Wednesday, January 25, 2012

စုန်း (သို့) ကဝေ အတတ်


ယခုရေးသားမည့် အကြောင်းများသည် “ စုန်း (သို့) ကဝေ ”ဟု  အသိများသော အကြောင်းကို ရေးသားပါမည်၊ ရေးသားရာတွင်လည်း အဖြစ်မှန်များကိုသာ ရေးသားပါမည်၊ ထိုအဖြစ်မှန်များသည်ပင် လိမ်လည်မှု့တစ်ခုပါဟု ဆိုလျှင်တော့ စာရေးသူလည်း လိမ်လည်ခံရသူများထဲတွင် တစ်ယောက်အပါ အ၀င်သာ ဖြစ်သည်၊ သို့သော်လည်း တကယ်ကို ဖြစ်ပျက်ခဲ့သည်ဆိုတာကိုတော့ အာမခံ ပြောရဲပါ သည်၊ စာရေးသူကိုယ်တိုင် မျက်ဝါးထင်ထင်တွေ့မြင်ခဲ့ရသော အဖြစ်အပျက်များကိုလည်း ထည့်သွင်း ရေးသားပါမည်၊ စာဖတ်သူအပေါင်းကို ပြောပြချင်တာ တစ်ခုရှိနေပါသည်၊ ထိုအချက်မှာ “ စုန်း (သို့) ကဝေများသည် ပြိတ္တာများကဲ့သို့ ဘ၀တစ်ခုဖြင့်သီးသန့် တည်နေကြသူများ မဟုတ်၊ သာမာန်လူများထက် ပိုလွန်သော အစွမ်းအစ စွမ်းအားရှိသူများဖြစ်သည် ” ဟူသော အချက်ဖြစ်သည်။

သာမာန်လူသားတွေထက် ပိုလွန်ထူးခြားသော စွမ်းအားများသည် များစွာရှိသည်၊ အကျဉ်းချုပ်လိုက် လျှင်တော့ ကောင်းသော စွမ်းအားနဲ့ မကောင်းသော စွမ်းအားဟု နှစ်မျိုးသာ ရှိမည်ထင်သည်၊ ဘုရားစသော အရိယာသူတော်ကောင်းများသည် မဟဂ္ဂုတ်ဈာန်/ အဘိညာဉ်များ, လောကုတ္တရာ ဈာန်/အဘိညာဉ်များ ရရှိကြသည်၊ ထိုသို့ရရှိခြင်းသည်လည်း သာမာန်လူများထက် ကျော်လွန်သော စွမ်းအားရှိသူများဖြစ်သည်၊ ထိုဘုရားစသော အရိယာသူတော်ကောင်းများသည် ကောင်းမြတ်သော အကျိုးများသော အေးချမ်းသော မြင့်မြတ်သော စွမ်းအားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်၊ ထိုပုဂ္ဂိုလ်များကို သာမာန်လူတန်းစားကအစ မည်သူကမျှ ကြည်ပယ်ထားလိုစိတ်မရှိပဲ မြတ်နိုး တန်းဘိုးထားကြသောကြောင့် ပရလောကသားလို့တော့ မခေါ်သင့် မခေါ်ထိုက်၊ အထက်လမ်းဆရာ အောက်လမ်းဆရာ ဂိုဏ်းဆရာများနဲ့  စုန်းကဝေအတတ် အပင်းအတတ် အင်းအတတ် စသည့်စသည့် အတတ်များကို သိထားသော တတ်ထားသောသူများသည် မကောင်းသော စွမ်းအား ဟု ဆိုနိုင်သည်၊ အဘယ့်ကြောင့် ထိုသို့ ဆိုနိုင်သနည်းဟူသော အချက်ကို ဒီဆောင်းပါးကို ပြီးအောင်ဖတ်ပြီးသွားသော အခါ သိလာပါလိမ့်မည်။

ထိုမကောင်းသော အစွမ်းကို ပိုင်ဆိုင်ထားကြသူများကို ဥပမာပေးရမည်ဆိုလျှင် “အဆိပ်ရှိသောမြွေ  နဲ့တူသည်”ဟု ဆိုချင်သည်၊ ဥပမာပေးချင်သည်၊ အဆိပ်ရှိသော မြွေများသည် စွမ်းအားရှိကြသည်၊ ထိုစွမ်းအားသည် တစ်ဘက်သားကို ကြီးစွာသော ဆိုးကျိုးဖြစ်စေသည့်အတွက် မကောင်းသော စွမ်းအားကို ပိုင်ဆိုင်ထားကြသူများဖြစ်သည်၊ ထိုသို့နည်းတူပုံများကို စာဖတ်လို့ ပြီးသွားသောအခါ သိလာပါလိမ့်မည်၊ ဒီဆောင်းပါးမှာ အကြောင်းအရာ အဖြစ်အပျက်များကို အပိုဒ်များခွဲပြီး ရေးသားသွားပါမည်။

(၁) ဒေါ်လေးနဲ့ အစ်မအကြောင်း
ဒေါ်လေး (ဖေဖေနဲ့မောင်နှမတစ်ဝမ်းကွဲ) သည် စာရေးသူတို့ အိမ်၏ တောင်ဘက်ခြံဝန်းထဲမှာ နေသည်၊ ဒေါ်လေးသည် အကြော် (မုန့်ကြော်) ကြော်ရောင်းသည်၊ တစ်နေ့ သူအကြော်ကြော်နေစဉ် ခွေးနီတစ်ကောင် သူတို့အိမ်လှေကားမှာ လာရပ်နေသည်၊ ထိုခွေးနီသည် “စုန်းပူးခွေး” ဟု နာမည်ကြီးသည်၊ ဒေါ်လေးလည်း ထိုသို့နာမည်ကြီးတာကို သိသည်၊ ထို့ကြောင့် ကျက်ပြီးသော မုန့်တစ်ခုကို သစ်ဖက်နဲ့ ထုပ်ကာ ကျွေးလိုက်သည်၊ မြန်လိုက်သည့်ခွေး ဘယ်လိုစားပစ်မှန်း မသိလိုက်၊ ဒေါ်လေးလည်း မီးဖိုနားပြန်ရောက်တော့ ခွေးက ထပ်ပြီး ကြည့်နေပြန်သည်၊ ဒေါ်လေးက စိတ်မရှည်သဖြင့် “ဟဲ့ ငါ့မှာ ဈေးဦးတောင် မပေါက်သေးဘူး၊ ငါ တတ်နိုင်သလောက် ကျွေးထားပြီးပြီ၊ တော်ပြီပေါ့ ၊ ပြန်တော့” ဟု ဒေါသသံနဲ့ ပြောပစ်သည်၊ ထိုသို့ အော်လိုက်ချိန်မှာပဲ မုန့်ကြော်နေသော လက်သည် တဆတ်ဆတ်တုန်ခါလာတော့သည်၊ ဘယ်လိုမှ ဆက်ပြီး မုန့်မကြော်နိုင်တော့ပါ၊ ဒေါ်လေးက “လုပ်ကြပါဦး၊ ငါ့လက်တွေ အရမ်းတုန်နေပြီ” ဟု အော်ဟစ်တော့သည်၊ စာရေးသူတို့ အိမ်မှ ဖေဖေရော မေမေရော မမရော စာရေးသူရော ပြေးသွားရသည်။

စာရေးသူတို့ရောက်တော့ ဒေါ်လေးက လက်တင်မဟုတ်တော့ပါဘူး၊ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ခါနေတော့သည်၊ ရွာရဲ့ထုံးစံအတိုင်း စာရေးသူတို့ရွာ၏ ဟို ခပ်ဝေးဝေး တောမှာနေသော ဆေးဆရာကို သွားပင့်ရသည်၊ ဖေဖေအပါအ၀င် သုံးယောက်က သွားပင့်သည်၊ အိမ်နီးချင်းများလည်း ရောက်လာကြသည်၊ ဒေါ်လေးကို ဘယ်လိုမှ ထိန်းမနိုင်ပါ၊ စကားလည်း မပြောတော့ပါ၊ အားလုံးက ဒေါ်လေးကို ဖက်ထားသူက ဖက် လက်ကို ကိုင်သူကကိုင်နဲ့ တုန်လှုပ် တုန်ခါမှု့ကို ထိန်းချုပ်ပေးနေရသည်၊ ဖေဖေတို့အဖွဲ့လည်း အပြေးနှင်ကြသည် ထင်ရဲ့၊ မိနစ် (၂၀) လောက်ကြာတော့ ပြန်ရောက်လာသည်၊ ဆေးဆရာလည်း ပါလာသည်၊ ထူးခြားတာက ဆေးဆရာ ဒေါ်လေးတို့အိမ်ဝန်းထဲ ၀င်သည်ဆိုလျှင်ပဲ တုန်ခါမှု့တုန်လှုပ်မှု့သည် ရပ်တန့်သွားတော့ သည်၊ ဆေးဆရာကြီးက ပုတီးကုံး အကြီးကြီးနဲ့ မုတ်ဆိတ်မွှေးရှည်ရှည်နဲ့ပါ။

ဆေးဆရာသည် သူ့လုပ်နည်းလုပ်ထုံးအတိုင်း လုပ်သည်၊ ဘုရားစင် ပန်းအိုးထဲမှ ရေများဖြင့် ပက်ဖျန်း သည်၊ ခဏကြာတော့ မေးတော့သည်၊
ဆေးဆရာ -  “ဘာကြောင့် ဒီလိုလုပ်တာလဲ”၊
( ဆေးဆရာက မေးသည်၊ ဒေါ်လေးက ဘာမှ ပြန်မပြောပါ၊ မျက်လုံးနှစ်လုံးကို လုံးဝပိတ်ထားသည်၊ မေးတာ ပြန်မပြောတော့ မဖြေတော့ ဆေးဆရာက ဒေါ်လေးရဲ့ ပါးပြင်ကို ဘယ်ပြန် ညာပြန် ရိုက်သည်၊ (ဂျပန်ရိုက်နည်းဆိုတာ ဒါများလားမသိ)၊  အချက်ပေါင်း (၂၀) လောက်ရှိမည်၊ ဒေါ်လေး ပါးပြင်လည်း နီရဲလို့ပါပဲ၊ အားလုံးက ၀ိုင်းအုံကြည့်နေကြသည်၊ ဒေါ်လေးလည်း ခံနိုင်ရည် မရှိတော့ သဖြင့် ပြောရ ဖြေရတော့သည်)၊
ဒေါ်လေး “ ပြန် အော်ပြောလို့ပါ”။
(အသံက သေးသေးလေးပါ၊ ဒေါ်လေးအသံ မဟုတ်တာကိုတော့ စာရေးသူတို့ အားလုံး သိကြသည်)၊
ဆေးဆရာ “နင် ဘယ်သူလဲ”
ဒေါ်လေး  “မပြောပါရစေနဲ့”
ဆေးဆရာ “ဘယ်အရပ်ကလဲ”
ဒေါ်လေး  “ မပြောပါရစေနဲ့”
ဆေးဆရာ  “နင်ဘယ်သူလဲဆိုတာကို မပြောလဲရတယ်၊ ခွင့်လွှတ်တယ်နော်၊ အေး ဘယ်အရပ်ကပါလို့ မပြောရင်တော့ နင့်ဆံပင်ကို ကိုက်ဖြတ်ပစ်ရမယ်၊ ပေးကြစမ်း ကတ်ကြေး”
 (ဆေးဆရာက တကယ်လုပ်မည့် ပုံစံနဲ့ ခပ်မာမာပြောသည်)၊
ဒေါ်လေး  “ မလုပ်ပါနဲ့၊ အနောက်တောင်တောင့်ကပါ” (ငိုသံပါလျှက် ပြောသည်)၊
ဆေးဆရာ  “အေး နောက်မလုပ်နဲ့၊ သစ္စာရေသောက်ပြီး ပြန်တော့”
ဒေါ်လေး  “ဟုတ်ကဲ့ပါ” (သစ္စာရေတိုက်ပြီး ပြန်လွှတ်လိုက်သည်)။
စာရေးသူတို့ တစ်အိမ်လုံးလည်း ဒေါ်လေးအိမ်သို့ရောက်နေသည်၊ အိမ်တံခါးမပိတ်ခဲ့ရသည်မို့ အစ်မက အိမ်တံခါး ပြန်သွားပိတ်သည်၊ အစ်မက ဒေါ်လေးအိမ်ကို ပြန်လာသည်၊ ဖြစ်ချင်တော့ ဒေါ်လေးကို သစ္စာရေတိုက်ပြီး ပြန်လွှတ်ချိန်နဲ့ အစ်မဒေါ်လေးတို့အိမ်လှေကားရောက်ချိန်နဲ့ ကွတ်တိဖြစ်သွားသည်၊ ဒေါ်လေးလည်း ခဏနေတော့ အားလုံးကောင်းသွားပါသည်၊ တစ်ချို့လူတွေက သူတို့အိမ်များသို့ ပြန်သွားကြပြီ၊ စာရေးသူက မပြန်သေးပါ၊ ဒေါ်လေးနဲ့တစ်ခြားလူများပြောနေကြတာကို နားထောင်နေ သည်၊ ဒေါ်လေးသည် ဆေးဆရာ အိမ်ခြံစည်းရိုးကို ရောက်သည်နဲ့ ဘာမှ မသိတော့ပါ၊ မမှတ်မိ တော့ပါ၊ အကြောင်းမှာ ဆေးဆရာက သူတို့ဆေးပညာနဲ့ ဆုံးမကို စည်းချဖမ်းချုပ် လိုက်ခြင်း ကြောင့်ဖြစ်သည်၊ ဆေးဆရာက၏ ပါးရိုက်တာကိုလည်း မသိပါ၊ ဒေါ်လေးဘာမှ မသိပါ၊ နာကျင်တာလည်းမရှိ ကြောက်လန့်တာလည်းမရှိ ၊ ခုမှ အိပ်ရေးမှ နိုးထလာသူကဲ့သို့ဖြစ်နေသည်၊ တကယ်မှာတော့ ဒေါ်လေးဟာ အိပ်မွေ့ချခံထားရသလိုပါပဲ၊ အိပ်ပျော်နေသူတစ်ယောက်လိုပါပဲ၊ မေ့မျောနေသူတစ်ယောက်လိုပါပဲ၊ သူဘာမှ မသိပါ၊ ပါးရိုက်ခံရတာ အသံသေးအသံကြောင်နဲ့ပြောဆို နေတာဟာ ဒေါ်လေးကိုပူးဝင်ထားသော စုန်းမသာဖြစ်သည်၊ ဒေါ်လေးတို့ပြောဆိုနေတာကို နားထောင်ရင်းက “အဖေရေ မမ ကိုယ်တွေတုန်နေလို့ ၊ လာပါဦး”ဟု အသံကျယ်ကြီးနဲ့ အော်သံ ကိုကြားလိုက်ရသည်၊ ညီမလေး အော်လိုက်သည့်အသံပါ။

ဖေဖေက ဆေးဆရာကို ပြန်လိုက်ပို့ မလို့ ဒေါ်လေးအိမ်မှာ ဆေးဆရာနဲ့အတူရှိနေတာပါ၊ ဖေဖေလည်း ညီမအော်သံကြောင့် အိမ်သို့အမြန်သွားသည်၊ စာရေးသူလည်း လိုက်သွားသည်၊ အိမ်ရောက်တော့ အစ်မက တကယ်ကို တုန်လှုပ်နေပါပြီ၊ ဒါနဲ့ဖေဖေက ဒေါ်လေးအိမ်မှ ဆေးဆရာကို ပင့်ခေါ်သည်၊ ဆေးဆရာ ရောက်လာသည်၊ အစ်မကိုလည်း မေးပြန်သည်၊ ထိုအခါ အစ်မက ” အိမ်ပြန်တာ၊ သွားစရာလမ်းမရှိလို့ပါ” လို့ ပြန်ဖြေသည်၊ ဒါဆိုလည်း အေးဆေးပြန်တော့ဟု ပြောပြီး  ပြန်လွှတ်လိုက်သည်၊ ပြန်လွှတ် လိုက်ပြီးခဏမှာပဲ အစ်မလည်း ပင်ကိုယ်အတိုင်းပြန်ဖြစ်သွားသည်၊ ဒီအဖြစ်အပျက်ဟာ စာရေးသူကိုယ်တိုင် မြင်ခဲ့ရသော အဖြစ်အပျက်ပါ။

(၂) ဒေါ်အေးကြည် အကြောင်း
ဒေါ်အေးကြည်ဆိုတာ ရဲသားတစ်ယောက်ရဲ့ဇနီးပါ၊ ဒေါ်အေးကြည်က ရခိုင်လူမျိုးလို့ မှတ်မိနေပါသည်၊ ဟုတ်သည် မဟုတ်သည်တော့ တိတိကျကျ မမှတ်မိတော့ပါ၊ စာရေးသူတို့အိမ်သည် ရဲစခန်းနဲ့ ကပ်လျှက်၊ ရဲစခန်း၏ အနောက်မုခ်မှာ ဒေါ်အေးကြည်တို့အိမ်နဲ့ မချို (ဂတ်စာရေးဇနီး)တို့အိမ်ပဲရှိသည်၊ ရဲစခန်းအပြင်ဘက်ကပ်လျှက်မှာတော့ စာရေးသူတို့အိမ်နဲ့ ဒေါ်လေးတို့အိမ်ရှိသည်၊ တစ်နေ့ နေ့ခင်း ၁း၀၀ လောက်ဖြစ်မည်၊ ဒေါ်အေးကြည် စုန်းပူးနေသည်ဟု ကြားသဖြင့် စာရေးသူလည်း အပြေးသွားမိ သည်၊ မြင်လိုက်ရသည်က အရူးမတစ်ယောက်လိုဖြစ်နေသည်၊ ခဏကြာတော့ ဆေးဆရာ ရောက်လာသည်၊ ဒီဆေးဆရာက တစ်ယောက်၊ ဒေါ်လေးကို ကုပေးသောဆေးဆရာမဟုတ်၊ ဆေးဆရာက မေးသည်၊ ဒေါ်အေးကြည်က မဖြေ၊ ထို့ကြောင့် ဆေးဆရာက အမိန့်နဲ့ ဒေါ်အေးကြည်ကို ဘုရားစင်ရှိသော အိမ်တိုက်ကို ခေါင်းနဲ့အချက်(၁၀၀)ဆောင့်ခိုင်းသည်၊ ခိုင်းတဲ့အတိုင်းမလုပ်လျှင် ဆံပင်ကို ဖြတ်ပစ်မည်ဟုပြောသည်၊ ထိုအခါ “ဒိန်း ဒိန်း ဒိန်း”နဲ့ ဆောင့်ရှာသည်၊ အချက်(၁၀၀) အကြာကြီးစောင့်ရသည်၊ ဆုံးမများသည် ဘယ်တော့မှ ဆံပင်ကို အဖြတ်မခံပါ၊ သနားစရာ ကောင်းလောက်အောင် ငိုပြသည်၊ သူတို့ ဘာကြောင့် ဒီလိုလုပ်ရသည်ကို ဖြေကြသည်၊ ဘယ်ကလာ သည်ကို ပြောပြကြသည်၊ သို့သော်နာမည်ကိုတော့ မပြောပြပါ၊ ဆံပင်ကိုအဖြတ်မခံပါ။

ခုဒေါ်အေးကြည်ကိုလည်း အချက်(၁၀၀)ပြည့်အောင် တိုင်ကိုခေါင်းနဲ့ဆောင့်ခိုင်းနေသည်၊ ဆောင့်ပါ သည်၊ အချက်(၁၀၀)လည်းပြည့်ရော ရပ်သွားသည်၊ ဆေးဆရာက ပြည့်ပြီးလားလို့မေးတော့ အသံသေးသေးလေးနဲ့ ပြည့်ပါပြီလို့ ပြန်ဖြေသည်၊ တကယ်လည်းပြည့်ပါပြီ၊ စာရေးသူရေတွက်ထား သည်လေ၊ နောက်ကို ထိုသို့မပြုလုပ်ရန် ပြောဆိုပြီး သစ္စာရေတိုက်ကာ ပြန်လွှတ်လိုက်သည်၊ ပြန်လွှတ်လိုက်ပြီးခဏကြာတော့ ဒေါ်အေးကြည်လည်း ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်၊ ဆေးဆရာကြီးက “ဒီစုန်းမတွေကို ဆရာက သတ်ပစ်လို့ရတယ်၊ သတ်ချင်ရင်လွယ်လွယ်လေး၊ မုန့်မှုန့်ကို လူရုပ်လုပ်ပြီး သူ့အသက်သွင်း၊ ပြီးလျှင် မုန့်ကြော်သလို ကြော်ပစ်လိုက်လို့ရတယ်၊ ဒါပေမဲ့ နောက်ဆက်တွဲပြဿနာတွေကြောင့် ဆရာတို့က စိတ်ကို ထိန်းထားရတာ”ဟု ဂုဏ်ယူဝင့်ကြွားစွာ ပြောပြသည်၊ (ထိုဆေးဆရာကြီးသည် နောက်ပိုင်းတွင် တော်တော်လေး နာမည်ရလာသည်၊ သို့သော်လည်း တစ်ရွာတွင် ပေါင်မှာ သွေးစုနာပေါက်နေသော မိန်းမပျိုလေးတစ်ယောက်ကို နှာဘူးထပြီး ပျောက်အောင်မန်းပေးမည်ဟု ပြောကာ မန်းပေးသည်တဲ့၊ ဆေးဆရာတို့စည်းသည် ပင့်မှ လိုက်ရသည်၊ တောင်းဆိုမှ ကုသပေးရသည်၊ ဘာကိုမျှ မမျော်လင့်ရပါ” ၊ ထိုစည်းကို ချိုးဖောက်မိသောကြောင့် ဆေးစွမ်းပြေသွားသည်တဲ့၊ ဒါကတော့ စာရေးသူ တဆင့်စကား ကြားမိ တာပါ)။

(၃) ဒေါ်ချိုအကြောင်း
ဒေါ်ချိုဆိုတာ ဂတ်စာရေးကြီး၏ ဇနီးချောလေးဖြစ်သည်၊ တော်တော်ချောပါသည်၊ လှပါသည်၊ ဟိ၊ ဂတ်စာရေးကြီးနဲ့တော့ တော်တော်လေးကို မလိုက်ဖက်လှ၊ ဒေါ်ချိုသည် တစ်ရက်တွင် မနက် စောစောကြီး အထိပ်တလန့်နဲ့ရောက်လာသည်၊ စာရေးသူက နွားချေးများ ကျုံးနေချိန်၊ မေမေက “အန်တီချို အစောကြီးပါလား၊ ဒီနေ့ထူးထူးခြားခြား ၀ီရိယကောင်းနေပါလား”လို့  ရယ်သံနှောကာ ပြောလိုက်သည်၊ ဒေါ်ချိုသည် ၀န်ထမ်းဇနီးပီပီ ဖင်နေထိုးအောင် အိပ်တတ်သည်၊ ဒေါ်ချိုက “မလုံးရေ၊ ၀ီရိယကောင်းတာ မဟုတ်ဘူး၊ မအိပ်ရဲလို့ အိပ်မပျော်သေးတာ” လို့ ပြန်ဖြေသည်၊ စာရေးသူလည်း ဒေါ်ချို့ပုံစံကိုကြည့်ပြီး သဘောကျသွားသည်၊ သူ့ပုံစံက တစ်ခုခုကို ကြောက်လန့်နေသည့်ပုံလေ၊ ဒေါ်ချိုက “ မလုံးရယ်၊ ညက ၁၂း၀၀ လောက်မှာလေ၊ ကျွန်မ အိမ်သာ သွားချင်လို့ ထလာခဲ့တာ၊ အိမ်သာထဲမှာ ထိုင်ကာစပဲ ရှိသေးတယ်၊ ခြံစည်းရိုးကို ကျော်ပြီး ပေါ်လာတယ် မလုံးရေ၊ မီးလုံးတစ်ခု၊ ကျွန်မမှာလေ ချွေးတွေကို ဆိုရွဲလို့၊ အော်လည်း မအော်ရဲဘူး၊ ပြေးလည်း မပြေးရဲဘူး၊ ပြီးတော့ မီးလုံးက ကျွန်မအိမ်သာရဲ့ အထက်မှာ ၀ဲနေတာ၊ လည်နေတာ၊ ကျွန်မလေ လန့်ပြီးသေတော့မလာတောင်း ထင်ရတယ်၊ စုန်းဆိုတာ အဲဒါဖြစ်မယ်နော်၊ ဒီတစ်ခါပဲ ကိုယ်တွေ့မြင်ဖူး တော့တယ် မလုံးရယ်၊ နောက်နေ့တွေတော့ ကျွတ်ကျွတ် အိတ်နဲ့ ကိစ္စပြီးရတော့မယ်၊ အဲဒါ သတိရတုန်း ကျွတ်ကျွတ်အိတ်သွားဝယ်မလို့” ဟုပြောသည်၊ မေမေက “ဖြစ်နိုင်တယ်၊ ကျွန်မကတော့ တစ်ခါမှ ကိုယ်တိုင်မမြင်ဖူးသေးဘူး၊ နာမည်တော့ ကြီးတယ်၊ ရွာထဲမှာ အများကြီးရှိတယ် လို့ကြားတယ်၊ သူတို့က လပြည့် လကွယ်ဆို ထွက်တတ်တယ်လို့လည်း ကြားဖူးတယ်၊ အန်တီချိုတို့ အိမ်သာပေါ်ဝဲနေတယ်ဆိုတော့ ချီးစားစုန်းများဖြစ်နေမလားမသိဘူး”လို့ ပြောပြသည်၊ ဒါကလည်း ကတယ်ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ပါနော်၊ (ချီးစားစုန်းရှိသည်ဆိုတာ ကိုတော့ စာရေးသူကြားဖူး သလို စာဖတ်သူလည်း ကြားဖူးလိမ့်မည်ဟု ယုံကြည်ပါသည်)။

(၄) ဦးလေးစိုးမောင်အကြောင်း
ဦးလေးစိုးမောင်သည် အမှတ်(၁)ရပ်ကွက်မှာနေသည်၊ မေမေတို့သည် အမှတ်(၅)ရပ်ကွက်သို့ ပြောင်းလာကြသည်၊ မေမေနဲ့ ဦးလေးစိုးမောင်သည် မောင်နှမတစ်ဝမ်းကွဲ တွေဖြစ်သည်၊ ဥိးလေးသည် သူ့ညီမဖြစ်သော မေမေ့ကို အရမ်းချစ်ရှာသည်၊ ထို့ကြောင့် မေမေ့ကို စောင့်ရှောက်နေသည်၊ ဟိ၊ မေမေတို့ငယ်စဉ်က ညဘက်လသာချိန်ဆိုလျှင် ဦးဘိုးညွှန့်အိမ်ဝန်းထဲမှာ အမျိုးသမီးများ စုကာ ချည်ငင်ကြသည်၊ ထိုဥိးဘိုးညွှန့်အိမ်သည် ဖေဖေတို့အိမ်နဲ့ တောင်ဘက် မြောက်ဘက်၊ ဖေဖေက မေမေ့ကို ကြိုက်နေသည်တဲ့၊ ထိုအကြောင်းသိထားသော ဦးလေးစိုးမောင်က မေမေ့ကို လိုက်ပြီး စောင့်ရှောက်နေဟန်တူသည်၊ သို့မဟုတ် မေမေ့သူငယ်ချင်းကို သဘောကျ နေလို့များလားတော့ မပြောတတ်၊ ဦးလေးသည် မေမေတို့ ချည်ငင်ပြီးလျှင် မေမေ့ကိုလိုက်ပို့ပြီး သူ့အိမ်ကို ပြန်သည်၊ တစ်နေ့ ချည်ငင်ပြီးတော့ မေမေက “ဒီနေ့ လိုက်မပို့နဲ့တော့” လို့ ပြောသည်၊ ဟီးးးးးးး ၊ ဖေဖေလိုက်ပို့မှာ ဖြစ်လို့လားတော့ မသိ၊ ဦးလေးစိုးမောင်ကလည်း “အေး အဲဒါဆိုလည်း ငါပြန်မယ်၊ ငါ ဒီနေ့ လက်နှိပ်မီးမပါလာဘူး၊ နင် လျှောက်သွားမနေနဲ့နော်၊ အိမ်ကို တန်းပြန်” လို့ မှာသည်၊ မေမေလည်း ခေါင်းငြိမ့်ပြသည်။

ဦးလေးလည်း လမ်းမကြီးအတိုင်း ပြန်မလို့ပါပဲ၊ သို့သော် တစ်နေရာအရောက်တွင် သီးသီးပင် အောက်မှာ ဆံပင်ရှည်နဲ့အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်သည်၊ ဘယ်သူဘယ်ဝါလို့တော့ ကွဲကွဲ ပြားပြားမသိ၊ ဆုံးမပဲဟု တွေးကား လမ်းမကြီးအတိုင်း မသွားရဲတော့၊ ဒါနဲ့ အနီးနားက ဦးမောင်တင်တို့ အိမ်ဝန်းထဲမှ ဖြတ်ပြန်သွားဘို့ အိမ်အောက်ကို ၀င်လိုက်သည်၊ ထိုသို့ဝင်လိုက်လျှင်ပဲ ဦးလေး၏ဆံထုံးကို ဆွဲဆောင့်ခံလိုက်ရသည်၊ “အမလေးးးးးးးးးးးးးးးးးးးးး” ဟု ငယ်သံပါအောင်အော်ပြီး တစ်ဟုန်ထိုးပြေး တော့သည်၊ ဦးလေးသည် ဆံပင်ရှည် ရောင်ထုံးနဲ့ဖြစ်သည်၊ ထိုသို့ဆွဲဆောင့်ခံရပြီး ကတည်းက ဆံရှည် မထားတော့၊ ဟိ၊ နောက်နေ့တွေလာလျှင်လည်း အစောကြီးပြန်သွားတော့သည်၊ ချည်ငင်ပြီးသည်ထိ မစောင့်တော့၊ ဟဲဟဲ ၊ ဖေဖေက နေ့တိုင်းလိုလို လိုက်ပို့ရသည်ထင်ရဲ့၊ အင်း ဦးလေးမလာတော့တာ ကလည်း ဖေဖေအတွက် အခွင့်အရေးရလိုက်ခြင်းပါပဲ၊ ထိုအကြောင်းအရာများ သည် စာရေးသူ မမွေးခင်က ဖြစ်ပျက်ခဲ့သော အကြောင်းအရာများသာဖြစ်သည်၊ ထို့ကြောင့် စုံစုံစေ့စေ့တော့ မသိ၊ စုန်းအကြောင်း ပြောရာတွင် ထိုအကြောင်းများ ပါလာသဖြင့် စာရေးသူမှတ်မိ နေခြင်းဖြစ်သည်။

(၅) သူငယ်ချင်း မောင်မြင့်အကြောင်း
သူငယ်ချင်းသည် နေ့စဉ်လိုလို မနက်အစောကြီးထပြီး ၀ါးခုတ်သွားရသည်၊ သူ့ဖခင်က ထိုဝါးများကို ဖျာရက်သည်လေ၊ တစ်နေ့ သူမနက်စောစောထသည်၊ သုံးဆစ်ထိုး လက်နှိပ်မီးကို မီးစမ်းကြည့်သည်၊ ပြီး အောက်ဆင်း ဓားသွေးသည်၊ ဓားသွေးနေချိန်မှာပဲ အနောက်ဘက်အိမ်ဝန်းထဲက သီးပင်မှ သီးသီးကြွေကျသံကြားလိုက်ရသည်၊ လမ်းသွားရင်း စားဘို့ရန် သီးသီးကောက်ဘို့ လမ်းသို့ထွက်လိုက် သည်၊ သီးသီးပင်အောက်လှမ်းကြည့်လိုက်သည်၊ အမျိုးသမီးတစ်ယောက် ကျောပေးလျှက် ထိုင်နေ သည်၊ မောင်မြင့် လန့်သွားသည်၊ အိမ်ဝန်းထဲပြန်ဝင်ပြီး အခြေအနေကို ကြည့်နေသည်၊ ထိုသီးပင်ရှိ သော အိမ်နဲ့ကပ်လျှက်အိပ်က စုန်းမဟု နာမည်ကြီးသော အိမ်ဖြစ်သည်၊ ထိုမိန်းမကြီးများ ဖြစ်နေမလား လို့တွေးပြီး လက်နှိပ်မီးနဲ့ထိုးကြည့်သည်၊ မီးသီးက မလင်းတော့ပါ၊ မီးသီးက ကျွမ်းသွားပါပြီ၊ အပိုဆောင် ထားသော မီးသီးကို တပ်လိုက်သည်၊ ပြီးလက်ဝါးနဲ့ အုပ်ပြီး အစမ်းထိုးကြည့်သည်၊ မီးလင်းသည်၊ အဆင်ပြေသည်၊ ဒါနဲ့ ထိုအမျိုးသမီးကို ထိုးကြည့်သည်၊ မီး မလင်းတော့ပါ၊ သွားပြန်ပြီ၊ ကျွမ်းသွားပြန်ပြီ၊ သီးသီးလည်း မစားရ၊ မီးသီးလည်းနှစ်လုံးကျွမ်းပြီမို့ ဆက်မထိုးရဲတော့၊ သူလည်း ခြံဝန်းထဲမှ မထွက်ရဲပါ၊ သူငယ်ချင်းများက လာခေါ်သည်၊ သူငယ်ချင်းများကို “တိုးတိုး”ဟု လှည့်ပြောလိုက်သည်၊ သူငယ်ချင်းများကလည်း တိတ်သွားသည်၊ ပြီး သူငယ်ချင်းများကို အဖြစ်အပျက်ပြောပြပြီး သီးသီးပင်အောက်သို့ လက်ညှိုးထိုးပြလိုက်သည်၊ ဟိ၊ သီးသီးပင်အောက်မှာ ဘယ်သူမျှ မရှိတော့၊ ဟာ သွားပြီ၊ စုန်းမဆိုတာ အဲဒါကိုပြောတာနေမှာလို့ တွေးမိလိုက်သည်၊ ထိုအဖြစ်အပျက်ကို မောင်မြင့် ကိုယ်တိုင် ပြောပြလို့ သိခဲ့ရတာပါ။

(၆) ဦးလေးဇော်ဝင်းအကြောင်း
စာရေးသူတို့ရွာရဲ့ တောင်ဘက် (၂) မိုင် အကွာမှာ ရွာသစ်ရွာငယ်လေး တစ်ရွာရှိပါတယ်၊ ရွာကလူတွေ သွားနေကြတဲ့ နေရာလေးပါ။ ဦးလေးဇော်ဝင်းက အဲဒီရွာမှာနေပါတယ်။ ဦးလေးဇော်ဝင်းသည် ရဟန်း(၄) ၀ါရသည်ထိ သာသနာ့ဘောင်မှာ နေဖူးသည်၊ လက်ဝှေ့တို့ သိုင်းပညာတို့ အတော်အသင့်တတ်ကျွမ်းသည်။ သူ မပျော်လို့ လူထွက်လာတော့လည်း အိမ်မှာ အလုပ်အရမ်းကြိုးစားသည်၊ လုပ်လည်း လုပ်နိုင်သည်၊ ဦးဇင်းလူထွက်ပြီး အများနည်းတူ အလုပ်လုပ်နိုင်တာ သူတစ်ယောက်ပဲ ရှိသည်ဟု ရွာသူရွာသားများက အမွှမ်းတင် ပြောဆိုကြသည်၊ လူချစ်လူခင်လည်းပေါသည်၊ တစ်နေ့ ဆောင်းရာသီရဲ့ မနက်ခင်းမှာပေါ့၊ ဦးလေးက နေပူဆာ လှုံနေသည်၊ ဆွေမျိုးစပ်လို့ ရနိုင်သေးသော အဒေါ်ကြီးတစ်ယောက်က ဦးလေးတို့အမ်ကို အလည်လာသည်၊ နေပူဆာလှုံနေသော ဦးလေးကို “ဟဲ့ ငါ့တူ၊ တော်တော်လေး ချမ်းနေလား၊ ကုတ်တွေအေးနေဦးမယ်” လို့ ပြောပြီး ကုတ်ကို နှိပ်သွားသည်၊ မကြာပါဘူး၊ ဦးလေးမှာ ထိန်းလို့မရတော့အောင် ချမ်းတုန်ပြီး လဲကျသွားတော့သည်၊ လဲကျသွားပြီးတကည်းက မျက်ဖြူလန်ပြီးမေ့သွား တော့တာပါပဲ၊ ဦးလေးရဲ့ အဖေက ဆေးဂိုဏ်းပညာကို သင်ယူနေကာစပါ၊ သူက သူ့ပညာနဲ့ ကုသည်၊ မရပါဘူး။ မေမေတို့လည်း ဦးလေးနေမကောင်းဘူးကြားလို့ ညအိပ်သွားကြတယ်။ ဦးလေးက သုံးရက်လောက်ကို အဲဒီလိုကြီးမေ့နေတာပါ။ နောက်ဆုံးတော့ အများတိုင်ပင်ပြီး စာရေးသူတို့ရွာရဲ့ အရှေ့ဘက် နှစ်ရွာကျော်လောက်မှာ ရှိတဲ့ ရွာတစ်ရွာက ဘုန်းကြီးကို ပင့်ရပါတယ်။ အဲဒီဘုန်းကြီးက ဦးလေးအဖေရဲ့ ဆရာပါ၊ ဘုန်းကြီးက စုန်းကို သိပ်နိုင်တယ်ဆိုပဲ၊ သူရောက်လာပြီး ရေမန်းလုပ်တိုက်လိုက်တာ သက်သာသွားပါလေရောဗျာ။ အဲဒီဘုန်းကြီးက “ဒကာကြီးက ပညာသင်နေတာနော်၊ အဲဒီသတင်းကို သူတို့စုန်းတိုင်းက သိတယ်၊ အဲဒါကြောင့် ဒကာကြီးပညာ ဘယ်လောက် ရှိနေပြီလဲဆိုတာကို စမ်းသပ်တာ” လို့ ပြောသွားပါတယ်။ ဦးလေးက နေကောင်းကျန်းမာလာတော့ အဲဒီအဒေါ်ကြီးကို သတ်မယ် တကဲကဲ လုပ်နေလို့ ၊ မနည်း တားထားရတယ်ဗျာ။ အဲဒါလည်း တကယ့် အဖြစ်အပျက်ပါနော်။

(၇) ကျောင်းအရှေ့ဘက်က အိမ်ဟောင်းလေးအကြောင်း
တစ်နေ့ စာရေးသူလည်း ကျောင်းဝန်းထဲ လျှောက်ကြည့်မိတယ်၊ အရင်နှစ်တွေက မတွေ့ဘူးတဲ့ အိမ်ပျက်တစ်လုံးကို တွေ့လိုက်ရတယ်။ ဓမ္မာရုံရဲ့ အရှေ့ဘက် ခြံစည်းရိုးမှာ ကပ်လျှက်ပါပဲ၊ စာရေးသူက ရွာကို တစ်နှစ်မှ တစ်ခေါက်ပဲ ပြန်ရောက်တာလေ၊ ပြန်ရောက်လည်း (၇)ရက်လောက်ပဲ နေခွင့်ရတာ၊ နေခွင့်ရတုန်း နှံ့အောင် ကြည့်ရတာပေါ့။ ဘေးက မောင်ကျောင်းသားကို အဲဒီအိမ်က ဘယ်တုန်းကဆောက်ထားတာလဲ၊ ကျောင်းမြေမဟုတ်ဘူး။ လူမနေဘူးလား စသည်ဖြင့် သိချင်တာ များကို မေးလိုက်တယ်။ မောင်ကျောင်းသားကလည်း သူသိသမျှကို ပြောပြပါတယ်။

စာရေးသူတို့ရွာသား မောင်လှဘော်သည် တစ်ရွာသူနဲ့ အိမ်ထောင်ကြသည်၊ ကျောင်းဘေးက မြေလွတ်တောရိုင်းကို ရှင်းပြီး အိမ်ဆောက်နေကြသည်၊ သူ့မိန်းမ စုန်းအတတ် တတ်တာကိုလည်း သိပုံတော့ ရပါတသည်၊ ရွာမှာနေတာ ၇ လ ၈ လ လောက်ကြာလာပြီပေါ့၊ သူ့မိန်းမမှာလည်း ကိုယ်ဝန် ရှိနေပါပြီ။ တစ်ညမှာပေါ့။ မနက်လင်းလို့ သူ့မိန်းမကို ကြည့်လိုက်တော့ ဓားထိုးလျှက်ကြီး သေနေတာကို တွေ့လိုက်ရသည်၊ မောင်လှဘော် အံ့သြလို့ မဆုံးပါဘူး။ သူ ဘာမှ မသိလိုက်ဘူးလေ။ ညက သူနဲ့အတူတူ အိပ်တဲ့ သူ့မိန်းမတစ်ယောက်လုံး ဓားထိုးလျှက် သေနေတာ သူ မအံ့သြမိပဲ ရှိမလားနော်။ ကဲ နောက်ဆုံးတော့လည်း ရွာလူကြီးကို အကြောင်းစုံ သွားပြောလိုက်တယ်၊ ရွာထဲက လူတစ်စု လောက်လာပြီး ဓားကိုကြည့်လိုက်တော့ ဟိုဘုန်းကြီးရဲ့ ဘွဲ့ရေးထားတဲ့ စာသားတွေကို ဓားအရိုးမှာ တွေ့လိုက်ရတယ်။ တစ်ခုခုဖြစ်တာကို သိလိုက်ပြီး အဲဒီရွာကို သွားကြတယ်။ တိုးတိုးတိတ်တိတ်ပေါ့နော်။ ဘုန်းကြီးကျောင်းရောက်လို့ လျှောက်ထားလိုက်တော့ “အေး ဟုတ်တယ်၊ မနေ့ညက ငါ့ကို ပညာလာစမ်းတယ်၊ ငါက အေးဆေး ပြန်ခိုင်းတာ မရဘူး၊ အဲဒါကြောင့် ဓားနဲ့ထိုးလိုက် တာ” လို့ ပြောပါတယ်။ အဲဒီဘုန်းကြီးကိုလည်း နယ်သံဃနာယကအဖွဲ့မှ နယ်နှင်ဒဏ်ပေး လိုက်ပါတယ်။ ဘုန်းကြီးလက်ချက်ဆိုတာ သိကြပေမဲ့ ကိုယ်ထိ လက်ရောက် အိမ်ကို လာသတ်တာလည်း မဟုတ်၊ စုန်းအဖြစ်နဲ့ ရန်လာရှာသူကို သတ်တာလည်းဖြစ်နေတော့ အပြစ်စီရင်လို့ မရပါဘူး။ ဒါကြောင့် အားလုံးပဲ ကျေအေးလိုက်ကာ သာမန်သေသူတစ်ယောက်အနေနဲ့ အဆုံးသတ် ပေးလိုက်ရပါတယ်။ သနားစရာကောင်းတာက လူ့လောကထဲကို ရောက်မလာသေးတဲ့ ရင်ထဲက သန္ဓေသားလေးရဲ့ ကံကြမ္မာပါပဲ။

ထို စုန်းအတတ်ပညာသည် တော်တော်ထူးကဲသော အတတ် အစွမ်းတစ်ခုဖြစ်သည်၊ သို့သော်လည်း အများအကျိုးပြုသော အတတ်မဟုတ်ပါ၊ လူယုတ်မာတစ်ယောက် အာဏာရထားသလိုမျိုးဖြစ်သည်၊ ထို စုန်းအတတ် အစွမ်းများသည် အကျိုးမဲ့ကိုသာ ဖန်တီးတာများသည်။ ထို့ကြောင့် ထိုအစွမ်းကို အကျိုးမရှိသော ဆိုးကျိုးပေးသော ယုတ်ညံ့သော မကောင်းသောအစွမ်း လို့ ဆိုချင်ပါသည်။ ကဲ တော်တော်လေးလည်း စုံနေပါပြီနော်။ စုန်း (သို့) ကဝေ ရှိတယ် မရှိဘူးဆိုတာ စာဖတ်သူများ ဆုံးဖြတ်နိုင်လောက်ပါပြီ။ ခုရေးခဲ့တာတွေဟာ တကယ့်အဖြစ်မှန်တွေချည်းပါပဲ၊ ယုံသည် မယုံသည်ကိုတော့ စာဖတ်သူများသာ ဆုံးဖြတ်ကြပါ။ စာရေးသူကတော့ အဲဒီလို အဖြစ်အပျက်တွေကို စိတ်ဝင်စားလို့ စာဖတ်သူများကိုလည်း သိစေချင်လို့ ရေးလိုက်တာပါနော် ----------------

3 comments:

  1. စိတ်ဝင်စားဖို့ ကောင်းပါတယ်ဗျာ။ စုန်းလို့ရေးရင် ပိုကောင်းမယ်ထင်တယ်နော်။

    ReplyDelete
  2. ချစ်ဖူးရေ ကျေးဇူးပါ။ ဟုတ်သားပဲနော်။ စုန်းလို့ ရေးရမှာပေါ့။ ကျေးဇူးအများကြီး တင်ပါတယ်ဗျာ။ အားပေးသွားလို့ရော အမှားကို ပြင်ပေးသွားလို့ရောပေါ့။ လိုင်းမကောင်းသေးလို့ ခုတော့ မပြင်နိုင်သေးပါဘူးခင်မျာ။ လိုင်းကောင်းတဲ့ နေ့ကြရင် ပြင်လိုက်ပါ့မယ်နော်။ ကျေးဇူးပါ။

    ReplyDelete
  3. စိတ်ဝင် စားဖို့ကောင်းပါတယ်။

    ReplyDelete