုံး နေရာ(၁၀)ခု 


ဈေးအကြီးဆုံး စားသောက်ဆိုင်များ (၁၀)ခု

အရောင်းရဆုံး ကား(၁၀) မျိုး

အမြန်ဆုံးကား(၁၀)

ကားထုတ်လုပ်မှု အများဆုံး နိုင်ငံ(၁၀)


ရေသန့်ပုလင်း သောက်သုံးမှု အများဆုံး (၁၀)နိုင်ငံ


အရက်သောက်သုံးမှု အများဆုံး (၁၀)နိုင်ငံ



ကော်ဖီအသောက်အများဆုံး (၁၀)နိုင်ငံ
 

ရေခဲမုန့်အစားဆုံးနိုင်ငံ(၁၀)ခု


သေနှုန်းအမြင့်ဆုံး အကြောင်းအရာ(၁၀)


ယာဉ်တိုက်မှုနဲ့ သေတာက အများဆုံး ဖြစ်နေပါတယ်..

မှတ်ချက်။   ။ သတင်းအချက်အလက်များမှာ အချိန်အခါကို လိုက်၍ ပြောင်းလဲနိုင်ပါသည်။

အေးမြမှု့သာ ပေးဝေပါ

စာရေးသူ ဒီအကြောင်းလေးကို ရွာတစ်ရွာမှာ ပြောပြခဲ့ဘူးသည်၊ ခုလည်းအများသိစေလိုသော ဆန္ဒဖြင့် ရေးသားလိုက်ပါသည်၊ ရေးဖြစ်ဘို့ စိတ်ကူးလေးက မနေ့ကမှ ပေါ်လာတာပါ၊ စာရေးသူ ဒါနေး ( ရက်လည် ဆွမ်းကပ်) လိုက်သွားသည်၊ သီရိလင်္ကာမှာ အသုဘ ပို့တဲ့နေ့ ကပ်တဲ့ဆွမ်းရယ်/ ရက်လည် လလည် နှစ်လည် ကပ်တဲ့ဆွမ်းရယ်ပဲ ရှိတာပါ၊ တစ်ခြား စေတနာပေါ်ပေါက်လို့ ကပ်တဲ့ဆွမ်းဟု ရှိခဲသည်၊ မရှိသလောက်ကို ရှားပါးသည်၊ ရှားပါးရခြင်းအကြောင်းကလည်း သူတို့ကုလားဘုန်းကြီးများ အကြောင်းကို လူတွေက သိထားသောကြောင့်ဖြစ်သည်၊ ဘာအကြောင်းများလည်းဆိုတာကိုတော့ မပြောတော့ပါဘူးနော်၊ မြန်မာပြည်က လူတွေ သိပ်ကို ကံကောင်းကြသည်၊ မြန်မာရဟန်းတော်တွေကို ကြည်ညိုခွင့် ရသည့် အတွက်ပါ၊ သို့သော်လည်း မြန်မာ လူမျိုးများသည် သီရိလင်္ကာလူမျိုးများလောက် ဘာသာရေးအမြင်မှာ မတည်ငြိမ်ကြဟု ဆိုချင်သည်၊ အကြောင်းမှာ ဘာသာရေးအပေါ်ကို မပြစ် မြင်လွယ်သောကြောင့် ဖြစ်သည်။ ထားပါတော့လေ။ လိုရင်းကိုပဲ ပြောကြပါစို့။

သီရိလင်္ကာမှာ ရက်လည်ဆွမ်းများ တော်တော်များများကို လိုက်ဘူးသည် စားဘူးသည်၊ တစ်ယောက်မျှ မျက်ရည်ကျပြီး ၀မ်းနည်းပက်လက်ဖြစ်ပြီး အမျှဝေပေးတာ မတွေ့ဘူးခဲ့၊ စာရေးသူတို့နိုင်ငံမှာဆိုလျှင်တော့ အမျှဆိုတဲ့ အသံလေးတောင် ပြီးအောင် ပီအောင် မဆိုနိုင်ကြ၊ ငို ကြတော့သည်၊ ထိုသို့ငိုမှ ချစ်ရာ ရောက်သည်ဟုများ ထင်နေကြသလား မသိ၊ အင်း တစ်ခါက ဖခင်ကြီးဆုံးတော့ သူ့သမီးဆိုးက " ဖေဖေ ရယ်၊ လယ်ကောက်ကြီး တစ်ကွက်ထည်း ပေးခဲ့တာလားလို့" ပြောပြောပြီးငိုသတဲ့၊ ထို့ကြောင့်ကျန်တဲ့ လူတွေက  "သြော် အဖေက လယ်ကောက်ကြီးကို သူ့ကိုပေးခဲ့တာပဲလို့ " တွေးပြီး ပေးလိုက်သတဲ့၊ အဲလို ငိုရလို့ လယ်ကောက်ကြီး တစ်ကွက် ရသွားတာပေါ့နော်၊ ငို ရကျိုးပေါ့၊ တကယ်တော့ ဖခင်ကြီးက သူ့သမီး ဆိုးလွန်း မိုက်လွန်း  စကားကို နားမထောင်လွန်းလို့ ဘာတစ်မျှ မပေးခဲ့ပါဘူး။

စာရေးသူတို့ နယ်ဘက်က ရွာတစ်ရွာမှာ အသုဘရက်လည် လိုက်သွားရသည်၊ ဟိုရောက်တော့ တရားဟောရသည်၊ တရားဟောဘို့ သေသူရဲ့  နာမည်လေးကို ဖတ်လိုက်သည် ဆိုလျှင်ပဲ ဆိုင်ရာ လူများက ငိုကြတော့သည်၊ စာရေးသူလည်း " အင်း ခက်တော့ခက်နေပြီ၊ မငိုနဲ့လို့ ပြောရအောင်ကလည်း ဘုန်းကြီးငိုသလိုဖြစ်နေမှာလည်း စိုးရပြန်သည်" ဟုပြောမိသည်၊ တစ်ခါက ဘုန်းကြီးတစ်ပါး ရှိသည်၊ အဲဒီဘုန်းကြီးလေးက သိပ်ကို တရားဟောကောင်းသည်၊ သူ့နယ်မှာတော့ သူက ဒိုင်ခံလိုလို တရားဟော ရသည်၊ အသုဘတွေမှာလည်း အငိုတိတ်အောင်ကို ဟောနိုင် ပြောနိုင်တယ်၊ ဒီလိုနဲ့ တစ်နေ့မှာတာ့ သူ့အမေ ဆုံးပါးသွားသည်၊ သူ့အမေဆုံးတော့ ဘုန်းကြီးလေးက ရှိုက်ကာ ရှိုက်ကာ ငိုရှာသည်၊ ဘေးက ဒကာတွေက " ဘုန်းကြီးလေးပဲ ပြောတယ်လေ၊ မငိုရဘူးဆို၊ ငိုရင်ဘယ်လို ဆိုးကျိုးတွေဖြစ်တယ်ဆို " စသည်ဖြင့် ပြောကြ တာပေါ့၊ နှစ်သိမ့်ကြတာပေါ့၊ ဒီတော့ ဘုန်းကြီးလေးက " အေး ခုဟာ ငါ့အမေကွ " လို့ ပြန်ပြောသတဲ့။

မငိုနဲ့လို့သာ ပြောရတာပါ၊ ဘုန်းကြီးတွေလည်း ကိုယ်နဲ့တိုက်ရိုက် ကြုံတွေ့လာလျှင် ထိန်းနိုင်ဘို့ ခက်သည်၊ ဒါကြောင့် " ခင်များတို့ကိုတော့ မငိုနဲ့လို့ မပြောတော့ပါဘူး၊ ဒါပေမဲ့ ခုပြောမဲ့ သဘောတရားလေးတွေကိုတော့ သေသေချာချာ နားထောင်ကြပါဦး၊ ပြီးမှ ငိုချင်သေးတယ်ဆိုရင်လည်း ဆက်ငိုပေါ့နော်၊ ဦးဇင်း ပြောချင် တာက ဒီနေ့လုပ်တဲ့ ဆွမ်းကပ်ခြင်းရဲ့  အဓိက ရည်ရွယ်ချက်ကို ပြောချင်တာပါ၊ ဒီနေ့ဆွမ်းကပ်တယ် ဆိုတာ သေသွားသူအတွက်ကို အဓိက ထားပြုလုပ်ကြတာ ဖြစ်တယ်၊ ရည်ရွယ်ချက်က သေသွားသူ အမျှရပြီး ကောင်းရာ မွန်ရာ ဘုံဘ၀မှာ ခံစား စံစားနိုင်ဘို့ပဲလေ၊ ဒီရည်ရွယ်ချက်ကို သိထားပါနော်၊ ဥပမာ တစ်ခု ပြောကြည့်ရအောင်" လို့ ပြောပြရသည်၊ ကဲ အောက်က စာလေးတွေကို ဖတ်ကြည့်ကြပါစို့နော်။

စာရေးသူ     “ခင်များတို့က မီးခဲကို ကိုင်ရင် ခင်များတို့မှာ မပူဘူးလား”
ပရိသတ်       “ပူပါသည်ဘုရား”

စာရေးသူ     “ယူမည့် သူရော မပူဘူးလား”
ပရိသတ်       “ပူပါသည်ဘုရား”

စာရေးသူ     “ဒါဖြင့် ခင်များတို့က ငိုတာ ပူလို့လား အေးလို့လား” 
ပရိသတ်      “ပူလို့ပါဘုရား”

စာရေးသူ    “ ဒါဆိုရင် ခင်များတို့က အပူတွေကိုပဲ မျှဝေပေးတာပေါ့ ဟုတ်လား”
ပရိသတ်      “မှန်ပါ အဲလိုမျိုး ဖြစ်နေပါသည်ဘုရား”

စာရေးသူ   “ခင်များတိုကိုယ်တိုင်က အပူတွေပေးနေမှတော့ ယူတဲ့သူကလည်း အပူတွေပဲ ရမှာပေါ့၊ အပူတွေ ရတဲ့ သူ့မှာ ခင်များတို့ ရည်မှန်းသည့်အတိုင်း ကောင်းရာမွန်ရာဘုံဘ၀မှာ အေးချမ်းစွာ နေနိုင်ပါ့မလား”
ပရိသတ်      “မနေနိုင်ပါဘုရား”

စာရေးသူ     “ခင်များတို့ ရည်ရွယ်ချက်နဲ့ လုပ်နေပုံနဲ့က တစ်ခြားစီဖြစ်နေပြီပေါ့ဗျာ”
ပရိသတ်      “မှန်ပါဘုရား”

စာရေးသူ   “သူများကို ငွေ တစ်ထောင်ပေးချင်လျှင် ကိုယ့်ဆီမှာ ငွေတစ်ထောင် အနည်းဆုံး ရှိမှ ဖြစ်တာ၊ ကိုယ်ပေးလိုက်တဲ့ ငွေတစ်ထောင်ကို သူ သုံးရ မသုံးရဆိုတာ မသေချာသေးဘူး၊ ဒီလိုပဲလေ သူခံစားရတာ မခံစားရတာထက် ကိုယ့်ဆီမှာ အအေးဓာတ်တွေ မြင့်မြတ်မှု့တွေ ရှိမှ သူ့ကို အေးချမ်းသွားအောင် မြင့်မြတ်သွားအောင်  လုပ်ပေးလို့ ရမှာပေါ့”
ပရိသတ “မှန်ပါဘုရား”

စာရေးသူ    “၀မ်းနည်းတော့ မျက်ရည်ဆိုတာ ကျလာမှာပဲလေ၊ အဲဒီမျက်ရည်ကို အသိနဲ့ထိန်းရတယ်”
ပရိသတ်      “မှန်ပါဘုရား”

စာရေးသူ    “ငိုလိုက်လို့ ခင်များတို့သေသွားသူသာ ပြန်ရှင်လာမယ်ဆိုရင် ဦးဇင်းတို့ တရားမဟောဘူး ၊ လာငိုပေးမယ်၊ ပြန်ရှင်လာမလား”
ပရိသတ်  “ ပြန် ရှင် မလာနိုင်ပါဘူးဘုရား”

စာရေးသူ        “အင်း ခင်များတို့က ဟိုး မန်ကျည်းပင် ထိပ်ဖျားက မန်ကျည်းသီးကိုမှ စားချင်ပါတယ်လို့ ပြောငိုနေတဲ့ ပူစာနေတဲ့ ကလေးထက်ပိုပြီး မိုက်မဲသွားတယ် သိလား၊ ဟုတ်တယ်လေ။ ကလေးလေး တောင်းတယ်ဆိုတာက မြင်နေရတယ်၊ ခင်များတို့က မမြင်ရဘူး၊ ဘယ်ရောက်သွားမှန်းမသိတော့တဲ့ အရာတစ်ခုကို တမ်းတပြီးငိုနေကြတယ်၊ မြင်နေရလို့ လိုချင်ပြီး ငိုတာထက်စာရင် မမြင်ရတာကို လိုချင်ပြီး ငိုတဲ့ သူတွေက ပိုပြီး အဓိပ္ပါယ်မဲ့တာပေါ့ဗျာ”
ပရိသတ်            “မှန်လှပါဘုရား”

စာရေးသူ       “မျက်ရည်ဆိုတာ တကယ်တမ်းကြတော့ သိပ်တန်ဘိုးရှိတဲ့ အရာပါဗျာ၊ ဦးဇင်းတို့ နိုင်ငံကို လွတ်လပ်ရေးရအောင် စတေးခဲ့ရတဲ့အထဲမှာ မျက်ရည်တွေ များစွာပါဝင်ခဲ့ပါတယ်၊ အဲဒါကြောင့် မျက်ရည်ကို အလကား အလဟဿတ် စီးဆင်းခွင့် မပေးကြပါနဲ့”
ပရိသတ်            “ မှန်ပါဘုရား”

စာရေးသူ     “ကဲ ဦးဇင်း အဓိကပြောချင်တာက အမျှပေးဝေတယ်ဆိုတာက ကုသိုလ်ကို ပေးဝေခြင်းသာ ဖြစ်တယ်၊ အအေးဓာတ်ကိုသာ ပေးဝေခြင်းဖြစ်တယ်၊ ဒါကြောင့် အမျှပေးဝေနေတဲ့ အချိန်လေးမှာတော့ အကုသိုလ်စိတ် မ၀င်ပါစေနဲ့၊ အပူတွေ မကပ်ပါစေနဲ့၊ ကျန်တဲ့ အချိန်မှာ ကြိုက်သလောက်ငိုကြ ကိစ္စ မရှိဘူး၊ နားလည်ပေးနိုင်တယ် ၊ ခွင့်လွှတ်ပေးနိုင်တယ်၊ အမျှပေးဝေနေချိန်လေးမှာတော့ မငိုစေချင်ဘူး။ စိတ်တွေ ဖြူစင်အေးမြနေစေချင်တယ်၊ ကုသိုလ်လေးကိုပဲ သန့်သန့်လေး ပေးဝေစေချင်တယ်၊ သူ့အတွက် နောက်ဆုံးပေးဆပ်မှု့လေးကို အေးအေးချမ်းချမ်းနဲ့ ကုသိုလ်သက်သက်နဲ့ ပေးဆပ်ကြပါစို့ ပေးဝေကြပါစို့ဗျာ။
ပရိသတ်   “မှန်ပါဘုရား”    (ထိုနေ့က အငိုမရပ်ပေမဲ့ မပြင်းထန်ခဲ့ပါ၊ အမျှဝေသံ ကြည်လင်ပြတ်သွားစွာ ကြားလိုက်ရသည်၊ ၀မ်းသာမိပါ သည်)။

အင်း သီရိလင်္ကာ လူမျိုးများလည်း ငိုကြပါသည်၊ ငိုတတ်ပါသည်၊ သို့သော် အမျှပေးဝေ နေချိန်မှာ သူတို့မျက်နှာလေးတွေက ပြုံးလို့ ရွှင်လို့၊ ကြည်ကြည်လင်လင် အေးအေးချမ်းချမ်း ပြတ်ပြတ်သားသား ပေးဝေနေကြသည်ကို တွေ့ရသည်။ ချစ်စရာကောင်းလိုက်သည့် အသိစိတ်ဓာတ် အမူအကျင့်လေးများပင်။ တကယ်တမ်းတော့ ငိုပြီးအမျှပေးဝေခြင်းသည် " ချစ်လို့ " ဟု ထင်ရပေမဲ့ မချစ်တတ်သော သဘောကို ဆောင်နေသည်၊ အေးချမ်းကြည်နူးပျော်ရွှင်စွာ အမျှပေးဝေခြင်းသည် " မချစ်လို့ " ဟု ထင်ရပေမဲ့ ချစ်တတ်သော သဘောကို ဆောင်နေပေသည်၊ စာရေးသူတို့ နိုင်ငံသူ နိုင်ငံသားများကို ချစ်တတ်သော အမူအကျင့်များ ကျင့်ဆောင်စေချင်သည်၊ ထိုဆန္ဒမွန်လေးဖြင့် ရေးသား မိပါကြောင်း-------------------


Wednesday, August 17, 2011

ဖန်ဆင်းရှင်သည် စေတနာ

စာရေးသူ ဆယ်တန်းတွေကို အင်္ဂလိပ်စာ သင်ပေးတော့ ဆရာတစ်ယောက်ရဲ့  eassy ကို ဖတ်ပေးသည်၊ ရေးနည်း ပြောပြပေးသည်၊ ဂရမ္မာများကို ရှင်းပြပေးသည်၊ တစ်နေရာမှာ " to the lord " ဟူသော စကားလုံးကို တွေ့ရသည်၊ ဗုဒ္ဓ စာပေတွေမှာတော့ ဘုရားကို Buddha လို့ပဲ သုံးတဲ့အကြောင်း ပြောပြဖြစ်သည်၊ lord- ဆိုတဲ့ စကားလုံးက ဖန်ဆင်းရှင်တို့နဲ့လည်း သက်ဆိုင်မှု့ ရှိနေကြောင်း  Buddha ဆိုတဲ့ စာလုံးကတော့ ဖန်ဆင်းရှင်တွေ ဘာတွေနဲ့ မပတ်သက် မသက်ဆိုင်လို့ အဲဒီစကားလုံးကို ပိုသဘော ကျမိကြောင်း ပြောဖြစ်သည်၊ အင်း အဲဒါနဲ့ ပတ်သက်ပြီး ခရစ္စယာန်နဲ့ မွတ်ဆလင် ဘာသာမှာပါတဲ့ " အရာရာတိုင်းကို သူတို့ဘုရားသခင်က ဖန်ဆင်းသည်" ဆိုတဲ့ အချက်နဲ့၊ "သူတို့ဘာသာဝင်များ ပြုလုပ်သမျှ မကောင်းမှု့ရဲ့  အကျိုးကို သူတို့ ဘုရားသခင်ကပဲ ကိုယ်စားခံပေးတယ်" ဆိုတဲ့ အချက်ကို လက်ခံလား၊ ဘယ်လိုမြင်လဲ၊ သားတို့ သမီးတို့ရဲ့  လွတ်လပ်တဲ့ အတွေးလေးတွေကို သိချင်တယ်  လို့ မေးမိသည်၊ တစ်ချို့  က " မတွေးတတ်ပါ ဘုရား " လို့ ပြောကြသည်၊ တစ်ချို့   က " ပြောပြပေးပါဘုရား " လို့ ပြောကြသည်၊ တစ်ချို့  က " မဖြစ်နိုင်ပါဘုရား " တဲ့။ 

စာရေးသူလည်း စာသင်တာကို ခဏနားပြီး သူတို့လေးတွေ သိသင့်သည်ဟု ထင်မိသဖြင့် ပြောပြဖြစ်သည်၊ 

စာရေးသူ      " တပည့်တို့ရေ  ဖန်ဆင်းတာ ဟုတ်/ မဟုတ်ဆိုတာကို  အရင်ပြောကြရအောင်နော်"
တပည့်တို့     "မှန်ပါဘုရား"
စာရေးသူ    "အရာရာတိုင်းကို ဖန်ဆင်းတယ်ဆိုရင် တပည့်တို့နေတဲ့အိမ် တပည့်တို့ စားတဲ့အစာ တပည့်တို့ စိုက်တဲ့ အပင်တွေကို စိုက်မနေနဲ့လေ၊ အဲဒါတွေကို ဖန်းဆင်းခိုင်းလိုက်ပေါ့၊ အဲလို ခိုင်းလို့ ရမလား"
တပည့်တို့     " မရပါဘုရား"
စာရေးသူ     "တပည့်တို့အိမ် စားစရာတွေ စိုက်တဲ့ပျိုးပင်တွေကို ဘယ်သူဖန်ဆင်းတာ ထင်လဲ"
တပည့်တို့    "မသိပါဘုရား"
စာရေးသူ  " အဲ မင်းတို့တော့ကွာ၊ မင်းတို့ မိဘတွေ နဲ့ မင်းတို့ပဲ ဖန်ဆင်းတာမဟုတ်လားကွ၊ အေး တစ်ခု ပြောရဦးမယ်၊ ဖန်ဆင်းတယ်ဆိုတာ ပြုလုပ်တယ်လို့ ဆိုလိုတယ်"
တပည့်တို့   " အော် မှန်ပါ ၊ တပည့်တော်တို့လုပ်တာကို ဖန်ဆင်းတယ်လို့ ဆိုလိုရင် တပည့်တော်တို့နဲ့ တပည့် တို့ မိဘတွေပဲ ဖန်ဆင်းတာပေါ့ဘုရား"
စာရေးသူ     " အေး မင်းတို့ကိုရော ဘယ်သူ ဖန်ဆင်းတာလဲ"
တပည့်တို့     "မိဘတွေက ဖန်ဆင်းတာပါဘုရား"(ရယ်ကြလျှက်)
စာရေးသူ     "အေး ဟုတ်တယ်၊ မင်းတို့ကို မင်းတို့မိဘတွေကဖန်ဆင်းတာပါ ၊ ဘယ်သူကမျှ ဖန်ဆင်း ပေးတာ မဟုတ်ဘူး၊ မင်းတို့တွေရဲ့  လူဖြစ်လာမယ့် ရှေးကံလည်း ပါတာပေါ့ကွာ"
တပည့်တို့     " မှန်ပါ"
စာရေးသူ    " အဲဒါဆို ဖန်ဆင်းရှင်ကို ပူဇော်ကြေး အရိုသေပေးကြေး ဆိုရင် မင်းတို့မိဘတွေထက် ပိုပြီး အရိုအသေပေးစရာ ပူဇော်စရာ ရှိသေးလားကွာ"
တပည့်တို့    " မရှိပါဘုရား"
စာရေးသူ    "အေး အဲဒါကို သိရမယ်၊ အရာရာတိုင်းမှာ ပြုလုပ်မှု့ ရှိတယ်၊ ပြုလုပ်မှု့ရှိမှ ဖြစ်ပေါ်မှု့ဆိုတာ ရှိတယ်၊ ပြုလုပ်သူဟာ ဖန်ဆင်းရှင်ပဲ၊ မင်းတို့တွေ စာမေးပွဲအောင်ဘို့ မင်းတို့ကိုယ်တိုင် ဖြေမှ/ ဖြေနိုင်မှ အောင်မယ်၊ စာမေးပွဲအောင်အောင် မင်းတို့ကိုယ်တိုင်ပဲ ဖန်ဆင်းရမယ်၊ မင်းတို့ စာတွေသိအောင်တော့ ဆရာတွေက ဖန်ဆင်းပေးရမယ်၊ မင်းတို့တွေ စာလုပ်နိုင်အောင် မင်းတို့မိဘတွေက ကူညီဖန်ဆင်းပေးရတယ်၊ အဲဒါဆိုရင် မင်းတို့တွေ စာမေးပွဲ အောင်တယ်ဆိုတဲ့ အချက်မှာ ဖန်ဆင်းသူ သုံးယောက်တောင်ပါနေတယ်၊ မင်းတို့ ကိုယ်တိုင်ရယ် မင်းတို့မိဘတွေရယ် မင်းတို့ကို စာသင်ပေးတဲ့ဆရာတွေရယ်ပေါ့ကွာ၊ ထားပါတော့ကွာ၊ မွေးဖွားတယ်ဆိုတဲ့ အရာကို စာပေမှာတော့  ၀ိညာဏ - လို့ ဆိုတယ်၊ ပဋိသန္ဓေစိတ်ပေါ့ကွာ၊ မင်းတို့လည်း ကြားဖူးမှာပါ၊ သင်္ခါရပစ္စယာ ၀ိညာဏံ - ဆိုတာလေ"
တပည့်တို့     "မှန်ပါဘုရား"
စာရေးသူ     " အဲဒါဆိုရင် အရာရာတိုင်းမှာ ဖန်ဆင်းတယ်ဆိုတာ ဘုရားသခင် ဟုတ်ပါ့မလား"
တပည့်တို့    " မဟုတ်ပါဘုရား"
စာရေးသူ    " အေး အဲဒါပဲကွ၊ ခုခေတ်မှာ သိပ္ပံပညာတွေ အရမ်းထွန်းကားလာတော့ ဖန်ဆင်းရှင်ဆိုတဲ့ ၀ါဒက ပိုပြီး မှုန်ဝါးလာတယ်၊ ဒါပေမဲ့ သူတို့မှာ ထိန်းချုပ်မှု့တွေ ငွေကြေးတွေ ပညာရေးတွေ ပျော်ရွှင်မှု့တွေနဲ့ ချည်နှောင်ထားတော့ အဲဒီဝါဒထဲကတိုင် ရုန်းမထွက်နိုင်ကြဘူးပေါ့ကွာ"
တပည့်တို့    "မှန်ပါ အရာတိုင်းတိုင်းကို ဖန်ဆင်းတာဟာ ဘုရားသခင် မဟုတ်ဘူးဆိုတာ သိပါပြီဘုရား"
စာရေးသူ    "အေး မင်းတို့ကိုယ်တိုင်လည်း ဖန်ဆင်းရှင်တွေပဲဆိုတာ မမေ့နဲ့၊ ဒါဆိုရင် မင်းတို့ကိုယ်တိုင် လုပ်တဲ့ အရာရာတိုင်းမှာ စေတနာဆိုတဲ့ သဘောလေး ပါတယ်ကွ၊ ပြုလုပ်လိုတဲ့ စေတနာဆိုတဲ့ သဘောလေး ပါတယ်၊ အဲဒီသဘောလေးဟာ သာမာန်ပုထုဇဉ်တွေ အနေကြည့်ရင် ကိုယ်ကြိုက်လို့ လုပ်တဲ့အရာကို ကောင်းတယ်လို့ မြင်ကြတယ်၊ ကိုယ့်စိတ်နဲ့ အခန့်မသင့်တဲ့အရာတွေကို မကောင်းဘူးလို့ မြင်ကြတယ်၊ အရိယာ သူတော်ကောင်းတွေကြတော့ သံသရာနဲ့ ကြည့်ပြီး သံသရာထဲမှာ ဆိုးဝါးစွာ ကျင်လည်ရမဲ့အရာ တွေကို မကောင်းဘူးလို့မြင်ကြတယ်၊ သံသရာထဲမှာ ဆိုးဝါးစွာ မကျင်လည်ရမယ့်အရာတွေကို အကောင်း လို့  မြင်ကြတယ်၊ မင်းတို့တွေ ပြုလုပ်တဲ့ ကောင်း/ မကောင်း အရာရာတိုင်းမှာ စေတနာ ပါတယ်၊ အဲဒါကြောင့် ငါ ပြောချင်တာက အရာရာတိုင်းရဲ့  ဖန်ဆင်းရှင်အစစ်ဟာ စေတနာလို့ ပြောချင်တာ၊ အဘိဓမ္မာ သဘောမှာ ပြုလုပ်မှု့တိုင်းကို ကမ္မကိုခေါ်ပြီး ကမ္မအရကိုလည်း စေတနာထိ အရကောက်ရတယ်၊ သဘော ပေါက်ကြလား ဟေ့၊ နားလည်ကြလားဟေ့"
တပည့်တို့      " မှန်ပါ နားလည်ပါပြီဘုရား"
စာရေးသူ   " အေး ဒါဆိုရင် နောက်တစ်ခု သူတို့ရဲ့  ဘုရားရှင်ဟာ သူတို့ပြုလုပ်သမျှ မကောင်းမှု့တွေရဲ့  အကျိုးကို ခံယူတယ်၊ ကိုယ်စား ၀န်ခံပေးတယ်ဆိုတဲ့ အချက်ကို ဆွေးနွေးကြအောင်"
တပည့်တို့    "မှန်ပါဘုရား"
စာရေးသူ  " ကဲကွာ၊ သူတို့ဘာသာဝင် တစ်ယောက်ယောက်က လူသတ်လိုက်တယ်၊ သူတို့ဘုရားက ကိုယ်စား ထောင်ချခံသလား၊ သတ်တဲ့လူပဲ ထောင်ချခံရသလား"
တပည့်တို့    " သတ်တဲ့ သူပဲ ထောင်ချခံရတာပါဘုရား"
စာရေးသူ    "အေးဟုတ်ပြီ ၊ အရာရာတိုင်းကို ဖန်ဆင်းတယ်ဆိုရင် မင်းတို့ ငါတို့လည်း သူဖန်ဆင်းတဲ့အထဲမှာ ပါတာပေါ့ကွာ၊ တို့တွေ မကောင်းမှု့လုပ်ရင်ရော အပြစ်ကို ဘုရားသခင်က ကိုယ်စားဝန်ခံ ပေးမလား၊ တို့တွေပဲ ခံရမလား"
တပည့်တို့     " တပည့်တော်တို့ပဲ ခံရမှာပါဘုရား"
စာရေးသူ     " ကဲ ဒီလောက်ဆိုရင် ကိုယ်စားခံပေးတယ်ဆိုတဲ့ အချက်ရော မင်းတို့ လက်ခံလို့ ရနိုင်လား"
တပည့်တို့    " မရနိုင်ပါဘုရား"
စာရေးသူ     " အေး မင်းတို့တွေမှာ အဲဒီအသိလေးတွေ ရှိဘို့လိုအပ်တယ်"

ခုရေးခဲ့တာလေးတွေဟာ စာရေးသူနဲ့ ကျောင်းသူ ကျောင်းသားတွေ ဆွေးနွေးခဲ့ကြ၊    ပြောဖြစ်ခဲ့ကြတာလေးတွေပါ၊

ဒါလေးကို ရေးလိုက်ခြင်းသည်လည်း တစ်ခြားဘာသာရေးကို စော်ကားလိုစိတ်နဲ့ ရေးလိုက်တာ မဟုတ်ပါဘူး၊ ကိုယ့်လူမျိုးကို ဘာသာရေးနဲ့ ပတ်သက်ပြီး အမျိုးမျိုး သိမ်းသွင်းနေတဲ့ အချိန်မှာ မှားယွင်းသော အသိနဲ့ ပါမသွားလေအောင် သိသင့်သိထားသင့်သည်ဟု ထင်သောကြောင့် ဆွေးနွေးပြောပြခဲ့ ရေးသားခဲ့ခြင်းသာ ဖြစ်ပါကြောင်း -----------------------