Thursday, September 1, 2011

သမ္ဗုဒ္ဓေ ဂါထာနဲ့ အဖြစ်အပျက် (၁)

စာရေးသူလည်း စာသင်နှစ်ပြီးချိန် ခွင့် (၁၅) ရက် ရသဖြင့် ပဲခူးတိုင်း ပဲနွယ်ကုန်းမြို့နယ် တောင်သလဲပင်ဆိပ် ရွာသို့ သူငယ်ချင်းနဲ့အတူ လိုက်သွားဖြစ်သည်၊ ရန်ကုန် စော်ဘွားကြီး ကားဂိတ်မှ နေ့ခင်း (၁၂)နာရီမှာ စထွက်သည်၊ (အောင်မင်္ဂလာသို့ မပြောင်းရွေ့  သေး)၊ ပဲနွယ်ကုန်းမြို့သို့ ညနေ (၃း၅၀) လောက်မှာ ရောက်သည်၊ ဆိုင်ကယ်တစ်စီးငှားပြီး ရွာသို့ သွားကြသည်၊ တောင်သလဲပင်ဆိပ်ရွာမှာ တစ်ရက်နားကြသည်၊ ဘုန်းကြီးကျောင်းသည် ရွာနဲ့ ကပ်လျှက်၊ သို့သော်လည်း ကျောင်းထိုင်ဘုန်းကြီးနဲ့ သိပ်အဆင် မပြေသဖြင့် ရွာသူ ရွာသားများက ကျောင်းသို့ အလာနည်းသည်၊ ထို့ကြောင့် ကျောင်းနဲ့ ရွာနဲ့ နီးသော်လည်း ဝေးသကဲ့သို့ ဖြစ်နေသည်၊ " လူချင်း နီးသော်လည်း စိတ်ချင်းဝေးလျှင် ဝေးနေခြင်းပင် ဖြစ်သည်၊ တစ်အိမ်တည်းပင် နေသော်လည်း စိတ်ချင်း မနီးလျှင် အဝေးမှာ နေသည်နဲ့ မခြားပါ " ။

ကျောင်းသို့ရောက်လျှင်ပဲ ဘုရားရှင်ကို ဦးချသည်၊ ပြီးတော့ ကျောင်းထိုင်ဆရာတော် ဦးဝိလာသကိုလည်း ဦးချသည်၊ ပြီး သူတို့ ဆရာသမားပုံတူ ရုပ်တုကိုလည်း ဦးချသည်၊ စာရေးသူသည် ထိုပုံတူရုပ်တုကို သေသေချာချာကြည့်မိသည်၊ ပီပြင်လိုက်သည့် ပန်းပုဆရာ၊ တကယ် သက်ရှိထိုင်နေသည်ဟုတောင် ထင်မှတ်ရသည်၊ ထိုရုပ်တုဘေးမှာပဲ စာရေးသူတို့ အိတ်များကို နေရာချထားလိုက်သည်၊ သူငယ်ချင်းသည် အဖေ (ကျောင်းဆရာ -- တောင်သလဲပင်ဆိပ်ရွာ)နဲ့ အမေ (ပဲနွယ်ကုန်းမြို့ တောင်ဘက်တွင် ရှိသော ရွာကြီး) တို့မှ မွေးဖွားသူဖြစ်သည်၊ ဖခင်ဆုံးတော့ သူ့ကို ဘုန်းကြီးကျောင်းမှာ ခေါ်ထားသည်၊ ထို့ကြောင့် သူ့အဖေရွာ တွင် တစ်ရက်နေသည်၊ နောက်နေ့တွင် သူ့အမေရွာသို့ သွားကြသည်၊ သူ့အမေရှိသော ရွာတွင် ဘုရားပွဲရှိသည်၊ ထိုရွာတွင် တစ်ည တည်းခိုကြသည်၊ နောက်နေ့တွင် မန္တလေးမှာ ဆုံမိသော ကိုသန့်စင်နဲ့ တွေ့သဖြင့် သူ့ရွာ (ခင်ကြီး စက်မှု့လက်မှု့ ကျေးရွာ) သို့ စာရေးသူ လိုက်သွားသည်။

ထိုရွာတွင် တစ်ရက်နေသည်၊ နေ့ခင်းဘက်တွင် ရွာသားများက ပွဲတော်ရှိသဖြင့် အလုပ်ရှုပ်နေကြသည်၊ စာရေးသူက တစ်ယောက်တည်း ၊ ဘုန်းကြီးကျောင်းက ဓမ္မာရုံထဲမှာ၊ နေ့ခင်းဘက်တွင် ဘာမှ လုပ်စရာမရှိသဖြင့် ပါလာသော ပဋ္ဌာန်းလက်ဆောင် စာအုပ်ထဲမှ ပစ္စယနိဒ္ဒေသပါဠိကို ကျက်လိုက်သည်၊ စိတ်ရဲ့ စူးစိုက်မှု့အားကောင်းလို့ထင်ရဲ့  ၊ နေ့ခင်း (၂) နာရီလောက်ပဲ ကျက်လိုက်သည်၊ အကုန်အလွတ် ရသွားသည်၊ ရပြီးသား စာများကို မေ့ပျောက်သွားမှာ နှမျောသဖြင့် ထပ်ကာ ထပ်ကာ ပြန်နေလိုက်သည်၊ ထို ခင်ကြီး ရွာသည် စာရေးသူ၏ မေ့လို့မရသော နေရာများထဲတွင် တစ်ခု အပါအ၀င်ဖြစ်သည်။

တစ်ရက်နေပြီး တောင်သလဲပင်ဆိပ်ရွာသို့ လိုက်ပို့ခိုင်းသည်၊ ကိုသန့်စင်တို့ သူငယ်ချင်း တစ်စုက ဆိုင်ကယ် နှစ်စီးနဲ့လိုက်ပို့သည်၊ တောင်သလဲပင်ဆိပ်ရောက်တော့ သူငယ်ချင်းက ပြန်ရောက်နေပါပြီ၊ သူ့အမေလည်း ပါလာသည်၊ သူက " အဲဒီရွာကို အမေ့ရွာမို့သာ သွားရတာ၊ ငါမပျော်ဘူးဟ၊ ဒီရွာမှာဆို ငါပျော်တယ်၊ အဖေ့ရွာမို့လို့တော့ ပြောလို့မရဘူးပေါ့ကွာ၊ ငါမွေးခဲ့တဲ့နေရာဖြစ်လို့ထင်တယ်၊ ပြီးတော့ ငါကြီးပျင်းခဲ့ရတဲ့ နေရာလည်း ဖြစ်လို့နေမှာပေါ့ " လို့ ပြောသည်၊ ထိုတောင်သလဲပင်ဆိပ်ရွာလေးမှာ နေရတာ ပျော်ပါသည်၊ ညဘက်မှာ ရပြီးသား ပဋ္ဌာန်းများကို ပြန်ဆိုဖြစ်သည်၊ ပဋ္ဌာန်းပြန်ဆိုလျှင် ကျောင်းနောက်ဘက် ပန်းခြံထဲမှ ခွေးပြေးသံလိုလို လေတိုက်သံလိုလို အသံကို မကြာမကြာ ကြားနေရသည်၊ ထို့ကြောင့် စာရေးသူလည်း သူငယ်ချင်းကို ပဋ္ဌာန်းအတူရွက်ပေးဘို့ အကူညီတောင်းရသည်၊ သူငယ်ချင်းက ပဋ္ဌာန်းရပြီးသားဆိုတော့ အဆင်ပြေသွားသည်၊ နှစ်ယောက်သား အတူတူ ပြန်ဆိုကြသည်၊ ပရိတ်များလည်း ပြန်ဆိုဖြစ်ကြသည်။

တစ်ရက်မှာ ခရမ်းချည်သီးသုတ်စားရင်း သူငယ်ချင်းနဲ့ စကားပြောဖြစ်ခဲ့သည်၊ ခုံခေါက်သရဲ အကြောင်း--
သူငယ်ချင်း          “ ငါတို့ ခုံခေါက်ပြီး သရဲခေါ်မလား ”
စာရေးသူ       “ ခေါ်လို့ ရလို့လား၊    ကြားတော့ ကြားဖူးတယ်၊ ဒါပေမဲ့ မယုံဘူး၊ မြင်လည်း မမြင်ဘူးဖူး ”
သူငယ်ချင်း     “ ဟုတ်တယ်၊ အဲဒါကို မယုံမရှိနဲ့ ၊ ငါတို့ ခေါ်ဘူးတယ်၊ ပြီးတဲ့နှစ်က မန္တလေးက သူငယ်ချင်း   တွေ ငါးယောက်လောက် လာလည်တော့ လူစုံတာနဲ့ ခုံခေါက်သရဲ ခေါ်ဖြစ်တာလေ၊ ခေါ်တဲ့ သူက ခေါ်တဲ့ အချိန်မှာရော  ပြန်ပို့တဲ့အချိန်မှာရော မကြောက်ရဘူး၊ အာဏာသံပါပါနဲ့ ပြောဆိုရတယ်၊ ခေါ်ရတယ်၊  ပြန်ပို့ ရတယ် ”
စာရေးသူ     “ ဟုတ်လား၊ ခုတော့ မခေါ်ပါနဲ့တော့၊ (စာရေးသူက ကြောက်သည်လေ)၊ ပြီးတဲ့နှစ်က ခေါ်ခဲ့ပုံလေးတွေ ပြောပြစမ်းပါ ”
သူငယ်ချင်း  “ ငါတို့ စားပွဲတစ်လုံးကို ယူပြီး ကျောင်းအရှေ့  ဘက်က ဘောလုံးကွင်းထဲမှာ ခေါ်ကြတာ၊ စားပွဲခုံကို သူ့လက်ကိုယ့်လက် လက်ချင်းဆက်ပြီး ထားရတယ်၊ အပေါက်လေး တစ်ပေါက်ချန်ထားတယ်ကွာ၊ ပြီးရင် အသံပြင်းပြင်းနဲ့ ချန်ထားတဲ့ အပေါက်ထဲကတိုင် ၀င်လာဘို့ ခေါ်ရတယ် ”
စာရေးသူ        “ ဟင် ၊ သရဲလာ  မလာဘယ်လို့ သိမှာလဲ ”
သူငယ်ချင်း    “ သိတာပေါ့ဟ၊ သူလာရင် ခုံကိုလှုပ်ပြီး အချက်ပေးဘို့လည်း ထည့်ပြောထားတာလေ ”
စာရေးသ       “ အော် ”
သူငယ်ချင်း    “ သူရောက်လာလို့ ခုံလှုပ်သွားပြီးရင် အပေါက်ကို ပိတ်လိုက်ရတယ်၊ လက်ချင်းဆက်ပြီး ခုံကို အလုံထားလိုက်ကြတယ်၊ အဲဒီနောက်မှာတော့ ကြိုက်တာမေးလို့ ရတယ် ”
စာရေးသူ       “ ဟုတ်လား၊ ဘာတွေ မေးဖြစ်ကြလဲ ”
သူငယ်ချင်း   “ အစဆုံးမေးတာက ဒီကျောင်းဝင်ထဲမှာ သရဲတွေရှိလား ဘယ်နှစ်ကောင်ရှိလဲ ရှိရင် ခုံခေါက်ပြပါလို့ မေးတယ် ”
စာရေးသူ       “ အဲတော့ ဘာဖြစ်လာလဲ ”
သူငယ်ချင်း  “ ရှိတယ်တဲ့၊ ကျောင်းထဲမှာ သရဲ ၂၇ ကောင်ရှိသတဲ့၊ ခုံကို (၂၇ ) ချက် ခေါက်ပြတယ်လေ”
စာရေးသ       အင် ၊ များလှချည်လား၊ ပြီးတော့ရော ”
သူငယ်ချင်း “ အဲဒီသရဲတွေက ကျောင်းက ဦးဇင်းတွေ ကိုရင်တွေကို အန္တရာယ်ပြုလားလို့ မေးတယ်လေ၊ ပြုရင် ဒီဘက်ခေါက် မပြုရင် ဟိုဘက်ခေါက်ဆိုပြီး ပြောလိုက်တယ် ”
စာရေးသူ      “ အဲတော့ ”
သူငယ်ချင်း “ မပြုတဲ့ဘက်ကို ခေါက်တယ်၊ နောက်ပြီး --သမ္ဗုဒ္ဓေ ဂါထာကို ကြောက်လား ၊ ကြောက်ရင် ဒီဘက်ခေါက် မကြောက်ရင် ဟိုဘက်ခေါက်-- လို့ မေးကြတယ် ”
စာရေးသူ      “ အဲတော့ ”
သူငယ်ချင်း   “ ကြောက်တဲ့ဘက်ကို ခေါက်တယ်လေ ”

အထက်ပါ အချက်အလက်များသည် စာရေးသူနဲ့ သူငယ်ချင်း ပြောဖြစ်ခဲ့သော အကြောင်းအရာများဖြစ်သည်၊ စာရေးသူ ရင်ထဲမှာ  " သရဲများက သမ္ဗုဒ္ဓေဂါထာကို ကြောက်သည် " ဟူသောအချက်ကို စွဲသွားလေသည်၊ ထိုညက တော်တော်နဲ့အိပ်မရခဲ့ပါ၊ သူငယ်ချင်းရော အခြားကိုရင် ကျောင်းသားလေးများရော နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်၊ စာရေးသူမှာတော့ သရဲအကြောင်းများတွေးပြီး အိပ်မပျော်ခဲ့၊ နွေရာသီ စောင်ကို ခေါင်းပါခြုံပြီး အိပ်နေရသည်၊ ဘယ်လိုမှ အိပ်မရ အိုက်ကလည်းအိုက် ပူကလည်းပူမို့ စောင်ကို အသာလေး ဖယ်ကြည့်မိသည်၊ မှောင်လို့ မဲလို့ ဘာကိုမှ မမြင်ရ၊ ညက တိတ်ဆိတ်လို့ ခေါင်းရင် သရက်ပင်မှ အရွက်များက " ချလောက် ချလောက် " နဲ့ ကြွေကြနေသည်၊ " အင်း ကြောက်တယ်ဆိုတာ စိတ်ပါပဲလေ၊ သူ့ဘ၀နဲ့သူ ဖြစ်နေကြပြီပဲ၊ ငါ့ကို ခြောက်လှန့်ဘို့ နေနေသာသာ၊ သူတို့ စားဘို့ သောက်ဘို့ ရှာနေရတာနဲ့ အချိန်တောင် ရှိမှာ မဟုတ်ဘူး၊ သူတို့လည်း ဘ၀တစ်ခုပိုင်ထားသူတွေပဲ ငါလည်း ဘ၀တစ်ခုပိုင်ထားသူပဲ၊ အတူတူပါပဲ၊ သံသရာခရီးသွားချင်း အတူတူပေါ့ " လို့ တွေးမိပြီး စိတ်သက်သာရာ ရသွားမှ အိပ်ပျော်သွားသည်၊ မနက်ရောက်တော့ သူငယ်ချင်းက " ထဟေ့ ထဟေ့ " ဟု ခြေထောက်နဲ့ တို့ပြီး နိုးနေသည်၊ မျက်စိ ဖွင့်ကြည့်ပြီး အလင်းရောင်တွေ့ရမှ စိတ်အေးတော့သည်။

ယနေ့  အင်တာမီလန်+အာဆင်နယ် ချန်ပီယံလိပ် ဒုတိယအကျော့ ဘောလုံးပွဲရှိနေသည်၊ ညနေ သူငယ်ချင်း၏ အစ်ကို ဦးဇော်မိုးအိမ်မှာ ဂျင်းသုတ်စားကြသည်၊ ပြီးရင် သူငယ်ချင်းတို့က ဘောလုံးပွဲကြည့်ဘို့ သွားကြသည်၊ ပဲနွယ်ကုန်းမြို့ကို သွားကြည့်ရမည်၊ စာရေးသူက ညဘက်လယ်ကွင်းကို မဖြတ်ရဲတာကြောင့် လိုက်မသွားခဲ့၊ စာရေးသူ ကြောက်တာက မြွေ၊ သူတို့လည်း သွားပြီးတော့ စာရေးသူလည်း တစ်ယောက် တည်း ကျောင်းပြန်လာခဲ့သည်၊ ကျောင်းရောက်တော့ ပဋ္ဌာန်းလည်း မရွက်ဖြစ်၊ ပရိတ်လည်း မရွက်ဖြစ်ခဲ့၊ အရမ်းအိပ်ချင်နေသဖြင့် စာရေးသူတို့ အိတ်တွေထားတဲ့နေရာလေးမှာ ခဏလှဲလိုက်သည်၊ စာရေးသူ၏ အိတ်ကို ခေါင်းအုံးလျှက်။

စာရေးသူသည် အိတ်ပေါ်မှာ ဘယ်ဘက်လက်တင်၊ လက်ပေါ်မှာ ခေါင်းတင်လျှက် ဘယ်ဘက်ကို စောင်းလျှက် အိပ်နေသည်၊ ကျောင်းတံခါးသည် " ကျီ "ဟု မြည်သံနဲ့အတူ ပွင့်လာသည်၊ တံခါးပွင့်လာသည်နဲ့တစ်ပြိုင်နက် ဆလိုက်မီးဖြင့် ထိုးပြသလို အလင်းရောင်တန်းကြီး ထင်ထင်ရှားရှား ပေါ်လာသည်၊ စာရေးသူ စိတ်ထဲမှာ "သူငယ်ချင်းတို့ ပြန်လာကြပြီ၊ လရောင်က ကျောင်းထဲအထိ ၀င်ရောက်လာသည် " ဟု ထင်နေမိသည်၊ ထိုအလင်းရောင်ထဲမှာ ကိုယ်ထည်အကြီးကြီး မည်းမည်းသဲသဲကြီး သန်သန်မာမာကြီးနဲ့ တစ်ယောက်၊ " ဒေါင်း ဒေါင်း ဒေါင်း "ဟူသော ခြေသံပါ ကြားရသည်၊ တစ်လှမ်းချင်း လှမ်းလာနေသည်၊ စာရေးသူ အထံသို့၊ စာရေးသူ၏ ခြေရင်းလည်း ရောက်ရော ရပ်သွားသည်၊ ပြီးတော့ သူ့ညာလက်တစ်ဘက်ကို စာရေးသူ မျက်နှာဆီ ဆန့်တန်းလာသည်၊ စာရေးသူလည်း  အင်း သူငယ်ချင်းဆိုလျှင် ငါ့ကို ကန်ပြီး နှိုးနေကြပါ၊ ခု မကန်သေးပါလား၊ ဘာလို့ လက်ကြီးက ငါ့ မျက်နှာဆီကို ဆန့်တန်းနေတာလဲ  ဟု စဉ်းစားမိသည်၊ ထိုသို့ စဉ်းစားနေစဉ် " သရဲ "ဟူသော အတွေးတစ်ခု ဖျတ်ကနဲ စာရေးသူ ရင်ထဲ ရောက်လာသည်၊ ပြီးတော့ " သရဲများက သမ်ဗုဒ်ဓေ ဂါထာကို ကြောက်ကြသည် " ဟူသော အသိပါ ပါလာသည်၊ ဒါနဲ့ သမ်ဗုဒ်ဓေ ဂါထာကို အမြန်ရွက်ဆိုရသည်၊ ကြောက်လန့်စိတ်ကြောင့် တုန်နေလို့ ထင်ရဲ့  ၊ ဂါထာကို ပီပီပြင်ပြင် မရွက်ဆိုနိုင်၊ သို့သော်လည်း ထိုဂါထာကို ရွက်ဆိုဘို့ စိတ်ထဲဖြစ်လိုက်စဉ်မှာပဲ ထိုပုဂ္ဂိုလ်ကြီး၏လက် ရပ်တန့်သွားတာကို သတိထားမိလိုက် သည်၊ လက်ရပ်သွားတာကို သိလိုက်သဖြင့် စိတ်ကိုလျော့ချပြီး ဖြေးဖြေးချင်း ပီပီသသ ရွက်ဆိုရသည်၊ ထိုပုဂ္ဂိုလ်ကြီးသည် သူ့လက်ကို ပြန်လည်ရုတ်သိမ်းပြီး နောက်ပြန်ကြီး ဆုတ်ပြန်သွားသည်၊ ခြေသံကလည်း " ဒေါင်း ဒေါင်း ဒေါင်း " နဲ့မြည်လျှက်၊ သူလည်း ကျောင်းအပြင်ရောက်ရော တံခါးကြီးက " ဂျောင်း " ကနဲ မြည်သံနဲ့အတူ ပြန်ပိတ်သွားသည်၊ တစ်ကျောင်းလုံး မှောင်သွားပြီ၊ စာရေးသူလည်း ကြောက်ကြောက်လန့်လန့်နဲ့ ဘေးမှ သူငယ်ချင်းကို ကြည့်မိသည်။

သူငယ်ချင်းကို မတွေ့၊ မိမိဘယ်နေရာ ရောက်နေသလဲ ပြန်စဉ်းစားရသည်၊ ခေါင်းရင်းဘက်ကို ကြည့်လိုက် သည်၊ တံခါးပေါက်ကို မပိတ်ရသေး၊ ခုမှပဲ စာရေးသူ ဘယ်နေရာမှာ အိပ်ပျော်နေလဲ ဆိုတာကို သိလိုက်ရ သည်၊ အတွေးတွေက အစုံဝင်လာသည်၊ ဘေးမှာလည်း ဆရာတော်ကြီးရုပ်တုနဲ့၊ အိပ်နေသော အခြေအနေအထားကို မလှုပ်ရဲခဲ့၊ ခေါင်းရင်းမှ တံခါးကိုလည်း မပိတ်ရဲခဲ့၊ အသံထွက်သွားမှာကိုလည်း ကြောက်နေမိသည်၊ အသာလေး ပြန်ကွေးနေမိသည်၊ ဘယ်အချိန်မှာ ပြန်အိပ်ပျော်သွားလည်းဆိုတာ ကိုတောင် မသိလိုက်တော့ပါ။

မနက်လင်းတော့ သူငယ်ချင်းကို ဘယ်အချိန်ပြန်လာတာလဲလို့ မေးမိသည်၊ သူငယ်ချင်းက " ငါတို့ညက ဘောပွဲမကြည့်ဖြစ်ဘူး၊ မိုးရွာမယ်ထင်လို့ အစောကြီး ပြန်လာတာ၊ မင်းကို ခရမ်းချည်သီးသုတ်ကျွေးမလို့ အစာပလာ အစုံဝယ်လာခဲ့သေးတယ်၊ မင်းက ခရမ်းချည်သီးသုတ်ဆို အသဲခိုက်အောင် ကြိုက်တာ ငါသိတယ်လေ၊ ဒါပေမဲ့ မင်းအိပ်ပျော်တော့ အိပ်ပျက်သွားမှာစိုးလို့ မနှိုးတော့ဘူး " လို့ ပြောပြသည်၊ စာရေးသူလည်း ညက အကြောင်းကို ပြောပြဖြစ်သည်၊ အဲဒီတော့ သူငယ်ချင်းက " အင်း မင်းဟာ အိပ်မက် မဖြစ်နိုင်ဘူး၊ တကယ်ဖြစ်နိုင်တယ်၊ ငါလည်း တိတိကျကျတော့ မသိပါဘူးကွာ၊ ငါ့တို့ ဆရာတော်ကြီးက ကျောင်းစွဲနဲ့ ဒီကျောင်းမှာပဲ သရဲဖြစ်နေတယ်ဆိုပဲ၊ အောက်ထပ်က ဦးဇင်းကြီးကို ခဏခဏ သွားသွားဆွဲသတဲ့၊ ဦးဇင်းကြီး တောင်ဝှေ့က အစွမ်းတစ်ခုရှိတယ် ပြောတယ်၊ အဲတောင်ဝှေ့နဲ့ရိုက်ရင် မခံနိုင်ဘူးတဲ့၊ ပြီးတော့ ငါတို့အိတ်တွေရဲ့  ညာဘက်က အခန်းကလည်း ဆရာတော်ကြီးနေသွားတဲ့အခန်းလေ၊ သူ့အခန်းထဲမှာ ဘယ်သူမှ နေလို့ အိပ်လို့မရဘူး၊ (ခု ကျောင်းထိုင်ဆရာတော် ဦးဝိလာသသည်၊ ဆရာတော်ကြီးရဲ့ တူ အရင်းဖြစ်သည်၊ ဆရာတော်ကြီးသည် သူ့တူကို သိပ်ချစ်သည်၊ ထိုဦးဝိလာသ အိပ်လျှင်တော့ နေလျှင်တော့ ဘာအန္တရာယ်မှ မပြုဘူးတဲ့)၊ အဲဒီအခန်းထဲမှာ အရင်က ဦးဇင်းနှစ်ပါး နေဖူးတယ်၊ နှစ်ပါးလုံးလည်း စိတ်တွေဖောက်ဖောက် သွားကြတယ်၊ ရူးကြောင်ကြောင်တွေ ဖြစ်ကုန်တာပဲ " လို့ ပြောပြသည်၊ စာရေးသူ ဆက်ပြီး မနေရဲတော့ပါ၊ မနေချင်တော့ပါ။

သူငယ်ချင်းကို ပြန်ကြဘို့ ပြောရသည်၊ နေခွင့်ကလည်း (၇)ရက်လောက်သာ ကျန်တော့သည်၊ သူငယ်ချင်းက မပြန်ချင်သေးပါ၊ သို့သော် စာရေးသူက ခဏခဏပြောနေသဖြင့် ပြန်ဘို့ပြင်ကြသည်၊ သူ့ရွာမှ ကိုရင်လေးတစ်ပါးကိုလည်း စာရေးသူတို့နဲ့အတူ ရန်ကုန်သို့ခေါ်လာခဲ့သည်၊ အထက်ပါ အဖြစ်အပျက်သည် စာရေးသူ ကိုယ်တိုင်ကြုံခဲ့သော အဖြစ်အပျက်ဖြစ်သည်၊ စာရေးသူစိတ်ထဲမှာတော့ အိပ်မက်လိုလို တကယ်လိုလို ခုထိတိုင် သေချာစွာ ဝေခွဲမရနိုင်သေးပါ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ဖြစ်ခဲ့တာတော့ အမှန်၊ သိလိုက်တာတစ်ခုကတော့ " အိပ်မက်လိုလို ဖြစ်တဲ့ ဖြစ်ရပ်မှာတောင် သမ္ဗုဒ္ဓေဂါထာက သရဲကို ထွက်ပြေးသွားအောင် လုပ်နိုင်စွမ်းရှိတယ် " ဆိုတဲ့ ယုံကြည်မှု့ အသိတရားပင်၊ " တကယ်လက်တွေ့ အပြင်မှာလည်း ထွက်ပြေးအောင်လုပ်နိုင်သော အစွမ်းတွေ ရှိတယ် " လို့ စာရေးသူကတော့ အကြွင်းမဲ့ ယုံကြည်သွားခဲ့သည်----


No comments:

Post a Comment