၂၃- ၉ - ၂၀၁၁ နေ့၊ သူငယ်ချင်းတိဿက စာအုပ်ဈေးပွဲတော်ကို သွားကြဘို့ ပြောသည်၊ စာရေးသူလည်း တက္ကစီခ မကုန်လျှင် လိုက်မည်ဖြစ်ကြောင်း ပြောလိုက်သည်၊ သူငယ်ချင်းက မကုန်ကြောင်း သူပေးမည် ဖြစ်ကြောင်းပြောပြသည်၊ သို့ဖြင့် စာရေးသူလိုက်သွားဖြစ်သည်၊ တကယ်တမ်းသွားကြတော့ လေးယောက်ပါ၊ သူငယ်ချင်းလေးယောက် ၊ စာရေးသူရယ် တိဿရယ် ဒတ္တရယ် မှန်ကြောင်ရယ်(ချစ်စနိုးနာမည်)၊ တက္ကစီတစ်စီးငှါးပြီး သွားကြသည်၊ စာအုပ်ဈေးပွဲတော် ကျင်းပသော နေရာသည် (Convocation Hall) လွန်စွာမှကို ကျယ်ပြန့်သည်၊ လှပသည်၊ ပန်းပင်များ အလှဆင်ထားမှု့များက ရင်ကိုအေးစေသည်၊ ပြင်းထန်သော နေပူချိန်ကို အံတုပြီးသွားလာလှုပ်ရှား နေကြသော စာချစ်ပရိသတ်များစွာ၊ ကျား/မ များစွာ ၊ စာရေးသူလည်း ခပ်တည်တည်ပါပဲ၊ စာအုပ်မျက်နှာဖုံးပေါ်က အင်္ဂလိပ်စာလေးတွေကို ဖတ်လျှက်၊ ဟိုကြည့် ဒီကြည့်နဲ့။
စာရေးသူလိုချင်တာ တစ်ခုရှိသည်၊ သတိရတာနဲ့ လိုက်ရှာသည်၊ အဲဒါက မဟိန္ဒမထေရ်အကြောင်းကို ရိုက်ကူးထားသော ရုပ်ရှင်စီဒီခွေဖြစ်သည်၊ လိုက်ရှာသော်လည်း မတွေ့ပါ၊ စာအုပ်ဆိုင် တော်တော်များကို ရောက်သည်၊ စာအုပ်ဆိုင်တွေက စုံလို့၊ ဗုဒ္ဓဘာသာရေးစာအုပ်ဆိုင်တွေ မွတ်ဆလင်ဘာသာရေးစာအုပ်ဆိုင်တွေ ခရစ်ယာန်ဘာသာရေးစာအုပ်ဆိုင်တွေ နည်းပညာစာအုပ် ဆိုင်တွေ၊ သူ့အကန့်နဲ့သူ၊ အမှတ်တရ ဓာတ်ပုံ ရိုက်ချင်သည်၊ သို့သော် ကင်မရာ မပါခဲ့၊ မေ့နေခဲ့သည်၊ လောလော လောလောနဲ့ လိုက်လာခဲ့ရသည်လေ၊ တစ်နေရာတွင် စီဒီခွေများရောင်းသော ဆိုင်တစ်ဆိုင်ကိုတွေ့သည်၊ စာရေးသူ လိုချင်သော စီဒီခွေကို မေးကြည့်သည်၊ ကုလားက နားမလည်၊ ဒါနဲ့ ကုလားစကား တော်တော်လေး ပြောတတ်သော သူငယ်ချင်းကို ပြောခိုင်းရသည်၊ သူငယ်ချင်းက ပြောပေးပါသည်၊ သို့သော်လည်း မရခဲ့၊ ထိုခွေက မရှိဘူးတဲ့၊ အမှတ်တရဖြစ်အောင် ဆိုပြီး ဆန်းဒေးစကူးကျောင်းမှ ကလေးများသီဆိုထားသော သီချင်းခွေ တစ်ခွေ ၀ယ်ခဲ့သည်၊ တန်းဘိုး - ရူပီး - ၂၃၀ ။
ဟိုသွား ဒီသွားနဲ့၊ စာရေးသူက ပြန်ချင်နေပြီ၊ သူငယ်ချင်းများကတော့ စာအုပ်ဝယ်လို့ မပြီးနိုင်၊ နောက်ပြီး တစ်ဆိုင်ကို ၀င်သွားပြန်သည်၊ စာရေးသူလည်း မလိုက်ချင်လိုက်ချင်နဲ့ လိုက်သွားရပြန်သည်၊ စာအုပ်ဆိုင်ထဲရောက်တော့ သူများနည်းတူပေါ့၊ လူအထင် မသေးအောင်တော့ စာအုပ်များကို ကိုင်ကြည့်ရသေးသည် ၊ သူငယ်ချင်းဒတ္တသည် သူဝယ်ထားသော စာအုပ်ကိုပြသည်၊ ပြီးတော့ ” ဒီစာအုပ်က - ၂၅၇၀ ကွ၊ ငါ - ၂၀၀၀ နဲ့ ရခဲ့တာ၊ ဈေးသက်သာတယ်ဟ “ လို့ အားပါးတရ ပြောနေသည်၊ စာရေးသူလည်း သူ့စာအုပ်ကို ခဏကိုင်ကြည့်လိုက်သေးသည်၊ ဟီးးးးးး၊ သူငယ်ချင်းများ စာအုပ်ဝယ်လို့ပြီးမှာ မဟုတ်သဖြင့် စာရေးသူနဲ့ သူငယ်ချင်းမှန်ကြောင်က (သူ့ကို ချစ်စနိုးဖြင့် မှန်ကြောင်လို့ပဲ ခေါ်သည်) အပြင်ထွက်လာ ခဲ့ကြသည်။
စာရေးသူတို့အပြင်ရောက်ပြီး မကြာပါဘူး၊ သူငယ်ချင်းဒတ္တက စာအုပ်ကြီးပိုက်လျှက် ရောက်လာသည်၊ စာရေးသူလည်း သူ့စာအုပ်ကို ကိုင်ကြည့်လိုက်သည်၊ စာအုပ်ကို စက္ကူအ၀ါဖြင့် ဖုံးအုပ်ထားတာကို သတိထားလိုက်မိသည်၊ သို့ဖြင့် ထိုဖုံးထားသော စက္ကူကို ခွါထုတ်လိုက်ပြီး စက္ကူပေါ်မှ ဈေးနဲ့ စာအုပ်ပေါ်ကဈေး ကို ချိန်ကြည့်လိုက်သည်၊ ဈေးက များစွာမှကို ကွာဟနေသည်၊ စာရေးသူလည်း “ကိုယ့်လူတော့ ခံလိုက်ရပြီ၊ မူရင်းဈေးက ဒီမှာကြည့် - ၇၅၀ ပဲ ရှိတာ၊ ကိုယ့်လူ ပေးခဲ့ရတဲ့ဈေးက သူတို့ဘာသာ ကပ်ထားတဲ့ဈေးလေ၊ ဟိ ကိုယ့်လူပြောတော့ ဈေးသက်သာတယ်ဆို၊ ဟားးးးးးးးးးးးးးး” ပြောလိုက်သည်၊ ဘေးကရပ်နေသော သူငယ်ချင်းမှန်ကြောင်ကလည်း ရယ်သည်၊ သူငယ်ချင်းဒတ္တကတော့ မျက်စိ မျက်နှာပျက်လို့၊ “ အေး ၊ ဟုတ်သား ပဲ၊ ပြန်ပြောကြည့်ဦးမယ် “ ဆိုပြီး စာအုပ်ဆိုင်ထဲ ပြန်ဝင်သွားသည်၊ တားချိန်ပင် မရလိုက်၊ ဘေးကသူငယ်ချင်းမှန်ကြောင်က ”မင်း နော်” တဲ့၊ အပြစ်တင် မျက်နှာထားနဲ့ ကြည့်နေသည်၊ ပြီး တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ရယ်မိကြသည်။
ခဏကြာတော့ တိဿကိုမြင်လိုက်ရသည်၊ သူကလည်း လက်ထဲမှာ စာအုပ်အပြည့်နဲ့ထွက်လာသည်၊ ပြီးတော့ ဒတ္တကိုမေးသည်၊ စာအုပ်ဈေးမကိုက်သဖြင့် ပြန်ပြောဘို့ ဆိုင်ထဲပြန်ဝင်သွား ကြောင်းပြောပြသည်၊ သုံးယောက်လုံး ဟိုကြည့်သည်ကြည့်နဲ့ စောင့်နေလိုက်ကြသည်၊ ခဏကြာတော့ ဆိုင်ထဲက ပြန်ထွက်လာပါပြီ၊ သူ့ပုံစံက စပ်ဖြီးဖြီးနဲ့၊ ဘယ်လိုလဲလို့ မေးလိုက်တော့ “ ဟာ ၊ ဈေး မမှားပါဘူးကွ၊ စာအုပ်ပေါ်ကဈေးက - အိန္ဒိယငွေနဲဈေးနှုန်းလေ၊ အဖုံးစက္ကူပေါ်က ဈေးက- သီရိလင်္ကာငွေနဲ့ ဈေးနှုန်းလေ၊ ဒီစာအုပ်က အိန္ဒိယက ထုတ်တာဟ၊ ငွေကြေးတန်ဘိုးခြင်းမှ မတူတာ” လို့ ပြောသည်၊ အားလုံး ရယ် လိုက်မိကြသည်၊ မှန်ကြောင်က “ ဒီကောင် လျှောက်လျှောက်ပြော “ တဲ့၊ စာရေးသူကို အပြစ်တင်လေသံနဲ့၊ စာရေးသူလည်း တကယ်မရည်ရွယ်ပဲ ဖြစ်သွားတဲ့ ရယ်စရာအဖြစ်အပျက်လေးအတွက် သဘောကျမိသည်၊ တကယ်ပါ၊ သူငယ်ချင်းအတွက် စေတနာနဲ့ ပြောမိခဲ့သော စကားလေးပါ၊ အမှတ်တရာလေးပေါ့နော်။
ဒီဆိုင်ကတော့ နောက်ဆုံးဆိုင်ပါ၊ စာရေးသူက ပြန်ချင်ပြီပြောသဖြင့် သူငယ်ချင်းတိဿက ” ဒီတစ်ဆိုင် ၀င်ပြီးရင် ပြန်မယ် ” လို့ ကတိပေးစကား ပြောသည်လေ၊ သူက အသွားရော အပြန်ရော တက္ကစီးခ ပေးတာ ဆိုတော့ ဟိ သူပြန်မှ ပြန်ရမှာလေ၊ သူတို့ဆိုင်ထဲဝင်သွားသော်လည်း စာရေးသူနဲ့ မှန်ကြောင်က အပြင်က စောင့်နေလိုက်သည်၊ ခုမှ စာရေးသူလည်း အပေါ့အရမ်းသွားချင်နေသည်၊ ကျောင်းကို ရောက်ချင်ပါပြီ ၊ ပြန်ချင်ပါပြီ၊ ပြန်ချင်နေလို့များလား မပြောတတ်၊ စောင့်နေရသည့်အချိန်က ကြာလွန်းသည်၊ တိဿတို့ကလည်း ထွက်မလာ၊ ကြာတော့လည်း စိတ်လျော့ပြီး စောင့်ရတော့သည်၊ ဟော ပြန်ထွက်လာကြပါပြီ၊ ပျော်လိုက်တာ၊ ကျောင်းပြန်ရတော့မယ်လေ၊ တိဿက “ ဟိုဘက်ဆိုင်က ပိုက်ဆံပိုပြီး အမ်းလိုက်တယ် ထင်တယ်၊ တပည့်တော်ပေးတာက ဘယ်လောက်၊ သူတို့ရမှာကဘယ်လောက် ၊ ခု ၄၀၀ ပိုနေတယ်” လို့ပြောသည်၊ စာရေးသူက ” ပြန်ပေး မနေနဲ့ ကြာနေလိမ့်မယ်၊ ကျောင်းရောက်ချင်ပြီ၊ သူတို့လည်း သတိထားမိမှာ မဟုတ်ပါဘူး၊ သွားပြောနေလို့ ဇာတ်လမ်းက ပိုရှုပ်ကုန်ဦးမယ်၊ တစ်ခုတော့ရှိတယ်နော်၊ ကုလားတွေက ပိုက်ဆံကိုတော့ နည်းနည်းလေးမှ အလဟဿ အကုန်ခံတာ မဟုတ်ဘူး၊ သေချာလည်း ပြန်စစ်ကြည့်ဦး “ လို့ ပြောလိုက်သည်။
တိဿကို ပြောလို့မရ၊ သွားပေးမယ်ဆိုတာကိုပဲ ခဏခဏပြောနေသဖြင့် သွားဘို့ ခွင့်ပြုလိုက်ကြရသည်၊ စာရေးသူတို့သုံးယောက်က တိဿပါလာသောကင်မရာနဲ့ ဓာတ်ပုံရိုက်ရင်း ပြန်လာခဲ့သည်၊ အဆောက်အုံကြီး၏ ဘေးမှာ စောင့်နေလိုက်ကြသည်၊ တိဿက သွက်သွက်လက်လက်နဲ့ အမြန်ပြန်လာသည်၊ စာရေးသူက “အခြေနေ ဘယ်လိုလဲ “ လို့မေးလိုက်တော့ “ ပိုအမ်းတာ မဟုတ်ဘူးဟ၊ Discount ပေးတာတဲ့” လို့ ပြောသည်၊ စာရေးသူလည်း အသံကျယ်ထွက်သွားအောင်ကို ရယ်လိုက်မိသည်၊ တိဿကပါပဲ အအေးသောက်ကြဘို့ ပြောသည်၊ အအေးဆိုင်ကို သွားကြသည်၊ အအေးဆိုင်ဘေးမှာ ခွေဆိုင်တစ်ဆိုင်ရှိသည်၊ စာရေးသူနဲ့ မှန်ကြောင်က စီဒီခွေဆိုင်သို့ အရင်သွားလိုက်ကြသည်၊ မှန်ကြောင်က အင်္ဂလိပ်စကားပြော စီဒီခွေကိုလိုချင်သည်တဲ့၊ ဒါနဲ့ စာရေးသူလည်း ထိုခွေကို ကိုင်ပြီး ဈေးမေးလိုက်သည်၊ ဈေးက - ၇၅၀ တဲ့၊ ဈေးလည်းကြားရော မှန်ကြောင်က မျက်လုံးပြူးပြီး ပါးစပ်ကလည်း ရွဲ့စောင်းသွားသည်၊ ဟားးးးးးးးးး --၊ မှန်ကြောင် ဖြစ်သွားပုံကို မြင်အောင်သာ တွေးကြည့်ပါတော့။
အဲဒီအချိန် စာရေးသူလက်ထဲမှာ ကင်မရာ ရှိမနေတာက သူ့အတွက် ကံကောင်းသွားသည်၊ မဟုတ်ရင် ဒီပုံစံကို အမိအရ ရိုက်ထားမိမှာသေချာသည်၊ ဒီကောင်က မ၀ယ်တော့ဘူးတဲ့လေ၊ ပြီးတော့ “ စီဒီတစ်ခွေ ၊ အဲလောက်ဈေးရှိနေတာ မမိုက်ဘူး၊ မြန်မာငွေနဲ့ဆို - ၇၅၀၀ ဖြစ်နေပြီ၊ ဒို့ နိုင်ငံမှာ တစ်ခွေမှ -၂၀၀ ရှိတာ၊ မ၀ယ်ဘူးပေါ့ကွာ” လို့ပြောသေးသည်၊ မ၀ယ်တော့သဖြစ် စာရေးသူလည်း ဆိုင်ရှင်ကို မ၀ယ်တော့ကြောင်း ကျေးဇူးတင်ကြောင်း ပြောပြီး ထိုဆိုင်မှ ထွက်ခဲ့သည်၊ ပြီး အအေးဆိုင်သို့ သွားသည်၊ အအေးဆိုင်မှ ထွက်လာသော တိဿတို့ကိုတွေ့တော့ “ ဘယ်မှာလဲ၊ ငါတို့အတွက် အအေးဗူး “ လို့မေးလိုက်သည်၊ သူတို့က “ အအေးဆိုင်က ရောင်းတာ မဟုတ်ဘူးဟ၊ အလကား ပေးဝေနေတာတဲ့ “ လို့ပြောသည်၊ သူတို့လည်း အလကားမို့ မသောက်တော့ပဲ ပြန်ထွက်လာကြသည်၊ ဒီနေ့ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကိုတွေးတွေးပြီး အပြန်လမ်း တလျှောက်လုံး ရယ်မောကြရသည်။
အပြန်မှာ တိဿက “ စာအုပ်ဈေးပွဲတော်က မိုက်တယ်နော်၊ ငါတို့ဆီမှာ အဲလို ဈေးပွဲတော်မျိုးမရှိဘူး”လို့ ပြောသည်၊ စာရေးသူကလည်း “ ဟာ ၊ ရှိပါတယ်၊ ကိုယ့်လူတို့ မရောက်ဘူး မကြုံဘူးလို့နေမှာပါ “လို့ ပြန်ပြော သည်၊ ထိုအခါ သူငယ်ချင်းများက “ ငါတို့ဆီမှာရှိတာက ဒီလိုမဟုတ်ဘူးလေ၊ ဒီမှာက တစ်နိုင်ငံလုံးမှာရှိတဲ့ စာအုပ်ဆိုင်တွေ လာပြီ ရောင်းချတာလေ၊ တို့ဆီမှာ တစ်နိုင်ငံလုံးက စာအုပ်ဆိုင်တွေလာရောင်းတာမျိုး မရှိပါဘူး” လို့ပြောသည်၊ ထိုသို့ရှိလား မရှိလားတော့ စာရေးသူ မပြောတတ်ပါ၊ ဘာပဲ ပြောပြော၊ ဒီနေ့ စာအုပ်ဈေးပွဲတော်ကို သွားခဲ့ရတာ ဗဟုသုတလည်း ရသည်၊ ရယ်လည်း ရယ်မောခဲ့ရသည်၊ တက္ကစီကလည်း မကုန်၊ ပျော်စရာ စာအုပ်ဈေးပွဲတော်လေးပါ၊ ကျောင်းပြန်ရောက်တော့ စာရေးသူဝယ်ခဲ့သော ခွေကို ဖွင့်ကြည့်မိသည်၊ ကျောင်းသူ ကျောင်းသားလေးများရဲ့ ဓမ္မလင်္ကာရွက်ဆိုပုံများကို ကြည့်ချင်သည် နားထောင်ချင်သည်၊ ဖွင့်လိုက်တော့ MP3 ဖြစ်နေသည်၊ ဟင် - သွားပါပြီ၊ စာရေးသူသည် ဘာတစ်ခုမှ မ၀ယ်ခဲ့သောသူငယ်ချင်း စာအုပ်များဝယ်ခဲ့ကြသော သူငယ်ချင်းများအောက် ကံဆိုးသွားခဲ့သည်၊ စာရေးသူက သူတို့ကို ပြောပြောပြီး ရယ်မောနေခဲ့သည်၊ ဟိ တော်သေးတာပေါ့၊ သူတို့က စာရေးသူ ခွေအကြောင်းကို မသိကြလို့၊ သိလျှင်တော့ စာရေးသူကိုလည်း ပြောကြ ရယ်ကြလိမ့်မည်၊ ခုတော့ တစ်ချိန်လုံးရယ်မောခဲ့ရသောစာရေးသူ မရယ်နိုင်ခဲ့၊ ထင်ထားသလို ဖြစ်မလာခဲ့လို့လေ၊ တစ်ခါတစ်လေ တော့လည်း ဒီလို ဖြစ်ပျက်မှု့လေးတွေ ရှိတတ်သည်ပေါ့နော်၊ ပြောပြချင်တာက ဒတ္တလိုလည်း ဈေးနှုန်းမတူတာကိုမသိတာမျိုးမဖြစ်ကြဘို့ တိဿလိုလည်း Discount ပေးတာလား ဘာလား မသိတာမျိုးမဖြစ်ကြဘို့ မှန်ကြောင်လိုလည်း ဈေးကြီးသည်ဆိုပြီး မျက်စိမျက်နှာပျက် အမူအရာပျက်မဖြစ်ကြဘို့ (ဟိ စာရေးသူကတော့ အကောင်းချည်းပဲနော်) သတိပေးစကား အသိပေးစကား ပြောကြားချင်ပါကြောင်း ----------
No comments:
Post a Comment