Thursday, August 23, 2012

စွဲလန်းစိတ်ရဲ့ ဆွဲအား (လူဝင်စား အကြောင်း) (ရွှေမြို့တော်မှ စံလင်း၏ ဆောင်းပါး)



“ မနက်ခင်းလေး တစ်ခုရောက်တယ်၊ ကျေးငှက်လေးများ တေးဆိုရင်း၊ ဘ၀အတွက် ရုန်းဘို့ သိကြတယ် ” ဘိုဖြူရဲ့ သီချင်းလေးပါ။ ကျွန်တော့်ဖုန်းရဲ့ Ring tone အဖြစ် သုံးထားတာပါ။ စကားပြောကြည့်လိုက်တော့ ညီဝမ်းကွဲ နေလင်းဦး ဖြစ်နေပါတယ်။ မန္တလေးကို လာမလို့တဲ့။ လာကြိုပေးပါတဲ့။ ဒါနဲ့ နေ့ခင်း (၂း ၀၀) လောက်မှာ ကားဝင်းကို သွားခဲ့ပါတယ်။ သူ့ကို ကြိုဘို့ပေါ့။ ညီ ရောက်မလာသေးတာနဲ့ အအေးဆိုင်မှာ ၀င်ထိုင်လိုက်တယ်။ ထိုင်နေတုန်း ဖုန်းဝင်လာပါတယ်။ ကျွန်တော့်အချစ်ဟောင်းလေး ဆီကပါ။ တွေ့ဘို့ ချိန်းတာပါ။ ကျွန်တော်တို့ တွေ့နေကြ နေရာလေးမှာ သူရောက်နေပြီတဲ့။ မသွားလို့ကလည်း မဖြစ်ဘူး။ ကျွန်တော်ရောက် မလာမချင်း မပြန်ပဲ စောင့်နေတတ်တာကို ကျွန်တော် အသိဆုံး။ ဟို အရင်ချိန်တွေက ကျွန်တော်အရမ်းချစ်ခဲ့ရတဲ့ ကောင်မလေးပါ။ ချစ်စရာ ကောင်းလွန်းလို့ကို ချစ်ခဲ့တာပါ။ သူနဲ့ပတ်သက်တဲ့ အရာအားလုံးကို ချစ်ခဲ့တာပါ။ ဒါပေမဲ့ သူ နောက်တစ်ယောက်နဲ့ ပျော်မြူးနေတာတော့ မပါဘူးပေါ့ဗျာ။ တကယ် ချစ်ခဲ့တာပါ။ တစ်ဘ၀စာ လက်တွဲဘို့အထိ ချစ်ခဲ့တာပါ။ ဒါပေမဲ့ သူ့စိတ်က ပရမ်းပတာ ကြွေကျတဲ့ နတ်ပန်းလေးလိုပါပဲ။ သူ့ကြောင့် ကျွန်တော့်ဘ၀ တော်တော်လေး လေလွင့် သွားခဲ့တယ်။ ကျွန်တော့်ဘ၀ရဲ့ အချိန်တော်တော်များများကို သူ ဖျက်ဆီး ပစ်ခဲ့တယ်။ ကျွန်တော် ဆောက်လုပ်ခဲ့တဲ့ အချစ်လမ်းခရီးတစ်ခုကို မပြီးသေးခင်မှာပဲ သူ့ရဲ့ သစ္စာပျက်မှု့( သာယာ လွယ်တတ်မှု့) နဲ့ ဖျက်ဆီးပစ်ခဲ့တယ်။ သူ့ကို မေ့လို့ ရအောင် သူနဲ့ဝေးရာကို ကျွန်တော်ထွက်သွားခဲ့ပါတယ်။ ခုတော့ တည်ငြိမ်စ ပြုနေတဲ့ နှလုံးသားကို သူ့မျက်ရည်ကျပြခြင်းတွေနဲ့ လှုပ်ခပ်နေအောင် လုပ်နေပြန်ပါပြီ။ သနားစိတ်မှာ ချစ်ခင် မြတ်နိုးစိတ် မပါဘူးဆိုတာ (သို့) သနားစိတ်နဲ့ ချစ်ခင်မြတ်နိုးစိတ်ဟာ တခြားစီဆိုတာကို ကျွန်တော် သိနေပါပြီ။ ညီ ရောက်လာတော့ သူ့ကိုခေါ်ပြီး ကောင်မလေးရှိရာကို ထွက်လာခဲ့တယ်။ ညီ နဲ့လည်း မိတ်ဆက်ပေးရအောင်လို့ပေါ့။ ဟိုရောက်တော့ ကောင်မလေးက ငုတ်တုတ်လေး။ သူ ငိုထားတယ်ဆိုတာ  မြင်လိုက်တာနဲ့ သိလိုက်ပါပြီ။ မလာတော့ဘူးထင်လို့ ၀မ်းနည်းပြီး ငိုနေတာ ဖြစ်မှာပေါ့။ ညီ ပါလာလို့ ထင်ပါရဲ့။ စကားအများကြီး မပြောဖြစ်ခဲ့ပါဘူး။ ကျွန်တော့်ကို နှုတ်ဆက်ပြီး သူပြန်သွားတယ်။ ကျွန်တော်လည်း ညီကို ခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။ အိမ်ရောက်တော့ ညီက ကျွန်တော့် ကောင်မလေးနဲ့ အကြောင်းကို မေးပါတယ်။ ကျွန်တော်လည်း အရင်က အရမ်းချစ်ရတဲ့ ချစ်သူ ဖြစ်ကြောင်း ခုတော့ ချစ်လို့ မရတော့ကြောင်း ဒါပေမဲ့ သူငိုရင် မနေတတ်လို့ တွေ့ဖြစ်နေသေးကြောင်း သူ့ကိုအရမ်းစွဲလန်းခဲ့ဘူးကြောင်း ခုတော့ သနားစိတ်ပဲ ရှိတော့ကြောင်း အကြောင်းစုံကိုပြောပြလိုက်တယ်။ ညီအစ်ကို ချင်းချင်းဆိုတော့ ပွင့်ပွင့်လင်းလင်းပေါ့နော်။ သူက အဲဒီမှာ ကျွန်တော့်ကို ဘာပြောလိုက်တယ် ထင်ပါသလဲ? ၊ အံ့သြဘို့ ကောင်းသလို ထိပ်လန့်ဘို့လည်း သိပ်ကောင်းတဲ့ စကားတစ်ခွန်းကို ပြောလိုက်တာပါ။ သူပြောတာက “ အစွဲအလန်း မထားတာ အကောင်းဆုံးပဲ ကိုလေး။  ပြတ်ပြတ် သားသားလုပ်ပါ၊ ငါ စွဲလန်းခဲ့လို့ လေးဘ၀ ကျင်လည် ခဲ့ရပြီးပြီ ” တဲ့။


စိတ်ဝင်စားလို့ အကြောင်းစုံကို မေးကြည့်မိခဲ့တယ်။ ညီပြောပြတဲ့ အကြောင်းကို ကျွန်တော် ရေးတတ်သလိုပဲ ရေးပြမယ်နော်။ ကဲ ဖတ်ကြည့်ကြပါစို့။ တမာတောရွာလေးမှာ ဦးကျော်စိန်ဆိုတဲ့ လူတစ်ယောက်ရှိတယ်။ သူ့မှာ ကောင်းကျော်ဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ သူ့ဇနီး မဇင်မာကတော့ ကောင်းကျော် (၂) နှစ်သား အရွယ်လောက်မှာ ဆုံးသွားခဲ့ပါတယ်။ တစ်နေ့မှာ ဦးကျော်စိန်တစ်ယောက် ပိုးထိပြီး ဆုံးသွားခဲ့ပါတယ်။ ပိုးထိတာ သိလိုက်တာနဲ့ တပြိုင်တည်းမှာပဲ သူ့သားကို သတိရလိုက်မိတယ်။ ခပ်ငယ်ငယ် အရွယ်မရောက်သေးတဲ့ သူ့သားကို စိတ်မချနိုင်ပါဘူး။ သူ့သားကို မြင်ချင်စိတ်ကြောင့် အိမ်ကို ပြန်ပြေးပါတယ်။ ဒါပေမဲ့ မြွေဆိပ်ကြောင့် လမ်းမှာပဲ “ ဗိုင်း ” ဆို လဲကျသွားပါတယ်။ အားတင်းပြီး သွားနေလည်း အဆင်မပြေတော့ပါဘူး။ မြွေဆိပ်တက်ပြီး လမ်းပေါ်မှာ လူးလှိမ့်နေခဲ့ရတယ်။ ဒါပေမဲ့  သားကို သတိရမိတဲ့ စိတ်က မပြတ်ဘူးလေ။ အဲဒီစိတ်နဲ့ သေဆုံးပြီး ပြိတ္တာဘ၀ကို ရောက်သွားခဲ့ပါတယ်။ ပြိတ္တာဖြစ်သွားခဲ့တဲ့ ဦးကျော်စိန်ဟာ သူ့သားလေးကို ရွာအနောက်ထိပ်က အုန္နဲပင် ပေါ်ကနေပြီး ကြည့်နေခဲ့ပါတယ်။ ရွာထဲကို သူဝင်လို့ မရခဲ့ဘူး။ ဒါကြောင့် နေလို့ရတဲ့ ရွာနဲ့အနီးဆုံး အုန္နဲပင်ပေါ်မှာပဲ နေခဲ့ရတယ်။ ဒီလိုနဲ့ နှစ်တွေကြာလာတဲ့အခါ သူ့သားကောင်းကျော်လည်း အရွယ်ရောက်လို့ တောမှာ အလုပ်တွေ လုပ်နေရပြီပေါ့။ ကောင်းကျော် တောသွားရင် ဦးကျော်စိန်က သူတို့တောရဲ့တောင်ဘက် အစပ်မှာရှိတဲ့ ကျောက်တုံး အကြီးကြီးပေါ်ကနေ ထိုင်ကြည့်နေပါတယ်။ သူ့သားကို အဲလောက်ထိ ချစ်တာပါ။ ဦးကျော်စိန်ရဲ့ ပြိတ္တာဘ၀သက်တမ်း ဘယ်လောက်ကြာသွားတယ် မသိ။ သူ့သား ကောင်းကျော်သေဆုံးသည့်အထိ သူက ပြိတ္တာဘ၀မှာ ရှိနေတုန်းပါပဲ။ ကောင်းကျော်က ကံကောင်းခဲ့ပါတယ်။ သေဆုံးပြီး လူဝင်စားပြန်ဖြစ်သွားတယ်။ ကောင်းကျော်ရဲ့ ဒီဘ၀နာမည်က အောင်အောင်တဲ့။ ဦးကျော်စိန်ကြီးလည်း ပြိတ္တာဘ၀ကတိုင် ကျွတ်ပြီး လူဝင်စား ဖြစ်သွားခဲ့ပါတယ်။ သူ လူဝင်စားဖြစ်ခဲ့တာက အောင်အောင့် မိခင်ရဲ့ ၀မ်းဗိုက်ထဲကိုပါ။ မွေးဖွားလာပြီး နည်းနည်းသိတတ်စ အရွယ်မှာပဲ သူ့ဘ၀အတိတ်အကြောင်းတွေကို မှတ်မိလာခဲ့ပါတယ်။ အရင်ဘ၀က သူအရမ်းချစ်ခဲ့ရတဲ့ သားကောင်းကျော်ဟာ ခုဘ၀မှာတော့ သူ့အကို အောင်အောင်ဖြစ်နေပါပြီ။


ဦးကျော်စိန်လူဝင်စားဖြစ်လာတော့ သူ့နာမည်ကို အောင်ဇော်လင်းလို့ မှည့်ခေါ်ပါတယ်။ အောင်ဇော်လင်း အသက် (၇) နှစ်လောက်မှာပဲ အပြင်းဖျားပြီး ဆုံးသွားခဲ့ပါတယ်။ အသက်ရှည်ရှည်နေရမယ့် ကုသိုလ်ကံ မပါဘူးထင်ပါရဲ့။ သေသွားတော့လည်း အောင်အောင့်အပေါ်မှာ ချစ်ခင် စွဲကျန်နေတဲ့ စိတ်နဲ့ ပြိတ္တာဘ၀ ရောက်သွားပြန်ပါတယ်။ အောင်အောင်တောကိုသွားရင် လိုက်သွားတယ်။ တောကပြန်လာရင် အောင်အောင်တို့အိမ်ရှေ့က မန်ကျီးပင်ကြီးအောက်မှာ နေတယ်။ ဒီတစ်ခါ ပြိတ္တာဘ၀မှာတော့ ရွာထဲအထိ ၀င်လို့ ရခဲ့ပါတယ်။ အိမ်ဝင်းထဲ အထိတော့ ၀င်လို့မရဘူးတဲ့။ ညဘက်ဆိုရင် လူတွေ ပစ်ထားတဲ့ စားကြွင်း စားကျန်တွေကို လိုက်စားပါတယ်။ တစ်ချို့လူတွေကတော့ သူ့ကို မမြင်ကြပါဘူး။ တစ်ချို့လူတွေကတော့  မြင်ကြသတဲ့။ အဲလိုမြင်လိုက်တဲ့အခါ ကြောက်လန့် အော်ဟစ်ပြီး ပြေးကြသတဲ့။ သူကတော့ လူတွေကို ကြောက်အောင် လိုက်ပြီး ခြောက်လှန့်နေတာ မဟုတ်ခဲ့ပါဘူး။ သူ့အတွက် အစာရှာ ထွက်ခြင်းပါပဲ။ (ကျွန်တော်ထင်ပါတယ်၊ အဲဒါမျိုးဖြစ်တာကို အခြောက်ခံရတယ်လို့ ပြောဆိုကြတာ ထင်ပါရဲ့)၊  ဒီလိုနဲ့ နေလာလိုက်တာ ခုဆို အောင်အောင်တောင် အိမ်ထောင် ကျသွားပါပြီ။ ပြိတ္တာဖြစ်နေပြန်တဲ့ ဦးကျော်စိန်ဟာ တောကိုလိုက်သွားလိုက် ရွာကိုပြန်လာလိုက်နဲ့ အောင်အောင့်ကိုချစ်တဲ့စိတ်နဲ့ သံသရာလည်ပတ်နေပါတယ်။ ဒီလိုနဲ့ အောင်အောင့်ဇနီးလည်း ပထမဆုံး သန္ဓေသားလေးကို ဆောင်ထားရပြီပေါ့။ မွေးလာတော့ ယောက်ျားလေးပါ။ သားဦး စနေ မီးလိုမွှေ - ဆိုတဲ့ စကားရှိနေတော့ သိပ်ကို ကြောက်ကြတာပေါ့။ ဒါပေမဲ့ ကိုယ့်သားလေးဆိုတော့လည်း အရမ်းချစ်ခဲ့ကြပါတယ်။ နာမည်ကိုတော့ နေလင်းဦးလို့ အမည်မှည့်ပေးလိုက်ကြတယ်။ ကဲ ဒါလောက်ဆို နေလင်းဦးဟာ ဘယ်လိုဘယ်လိုတွေ ဖြစ်လာခဲ့တယ်ဆိုတာ သိလောက်ပါပြီနော်။ ခုတော့ နေလင်းဦးက ကျွန်တော့်ညီဝမ်းကွဲ ဖြစ်နေပါတယ်။ သယ်ချင်းတို့ရေ အစွဲအလန်းစိတ်က သိပ်ကို ဆွဲငင်အား ပြင်းထန်လွန်း ပါတယ်။ ဦးကျော်စိန်ကြီးဟာ သူ့သားကောင်းကျော်ကို စွဲလန်းသွားတဲ့စိတ်ကြောင့် စွဲလန်းမိတဲ့စိတ်ကြောင့် ချစ်မိတဲ့ စိတ်ကြောင့် ပထမပြိတ္တာ + အောင်ဇော်လင်း +ဒုတိယပြိတ္တာ + နေလင်းဦး = ဆိုတဲ့ ဘ၀တွေကို ကျင်လည်ခဲ့ရပါတယ်။ ဒါဟာ သူ ပြန် မှတ်မိတဲ့ ဘ၀တွေပါ။ မမှတ်မိတဲ့ ဘ၀များစွာလည်း ဒီလိုပဲဖြစ်နေလိမ့်မယ် ထင်ပါတယ်။ ကျွန်တော်အံ့သြတာက နေလင်းဦးရဲ့ သညာတရားကိုပါ။ ဒီလို လေးဘ၀ဆက် မှတ်မိနေတဲ့ သူ့သညာကို အရမ်းလေးစားမိပါတယ်။ (ကျွန်တော်ဆို ဘယ်က လာလို့ ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှား မှတ်မိဘို့ မပြောနဲ့ အတွေးနဲ့တောင် မသိပါဘူး)။  ပြီးတော့ စွဲလန်းတတ်တဲ့ စိတ်ရဲ့ ဆွဲငင်အားကိုလည်း ကြောက်လန့်မိခဲ့တယ်။ အာရုံတစ်ခုကို စွဲလန်းမိရင် အဲဒီလိုတွေ လည်ပတ်နေရတော့ ဘယ်လိုလုပ် လွတ်ကြတော့ မလဲနော်။ အဲ ထူးခြားတာ တစ်ခုကို ပြောပြချင်ပါတယ်။ ညီကို “ မင်း ယမမင်းကြီးဆီမှာ အစစ်ဆေး မခံရဘူးလား ” လို့ မေးကြည့်တော့ ညီက “ ယမမင်းကြီးနဲ့ မတွေ့ခဲ့ဘူး ” လို့ ပြန်ဖြေပါတယ်။ ဒါဟာ ထူးခြားသလို မှတ်သားစရာလည်း ကောင်းတယ်နော်။ ယမမင်းဆိုတာ ၀ါးတားတားဖြစ်နေတဲ့ သူများကိုသာ စစ်ဆေးရသည် ထင်ပါရဲ့။ အကျိုးပေးကံ သီးသန့်ရှိပြီးသူများဟာ ကံစီမံတဲ့အတိုင်း ဆိုင်ရာဘုံ ဘ၀တွေဆီကို တန်းသွားပါတယ်။ သူတို့ဟာ စစ်ဆေးစရာ မလိုလို့ ယမမင်းဆီ မရောက်ကြတာ ဖြစ်မယ်နော်။ သူ့တို့အကျိုးပေး ကံအတိုင်း ဖြစ်ကြရမှာကိုး။ ဘယ်သွား ဘာမှာဖြစ်လို့ ယမမင်းက စီစဉ်ပေးစရာ ညွှန်ကြားပေးစရာမှ မလိုပဲလေ။ ကံတရားက စီစဉ်တဲ့အတိုင်း ညွှန်ကြားတဲ့အတိုင်း ဖြစ်ကြရမှာပဲ မဟုတ်လား။ ပြီးတော့ “ မင်း မိခင်ဝမ်းထဲကို ဘယ်လို ပြန်ဝင်လာတာလဲ?” လို့ မေးကြည့်တော့လည်း သူက “ အဲဒါတော့ ကောင်းကောင်း မမှတ်မိဘူး ” လို့ ပြောပါတယ်။ ဘာပဲ ဖြစ်ဖြစ်ပေါ့နော်။ ကြောက်လန့်စရာတော့ ကောင်းပါတယ်။ ကဲ သယ်ချင်းတို့ရေ ဖြစ်နိုင်ရင် အစွဲလေးတွေ နည်းနည်းလာအောင် ပါးပါးလာအောင် စိတ်ကို ထားနိုင်ကြပါစေနော်၊ အစွဲအလန်းနည်းပါးတဲ့ စိတ်ကို ပိုင်ဆိုင်အောင် လုပ်ဆောင်နိုင်ကြပါစေ။ ဟိ။ ကျွန်တော်ကတော့ ရွှေမြို့တော်လေးကို စွဲလန်းနေမိပြီဗျ။ ညီ ပြောသလို အစွဲအလန်းမထားမိဘို့တော့ ကြိုးစားရအုံးမှာပေါ့။ သယ်ချင်းအားလုံး အစွဲအလန်း ကင်းကင်းနဲ့ (သို့) အစွဲအလန်း ပါးပါးနဲ့ ဘ၀ကို လွတ်လပ်ပေါ့ပါးစွာ ဖြတ်သန်းနိုင်ကြပါစေလို့ ---


အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း

( ဒီဆောင်းပါးလေးကို သူငယ်ချင်းတစ်ယောက်အတွက် ခင်မင်မှု့ လက်ဆောင် သက်သေ အဖြစ် ရေးသားပါသည်)။