Wednesday, September 28, 2011

ဒုဂ္ဂတိမှ သုဂတိသို့ ရောက်လာသူ (သို့) သုဂတိမှ သုဂတိသို့ရောက်လာသူ

ဒီဆောင်းပါးလေးကို ရေးဘို့ အစက စိတ်ကူးမရှိပါဘူး၊  တစ်ရက်မှာ ဆရာသမားဆိုလည်း ဟုတ်/ နောင်တော်ကြီးဆိုလည်း ဟုတ်သော ဆရာတော်တစ်ပါး ပြန်သွားလို့ လိုက်ပို့ကြတယ်ပေါ့။ အများကြီးပါပဲ၊ လိုက်ပို့တဲ့သူတွေက၊ အားလုံးက ပြောင်လိုက် နောက်လိုက် ရယ်လိုက် ဟားလိုက်နဲ့ ဆူလို့ညံလို့ပါပဲ၊  စာရေးသူရင်ထဲမှာ ဘယ်အချိန်က အထုံလေးများကြောင့်တော့ မပြောတတ်၊ မကြာ မကြာဆိုသလို တရားသဘောလေးတွေ ကိန်းကိန်းလာတတ်တဲ့ အကျင့်လေး ဖြစ်ဖြစ်နေတာကို သတိထားမိတယ်။

စာရေးသူ ရင်ထဲမှာ  တရားသဘောလေးတွေက ကိန်းနေချိန်ဖြစ်လို့ထင်ပါရဲ့၊ ခု သူတို့တွေကို ကြည့်လိုက် / ကားလမ်းပေါ်က လူတွေ ကားတွေကို ကြည့်လိုက်/  တိုက်အိမ်တွေကို ကြည့်လိုက် / တိုက်တွေပေါ်က လူတွေကို ကြည့်လိုက်နဲ့(က)  လောကမှာ လေးနက်သော စစ်မှန်သော အေးမြသော ငြိမ်းချမ်းသော အနှစ်သာရရှိသော အရာကဘာလဲ  ဟူသောအတွေး၊ (ခ)  ဒီလောကကြီးထဲမှာ ဘာမှမရှိပါဘူး၊ အားလုံးဟာ ပျက်စီးမည့်အရာတွေချည်းပါလား၊ အချည်းနှီး လောကကြီးပါလား  ဟူသောအတွေး၊ (ဂ)  အော် ဒါကြောင့် ဒီလို အချည်းနှီးမောဟတွေနဲ့ ဖုံးနေတာကြောင့်  ဘုရားရှင်ဟာ ဘုရား ဖြစ်ပြီးပြီးချင်း လောကကိုတရားဟောဘို့စိတ်ကူး တွန့်သွားခဲ့တာ ဖြစ်မှာပဲ  ဟူသောအတွေး၊(ဃ)  လောကထဲမှာ ရှိတဲ့ လူတွေ တိုက်တွေ ကားတွေ အိမ်တွေ ခြံတွေ မြေတွေ တံတားတွေ အားလုံး ဟာ ဘာမှမဟုတ်ဘူး အနှစ်သာရ မဟုတ်ဘူးလို့ သိတာလေးက “ အနှစ်သာရ ပါလား ဟူသော အတွေး၊(င)  အော် ဘာမှ အနှစ်သာရမရှိတဲ့  အချည်းနှီးလောကကြီးထဲမှာ အနှစ်သာရဖြစ်တဲ့ ၀ိပဿာနာ မဂ် ဖိုလ်ကို ရှာရတာ တော်တော်ခက်လေတာပဲ ဟူသောအတွေး (အနှစ်သာရ မရှိတော့တဲ့ အမှိုက်ကျင်းထဲကတိုင် အနှစ်သာရဖြစ်အောင်လုပ်လို့ရတဲ့ ပစ္စည်းလေး တွေကို ပြန်လည် ရှာကောက်နေတဲ့ အမှိုက်ကောက်သူများကို သတိရမိပါရဲ့)၊ (စ) အချည်းနှီး လောကကြီးထဲမှာ တကယ်အနှစ်နဲ့ ပြည့်စုံတဲ့ ဘုရား တရား သံဃာတွေလည်း ရှိနေသေးပါလား  ဟူသောအတွေး များစွာကို တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်စွာ တွေးနေမိတယ်။

 စိတ်ရဲ့ လျင်မြန်မှု့ကလည်း ပြောလို့တောင် မရဘူးလေ၊ စိတ်ဆိုတဲ့ အရာကို “ လဟုပရိဝတ္တံ “ လို့ ဘုရားရှင်ဟောထားတာကိုလည်း မှတ်သားခဲ့ဘူးတယ်၊ စိတ်တစ်ခဏအတွင်းမှာပဲ အကြိမ်ပေါင်း မြောက်များစွာ ဖြစ်နိုင်တယ်လေ၊ မယုံလို့မရ၊  ကိုယ့်စိတ်ကို လိုက်ကြည့်နေရင် ပိုသိနိုင်ပါတယ်၊ ခုလည်း အတွေးက ရွာမှ အဖွားစောတင်ကို သတိရမိနေတယ်လေ၊ “ ငါ့မြေးရယ် ၊ အဖွားကတော့ မျောက်ဘ၀က လာလို့ထင်ရဲ့၊ ဥာဏ်သိပ်ထိုင်းတာဟူသော အဖွားစကားကိုလည်း ပြန်လည်ကြားယောင်မိနေတယ်၊  ဒီအဖွားစကားလေးကို ပြန်သတိရမိပြီး ဒီဆောင်းပါးလေးကို ရေးဘို့ စိတ်ကူးဖြစ်လာတာပါ၊ စာရေးသူ ထင်ပါတယ်၊ စာရေးသူတို့ နောင်တော် ညီတော်တွေဟာ သုဂတိဘ၀က လာတာဖြစ်နိုင်တယ်လို့၊  ဘာဖြစ်လို့လဲဆိုတော့ အမှားတကာ အမှားထဲမှာ အပြစ်အကြီးဆုံးဖြစ်တဲ့ အယူဘာသာတရားကို   မှန်မှန်ကန်ကန်တွေးခေါ်စဉ်းစား သိမြင်တတ်တဲ့ အသိဥာဏ်ရှိနေလို့ပါပဲ(ငယ်ငယ်က မတွေးတတ်သည့်တိုင် တွေးတတ်တဲ့အချိန်မှာလည်း မှန်ကန်တဲ့ အတွေးနဲ့ အမှန်တရားတွေပြည့်နေတဲ့ ဘာသာကိုယူတတ် ခဲ့ကြသည်ပင်)၊  ထိုအသိဥာဏ်လေး ရှိနေတာတစ်ချက်တည်းနဲ့ပဲ စာရေးသူတို့တတွေဟာ ဒုဂ္ဂတိဘ၀ကလာတာ မဖြစ်နိုင်ဘူးလို့ ထင်မိ တယ်။

အဖွားစကားကို အချက်အလက်တွေနဲ့ ဝေဘန်ကြည့်ကြပါဆို့၊ စာရေးသူရဲ့ အဖွားစောတင်ဟာ သူ့ရဲ့ ပြောပြချက်အရ လေးဘ၀မှတ်မိနေတာကို သိခဲ့ရပါတယ်၊ ပထမဘ၀က သူက ယောက်ျားလေး ပါ၊ သူ့မှာ ညီမလေး တစ်ယောက်ရှိနေခဲ့တယ်၊ စာရေးသူ ထင်ပါတယ်၊  ကျောက်ရောဂါလို့ ပြောလိုက်တာ ထင်တာပါပဲ၊ ရောဂါနာမည်ကိုတော့ တိတိကျကျမမှတ်မိတော့ဘူး၊ သူတို့ ငါးနှစ်အရွယ်လောက်မှာ အဲဒီရောဂါအတွက် ဆေးမှားသောက်မိပြီး သေခဲ့ကြတယ်၊ အဖွားကတော့ အသေးစိတ်ကို မှတ်မိနေပါတယ်၊ ပြောပြနိုင်ပါတယ်၊ စာရှည်နေမည်စိုးသဖြင့် အသေးစိတ် မရေးတော့ပါ၊ သူသေပြီး ပြိတ္တာဘ၀ရောက်သွားခဲ့တယ်၊ နေစရာမရှိလို့ အိမ်ကတံစက်မြိက် အောက်မှာ နေလိုက်၊ အိပ်ခန်းအပေါက်ဝမှာ နေလိုက်နဲ့ နေခဲ့ရတယ်၊ လူတွေက သူတို့ မောင်နှမ အလောင်းနှစ်ခုကို ကြည့်ကြည့်ပြီး ငိုနေကြတယ်၊ အဖွားရဲ့ မျက်စိထဲမှာတော့ သူတို့အလောင်းတွေက ငိုစရာမကောင်းဘူး ရွံ့စရာကောင်းနေတယ်၊ ကိုယ်ခန္ဓာမှာရှိတဲ့ မွေးညှင်းပေါက်တွေက ခြင်းကြားတောင်း ပေါက်တွေလို အပေါက်အကျယ် ကြီးတွေဖြစ်နေတယ်၊ ဗိုက်ထဲက ပိုးလောက်တွေ ရွရွကြိတ်သွားလာနေတာကို မြင်နေရတော့ ရွံ့နေမိတယ်၊ လူတွေကတော့ ငိုလို့ သူတို့ကိုယ်တိုင်ကတော့ သူတို့ကိုယ်ထည် သူတို့ အလောင်းကို ရွံ့နေကြတယ်၊ သူတို့ကိုယ်တိုင်တောင် မငိုတဲ့ ကိစ္စမှာ ကျန်တဲ့ သူတွေက ငိုနေကြတာ သိပ်တော့ သဘာဝမကျလှဘူးပေါ့နော်၊ ခက်တာက ၀မ်းနည်းစိတ် နှမျောစိတ်ပင်။

(၇)ရက်ပြည့်လို့ (စာရေးသူတို့တောမှာ နေ့တိုင်းသရဏဂုံ တင်တာမျိုးမရှိပါ၊ ရက်လည်ဆွမ်း ကျွေးတာ ပဲရှိတယ်) ဘုန်းကြီးတွေကြွလာတော့ သူက အိမ်ခြံစည်းရိုးထိ လွင့်သွားခဲ့တယ်၊ မနေနိုင်ဘူး၊ သူ့ဘာသာကို လွင့်သွားခဲ့တာပါ၊ ဘုန်းကြီးတွေလည်း ပရိတ်ရွက်ရောအဖွားဟာ ရွာအပြင်ဘက်ကို လွင့်သွားခဲ့တယ်၊ ဒါနဲ့ပတ်သက်ပြီး တစ်ခု ပြောပြချင်ပါတယ်၊ စာရေးသူတို့ ရန်ကုန်မင်္ဂလာဗျူဟာ သာမဏေကျော် စာမေးပွဲအတွက် စာစစ်သွားရတယ်၊ စာစစ်လို့ပြီးတဲ့နေမှာပဲ ဓမ္မသာကစ္ဆာပေါ့နော်၊ တရားစကား ဆွေးနွေးပြောကြားကြတယ်၊ အဲဒီမှာ ဒါယိကာမကြီး ဒေါ်အေးက သူနတ်ပြည် ရောက်ဖူး ကြောင်းပြောပြတယ်၊ အဲဒီအကြောင်းကို အကုန်ပြောပြနေလျှင် စာအရမ်းရှည်သွားပါလိမ့်မယ်၊ ဒါ့ကြောင့် တာဝတိံသာနတ်ပြည်က စူဠာမဏိစေတီအကြောင်းနဲ့ပတ်သက်တာကိုပဲ ပြောပြပါမယ်။

ဒေါ်အေးက “ တပည့်တော် စူဠာမဏိစေတီသွားဖူးတယ်၊ စေတီရင်ပြင်ပေါ်မှာ နတ်တွေက အစုံပဲ၊ တပည့်တော်တို့နတ်အဖွဲ့လည်း ရောက်သွားတော့ စေတီရင်ပြင်ပေါ်က တစ်ချို့နတ်တွေက လွင့်ကုန်တယ်ဘုရား၊ အရမ်းပြင်းထန်တဲ့ လေမုန်တိုင်းကြောင့် လွင့်ပါကုန်တဲ့ သစ်ရွက် သစ်ဖက်တွေလိုပဲ၊ အဲဒီမှာ တပည့်တော်လည်း အရမ်းအံ့သြမိပြီး နတ်မင်းကြီးကို “ အဲဒီနတ်တွေက ဘာလို့ လွင့်ကုန်တာလဲ ” လို့ မေးကြည့်မိတယ်ဘုရား၊ နတ်မင်းကြီးက “ အဲဒီနတ်တွေက ဗုဒ္ဓဘာသာမဟုတ်တဲ့ နတ်တွေလေ” လို့ ပြန်ဖြေတယ်ဘုရား၊ တပည့်တော်တို့ ရွှေတိဂုံဘုရားကို နိုင်ငံခြားသားတွေ ဗဟုသုတအဖြစ် လာရောက် လည်ပတ်သလိုပေါ့ဘုရား၊ ဗုဒ္ဓဘာသာဖြစ်ရတာ နတ်ပြည်မှာတော့ သိပ်ကို အထက်တန်း ကြတာပဲဘုရား၊ ဘာသာခြားတွေမှာလည်း ငါးပါးသီလလုံသူတွေရှိတယ်ဘုရား၊ ပြီးတော့ သူတို့တွေက လှူတယ်ဆိုတဲ့ စကားလုံးကိုသာ မသုံးနှုန်းကြတာ ကူညီထောက်ပံ့ပေးကမ်းမှု့တွေကို လုပ်ကြတဲ့ လူတွေရှိတယ်ဘုရား၊ အဲဒီလိုလူတွေက နတ်ဖြစ်ကြတယ်ဘုရား၊ နတ်တွေရဲ့အဆင့်အတန်းကို သူတို့ခေါင်းပေါ်က အရစ်တွေကို ကြည့်ပြီး ခွဲရတယ်ဘုရား “ ဟု ပြောပြသည်၊ (သူတို့ခေါင်းစွတ်တွေမှာ အရစ်တွေပါ တယ်၊ တစ်ရစ်ရှိသူထက် နှစ်ရစ်ရှိသူက ပိုအဆင့်မြင့်တယ်၊ ဥပမာ ပြောရလျှင် - ပဒေါင်းလူမျိုးတွေရဲ့ လည်ပင်းက အရစ်အပတ် အခွေတွေလိုပေါ့ဗျာ၊ ပဒေါင်းတွေကလည်း အရစ်ပိုသူက ပိုမြင့်တယ် မြတ်တယ်လို့ ပြောတာ ကြားဖူးတယ်၊ ဟုတ်သည် မဟုတ်သည်တော့ ပဒေါင်းလူမျိုးများကို မေးကြည့်ရမည်ထင်တယ်နော်)၊ ဒီမှာ စာရေးသူ ပြောချင်တာက “ လွင့်သွားတယ် “ ဆိုတဲ့ အချက်ကိုပါ၊ ထွက်ပြေးစရာ မလိုပါ၊ သူ့တို့ ကံတရား အဆင့်အတန်းရဲ့ နိမ့်ကျမှု့ကြောင့် အလိုလိုကို လွင့်စင်သွားတယ်လေ။  

အဖွားပြောပြတာတွေထဲက တစ်ခုပေါ့နော်၊ သိပ်ကို မှတ်သားဘို့ ကောင်းတာလေးပါ၊ အဲဒါလေးက “ အဖွားတို့ မောင်နှမနှစ်ယောက် သေတာအတူတူပဲ ငါ့မြေးရဲ့၊ အလောင်းကိုလည်း အတူတူပဲထားတယ်၊ ဒါပေမဲ့ အဖွားရဲ့ ညီမလေးကို မတွေ့ရတော့ဘူး၊ သူဘယ်ရောက်သွားမှန်း မသိဘူး၊ သေတာတူ အလောင်းထားတာတူပေမဲ့ သေပြီးတဲ့နောက်ပိုင်းမှာ သူ့ကို မတွေ့တော့ဘူး ” တဲ့လေ၊ အင်း စားရေးသူ စဉ်းစားမိတယ်၊ ဒါဟာ ” အသက် ငယ်ရွယ်သူတွေမို့ အကုသိုလ်အလုပ်တွေ ကြီးကြီးမားမား မလွန်ကျူးမိသည့်တိုင် အရင်အရင်ဘ၀တွေက ပြုလုပ်ခဲ့တဲ့ ကုသိုလ်ကံ အကုသိုလ်ကံနဲ့ ယခုဘ၀ သေခါနီးမှာ ဖြစ်သွားတဲ့ အာသန္နကံတို့ကြောင့် တကွဲ တစ်ပြားစီ ဖြစ်သွားကြတာ ဖြစ်မယ် “ လို့၊ ရွာပြင်ရောက်တဲ့ အဖွားက အုပ်စု နှစ်စု ရှိတဲ့အနက်မှ  မှိုင်ငိုင်နေတဲ့ အုပ်စုထဲကို ရောက်သွားခဲ့တယ်၊  ( “ ဆော့ကစားနေတဲ့ အုပ်စုက လူဝင်စားဖြစ်မယ့်အုပ်စုလို့တော့ အဖွား ထင်တာပဲ၊ ဒါပေမဲ့ အဖွားရဲ့ စိတ်ကိုက် မှိုင်ငိုင်နေတဲ့ အုပ်စုထဲ သွားခဲ့မိတာ “ လို့ ပြောပြပါတယ်)။

အဖွားဟာ ပြိတ္တာဖြစ်နေတာပါ၊ ပြိတ္တာဘ၀က ဘယ်လိုသေသွားတယ်ဆိုတာကို မမှတ်မိပေမဲ့ မျောက်ဘ၀ ရောက်သွားတာကိုတော့ မှတ်မိနေခဲ့ပါတယ်၊ မျောက်နာမည်ကို စာရေးသူ မမှတ်မိတော့ပါ၊ အဖွားကတော့ ပြောပြပါတယ်၊ မျောက်နီစပ်ဆိုလားပဲ၊ အဲဒီမျောက်မျိုးတွေက  လူတွေ စိုက်ပျိုးထားတဲ့ သီးနှံကိုမစားဘူး၊ မဖျက်ဆီးဘူးတဲ့၊ အဖွားက မျောက်ဘ၀မှာ ကျွန်းပင်က ကျွန်းခေါက်တွေကို ခွါစားရတယ်၊ တစ်နေ့ ကျွန်းခေါက်တွေကို ခွါစားနေစဉ် ရွာသူကြီး၏သား ဦးမောင်ဆင်က မြောက်ဘက်ရွာမှ လူတစ်ယောက်နဲ့ တောလည်ရောက်လာတယ်ခဲ့တယ်၊ လူတွေက အဖွားတို့မျောက်မျိုးကို လူတွေသီးနှံမစားတဲ့အတွက်ကြောင့် အန္တရာယ် မပြုကြဘူးလေ၊ ခုလာတဲ့လူနှစ်ယောက်လည်း သူ့ကို အန္တရာယ်မပြုလောက်ဘူးလို့ထင်ပြီး အဖွားလည်း အေးဆေးပဲ ကျွန်းခေါက်တွေကို ခွါစားနေလိုက်တယ်၊ သို့သော်လည်း အဖွားထင်တဲ့အတိုင်း ဖြစ်မလာခဲ့ပါ၊ လူတွေရဲ့စိတ်က တူညီတာမှ မဟုတ်တာပဲလေ၊  ခုလာတဲ့ သူကြီး၏သား ဦးမောင်ဆင်က သေနတ်ပါပေမဲ့ သေနပ်နဲ့မပစ်ဘူး၊ လေးနဲ့ပစ်သတ်လိုက်တယ်၊ ပထမတစ်ချက် ပေါင်ကို ထိမှန်တယ်၊ လက်တစ်ဘက်က ကျွန်းကိုင်းကို ကိုင်ပြီး ကျန်လက်တစ်ဘက်က မြှားကို နှုတ်တယ်၊ မြှားကိုနှုတ်နေချိန်မှာပဲ နောက်ထပ် တစ်ချက်ထပ်ပစ်ပြန်တယ်၊ အဲဒီမြှားက ရင်ဘတ်ကို ထိမှန်သွားတယ်၊ အဖွားစောဖြစ်မဲ့ မျောက်လေးလည်း သေပါရော့၊ (အဖွားစောပြောပြချက်အရတော့ မျောက်တွေက သေနတ်နဲ့ပစ်တာကို မကြောက်ဘူးတဲ့၊ ကျည်ဆံက တန်းတန်းကြီး လာတာတဲ့၊ ရှောင်လို့ တိမ်းလို့ လွယ်သတဲ့၊ မြှားကတော့ လှုပ်ရမ်းပြီးလာသတ၊ဲ့ ရှောင်လို့ တိမ်းလို့ ခက်သတဲ့၊ ဟုတ်/မဟုတ်တော့ မျောက်ဖြစ်ဘူးရင် (သို့) ဖြစ်ဘူးတာကို မှတ်မိရင် သိနိုင်ကြမှာပါ)။

အဖွားစောမှာ မျောက်ဘ၀မှ သေဆုံးပြီး ပြိတ္တာဖြစ်နေပြန်ပါပြီ၊ ပြိတ္တာဖြစ်ပြီး ဘယ်သွားလို့ ဘယ်လာရမှန်းမသိ၊ ဘယ်မှာနေရမှန်းလည်း မသိ၊ (သေပြီးလျှင် ယမမင်း (သို့) ငရဲမင်း ကြီးဆီကို အစစ်ဆေးခံရသည်ဟု ကြားဖူးသည်၊ အဖွားစော ပြောပြတဲ့အထဲမှာ ယမမင်း (သို့) ငရဲမင်းအကြောင်း တစ်ခွန်းတစ်စမျှ မပါခဲ့ပါ)၊ မိန်းမကြီးတစ်ယောက်  အဖွားစောနေသော တောသို့ရောက်လာသည်၊ ဘယ်သွားလို့ ဘယ်လာရမှန်းမသိတဲ့ အဖွားစောက ထိုမိန်းမကြီးနောက်ကို လိုက်လာခဲ့တယ်၊ ယခု ထိုမိန်းမကြီးကတော့ အဖွားစောရဲ့မိခင်ပါပဲ၊ စာရေးသူနဲ့ ဆွေမျိုးစပ်မယ်ဆိုရင်တော့ ထိုမိန်းမကြီးသည် (မိဘကို ဘလို့ခေါ်တော့) ဘေအဆင့် လောက်ဖြစ်မယ်ပေါ့။

ထားပါတော့လေ၊ အဖွားစော မွေးဖွားပြီး ၅/၆ နှစ်အရွယ် ရောက်နေပါပြီ၊ ဘေးအိမ်တစ်အိမ်မှ ကလေးလေး တစ်ယောက်က အနာပေါက်နေပါတယ်၊ တစ်နေ့မှာပေါ့၊  ထိုနေ့က မိုးကဖွဲဖွဲလေး ရွာနေပါတယ်၊ ဘေးအိမ်က ကလေးကလည်း အနာမန်းကိုက်တော့ နာနာကျင်ကျင် ဆူဆူညံညံကို ငိုပါတယ်၊  အဲဒီအိမ်က လူတွေကလည်း ဆေးတိုက်ဘို့ လုပ်ကြတယ်၊ ဆေးနာမည်ပြောသံကို အဖွားစောလေးက ကြားသွားတယ်လေ၊ အဲဒီမှာပဲ “ ဒီဆေးကို ငါကြားဖူးပါတယ် “ ဆိုပြီး ဟိုတွေးဒီတွေးနဲ့ တွေးရင်းတွေးရင်း အဖွာစောလေးက သူ့ရဲ့ လေးဘ၀ဇာတ်လမ်း အစုံကို ပြန်မှတ်မိတော့တာပါပဲ၊  ဘေးအိမ်က ကလေးကိုလည်း  အဲဒီဆေး မတိုက်ဘို့ တားခဲ့ပါတယ်၊  သူဖြစ်ခဲ့တဲ့ ရောဂါနဲ့  ခုကလေးလေးဖြစ်နေတဲ့ ရောဂါတူနေတဲ့အကြောင်း ဆေးနာမည်တူနေတဲ့ အကြောင်းတွေကို ပြောပြ ခဲ့ပါတယ်၊ လူတွေအားလုံး အံ့သြကြရတယ်၊ ဦးမောင်ဆင် ဆိုသူလည်း သူ့အကြောင်း ပါတယ်ကြားတော့ လာပြီး နားထောင်တာပေါ့၊ အဲဒီအချိန်ကစပြီး သူကြီး၏သား ဦးမောင်ဆင်လည်း သေနတ်မကိုင်ဖြစ်တော့ပါဘူး၊ နေ့တိုင်း သူစားမဲ့ဟင်းတွေထဲက တစ်ခွက်ကို တစ်နေ့နှစ်ကြိမ် ပို့ပေးပါတယ်၊ ပြီးတော့ သူဝတ်ဘို့ အ၀တ်စား အသစ်ဝယ်တိုင်းဝယ်တိုင်း တစ်ထည် တစ်ထည် ပို့ပေးခဲ့တယ်၊ အရင်ဘ၀က သတ်မိခဲ့တဲ့အတွက် သူ့ကို ခွင့်လွှတ်ပေးဘို့ရန်လည်း တွေ့တိုင်းပြောဆိုပါတယ်။

 အဖွားစောပြောခဲ့သော “ ငါ့မြေးရယ်၊ အဖွားကတော့ မျောက်ဘ၀က လာလို့ထင်ရဲ့၊ ဥာဏ် သိပ်ထိုင်းတာ” ဟူသော စကားကို ဘယ်လို မြင်ကြပါသလဲ၊ အဖွားစောဟာ ခုဘ၀မှာ စာပေနဲ့ပတ်သက်ရင် အလွှတ်ရအောင် မကျက်နိုင်ပေမဲ့ မမှတ်နိုင်ပေမဲ့ လေးဘ၀ကိုပြန်မှတ်မိနိုင်တဲ့ သတိ (သို့) ဇာတိဿရဥာဏ်က အရမ်းကို ထက်မြတ်လွန်းနေပါတယ်၊ နောက်တစ်ချက်က အပါယ်ဘုံသားတွေမှာ ဥာဏသမ္ပယုတ်စိတ် မရှိလို့ ခုဘ၀မှာ လူဖြစ်ခိုက် ဥာဏ်ထိုင်းတယ် ဆိုတာကလည်း ဖြစ်နိုင်နေပြန်တယ်၊ (အပါယ်ဘုံသားဘ၀မှာ ဥာဏသမ္ပယုတ် မဖြစ်သော်လည်း ယခု လူဖြစ်နေချိန်မှာ ဥာဏသမ္ပယုတ် ဖြစ်နိုင်တာကိုလည်း ထည့်သွင်းစဉ်းစားရမည်)၊ ဖားနတ်သားလေးက ဖားဆိုတဲ့ အပါယ်ဘုံသားဘ၀ကတိုင် နတ်သားဖြစ်ပြီး သောတာပန်တည်သွား နိုင်လောက်တဲ့အထိ ထက်မြတ်တဲ့ဥာဏ်ရှိခဲ့တာလည်း တွေ့ရတယ်၊ နောက်ပြီး ပါလိလေယျကနတ်သားလည်း ဆင်ဟူသော အပါယ်ဘုံသား ဘ၀ကတိုင် နတ်သားဖြစ်ပြီး သောတာပန်တည်နိုင်တဲ့ဥာဏ် ရှိသွားခဲ့တယ်၊ ၀ဋ်နာ ကံနာ သဘောဖြစ်ပြီး စာကျက်လို့မရတဲ့ စူဠပန်မှာတောင် ရဟန္တာဖြစ်နိုင် လောက်တဲ့ဥာဏ် ရှိနေခဲ့တာကိုလည်း တွေ့ရပြန်တယ်။

 ဥာဏ်မရှိတဲ့ဘ၀ကလာလို့ ဥာဏ်ထိုင်းတယ်ဆိုရင်တော့ စာရေးသူတို့ ညီတော်နောင်တော်အပေါင်း တို့ဟာ အပါယ်ဒုဂ္ဂတိဘ၀က လာကြတာ မဖြစ်နိုင်လောက်ဘူးလို့ ထင်မိတယ်၊ အင်း စာရေးသူတို့ လည်း သုဂတိမှ လာကြသည်ဖြစ်စေ ဒုဂ္ဂတိမှ လာကြသည်ဖြစ်စေ ခုဘ၀မှာတော့ သုဂတိဖြစ်နေတာ သေချာနေပြီ၊ သုဂတိမှာ ဥာဏသမ္ပယုတ်စိတ်နဲ့ ယှဉ်နေခြင်းကြောင့် ဥာဏ်ရှိသူများပီပီ -------
(၁) မိမိဘ၀ အေးချမ်းအောင် ငြိမ်းချမ်းအောင် ကိုယ်ကျင့်သီလကောင်းမွန်ပြည့်စုံပြီး တရားဓမ္မနဲ့ မွေ့လျော် နေကြမလား၊  
(တရားဓမ္မနဲ့မွေ့လျော်နေရင် အလှူခံတွေဘက်မှာ ပြည့်စုံရမယ့် ဓမ္မဂုဏ်တွေရှိသောကြောင့် လှူဒါန်းပေးကမ်းသူတို့အတွက် ကျေးဇူးများစေပြီး အများအကျိုးကို သယ်ပိုးဆောင်ရွက်ရာ ရောက်ပါတယ်၊ မိမိအတွက် ကိုယ်ကျင့်သီလလုံခြုံခြင်း/ တရားတော်၏ အနှစ်သာရများကို ခံစားရခြင်းကြောင့် မိမိအတွက် အကျိုးရှိခြင်း၊ ထိုကြောင့် ထိုသို့နေခြင်းသည် မိမိအတွက်ရော အများအတွက်ရော ဆောင်ရွက်နေကြတဲ့ အကျိုးရှိတဲ့ ဥဘယတ္ထပုဂ္ဂိုလ်ပါ)၊
(၂) အထုံပါရမီနည်းလို့ မိမိဘ၀လေးကို တရားဓမ္မနဲ့ထုံမွှမ်းပြီးမထားနိုင်သေးဘူး တရားတည်း ဟူသော ဆီကြည်နဲ့ မစိမ်ထားနိုင်သေးဘူးဆိုရင်တော့ အများအကျိုးပြု အလုပ်ကို လုပ်ရပါ့မယ်၊ ထို့ကြောင့် အများအကျိုးပြု  လုပ်ငန်းတွေ လုပ်ဆောင်မလား၊
(မိမိအတွက် မလုပ်ဆောင်နိုင်ရင်တောင် သူများအကျိုးဆောင် ဖြစ်သင့်ပါတယ်၊ အများအတွက် အကျိုးရှိတဲ့ အကျိုးရှိအောင်လုပ်ဆောင်နိုင်တဲ့ ဧကတ္ထပုဂ္ဂိုလ်ပေါ့)။

ဒီနှစ်ချက်ထဲက တစ်ခုခုနဲ့မှ မကိုက်ညီဘူးဆိုရင်တော့ ကိုယ့်လုပ်စာ ကိုယ်စားတာဟာ အသင့်တော်ဆုံးပါပဲ၊ ကဲ ညီတော်နောင်တော်တို့ အားလုံး ဘယ်အချက်နဲ့ညီအောင်လုပ်ကြပါ့မလဲ၊ စာရေးသူကိုယ်တိုင်ကတော့ ခုအချိန်ထိ နံပါတ်နှစ်ကို ရည်ရွယ်ထားဆဲဖြစ်ပါတယ်၊ ဘယ်လိုပဲဖြစ်ဖြစ်ပါ ညီတော်နောင်တော်တို့ကို သိစေချင်တာလေး တစ်ခုကတော့ ” တို့တတွေဟာ သုဂတိမှာဖြစ် နေတယ်ဆိုတာ “ ပါပဲ၊ (၀ဋ်နာကံနာကြောင့် စာကျက်ဥာဏ် ထုံထိုင်းနေလျှင်လည်း ရဟန္တာဖြစ်နိုင် တဲ့ဥာဏ်  ပါမလာဘူးလို့ ဘယ်သူမှ မပြောနိုင်ပါဘူး)၊ သုဂတိမှ သုဂတိကိုရောက်နေသူတွေဖြစ်ဖြစ် ဒုဂ္ဂတိမှ သုဂတိကို ရောက်နေသူတွေဖြစ်ဖြစ် တို့တွေအားလုံးမှာ  တူညီတာ တစ်ခုရှိနေပါတယ်၊ အဲဒါကတော့ “ ခု တို့တတွေဟာ သုဂတိမှာ ရောက်နေကြ တယ် “ ဆိုတာပါပဲ၊ “ သုဂတိဘ၀ ရောက်နေသူတွေမှာ ဥာဏသမ္ပယုတ်စိတ်ရှိတယ် ပိုင်ဆိုင်ထားကြတယ် “ ဆိုတာလေးကို သတိ ရကြပြီး သိရှိကြပြီး -------------



                            


No comments:

Post a Comment