ယခု ရေးသော အကြောင်းအရာများသည် ဥစ္စာစောင့်များ အကြောင်းဖြစ်သည်၊ အဖြစ်မှန်တွေ ဆိုတာကိုတော့ ကြိုက်တင် ပြောထားပါရစေ၊ အကြောင်းအရာများကို အပိုင်းလေးများ ခွဲပြီးရေးသား ထားပါသည်။
(၁) အစ်မ အကြောင်း
အစ်မလို့သာ ဆိုရသည်၊ စာရေးသူတစ်ခါမျှ မမြင်ဖူးပါ၊ ကိုယ်တိုင် တိုက်ရိုက်ပေါ့နော်၊ ဓာတ်ပုံကိုတော့ မြင်ဖူးသည်၊ အစ်မက ကျွန်တော်တို့ မိသားစုအပေါ်မှာ တော်တော်လေး သံယောဇဉ် ရှိရှာသည်၊ သူတို့ အလုပ်တွေ အားလပ်ချိန်ဆိုလျှင် စာရေးသူတို့ အိမ်ကိုလာလာပြီး အလုပ် ကူလုပ်ပေးသည်၊ တစ်ခါလာလျှင် ၂ လတန်သည် ၃ လတန်သည် နေတတ်သည်၊ အစ်မသည် မေမေ၏ အစ်ကိုလတ်ဖြစ်သော ဦးလေးအောင်သျှံ၏ သမီးဖြစ်သည်၊ ဦးလေးသည် တောင်ခရမ်းမြို့မှာ အိမ်ထောင်ကျနေသူဖြစ်သည်၊ စာရေးသူတို့ ပုလဲနယ်နဲ့ဆိုလျှင် မိုင်ပေါင်းမည်မျှ ဝေးသည်မသိ၊ တစ်ရက်ခွဲ ကားစီးသွားရသည်ဟုတော့ ကြားဖူးသည်၊ မေမေကတော့ ဦးလေးတို့ မြို့ကို တစ်ခေါက်ရောက်ဖူးသည်။
အစ်မ အကြောင်းများကို စာရေးသူ၏ အစ်မအရင်းက ပြောပြလို့သာ သိခဲ့ရသည်၊ ကဲ ဖတ်ကြည့်ကြပါစို့နော်၊ အစ်မသည် အပျိုဝင်စအရွယ် ၁၆ နှစ်လောက်မှ စပြီး သန့်သန့်ရှင်းရှင်း နေတတ်သည်၊ အသန့်အရမ်းကြိုက်သည်၊ သနပ်ခါးကို အမြဲလိမ်းထားတတ်သည်၊ မောင်နှမတွေထဲမှာ အလှဆုံး အချောဆုံး၊ တော်တော်လေးကို လှပါသည် ချောပါသည်၊ ကိုယ်လုံး ကိုယ်ထည်ရော မျက်နှာလေးရော အသားအရေရော အပြစ်ပြောစရာမရှိ လောက်အောင်ပါပဲ၊ သို့သော် စကားနည်းပြီး နေပုံထိုင်ပုံက တည်ငြိမ်အေးချမ်းလှသည်၊ ၁၆ နှစ်လောက်က စပြီး ထူးဆန်းမှု့တစ်ခု ဖြစ်လာသည်၊ အစ်မသည် လပြည့်နေ့ ၁၂ နာရီထိုးချိန်ရောက်လျှင် အိမ်ပြင် လသာဆောင်မှာ ထွက်ထွက်နေတတ်သည်၊ သူ အဲလိုထွက်နေပြီး ခဏအကြာမှာ စပါယ်ပန်းရနံ့များ မွှေးကြိုင်လာသည်၊ ပြီးလျှင် ယောက်ျားလေး အသံကို ကြားရတော့သည်၊ ယောက်ျားလေးကိုတော့ မမြင်ရ၊ အသံပဲ ကြားနေရသည်၊ သူတို့ နှစ်ယောက် ပြောသောစကားသံတွေထဲမှာ လွမ်းတဲ့အကြောင်း သတိရနေတဲ့အကြောင်းများ ပြန်လာတော့ဘို့ မှာကြောင်း မှာ စုံလို့စုံလို့ပါပဲ၊ အစ်မမှာလည်း ၀မ်းနည်းလှိုက်ဖို ငိုနေရှာသည်။
အစ်မမှာ သနားစရာကောင်းတာ တစ်ခုရှိနေပါသည်၊ အဲဒါကတော့ မည်သည့်အကြောင်း ကြောင့်ဖြစ်ဖြစ် ကြေးစည် ထုသံကို ကြားလျှင် အော်ဟစ်ငိုယိုပြီး ကြေးစည်မကြားနိုင်လောက်သည့် နေရာအထိ ပြေးသွား တတ်တာပါပဲ၊ ဒါမျိုးဖြစ်နေတာ ကြာလာတော့ မိဘများက စိုးရိမ်မိပြီး မေးကြမြန်းကြရတော့သည်၊ ထိုအခါမှ အဖြစ်မှန်ပေါ်လာသည်၊ အစ်မသည် ဥစ္စာစောင့် ၀င်စားလာသူဖြစ်သည်၊ သူ့ကိုလာလာခေါ်နေသူသည် သူ့အစ်ကိုပါ၊ (သူတို့သည် မောင်နှမ (၄) ယောက်ရှိသည့်အနက် အစ်မသည် အငယ်ဆုံးဖြစ်သည်၊ လူ့ပြည် လောကကို သွားလိုကြောင်း ခဏခဏ ပြောသဖြင့် ခွင့်ပြုပေးခဲ့ကြသည်၊ ခွင့်ပြုပေးခဲ့သော်လည်း အရမ်းချစ်ကြ လွမ်းကြ သတိရကြသဖြင့် အစ်ကိုမှ လာလာခေါ်နေခြင်းဖြစ်သည်)၊ အစ်မသည်လည်း ပြန်မသွားလိုသေးပါ၊ လူ့ပြည်မှာနေနေရတာကို ပျော်နေသည်၊ ထို့ကြောင့် သူတို့ မောင်နှမ နှစ်ယောက် စကားပြော နေချိန်မှာဆိုရင် အစပိုင်းမှာ ပျော်ရွှင် ကြည်နူးနေကြပေမဲ့ ပြီးခါနီးမှာဆိုရင် ငိုကာ ညှိုးကာ ၀မ်းနည်းကာဖြင့်။
နောင် နှစ်တွေ ကြာလာသောအခါ အစ်မက လူတစ်ယောက်ကို သံယောဇဉ်ကြိုးဖြင့် မြဲမြံစွာ ချည်မိတော့သည်၊ သူ့အရင်ဘ၀က မောင်နှမတွေက အမျိုးမျိုးတားသည်၊ ပြန်ခေါ်သည်၊ အစ်မ မလိုက်ပါ၊ အငယ်ဆုံးလေး အချစ်ဆုံးလေးဆိုတော့လည်း ကျန်ရစ်သောမောင်နှမများက လက်လျော့ရသည်၊ ဦးလေးတို့ကလည်း သိုက်ဖြတ်နည်းကို အမျိုးမျိုး ကြိုးစားကြသည်၊ သိုက်ပြတ်မည်ထင်သဖြင့် သူ့တို့သမီးဆန္ဒအတိုင်း ကောင်လေးနဲ့ အိမ်ထောင်ချပေးသည်၊ အဲဒီကောင်လေးနဲ့ (၂) လလောက်ပဲ အတူနေလိုက်ရတယ်၊ ကောင်လေးမှာ ပိုးထိပြီး ဆုံးသွားရှာသည်၊ အင်းးးးးးး -- လူတွေကတော့ တစ်စုံတစ်ခု တစ်ဦးတစ်ယောက်က လုပ်တယ်လို့ပဲ ယူဆထားကြတယ်၊ တိုက်ဆိုင်မှု့လည်း ဖြစ်နိုင်ပါတယ်လေ၊ ပိုးထိလို့ ဆုံးတယ်ဆိုတာ မဆန်းပေမဲ့ အစ်မရဲ့ ဖြစ်ရပ်ကို သိထားကြတော့ ဟိုထင် သည်ထင် ထင်ကြတော့ တာပေါ့ဗျာ။
(၂) ကျွန်တော့်ညီမ အကြီးအကြောင်း
တစ်နှစ်မှာပေါ့၊ အစ်မက ညီမအကြောင်းကို “ ဒီနှစ် အိမ်မှာ ကံဆိုးတယ်၊ မေမေလည်း ဖျားတယ်၊ ဖေဖေလည်း ဖျားတယ်၊ ငါလည်း နွားဝှေ့ ခံရတယ်လေ ၊ အေးယုခိုင်လည်း လူဖြူတွေက လာခေါ် တယ် “ လို့ ပြောသည်၊ စာရေးသူ အရမ်းစိတ်ဝင်စားသွားသည်၊ ညီမအကြီး အေးယုခိုင် အကြောင်း ကိုပါ၊ စာရေးသူမှာ ညီမနှစ်ယောက်ရှိသည်၊ အကြီးက အေးယုခိုင်ပါ၊ သူက မိဘတွေနဲ့အတူ အိမ်အလုပ်ကို လုပ်ကိုင်နေသူပါ၊ အငယ်က အေးသီတာပါ၊ သူကတော့ ကျောင်းဆရာမ လုပ်နေ ပါတယ်၊ တရားဝင် အစိုးရခန့် ဆရာမတော့ မဟုတ်သေးပါဘူး၊ ကဲ ညီမအကြီး အကြောင်းလေးကို ဖတ်ကြည့်ကြပါစို့နော်။
တစ်နေ့ အစ်မက ဆန်ပြာ ဆန်ရွေးနေသည်၊ ညီမအကြီးက ရေချိုးဘို့ အိမ်အရှေ့ ဘက် ရေတွင်းသို့ ရေချိုး ဆင်းသွားသည်၊ ထိုရေတွင်းသို့ သွားသောလမ်းသည် စာရေးသူတို့ အိမ်ဦးမှ ဖြတ်သွားသည်၊ ထိုအခြင်း အရာကို စာရေးသူ သဘောမကျတာ ကြာပါပြီ၊ ထိုလမ်းကို အိမ်နောက်ဘက်မှ ပြောင်းပေးချင်သည်၊ သို့သော် လည်း မလုပ်ဖြစ်ခဲ့ မပြောဖြစ်ခဲ့၊ ထိုသို့ ပြောင်းပေးလိုသော ဆန္ဒမှာ “ ပရလောကသားများသည် လူတို့ သွားတာ လာတာကို ကြည့်ထားကြသည်၊ လူတို့ သွားသည့်အတိုင်း လာသည့်အတိုင်း သွားလာကြသည်” ဟု ပြောစကားကို ကြားဖူးထားသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ပြတင်းပေါက်မှ ကျော်ခွ မဆင်းကြဘို့ လူကြီးသူမများက အကြိမ်ကြိမ် အတန်တန်ပြောဆိုမှာကြား ကြတာဖြစ်သည်၊ ပြီးတော့ ပရလောကသားတစ်ချို့သည် လူတွေ စွန့်ပစ်ထားသော တံတွေး နှပ် ထမင်းသိုး ဟင်းသိုးများကို ရှာဖွေ စားသောက်ကြသည်၊ ထိုသို့သော ပရလောကသားများနေသော ရောက်သောနေရာသည် လူများအတွက် အဖျားရောဂါရတတ်သည်၊ မမာ မကျန်းဖြစ်တတ်သည်၊ ထို့ကြောင့် ခေါင်းရင်းမှာ တံတွေးမထွေးကြဘို့ လူတွေနဲ့အနီးနား နေရာတွေမှာ အညစ်အကြေးမစွန့်ပစ်ကြဘို့ လူကြီးသူမများ မှာကြခြင်းဖြစ်သည်။
ယခု ညီမသည် ရေချိုးဆင်းသွားသည်၊ စာရေးသူတို့ အိမ်ခြံစည်းလည်း ကျော်ရော အ၀တ်ဖြူဝတ်ထားသော လူကြီး (၅) ယောက်၊ ရေတွင်း ဘက်မှ စာရေးသူတို့အိမ်ဆီသို့ လာနေကြသည်၊ ညီမကိုလည်း မြင်တော့ လက်ပြခေါ်နေသည်၊ ညီမသည် ထိုလူများကို မမြင်ဘူးပါ၊ ထို့ကြောင့် ကြောင်ပြီး ရပ်ကြည့်နေမိသည်၊ ထိုလူများက ညီမဆီကို လာနေကြသည်၊ ညီမက ရှေ့ မတိုးပါ၊ ရပ်ပြီး ကြည့်နေသည်၊ ညီမ ရှေ့ ရောက်တော့ ညီမကို ခေါ်သည်၊ ပြန်လိုက်ခဲ့ဘို့ ခေါ်သည်၊ ညီမက မလိုက်နိုင်ကြောင်း ငြင်းဆိုသည်၊ မရပါ၊ ထိုအ၀တ်ဖြူဝတ်ထားသော လူကြီး (၅) ယောက်က ညီမကို ဆွဲခေါ်တော့သည်၊ ညီမလည်း “မမရေ၊ မမရေ ငါ့ကို လူကြီးတွေ လာခေါ်နေတယ်၊ လုပ်ပါဦး” ဆိုပြီး အသံအကျယ်ကြီးနဲ့ အော်ဟစ်ရင်း အိမ်ပေါ်ပြေးတက်သည်၊ အစ်မလည်း ဆန်စကောကို ခဏချထားပြီး ညီမကို ကြည့်မိသည်၊ ညီမ အော်ဟစ် ပြေးလာတာကို မြင်သည်၊ ကျန်တာ ဘာမှ ထူးခြားမှု့မရှိ၊ ထို့ကြောင့် “ ဒီကောင်မလေး ကြောင်တောင် တောင်နဲ့ ” ဟု နှုတ်မှ ရွက်ဆိုရင်း ဆန်ပြာ ဆန်ရွေး ဆက်လုပ်နေသည်။
ညီမသည် “ ဒုန်း ဒုန်း ဒုန်း ” ဟူသော မြည်သံနဲ့အတူ လှေကားကို အပြင်းပြေးတက်လာခဲ့သည်၊ သူ့မျက်နှာကလည်း တကယ်ကိုကြောက်လန့်သည် ပုံစံနဲ့၊ ချွေးသီးချွေးပေါက်တွေကလည်း ရွဲဆိုလို့၊ အစ်မအနားလည်းရောက်ရော “ ဗုန်း ” ဆို ပစ်လဲသွားတော့သည်၊ ဘာကိုမှ မသိတော့ပါ၊ ထိုအခါမှ အစ်မလည်း မလန့်တကြားနဲ့ “ အေးယုခိုင် အေးယုခိုင် ” ဆိုပြီး လှုပ်ကာ ရမ်းကာ ခေါ်သည်၊ မရတော့ပါ၊ အစ်မမှာ အရမ်းဝမ်းနည်းပြီး ငိုသံတွေပါလာသည်၊ ပြီးတော့ ငိုပါပြီ၊ ဘေးအိမ်များကိုလည်း “ လာကြပါဦး၊ အေးယုခိုင် ခေါ်လို့မရတော့ဘူး ” ဟု အသံကျယ်အော်ဟစ် မိသည်၊ ငိုသံကလည်း ဆက်တိုက်ပေါ်ထွက်လို့၊ အစ်မမှာလည်း ထင်မိထင်ရာ ပြောဆို ငိုတော့သည်၊ ဘေးမှ ဆွေမျိုးများ အိမ်နီးချင်းများက ၀ိုင်းအုံ လာကြသည်၊ ဆွေမျိုးတွေညီမလေးအနားရောက်လာကြသည်၊ ပွေ့ထူ လှုပ်ရမ်း ခေါ်ကြသည်၊ မရပါ၊ ဆွေမျိုးများလည်း ငိုကြတော့သည်၊ အစ်မလည်း ရွာမြောက်ဘက်တောသို့ အပြေးနှင်တော့သည်၊ ပါးစပ်မှလည်း “ အဖေရေ အဖေရေ ” ဟူသော ခေါ်သံက ဗြဟ္မာပြည်ကတောင် ကြားရမည်ထင်သည်။
အစ်မလည်း ဖေဖေ့ကို အကြောင်းဆုံးရှင်းပြပြီး ပြန်ပြေးခဲ့သည်၊ ဖေဖေလည်း စိတ်ထက်တောင် ပိုလျင်မြန်မည့် အပြေးနှုန်းနဲ့ ပြေးခဲ့သည်၊ အစ်မနဲ့ ဖေဖေ အိမ်ပြန်ရောက်တော့ ဖေဖေက “ သမီး အေးယုခိုင် ” ဟု အသံမာမာ အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်သည်၊ ထိုအခါမှ ညီမမှာ အိပ်ရာမှ နိုးထလာသလို သတိပြန်ဝင်လာကာ ထလာသည်၊ ဘေးမှာ လူတွေများစွာ ၀ိုင်းနေတာကိုလည်း တွေ့လိုက်တော့ ညီမမှာ အံ့သြနေသည်၊ ပြီးမှ သူ့အကြောင်းကို တွေတွေငိုင်ငိုင်လေး စဉ်းစားနေသည်၊ ညီမစိတ် ပုံမှန်ဖြစ်တော့ မေးကြည့်ကြသည်၊ ညီမက “ မမ အနားလည်းရောက်တော့ လူကြီးတွေက ငါ့ကို ဖမ်းပြီး ထမ်းခေါ်သွားတာ၊ အိမ်အရှေ့ဘက် ခြံစည်းရိုးကို နည်းနည်းတောင်ကျော်နေပြီ၊ ဖေဖေခေါ်တဲ့ အသံကိုကြားတော့ အဲလူကြီးတွေက ငါ့ကို ပြန်ချထားခဲ့တာ ” လို့ ပြောပြသည်။
တွေးသာကြည့်ပါတော့ အစ်မနဲ့ဖေဖေ ဘယ်လောက်တောင် မြန်မြန်ပြေးလာခဲ့သနည်း၊ သမီးဇောနဲ့ ဖေဖေ့မှာ မမောနိုင် မပန်းနိုင်ခဲ့ပါ၊ အင်း တောက သိပ်မဝေးတာလည်း ပါသည်ပေါ့နော်၊ စာရေးသူတို့တောက မေမေ အိမ်ကတိုင်အော်ခေါ်လျှင် ကြားရသည်လေ၊ မေမေက သိပ်ကို အသံကောင်းတာကိုးဗျ၊ ဟဲဟဲ၊ ထားပါတော့လေ၊ အစ်မကတော့ “ ငါလေ အဲဒီအချိန်က ဘာမှကို မသိတော့ဘူး၊ ငါဘယ်လို ပြေးလိုက်မှန်းကို မသိဘူး၊ ငါ့စိတ်ထဲမှာ အသွားရော အပြန်ရော ခဏလေးလို့ ထင်တာပဲ၊ အဲလိုပြေးခဲ့တာကို ခုပြန်တွေး ကြည့်ရင် ဘယ်လိုမှကို မဖြစ်နိုင်ဘူးဟယ် ” လို့ ပြောပြခဲ့သည်ပဲ၊ (ဇောစိတ်အရှိန်အဟုန်သည် သိပ်ကို အံ့သြဘို့ကောင်းသည်၊ နောက်ထပ် အဖြစ်မှန်တစ်ခုကို ပြောပြချင်ပါသည်၊ အဲဒါကတော့ စာရေးသူတို့ ကျောင်းတိုက်မှာ သံဃာစစ်သည်၊ ညဘက်မှာပေါ့၊ ကျောင်းအုဋ္ဌ်တံတိုင်းသည် အမြင့်(၇) ပေလောက်ရှိမည် ထင်သည်၊ ညဘက် ဘောလုံးပွဲ ကြည့်ချင်သူများက နှစ်ပေလောက်ရှိသည့် ထင်းတုံးကို ခုခုပြီး ကျော်တက်ရသည်၊ ချန်ပီယံလိပ်ပွဲတွေရှိနေလျှင် တစ်ရက်မဟုတ်တစ်ရက်တော့ မိနေကြ၊ နှင်ထုပ်ခံထိနေကြပါ၊ သိပ်တော့ မဆန်းပါဘူး၊ ထူးဆန်းတာက သူငယ်ချင်း ပြောသော စကားဖြစ်သည်၊ တစ်ည သူ ဘောလုံးပွဲ သွားကြည့်သည်၊ သူငယ်ချင်းများက သစ္စာရှိသူတွေ များစွာရှိပါသည်၊ သူငယ်ချင်းများကို အချက်ပေးသော သူများလည်း များစွာရှိသည်၊ ထိုနေ့ကလည်း ကိုယ်တော်တစ်ပါးမှ သံဃာစစ်နေသည်ဟု ဘောလုံးပွဲ ရုံထဲ လာပြောသဖြင့် ဘောလုံးပွဲရုံမှ ကိုယ်တော်များ သူတို့ကျောင်းဆောင် မစစ်ရသေးခင် အရင်ရောက်နေအောင် အတင်းပြေးကြတော့သည်၊ သူငယ်ချင်းသည် အရှိန်နဲ့ ပြေးလာပြီး အဲဒီ(၇)ပေလောက်မြင့်သည် အုဋ္ဌ်တံတိုင်းကို ကျော်ခုန် ပစ်လိုက်သည်၊ ထိုသို့ခုန်လိုက်ချိန်က သူ့ကိုသူ အံ့သြဘို့အချိန်မရ၊ အဆောင်သို့ ရောက်အောင်ပဲ ဆက်ပြေးခဲ့သည်၊ အဲဒီညက သူရောက်ပြီး ခဏကြာမှ သူ့အဆောင်ကို လာစစ်သဖြင့် သူ အဆင်ပြေသွားသည်၊ မနက်လင်းမှ သူ့အဖြစ်အပျက်များကို ပြန်တွေးပြီး သူ့ကို သူအံ့သြနေသည်၊ သူ့အံ့သြစရာ မဖြစ်အပျက်ကို သူက စာရေးသူကို “ ဟေ့ ကောင် စံလေး၊ ငါ မနေ့ညက အဲဒီအုဋ္ဌ်တံတိုင်း အပြင်ကတိုင် ခေါ်ခုန်ပစ်တာ ၊ ဘယ်လို ခုန်လိုက်မှန်းကို ပြန်တွေးကြည့်လို့ မရဘူး “ လို့ ပြောပြသည်၊ စာရေးသူမှ ယုံရခက်သော်လည်း ခေါင်းညိမ့်မိခဲ့သည်၊ သူကတော့ တကယ့်ကို သူ့ကိုသူ အံ့သြနေသည့် အမူအရာ မျက်နှာထားအပြည့်နဲ့ ပြောနေသည်၊ အင်း တကယ်ဖြစ်နိုင်ပါတယ်နော်)၊ ထိုနေ့က မေမေက သူ့မောင်ဦးဇင်း( စာရေး၏ ဦးလေး) ရှိသော ရွာသို့ သွားနေသည်၊ မေမေသာ သိရင် မည်မျှတောင် ငိုမိ မလဲ မပြောတတ်၊ နောက်တစ်ခုပြောပြ ချင်ပါသေးသည်၊ ဒါလည်း ညီမအကြောင်းပါပဲ။
ညီမသည် အလုပ်ကြိုးစားသည်၊ စကားနည်းသည်၊ ခပ်အေးအေးနဲ့ ပုံမှန်လုပ်သည်၊ မိဘ မောင်နှမတွေ အပေါ်မှာ အရမ်းသိတတ်သည်၊ ဖေဖေမေမေတို့ကတော့ ညီမကိုပဲ အားကိုးနေရသည်၊ ညီမသည် အကြောက်အလန့်လည်း သိပ်မရှိ၊ စာရေးသူတို့ ရွာမြောက်ဘက်တောသည် သုသာန်နဲ့ ကပ်လျှက်၊ တစ်ခါကလည်း ဦးလေးလတ် (ဖေဖေ့ညီ အလတ်) ၏ မယားပါ သမီးကြီးသည် စာရေးသူတို့တောသို့ သွားသော လမ်းဘေးမှ သီးသီးပင်မှာ ဆွဲကြိုးချ သေဆုံးသည်၊ လျှာကြီးက အပြင်ထွက်လို့၊ တွေးသာ ကြည့်ပါတော့၊ ထိုလမ်းသို့ မည်သူမျှမသွားရဲခဲ့၊ သို့သော်လည်း ညီမက သွားမြဲ သွားခဲ့သည်၊ တောမှာ လုပ်စရာမျာကို ပုံမှန်ပင် လုပ်နေခဲ့သည်၊ နောက်ပြီး ညီမသည် တောမှာပဲ အလုပ်လုပ်တာများသည်၊ အိမ်မှာ မေမေလုပ်သည်၊ ကိုကိုကလည်း အိမ်ထောင်ကျပြီး သီးသန့်နေသည်၊ အစ်မကလည်း အိမ်ထောင်ကျပြီး သီးသန့်နေသည်၊ စာရေးသူကလည်း မိသားစုနဲ့ ခွဲနေရတာ ကြာခဲ့ပါပြီ၊ ညီမအငယ်ကလည်း တောင်သူကို မလုပ်လို၊ ညီငယ်အမွှာနှစ်ယောက်ကလည်း ကလေးပေါက်စ၊ ဒီတော့ ညီမအကြီးကသာလျှင် တောအလုပ်တွေကို ဖေဖေနဲ့ အတူတူ လုပ်ကိုင်နေရသည်၊ စာရေးသူ ပြောပြောနေသော ညီမ - ညီမ ဆိုတာ ညီမအကြီးကိုပြောတာပါ၊ ရှုပ်မသွားပါနဲ့နော်။
ညီမသည် တောမှာ ပင်ပန်းလို့ အိပ်ချင်လျှင် တောက တဲမှာပဲ အိပ်တတ်သည်၊ ထိုသို့အိပ်သောအခါ “ အေးယုခိုင် အေးယုခိုင် “ လို့ လာလာခေါ်သောအသံကို ခဏခဏ ကြားရသည်တဲ့၊ ထိုသို့အသံကြားလို့ ထကြည့်လိုက်လျှင် တဲအနီးနားမှာ ဘယ်သူမျှမရှိ၊ ချည်ထားသော နွားတွေက အသံလာရာ ဘက်ကိုကြည့်ပြီး ကြောက်လန့်သည့် ပုံစံနဲ့၊ ထိုသို့သော အကြောင်းများကို သိလာရသောအခါ စာရေးသူလည်း ညီမအတွက် စိတ်ပူ မိလာသည်၊ ဒါကြောင့်ပဲ စာရေးသူ ရွက်နေကြ “ သမ္ဗုဒ္ဓေ ဂါထာ၊ နမော ဗုဒ္ဓဿ - ဘုရားရှိခိုး၊ သရဏဂုံ ဆောက်တည်ပုံ၊ အဋ္ဌာနမေတံ ပါဠိ၊ အမျှဝေ ဆုတောင်းပါဠိ “ တို့ကို ပါဠိလိုရေးပေးရသည်၊ ပြီးတော့ အဓိပ္ပါယ်ပါ ရှင်းပြ ရေးသားပေးရသည်၊ ညီမကိုလည်း သတိရတိုင်း ရွက်ဘို့ မှာရသည်၊ ခုတော့ ညီမက “ မောင်မောင် ရေးပေးတဲ့ စာတွေက မရခင်တုန်းကတော့ ခဏခဏ ဖတ်ဖြစ်တယ်၊ ဆိုဖြစ်တယ်၊ ရချင်လို့လေ၊ ရသွားပြီတော့ ခဏခဏတော့ မဆိုဖြစ်တော့ဘူး၊ သတိရတိုင်းတော့ ဆိုဖြစ်ပါတယ်၊ တစ်နေ့ကို (၅) ခါလောက်တော့ ဆိုဖြစ်တယ် ” လို့ ပြောသည်၊ အရင်ကလို ခေါ်သံတွေ ကြားရသေးလား လို့ မေးတော့ မကြားရတော့ကြောင်း ပြန်ပြောပြသည်၊ ကျေနပ်မိပါသည်၊ ဘုရားရှင် ပေးတော်မူခဲ့သော လောကအကျိုး လောကုတ္တရာအကျိုးထူးကိုပေးနိုင်သော ပါဠိများသည် ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်မည် ရွတ်ဆိုမည်ဆိုလျှင် တကယ်အကျိုးပေးတာ အစွမ်းထက်တာကိုလည်း သိနိုင်ကြပါစေနော်။
(၃) ဖိုးသူတော်လေး နှစ်ပါးအကြောင်း
စာရေးသူ မန္တလေးမှာ ပထမဆုံး နေခဲ့သော ကျောင်းသည် ဖိုးသူတော်များ ရှိနေပါသေးသည်၊ တွေ့ရခဲသော အစဉ်လာလေးတစ်ခုပါ၊ ထိုကျောင်းတိုက်သည်လည်း သုသာန်မြေကို စာသင်တိုက် တည်ထောင်ထားသော ကျောင်းတိုက်တစ်တိုက်ဖြစ်သည်၊ ထိုကျောင်းမှာ သရက်ပင်များက နာမည်ကြီးလှသည်၊ ထိုကျောင်းတိုက်သည် မိသားစု စိတ်ဓာတ်ဖြင့်တည်ထောင်ထားသော ကျောင်းတိုက်ဖြစ်သည်၊ ကျောင်းတိုက်ထဲမှာ ရှိသော အသီးများကို မည်သူမျှ ဆွတ်မစားရပါ၊ ဆွတ်စားလျှင် ကျောင်းတိုက်မှ နှင်ဒဏ်ဖြစ်သည်၊ မနှင်ခဲ့လျှင်လည်း ကြီးလေးသော ကြိမ်ဒဏ်ပေးခံရသည်၊ သစ်သီးများကို ဆွတ်ပြီး အဆောင်လိုက် စာရင်းအလိုက် ဝေပေးသည်လေ၊ ညတစ်ညပေါ့၊ ထိုညက မိုးသည်းစွာ ရွာထားသည်၊ မိုးတိတ်ချိန်သည် ည ၃း၀၀ နာရီလောက်ဖြစ်သည်၊ ကိုရင်တစ်ပါးသည် အပေါ့စွန့်ချင်သဖြင့် ထပြီး အပေါ့စွန့် သည်၊ ပြီးလျှင် နာရီကို ကြည့်လိုက်သည်၊ ခု ၃း၁၅ ရှိနေပြီ၊ မနက်စောစောထပြီး တံမြက်စည်းလှဲရ ချိန်က ၄း၀၀ နာရီ၊ ကိုရင့်စိတ်ထဲမှာ နေ့ခင်းက မြင်ထားသော သရက်သီးများကို သွားသတိရလိုက်သည်၊ “ အင်း ဟုတ်ပြီ ၊ ငါ ပြန်မအိပ်တော့ဘူး၊ နေ့ခင်းက မြင်ခဲ့တဲ့ သရက်သီးကို ဆွတ်လိုက်မယ်၊ ငါ သရက်သီးဆွတ်ပြီးချိန်နဲ့ ၄း၀၀ နဲ့ ကွတ်တိပဲ၊ ပြီးရင် ငါတာဝန်ကျတဲ့နေရာမှာ တံမြက်စည်းလှဲလိုက်မယ် ” ဟု တွေးကာ ကျောင်းအောက်မှ တံမြက်စည်းကို ထမ်းပြီး သရက်ပင်ဆီသို့ ခြေဦးတည်သည်၊ အင်း “ စည်းကမ်းထုတ်သည်ဆိုတာ ကောင်းသူတွေချည်းဖြစ်ဘို့ မဟုတ်ပါ၊ ဆိုးသူတွေကို ဆိုးကျိုးမတွေ့အောင် ကာကွယ်ဘို့လည်း ပါသည်၊ မိခင်တစ်ယောက်တည်းက မွေးတဲ့ သားသမီးတွေတောင် အဆိုးရော အကောင်းရော ရောနေသေးလျှင် မိခင်များစွာက မွေးဖွားထားသော သံဃာများစွာအတွက် အထူးပြောစရာမလို ” ဟု ထင်ပါသည်နော်။
သူသရက်ပင်ပေါ် တက်ဘို့ ဟိုကြည့် သည်ကြည့်နဲ့ အချိန်တော်တော်ယူလိုက်ရသည်၊ အခြေအနေ ကောင်းသည်နဲ့ သူတက်တော့သည်၊ မိုးရွာထားသဖြင့် သရက်ပင်က ချော်နေသည်၊ သို့သော်လည်း ရသတဏှာ၏ ဆွဲအားက ပြင်းထန်လွန်းသည်၊ ကိုရင်မှာ ထိုရသတဏှာ၏ ဆွဲအားကို မတွန်းလှန်နိုင်သဖြင့် ကြိုးစားတက်သည်၊ အပေါ်ရောက်တော့ သရက်သီးများကို ဆွတ်သည်၊ ခူးသည်၊ ၀မ်းသာကြည်နူးလို့ မဆုံးပေါ့၊ သရက်သီးတစ်လုံး၊ ဟိုဘက်က သစ်ကိုင်းမှာ၊ ထိုအသီးကို ခူးချင်သည်၊ ထိုအသီး ခူးပြီးရင်တော့ တော်ပြီပေါ့၊ ထိုသစ်ကိုင်းကို ကူးဘို့အလုပ်မှာပဲ ကိုရင်ပြုတ်ကျသွားသည်၊ ကံဆိုးသွားရှာသည်၊ ကိုရင်ပြုတ်ကျချိန်မှာ (၄) နာရီ ထိုးခါနီး အချိန်ဖြစ်သည်၊ တံမြက်လှဲဘို့ အခြားသောကိုရင်များ ထကုန်ကြပါပြီ၊ “ ၀ုန်း ၀ုန်း ဗြောင်း ဗိုင်း ” ဟူသော အသံကြားသဖြင့် ကိုရင်များက အုန်းသီးကြွေကြ သည်ဟု ထင်ကြသည်၊ သူသူ ငါငါ အပြေးအလွား ပြေးကြသည်၊ သူ့ဘာသာ ကြွေကြသော အသီးဆိုလျှင် ကောက်စားခွင့် ရှိသည်လေ။
ကိုရင်လေးများ အထင်နဲ့ အမြင်လွဲသွားတော့သည်၊ သူတို့မြင်လိုက်ရတာက အုန်းသီးမဟုတ်ပါ၊ ကိုရင်တစ်ပါး သာဖြစ်သည်၊ ခေါ်လို့လည်း မရတော့ပါ၊ ကိုရင်များလည်း အလန့်တကြားဖြစ်ပြီး အဆောင်ဘုန်းကြီးများကို ပြောရတော့သည်၊ အဆောင်ဘုန်းကြီးများရောက်လာပြီး လက်နှိပ်မီးဖြင့် သေသေချာချာ ထိုးကြည့်ရသည်၊ ထိုနေရာသည် မီးရောင်မတိုးပါ၊ ဓာတ်တိုင်များမှ မီးသီးများ၏ မီးလင်းအားနည်းတာလည်း ပါလိမ့်မည်၊ အခြားသော တရုတ်စကားပင် ခံသီးပင် သရက်ပင် သဘောင်္ဇီးပျိုပင်များဖြင့်လည်း မှောင်ပိတ်နေသည်၊ အဆောင်ဘုန်းကြီးများသည် ကိုရင်လေးကို ကိုင်ကြည့်သည်၊ ခေါင်းတစ်ခြမ်းမှာ ခြေထဲခွက်ဝင်နေသည်၊ မိုးရွာထားသဖြင့် မြေကြီး၏ အိနေခြင်း အမြင့်မှ ကျလာသော အရှိန်၏ပြင်းထန်ခြင်း တို့ကြောင့် ထိုသို့ ဖြစ်သွားခြင်းပါ၊ ကိုရင့်ခေါင်းကို ညင်ညင်သာသာ မ ရသည်၊ အဲဗျာ -- မြေထဲ ၀င်နေတဲ့ ခေါင်းတစ်ခြမ်းမှာ အိအိညက်ညက် ကြေနေ သည်၊ ပြီးလျှင် ပွေ့ချီပြီး အလယ်တိုက်ကြီးအောက်ကို သယ်သည်၊ အလယ်တိုက်ကြီးအောက် ရောက်တော့ လှုပ်ရ ရမ်းရသည်၊ ကိုရင်သတိပြန်ရလာသည်၊ သတိရပြန်ရလာ သည်နဲ့ အတူ သူ့ခေါင်းမှ အိညစ်နေသော ဒဏ်ရာမှာ ပင်ကိုယ် အတိုင်း ပြန်ဖြစ်သွားသည်၊ မြင်ရသူတိုင်း အံ့သြကြရသည်၊ ကိုရင်စိတ်ပုံမှန်ဖြစ်တော့ အဆောင်ဘုန်းကြီးတစ်ပါးက “ မင်းကွာ၊ မသိအောင် သရက်သီး ခူးရင်လည်း သေသေချာချာ လုပ်မှပေါ့၊ မိုးရွာလို့ သစ်ကိုင်းတွေ ချော်နေတယ်ဆိုတာ မသိဘူးလား ” ဟု ပြောသည်၊ ထိုအခါ ကိုရင်က “ တပည့်တော် ချော်ကြတာ မဟုတ်ဘူးဘုရား၊ နောက်က တစ်ယောက် ယောက်က တွန်းချလိုက်တာ ” လို့ ပြန်ပြောသည်၊ အားလုံး ကြောင်သွားကြသည်၊ ထိုကိုရင်လေးကံ မကောင်းရှာပါ၊ နှင်ထုတ်ခံလိုက်ရသည်။
ခု ပြောမယ့် ဖြစ်ရပ်က ထိုသရက်ပင်နဲ့ ဖိုးသူတော်တွေနေတဲ့ ကျောင်းဆောင် အကြားမှာပါ၊ တစ်နေ့ ည (၉)နာရီ စာအံကျောင်းဆင်းချိန်၊ ဖိုးသူတော် အကြီးဆုံး၊ အသက်က ၉ နှစ်လောက်ရှိမည်၊ ထိုအချိန်က စာရေးသူ အသက်က (၁၄)၊ ဖိုးသူတော်လေးက ပအိုးဝ်တိုင်းရင်းသားလေးပါ၊ ဖိုးသူတော်လေးများသည် ထိုညက စာအံကျောင်း ဆင်းပြီး တူတူပုန်းတမ်းကစားကြသည်၊ ကစားပြီး သူတို့အဆောင်ဘုန်းကြီးက အဆောင်စာရင်းစစ်သည်၊ ထိုအခါ ဖိုးသူတော် အကြီး မပါပါ၊ ထို့ကြောင့် ကျောင်းပြင်ခိုးထွက်သွားတာလား ဘာလားညာလားဆိုပြီး စိတ်ပူကြရသည်၊ ထိုသတင်းက ပျံ့သွားသည်၊ ထိုသတင်း အထက်အုပ်ချုပ်ရေးမှူးဆီ မရောက်ခင် ၀ိုင်းရှာကြ သည်၊ ဘယ်လိုမှ ရှာမရ၊ အားလုံး စိတ်သောကရောက်ကြရသည်၊ ဒါနဲ့ အုပ်ချုပ်ရေးမှူးသို့ သတင်းပို့လိုက် သည်၊ အုပ်ချုပ်ရေးမှူးရောက်လာသည်၊ သူကိုယ်တိုင် စာရင်းပြန်စစ်သည်၊ မပါပါ၊ ကဲ -- နှင်လိုက်ကြောင်း အများသိအောင် ပြောပြီး အုပ်ချုပ်ရေးမှူးပြန်သွားသည်။
အုပ်ချုပ်ရေးမှူးလည်း ကျောင်းဆောင်ရှေ့ မိန်းလမ်းရောက်တော့ ပလက်ဖောင်းဘေးက အုန်းပင်ငယ်လေး အောက်မှာ ဖွေးဖွေး ဖွေးဖွေးနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာကို တွေ့လိုက်သည်၊ ဘာလဲလို့ အနီးကပ်ကြည့်လိုက်တော့ ဖိုးသူတော်၊ အုပ်ချုပ်ရေးမှူးရောက်နေတာကိုလည်း မသိ၊ တစ်ယောက်တည်း စကားတွေပြောလိုက် ရယ်လိုက်လုပ်နေသည်၊ အုပ်ချုပ်ရေးမှုးက အပေါ်ရုံကို ဆွဲလိုက်တော့မှ နောက်ကို လှည့်ကြည့်သည်၊ ပြီးတော့ သူလန့်သွားသည်၊ အုပ်ချုပ်ရေးမှူးက သူ့ကို ဆွဲခေါ်ပြီး ကျောင်းဆောင်သို့ ပြန်သွားသည်၊ ကျောင်းဆောင်ရောက်တော့ “ မင်း ဘာလုပ်နေတာလဲ ၊ ဘယ်တွေ သွားနေတာလဲ ” ဟု မေးသည်၊ ဖိုးသူတော်လေးက “ တူတူပုန်းတမ်းဆော့နေတာ၊ အဲဒါ ဦးသူတော် ဘိုးဘိုးကြီးက ခေါ်သွားလို့ လိုက်သွားတာပါ၊ သူနဲ့ စကားပြောနေတာပါ၊ သူက ပြန်လိုက်ပို့လို့ နှုတ်ဆက် စကားပြောနေတုန်း အုပ်ချုပ်ရေးနဲ့ တွေ့တာပါ ” လို့ ပြောပြသည်၊ အုပ်ချုပ်ရေးမှူးလည်း ကောင်းကောင်း သဘောပေါက်နားလည်သွားသည်၊ ဘာကိုနားလည်သွားသည်ကိုတော့ မပြောပြပါ၊ အုပ်ချုပ်ရေးမှူးသည် ဒီကျောင်းတိုက် အကြောင်းကို အသေးစိတ်သိနေသည်ပဲလေ၊ ဖိုးသူတော် ကိုတော့ နှင်မထုတ်ကြောင်း ပြောပြသွားသည်၊ ပြီးတော့ ကိုရင်ငယ်တွေ ဖိုးသူတော်တွေ ည (၉)နာရီကျော်လျှင် မဆော့ကြဘို့ တစ်ယောက်တည်း ဟိုသွား ဒီသွား မလုပ်ကြဘို့ မှာသွားသေးသည်။
တစ်နေ့ ညနေ (၇)နာရီ ထိုးကာနီးအချိန်မှာပါ၊ ပလောင် ဖိုးသူတော်လေး တစ်ပါးရှိသည်၊ သူသည် အတန်းမရှိသေးပါ၊ ငယ်လွန်းသေးသဖြင့် ဗမာစကားတတ်အောင်ကို မနည်းသင်ပေးနေရသည်၊ မပီမသ ပြောသည့်သူ့အသံလေးက ချစ်စရာကောင်းသည်၊ သူ့မှာ စာအံကျောင်းမရှိ၊ ဗမာစာ သင်တဲ့အခါပဲ စာတက်ရသည်၊ ကျန်တဲ့အချိန်မှာ သူ အားနေသည်၊ အားလုံးပဲ ည (၇)နာရီဆိုလျှင် စာအံကျောင်းတက်ရသည် (စာအံကျောင်းဆိုတာ ကိုယ်ကြိုက်တဲ့ စာကျက်ရသော အချိန်ဖြစ်သည်)၊ သံဃာများ အတန်းရှိ ဖိုးသူတော်များ စာအံကျောင်းသို့ သွားနေကြသည်၊ စာအံကျောင်းရောက်လျှင် တာဝန်ရှိဆရာမှ စာရင်းစစ်ရသည်၊ ဒါက နေ့စဉ်လုပ်နေကြပါ၊ ဒီနေ့ မလာသေးပါ၊ ဆရာ မရှိလို့လား ဘာလား ညာလားပေါ့၊ ဘယ်လာနိုင်မလဲဗျာ၊ တာဝန်ကျဆရာက အလုပ်ရှုပ်နေသည်လေ။
ဖိုးသူတော်လေးသည် ဗိုက်ဆာသဖြင့် ထမင်းစားဘို့ရန် ပန်းရံလက်သမားများနေသော ကျောင်းဆောင်သို့သွားသည်၊ ဖိုးသူတော်ကျောင်းဆောင်နဲ့ ပန်းရံတွေ လက်သမားတွေ အလုပ်လုပ် ချိန်အတွင်းနေသော ကျောင်းဆောင်သည် တော်တော်လေးလှမ်းပါသည်၊ ပန်းရံကျောင်းဆောင်သို့ မိန်းလမ်းကြီးမှ သွားလျှင် လမ်းသာသည်၊ သို့သော် တာဝန်ခံများ အဆောင်ရှေ့ မှ ဖြတ်သွားရမည်၊ ထို့ကြောင့် ဖိုးသူတော်လေးက ဖြတ်လမ်းဖြစ်သော အလယ်တိုက်ကြီး အနောက်ဘက်တည့်တည့် သရက်ပင်ကြီးအောက်မှ ဖြတ်သွားသည်၊ ကိုရင်တစ်ပါး လိမ့်ကျသော သရက်ပင်သည် အလယ်တိုက်ကြီး၏ အနောက်တောင်တောင့်မှာ ရှိသည်၊ ကျောင်းဝန်းထဲမှာ သရက်ပင်များ အုန်းပင်များ တရုတ်စကားပင်များ ခံသီးပင်များ သင်္ဘောဇီးပျိုသီးပင်များ ဗန်ဒါပင်များ တရုတ်တည်ပင်များ များစွာရှိသည်၊ ဖိုးသူတော်လေး ပန်းရံကျောင်းဆောင်ရောက်တော့ ထမင်းကျန်သေးလားလို့ မပီကလာ အသံဝဲလေးနဲ့ မေးသည်၊ မရှိတော့ကြောင်း ပန်းရံကျောင်းဆောင်မှ လူများက ပြောသည်၊ ဖိုးသူတော်လေးမှာ စိတ်ညက်ညက်နဲ့ (ညစ် - သည် ညစ်ပတ်ပေလျှံနေတာကို ဆိုလိုသည်၊ ညက် - သည် ကြေညက်နေသည်ကို ဆိုလိုသည်) ပြန်လာသည်၊ ဗိုက်ဆာနေသဖြင့် စိတ်ဓာတ် တွေ ကြေညက်နေသည်လေ။
ယနေ့ စာအံကျောင်းတာဝန်ခံဆရာဆီကို အခြားအဆောင်မှ ဆရာတစ်ယောက် ရောက်နေသည်၊ စာအံကျောင်းတာဝန်ခံဆရာသည် (၇) နာရီထိုးလျှင် စာအံကျောင်းစစ်ရမည်ကို သိသဖြင့် အခြားအဆောင် မှ ဆရာလည်း (၇)နာရီထိုးသဖြင့် ပြန်သွားသည်၊ သူ့အဆောင်ကို အလယ်တိုက်ကြီး အနောက်ဘက် တည့်တည့် သရက်ပင်အောင်မှ ဖြတ်ပြန်သည်၊ သရက်ပင်အောက်ရောက်ရော သရက်ပင်ပေါ်မှာ စကား ပြောသံ ရယ်သံကို ကြားနေရသည်၊ ပြီးတော့ ပိတ်စ ဖြူဖြူလေးကိုလည်း တွေ့ရသည်၊ မှောင်မဲနေသဖြင့် ကွဲကွဲပြားပြားမသိရ၊ ထို့ကြောင့် စာအံကျောင်းတာဝန်ခံ ဆရာဆီပြန်သွားသည်၊ စာအံကျောင်းတာဝန်ခံ ဆရာမှာလည်း စာအံကျောင်းသွားဘို့ ထွက်လာသည်၊ သူတို့တွေ့တော့ အဖြစ်အပျက်ကို ပြောပြသည်၊ ထိုအခါ စာအံကျောင်းတာဝန်ခံဆရာက “ ဟုတ်လား ၊ နေဦးဟ၊ လက်နှိပ်မီးယူခဲ့ဦးမယ် ” ဆိုပြီး လက်နှိပ်မီး ယူကာ သွားကြသည်။
သရက်ပင်အောက်ရောက်တော့ ခဏရပ်ပြီး နားထောင်ကြည့်လိုက်ကြသည်၊ ဟုတ်သည် စကားပြောသံရော ရယ်သံရော ကြားနေရသည်၊ သေချာနေသည်မို့ လက်နှိပ်မီးနဲ့ ထိုးကြည့်လိုက်သည်၊ သရက်ပင် ခွကြားမှာပါ၊ ဖိုးသူတော်လေး တခိတခိနဲ့ရယ်နေသည်၊ စကားပြောသံ မကြားရတော့ပါ၊ ခဏကြာကြာ ရပ်ကြည့်ပြီး အနီးနားမှ သစ်ငုတ်တို တစ်ခုကို မ သည် ၊ သရက်ပင်ခွက လူတစ်ရပ်ထက်ပိုမြင့်နေသည်လေ၊ ပြီးလျှင် တစ်ယောက်က လက်နှိပ်မီးနဲ့ထိုးထားပြီး တစ်ယောက်က ဖိုးသူတော်ကို အောက်သို့ ချရသည်၊ ပြီးတော့ ဖိုးသူတော်လေးကို “ ဘာလုပ်နေတာ သရက်ပင်ပေါ်တက်ပြီး၊ ဘာလို့ရယ်နေတာလဲ၊ ဘယ်သူနဲ့ စကားပြောနေတာလဲ ” လို့ မေးကြသည်၊ ထိုအခါ ဖိုးသူတော်လေးက “ ဆံပင်ရှည်ရှည်နဲ့ မိန်းမတစ်ယောက်က ခေါ်သွားတယ်၊ သူက ထမင်း စားမလား မေးတယ်၊ သူက ကပြတယ်၊ ယားအောင် ကလိထိုးတယ် ” လို့ ပြောပြသည်၊ ဖိုးသူတော်လေး ပြောတဲ့အသံလေးက ခုစာရေးသလိုမဟုတ်ပါ၊ စာရေးမည့်အစား သူ့အသံဖိုင်လေးသာ ထည့်ပေးလိုက်ချင်တာ၊ သို့သော်လည်း ဆန္ဒသာ ရှိသည်လေ၊ ထိုညက စာအံကျောင်းတာဝန်ခံဆရာတော်မှ စာရင်းလာ စစ်တော့ အဖြစ်အပျက်အားလုံးကို ပြောပြသည်၊ ကျောင်းတိုက်ထဲမှာ ဥစ္စာစောင့်များ များစွာ ရှိကြောင်း အစောင့်များ များစွာရှိကြောင်း ပြောပြသည်၊ ပြီးတော့ မရိုမသေ မလေးမစားနဲ့ သစ်ပင်ရင်းမှာ အကြီး အပေါ့ စွန့်တာတွေ မလုပ်ကြဘို့၊ ဆဲရေးတိုင်းထွာတာတွေမလုပ်ကြဘို့ အသိပေး ပြောကြားလေသည်။
ကဲ ဒီလောက်ဖတ်ပြီးရင်တော့ ဥစ္စာစောင့်များ ရှိကြောင်းကို ယုံသင့်/ မယုံသင့် စာဖတ်သူများကိုယ်တိုင်သာ သုံးသပ်ကြည့်ပါနော်၊ စာရေးသူကတော့ ယုံဘို့ပြောသည် မဟုတ်ပါ၊ စာရေးသူ စိတ်ဝင်စားသော အဖြစ်အပျက် အမှန်များကိုသာ ရေးသားတင်ပြခြင်းဖြစ်သည်၊ ဥစ္စာစောင့်ဖြစ်ခြင်းသည် ခုနောက်ပိုင်း ခေတ်မှာတော့ တော်တော်လေးကို ရှားလိမ့်မည်ဟု ထင်ပါသည်၊ ဘာကြောင့်လဲဆိုတော့ မြေအောင်မှာ သိုမှီး သိမ်းဆည်းထားသော ဥစ္စာ ရွှေအိုးငွေအိုး ရွှေထုပ် ငွေထုပ်များ မရှိတော့သောကြောင့်ဖြစ်သည်၊ ရှေးခေတ်ကာလက လူများသည် သူတို့ပိုင်ဆိုင်သော ရွှေငွေ ရတနာများကို မြေအောက်မှာ တွင်းတူးပြီး သိမ်းဆည်းထားကြသည်၊ ရန်ကင်းအောင်ဟု သဘောပိုက်ကာ ထိုသို့ထားကြခြင်းဖြစ်သည်၊ ထိုလူများ အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားသောအခါ သူတို့သိမ်းဆည်းထားသော ရွှေငွေရတနာများကို စွဲလန်းပြီး ထိုဥစ္စာများကို စောင့်ရှောက်နေရသူများ ဖြစ်သွားကြသည်၊ ထိုသို့သောသူများကို ဥစ္စာစောင့်ဟု ခေါ်ကြသည်၊ ဥစ္စာစောင့်သည်လည်း ၀ိနိပါတိကနတ်မျိုးပင်ဖြစ်သည်၊ ကမ္မဇိဒ္ဓိ (ရှေးကံကြောင့်ဖြစ်သော တန်းခိုးစွမ်းအင်) တော့ ရှိသည်။
ဥစ္စာစောင့်ဖြစ်ခြင်းသည်---
(၁) မိမိသိမ်းဆည်းထားသော ပစ္စည်းဥစ္စာကို စွဲလန်းပြီး သေးဆုံးသူသည်လည်း ထိုပစ္စည်းဥစ္စာကို စောင့်ရှောက်ရသော ဥစ္စာစောင့်ဖြစ်တတ်သည်၊
(၂) တစ်စုံတစ်ယောက်က အမိန့်အာဏာနဲ့ တစ်စုံတစ်ခု( စေတီတို့ တံတားတို့ ဆည်ကန်ဘောင် တို့ကို စောင့်ရှောက်ဘို့) ကို မပျက်မစီးအောင် စောင့်ရှောက်ဘို့ ခိုင်းခြင်းဖြင့် စတေးခံရသော -- အသတ်ခံရသော သူများသည်လည်း ထိုအရာများကို စောင့်ရှောက်ရသော ဥစ္စာစောင့် ဖြစ်တတ်သည်။
ကဲ ဥစ္စာစောင့်ဆိုတာ ဘယ်လို အမျိုးအစားလဲဆိုတာရယ် ဥစ္စာရှိနိုင် မရှိနိုင်ဆိုတာရယ် သိလောက်ပါပြီနော်၊ အဲလိုလေး သိသွားမယ်ဆိုရင်ပဲ စာရေးသူအတွက် စာရေးရကျိုး များစွာ ရှိသွားပါပြီလို့ -------------
No comments:
Post a Comment