Sunday, October 21, 2012

ဝဋ်ကြွေးရှိက ကြေပါစေ (ရေးသားသူ -- စံလင်း)။


“ ဟလို  အစ်ကို ”။
“အင်း ပြော ယွန်း”။
“ဘာလုပ်နေတာလဲ ယွန်းစောင့်နေတာ ကြာလှပြီ”။
“အင်း အလုပ်နည်းနည်းရှိလို့ နောက်ကြသွားတာ စိတ်ဆိုးနဲ့နော်”။
“အင်းပါ စိတ်တော့ မဆိုးပါဘူး။ ဒါပေမဲ့  စိတ်မကောင်းတော့ ဖြစ်မိတယ်”။
“ဘာဖြစ်လို့လဲ ယွန်းရဲ့”။
“ဟုတ်တယ်လေ။ အစ်ကိုက ယွန်းကိုမှ ဂရုမစိုက်တာ”။
“သြော် ယွန်းလေးရယ်။ အစ်ကို တကယ် အလုပ်ရှိနေလို့ပါ”။
“ထားပါတော့ ဖုန်းနံပါတ်ပေး”။
“ဘာလုပ်မလို့လဲ။ ယွန်းက ဆက်မှာမို့လား”။
“အင်း ဆက်မယ်၊ ည အိပ်ယာဝင်မှ ဆက်မယ်။ အစ်ကိုနဲ့ စကားပြောပြီး အိပ်ချင်တယ်”။
“အင်းပါ အစ်ကို့ ဖုန်းနံပါတ် ----------------------”။
အဲဒီနောက်ပိုင်း သူနဲ့ကျွန်တော် ဖုန်းနဲ့ စကားပြောဖြစ်ခဲ့တယ်။ ညတိုင်း မနက်လင်းတိုင်း လိုလိုပါပဲ။ နေ့ခင်းဘက်တွေလည်း သူကအားရင် အားသလို ဖုန်းဆက်ခဲ့တယ်။ ကျွန်တော့်ကို မြင်ဖူးချင်တယ်ဆိုလို့ ဓာတ်ပုံလည်း ပို့ပေးခဲ့ရတယ်။ ကျွန်တော့်ပုံကိုမြင်ရတော့ အရမ်းကြည့်ကောင်းတယ် လို့ သူက ပြောပါတယ်။ အဲဒီစကားလေးက ကျွန်တော့်ကို အတော်လေး အားရှိစေခဲ့တယ်။ ယွန်းဆိုတဲ့နာမည်လေးကို ကြားလိုက်ရုံနဲ့ ကျွန်တော် သူ့ကို ချစ်သွားခဲ့တာပါ။ သူ့ပုံစံကို ကျွန်တော် မမြင်ဖူးပါဘူး။ မြင်ရဘို့လည်း မလိုပါဘူးလေ။ ယွန်းဆိုတဲ့ နာမည်လေးကို ပိုင်ဆိုင်လိုက်တာနဲ့တင် သူ့ကိုချစ်ဘို့ လုံလောက်နေခဲ့ပါပြီ။ နောက်တော့ သူက ကျွန်တော့်ပုံ သေချာ ဟုတ်/ မဟုတ် သိချင်တယ်တဲ့။ ဒါနဲ့ VZO နဲ့ ပြောဖြစ်သွားခဲ့တယ်။ VZO နဲ့ပြောတာဟာ ဒါ ပထမဆုံးပါပဲ။ တစ်ခါမှ မပြောခဲ့ဖူးပါဘူး။ သူ့ရဲ့ ပူဆာမှု့ကြောင့် ကျွန်တော်လိုက်လျောခဲ့ပါတယ်။  သူမြင်လိုက်ရတဲ့ ကျွန်တော်ဟာ ဓာတ်ပုံထဲကအတိုင်း တစ်ယောက်တည်းဆိုတာ သိရတော့ ပိုချစ်သွားသည်ထင်ပါရဲ့။ အပြင်မှာ တွေ့ချင်တယ်တဲ့။ ဒီလိုနဲ့ သူနဲ့ ကျွန်တော် အပြင်မှာ တွေ့ဖြစ်ကြတယ်။ သူက အပြင်မှာ ပိုချောနေသလိုပါပဲ။ ဖြူဖြူ နုနု လှတ ပတလေးပါ။ ငယ်ငယ်ရွယ်ရွယ် သွယ်သွယ် လျလျလေးပေါ့။ ဘ၀က ကြမ်းခဲ့လို့ ထင်ပါရဲ့။ ကျွန်တော့်မျက်နှာက အမြဲတမ်း တင်းနေခဲ့တာလေ။ သူနဲ့တွေ့ပြီး စကားပြောကြတော့ ကျွန်တော်ရယ်တာကို သူမြင်လိုက်ရတယ်။ ကျွန်တော်ပြုံးရယ်တော့ သူ အရမ်းပျော် သတဲ့။ ဒီလိုနဲ့ မပြုံးတတ်တဲ့ ကျွန်တော် တစ်ခါတစ်လေ အပြုံးပန်းလေးတွေ ပွင့်တတ်ခဲ့ပါပြီ။ ပျော်စရာ ကင်းနေတဲ့ ကျွန်တော့်ရင်မှာ ပျော်ရွှင်စရာ ပန်းလေးတွေ ဖူးဝေနေခဲ့ပါပြီ။ နေပူဒဏ်ကြောင့် မလန်းခဲ့ရတဲ့ ဥယျာဉ်လေးတစ်ခု။ ခုတော့ ပျော်ရွှင်မှု့အရိပ်လေးတွေ ဝေဆာလို့ပေါ့။ ကျွန်တော်က တစ်ကောင်ကျွတ်လေ။ အဖေအရင်းလို ကျွန်တော့်ကို မွေးစားခဲ့တဲ့ ဦးလေးအောင်က ဆုံးသွားခဲ့ပြီ။ မိဘနာမည်ခံထားတဲ့ ဦးမြမောင်တို့က ခင်တော့ခင်ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ သဘောထားချင်း သိပ်အဆင်မပြေဘူး။

ဦးလေးအောင်ဆိုတာ အရင်က အရမ်းကို အလုပ်ကြိုးစားတဲ့ လူတစ်ယောက်ပါ။ စိတ်ကောင်းလည်း ရှိတယ်။ အများက ချစ်ခင်လေးစားရတဲ့ လူတစ်ယောက်။ လူရိုး လူအေး လူဖြောင့်တစ်ယောက်ပေါ့။ တစ်နေ့မှာပေါ့။ သီတာဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ဆုံဖြစ်ခဲ့ကြတယ်။ သီတာက လမ်းမှာ ကားပျက်သွားတယ်။ ဦးလေးအောင်က ဆိုင်အတွက်လိုအပ်တဲ့ ပစ္စည်းသွားဝယ်ရင်း ကားပျက်နေတာတွေ့လို့ ကူညီလိုက်တယ်။ သူတို့ဇာတ်လမ်းက အဲဒီမှာ စတာပါပဲ။ ဆရာဝန်တစ်ယောက်က လူနာတွေ့ရင် ကူညီချင်သလို ကားပျင်ဆရာတစ်ယောက်က ကားပျက်နေတာ တွေ့လို့ ကူညီချင်ခဲ့တာ ရိုးသားမှု့အပြည့်ပါတဲ့ သဘာဝဖြစ်စဉ်လေး တစ်ခုပါပဲ။ နောက်ပိုင်းတော့ သီတာက ဦးလေးအောင်တို့ ဆိုင်ကို မကြာ မကြာ လာတတ်ပါတယ်။ ကားကိစ္စတစ်ခုခု ပေါ်လာတိုင်း ဦးလေးအောင်တို့ဆိုင်ကိုပဲ လာတတ်ပါတယ်။ ဒီလိုနဲ့ ကြာလာတော့လည်း အပျိုကြီး လူပျိုကြီးတွေ ကြိုးချင်းနီးတော့ ကြိုးချင်းငြိတော့တာပေါ့။ သူတို့ဘ၀တွေက ချစ်သူအဆင့်ထက် ကျော်ကုန်ကြပါပြီ။ ဦးလေးအောင်က လက်ထပ်ဘို့ အတန်တန်ပြောပေမဲ့ သီတာက လက်မခံခဲ့ပါဘူး။ နေ့တွေ လတွေ ပြောင်းလာတာနဲ့အမျှ ဦးလေးအောင်ဆီ လာတဲ့အကြိမ်ရေတွေ နည်းသွားခဲ့ပါတယ်။ သီတာပေါ်မလာတော့ ဦးလေးအောင် တစ်ယောက် ယောက်ျားချစ်တော့ စိုက်စိုက်လာဆိုတဲ့ ဆိုရိုးကို ပြောင်းပြန်လုပ်ပြီး ချစ်တဲ့သူမို့ မျှော်ရတာ ဖြစ်သွားခဲ့ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ သီတာ လက်ထပ်သွားပြီဆိုတဲ့ သတင်းကို ကြားလိုက်ရပါတယ်။ သီတာ့မှာ စေ့စပ်ထားပြီးသားလူ ရှိနေပါတယ်။ သူ့လူက နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတာ။ ပြန်လာရင်လက်ထပ်ကြဘို့ အားလုံး စီစဉ်ပြီးသားပါ။ ဒါတွေကို ဦးလေးအောင် လုံးဝ မသိခဲ့ရပါဘူး။ အားလုံးကို သိလိုက်ရချိန်မှာတော့ ဦးလေးအောင်တစ်ယောက် အရူးတစ်ပိုင်းဖြစ်သွားခဲ့ပါတယ်။ နှစ်ဦးသဘောတူ စိတ်တူကိုယ်တူ ခံစားချက်တူလို့ စည်းတွေ ကျော်ခဲ့ကြပေမဲ့ မကျော်သင့်တဲ့ စည်းဖြစ်နေခဲ့တာလေ။ ဘာကြောင့်များ သီတာအနေနဲ့ အဲလို လုပ်ခဲ့တာပါလိမ့်။ ဦးလေးအောင်က တကယ်ချစ်ခဲ့တာပါ။ တကယ်လက်ထပ်ယူဘို့ အထိရည်ရွယ်ပြီးမှ စည်းတွေကို ကျော်ဖြတ်ခဲ့တာပါ။ ခုတော့ ပျော်ရွှင်စွာ စည်းကို ခုန်ကျော်ပြီးမှ ချောက်ထဲ ပြုတ်ချသူလို ဖြစ်နေရပြီ။ မြတ်နိုးစွဲလန်းခဲ့တဲ့ ပစ္စည်းကိုလည်းမရ ၊ ပိုင်ရှင်ရှိပြီးသား ပစ္စည်းတစ်ခုကိုမှ စည်းကျော်မိတဲ့အဖြစ်၊ အားလုံးကို တွေးပြီး အရူးတစ်ပိုင်းဖြစ်သွားခဲ့တဲ့ ဦးလေးအောင်။ ခပ်ညံ့ညံ့ယောက်ျားတစ်ယောက် မဟုတ်ပေမဲ့ လေလွင့်သွားတဲ့ စိတ်ကို အရက်သောက်ရင်းနဲ့ ဖြေသိမ့်လိုက်တာ  အရက်သမားတစ်ပိုင်း အရူးတစ်ပိုင်း ဖြစ်သွားခဲ့တယ်။ မိဘတွေက သားဆိုတဲ့ ချစ်စိတ်ရှိပေမဲ့ ထိန်းမရတော့တဲ့သားကို လွှတ်ထားလိုက်ကြတယ်။ ဘာအလုပ်မှ မလုပ်တော့ပဲ အရက်ပဲ သောက်နေခဲ့တဲ့ ဦးလေးအောင်။ တစ်နေ့ လူသူကင်းတဲ့ ပိတောက်ပင်ကြီးတစ်ပင်အောင်မှာ မူးမူးနဲ့ အိပ်ပစ်လိုက်တယ်။ ပြန်နိုးလာတော့ ကလေးငိုသံကို ကြားလိုက်ရတယ်။ တစ္ဆေခြောက်တာများလား။ နည်းနည်း လန့်သွားခဲ့တယ်။ အမူးလည်း ပြေနေပြီမို့ ကြောက်စိတ်လေးကြောင့် ကြက်သီးမွှေးညင်းလေးတွေတောင် ထလာတယ်။ မှုန်ဝါးနေတဲ့ မျက်စိကို အတင်းပွတ်ပြီး အသံကြားရာကို ကြည့်လိုက်တော့ ဟင် ကလေးလေး တစ်ယောက်ပါလား။ ဘယ်သူများ လာပစ်ထားတာပါလိမ့်။ ကလေးရဲ့ မျက်နှာလေးကို တုန်လှုပ်နေတဲ့ သူ့လက်ဝါးလေးနဲ့ ထိလိုက်တယ်။  ကြည့်စမ်းပါဥိး။ ထိရာ မီရာ လက်ချောင်းလေးတွေကို အတင်း စုတ်နေလိုက်တာ။ နို့ဆာနေပြီ ထင်ပါရဲ့။ အငိုလည်း တိတ်သွားခဲ့တယ်။ ချစ်စရာ ကောင်းလိုက်တဲ့ ကလေးလေး။ မကြည့်လိုက်တော့ ဟင် ယောက်ျားလေးပါလား။ ခဏလာချ ထားတာ ထင်ပြီး ထိုင်ကြည့်နေလိုက်တယ်။ ကလေးလေး စုတ်နေတဲ့ လက်ချောင်းလေးတွေကို ပြန်မနှုတ်ရက်ခဲ့ဘူး။ သူ့အမေရဲ့ -- ထင်ပြီး စို့နေခဲ့တာ ထင်ပါရဲ့။ အချိန်တော်တော်လေး ကြာသွားသည့်တိုင် အခြေအနေက ထူးမလာခဲ့။ ဒါနဲ့ ကလေးလေးကို ပွေ့ချီပြီး ဦးမြမောင်ရဲ့ အိမ်ကို သွားခဲ့တယ်။ ဦးမြမောင်ဆိုတာ ဦးလေးအောင်ရဲ့ အောင်ဝါယာရိန်း ဆိုင်ကို တာဝန်ယူ လုပ်ပေးနေသူပါ။ ဦးလေးအောင်ရဲ့ အားကိုးရတဲ့ သူငယ်ချင်းတစ်ယောက်ပေါ့။ အဲဒီအချိန်ကစပြီး ဦးလေးအောင်ရဲ့ ဘ၀ဟာ ပြန်လည် တောက်ပြောင်လာခဲ့ပါတယ်။ ကလေးလေးကိုလည်း ထွန်းတောက်လို့ အမည်ပေးခဲ့တယ်။ သူ့သားလေးပေါ့။ မိဘအမည်စာရင်းမှာတော့ ဦးမြမောင်နဲ့ ဒေါ်အေးမွန်။ ဦးလေးအောင်ရဲ့ တောင်းဆိုမှု့ကြောင့် ဦးမြမောင်တို့က လက်ခံခဲ့တာပါ။ သူ့သားလေး ထွန်းတောက်အတွက်ဆိုတဲ့စိတ်နဲ့  ဦးလေးအောင် ဘ၀ဟာ အဓိပ္ပါယ်ရှိရှိပြန်လည် ရှင်သန်လာခဲ့ပါတယ်။ အဲဒီထွန်းတောက်ဆိုတာ ကျွန်တော်ပါပဲ။

ကျွန်တော်နဲ့ ယွန်းနဲ့ ခဏခဏ အပြင်မှာ ဆုံဖြစ်ခဲ့ကြတယ်။ အချိန်တွေ ကြာလာတော့ သံယောဇဉ်တွေလည်း ခိုင်သထက် ခိုင်,  မာသထက်မာလာခဲ့ကြပြီပေါ့။ ပြီးတော့ တစ်ယောက်ကို တစ်ယောက်လည်း ပိုင်ဆိုင်ချင်လာကြပြီ။ ဒီလိုနဲ့ ကျွန်တော်တို့နှစ်ယောက် ဦးမြမောင်တို့လူကြီးတစ်စုကို အကူညီတောင်းပြီး ကျွန်တော်တို့ရပ်ကွက်ရုံးမှာ တိတ်တိတ်ကလေး လက်မှတ်ထိုးခဲ့ကြတယ်။ ကျွန်တော်က လာတောင်းမယ်လို့ ပြောပါတယ်။ ယွန်းက သူ့မိဘတွေကို မပြောရဲသေးလို့ဆိုတဲ့ စကားနဲ့ လက်မခံခဲ့ပါဘူး။ ဒါပေမဲ့ လက်မှတ်ထိုးထားတဲ့ ကိစ္စကိုတော့ လက်ခံခဲ့တယ်။ ပန်းသတင်းကို လေညှင်းက ဆောင်သတဲ့။ လူသတင်းကို လူချင်းဆောင်သတဲ့။ သိပ်မှန်တဲ့ စကားပါ။ ကျွန်တော်တို့အနေနဲ့ ဘယ်လောက် ကြာကြာ ဖုံးကွယ်ထားနိုင်မှာလဲ။ တစ်နေ့တော့ ယွန်းရဲ့ မိဘတွေ သိသွားခဲ့တယ်။ ဒါနဲ့ အများသိအောင် လက်ထပ်ပွဲလေး ကျင်းပပေးဘို့ ကျွန်တော်တို့ကို ခေါ်ပြီး တိုင်ပင်ပါတယ်။ ကျွန်တော်အရမ်းပျော်နေခဲ့တာပေါ့။ အဲဒီအပျော်တွေဟာ ခဏပါပဲ။ မိဘတွေက ဘယ်သူတွေလဲလို့ မေးလိုက်တဲ့ စကားက ကျွန်တော့်အပျော်တွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ ကျွန်တော်ဘယ်လို ဖြေရမလဲ။ ဦးမြမောင်နဲ့ ဒေါ်အေးမွန်ဆိုတာ ဦးလေးအောင်ရဲ့ တောင်းဆိုမှု့ကြောင့် လက်ခံထားသူတွေပါ။ ကျွန်တော်ကိုယ်တိုင်ကလည်း သူတို့ကို မိဘနေရာမှာ မထားချင်ပါဘူး။ ဒါဆို ကျွန်တော့်အဖေ ဘယ်သူလဲ။ ဦးလေးအောင်ကို အဖေလို့ ပြောနိုင်ပါတယ်။ ပြောလည်း ပြောချင်ခဲ့ပါတယ်။ ဒါပေမဲ့ အမေ။ ဘယ်သူ့ကို အမေလို့ ပြောရမှာလဲ။ ကျွန်တော် မသိ။ ကျွန်တော့်နာမည်ရဲ့ အထက်မှာ နေရာတစ်ခု လွတ်နေမယ်။ အဲလို အဖြစ်ကို ယွန်းရဲ့ မိဘတွေက လုံးဝ မကြိုက်ဘူး။ မိဘနာမည် ရေးပေးနိုင်မှ ယွန်းနဲ့ လက်ထပ်ပေးမယ်လို့ ကျွန်တော့်ကို ပြောလိုက်တယ်။ ဦးမြမောင်တို့ကတော့ သူတို့ကို မိဘအရင်းလို သဘောထားနိုင်ပါတယ်လို့  ပြောပေးကြပါတယ်။ ဒါပေမဲ့ ယွန်းမိဘတွေက လက်မခံခဲ့ဘူး။ ခုတော့ ကျွန်တော်လည်း ရူးချင်နေပြီ။ ဘာလုပ်ရမလဲ။ ကျွန်တော့်မိဘတွေ ဘယ်သူဘယ်ဝါဆိုတာ ကျွန်တော်မသိချင်ခဲ့ပါဘူး။ ကျွန်တော့်ကို မလိုချင်လို့ စွန့်ပစ်ခဲ့တဲ့ မိဘကို ကျွန်တော် မရှာချင်ဘူး။ ဦးလေးအောင် မသေခင်ကလည်း ကျွန်တော့်ကို ရှာလို့ တွေ့လို့ ပြန်ခေါ်ရင်တောင် ပြန်လိုက်မသွားဘူး လို့ အကြိမ်ကြိမ်အခါခါ ပြောဘူးပါတယ်။ မလိုချင်လို့မှ စွန့်ပစ်ထားတဲ့ ကျွန်တော့်ကို မိဘတွေက ပြန်ရှာကြမှာလဲ မဟုတ်ပါဘူးလေ။ ခုတော့ မိဘနာမည်ဟာ ဘယ်လောက် အရေးပါတယ်ဆိုတာ သိလာရပြီ။ ယွန်းကို ပိုင်ဆိုင်ခွင့်ရဘို့အတွက် မသိချင်တဲ့ နာမည်တစ်စုံကို ရှာဖွေစုံစမ်းရတော့မည်။

တစ်နေ့။  ကျွန်တော်တို့ မြို့နယ် ဘောလုံးပြိုင်ပွဲကို သွားကြည့်ခဲ့ပါတယ်။ ကျွန်တော်တို့ ရပ်ကွက်အသင်းပွဲမို့ပါ။ ကျွန်တော့်ဘေးက လူတစ်ယောက်က ကျွန်တော့်တို့ အသင်းအဖွဲ့သားတွေကို မကြားသာအောင် ဆဲဆိုအော်ဟစ်နေပါတယ်။ သူက တစ်ဘက်အသင်းဘက်သား ဖြစ်မှာပေါ့။ ကျွန်တော်တို့အသင်းသားတွေက ဘောလုံးရသွားရင် ချကွာ ဆော်ကွာ မင်းတို့ဘက်မှာ ငါရှိတယ် ဘာညာဆိုပြီး ကျွန်တော်တို့ရပ်ကွက်သားတွေရဲ့ ဂုဏ်သိက္ခာကို ထိပါးလာတဲ့ စကားတွေနဲ့ ပြောဆိုပါတယ်။ အစကတည်းကမှ စိတ်ညစ်နေတဲ့ ကျွန်တော်။ ရပ်ကွက်ပါ ထိလာတော့ မရတော့ဘူး။ စိန်ခေါ်ပြီး ဖိုက်ကြတယ်။ သူက လူကောင်ကြီးတော့ ကျွန်တော့်ကို ချုပ်တယ်။ ကျွန်တော်ကလည်း တွေ့ရာ မိရာနေရာစုံအောင် ဘယ်ညာ ပစ်ထိုးတယ်။ သူက ကျွန်တော့်အင်္ကျီနဲ့ ကျွန်တော့်ကို ပြန်ချုပ်တယ်။ ဘောလုံးပွဲကလည်း ရုတ်ရုတ်သဲသဲ ဖြစ်ကုန်ပြီ။ တာဝန်ရှိသူတွေရော အသင်းသားတွေရော ပရိသတ်တွေရော အကုန်အုံလာကြတယ်။ ကျွန်တော်က အင်္ကျီတွေကို ချွတ်ပေးလိုက်တယ်။ ဒီတော့ သူချုပ်ထားတဲ့ အထဲက ကျွန်တော်လွတ်ထွက်သွားတယ်။ ကျွန်တော့်အင်္ကျီတွေကတော့ သူ့လက်ထဲမှာ။ အားလုံးက ၀ိုင်းဆွဲကြ တားကြနဲ့ပေါ့။ အဲဒီအချိန်မှာ ကျွန်တော့်နာမည်ခေါ်သံကြားလို့ နောက်ကို လှည့်ကြည့်လိုက်တော့ ယွန်းရဲ့ ဦးလေး ဦးခင်ဇော်ကို တွေ့လိုက်ရတယ်။ သူက ကျွန်တော့်ကို ဆွဲခေါ်သွားတယ်။ ပြီးတော့ ကျွန်တော့်ကျောကို ကြည့်လိုက်တယ်။ ပြီးတော့ ဦးခင်ဇော်နဲ့က ကျွန်တော့်အိမ်ကို လိုက်ခဲ့တယ်။ ကျွန်တော်က ရှေ့က သူက နောက်က။ ဆိုင်ကယ် တစ်ယောက်တစ်စီး စီနဲ့ပေါ့။ အင်္ကျီမပါတဲ့ ကျွန်တော့်ကျောက အမှတ်ကြီးကို ဦးခင်ဇော် ကြည့်နေလိမ့်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘာကြောင့်လဲ ဆိုတာကိုတော့ ကျွန်တော် မသိ။ အိမ်ရောက်တော့ ဦးလေးမြမောင်နဲ့ မိတ်ဆက် ပေးလိုက်တယ်။ သူတို့ စကားတွေ ပြောနေကြတုန်း ကျွန်တော်က ရေချိုးနေ လိုက်တယ်။ ရေချိုးလို့ ပြီးတော့ ဦးလေးမြမောင်က ကျွန်တော်သိမ်းထားတဲ့ ဆွဲကြိုးကို ယူလာပေးဘို့ ပြောတယ်။ ကျွန်တော် ယူပေးလိုက်ပါတယ်။ ဆွဲကြိုးလည်း မြင်ရော ဦးခင်ဇော်တစ်ယောက် မျက်လုံးထွက်ကြမတတ် ဖြစ်သွားခဲ့တယ်။ ပြီးတော့ ကျွန်တော့်ကို ငါ့တူ ငါ့တူ လို့ ခဏခဏ ခေါ်နေခဲ့တယ်။ အကြောင်းစုံ မေးကြည့်လိုက်တော့ ------။

ကျွန်တော်က ဦးရွှေမောင်+ ဒေါ်နှင်းဆီတို့ရဲ့ သားတဲ့။ ဒါ ဒါဆို ယွန်း။ ယွန်းနဲ့ ကျွန်တော်။ ဟာ သွားပြီ။ ယွန်းမိဘတွေက ဦးသန့်ဇင် + ဒေါ်နှင်းဆီ။ ကျွန်တော့်မျက်စိတွေ လုံးဝ ပြာဝေသွားခဲ့သည်။ ဒေါ်နှင်းဆီသည် ဦးရွှေမောင်နဲ့ ချစ်သူတွေ ဖြစ်ခဲ့ကြသည်။ မိဘတွေ လုံးဝ မရိပ်မိ။ ဖုံးမရ ဖိမရမှ မိဘတွေ သိခဲ့ရသည်။ တင်းကြပ်လွန်းတဲ့ မိဘတွေရဲ့ အရိပ်အောက်မှာ နေကြတဲ့ မိန်းကလေးတွေဟာ ဒီလိုပဲ အဖြစ်များကြသည် ထင်ပါရဲ့။ တင်းကြပ်မှု့အပြည့်နဲ့ လွတ်လပ်မှု့ မရှိ ၊ ပွင့်လင်းမှု့ မရှိ။ မိဘတွေသဘောတူထားတာက ဦးသန့်ဇင်နဲ့။ ဦးရွှေမောင်ကို လုံးဝသဘောမတူနိုင်။ ဒါကြောင့် ဘယ်သူမှ မသိအောင် ဦးရွှေမောင်နဲ့ ရခဲ့တဲ့ ရင်သွေးလေးကို စွန့်ပစ်ခဲ့ကြသည်။ အပျိုစင်တစ်ယောက်လို ပုံစံနဲ့ ဦးသန့်ဇင်ကို လက်ထပ်ခဲ့ရသည်။ ဒေါ်နှင်းဆီရဲ့ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းအစုံကို ဦးသန့်ဇင် မသိခဲ့။ မသိခဲ့အောင်လည်း ဖုံးဖိခဲ့ကြသည်။ ဒေါ်နှင်းဆီရဲ့ အစ်ကို ဦးခင်ဇော်က ဦးရွှေမောင်နဲ့ သဘောတူသည်။ ဦးရွှေမောင်နဲ့ ကိစ္စမှာလည်း သူ့ရဲ့ အလိုတူ ကူညီမှု့တွေ များစွာပါသည်။ မိဘတွေရဲ့ စကားကို မလွန်ဆန်တဲ့ အဆုံးမှာ သူကိုယ်တိုင် ကလေးငယ်ငယ်ကို စွန့်ပစ်ခဲ့ရသည်။ သူကိုယ်တိုင် ဆွဲပေးထားခဲ့တဲ့ ဒီကြိုးလေးကို သူ ကောင်းကောင်း မှတ်မိခဲ့တာပေါ့။ ခုတော့ ကျွန်တော်။ ဘာလုပ်ရမည်နည်း။ ညီမလေး ယွန်း။ ကျွန်တော်နဲ့ လက်မှတ်ထိုးပြီး အချစ်မိုးတွေ ရွာခဲ့ကြတဲ့ ညီမလေး။ ယွန်းသာ သိရင် --------- ။
ဟူးးးးးးးးးးးးးးးးးးး  ကျွန်တော်ဆက်မတွေးရဲတော့။ ကျွန်တော့်အမေဆိုတဲ့ ဒေါ်နှင်းဆီသာ သိခဲ့ရင် ------- ။ ဦးသန့်ဇင်သာ သိသွားခဲ့ရင် ------------ ။ အားးးးးးးးးးးးးးးးးး ဘာတွေလဲ ။ ဘာတွေ ဖြစ်ကုန်ပြီလဲ။ ခုတော့ ကျွန်တော်တစ်ယောက်တည်း။ အားလုံးနဲ့ ဝေးတဲ့ နေရာလေးမှာ ------------ ။ ညီမလေးယွန်းအတွက် ဦးလေးအောင်အတွက် ကျွန်တော့်ဘ၀ကံကြမ္မာအတွက် အမေဒေါ်နှင်းဆီအတွက် ကျွန်တော့်နှလုံးသားအတွက် ဆုတောင်းမိပါသည်။
“ ၀ဋ်ကြွေးရှိက ကြေပါစေ ” -- လို့။

အားလုံးကို
ခင်မင်စွာဖြင့်
စံလင်း
(ကိုယ်တိုင် ခံစား ရေးဖွဲ့သည်)။