“ ပြုပြင် ” သူသော စကားလုံးသည် သိပ်ကို အဓိပ္ပါယ်ရှိလှသည်၊ စာလုံးလေး နှစ်လုံးတည်းသာရှိပေမဲ့ များစွာမှကို သိပ်သည်းကျစ်လစ် မာခဲသည်၊ လောကမှာ ပြုပြင်စရာ မလိုသောအရာသည်”ဘယ် သောအခါမှ ပြောင်းလည်းခြင်း ပျက်စီးခြင်း ဟောင်းနွမ်းခြင်း မရှိသော ဓမ္မပင်ဖြစ်သည်” ၊ ကျန်တဲ့အရာတွေကိုတော့ ပြုပြင်ခြင်းဆိုတဲ့ စကားနဲ့ မပတ်သက်အောင် ဘယ်လိုမှ ဆွဲထုတ်လို့မရနိုင်ပါဘူး။
ရုပ်ဝတ္ထုတိုင်းမှာ ----
“စတင်ဖြစ်ခြင်း- ဥပ္ပါဒ၊ စတင်ဖြစ်ခြင်း - ဥပစယ” ဆိုတဲ့စကားတွေ ရှိပါသည်၊ သူတို့နောက်မှာ ကပ်လိုက် လာတာက---
“မပျက်သယောင် တည်နေခြင်း- ဌီ ၊ မပျက်သယောက်တည်နေခြင်း - သန္တတိ” ၊
“သိသိသာသာ ပျက်စီးသွားခြင်း - ဘင်္ဂ၊ - သိသိသာသာ ပျက်စီးလာခြင်း - ဇရတာ” ၊
“ဖြစ်ပြီးသည့်အတိုင်း တည်မနေခြင်း- အနိစ္စတာ” စတဲ့ စကားလုံးတွေကို တွေ့ရသည်။
(အထက်ပါ စကားလုံးများကို အဘိဓမ္မတ္ထ၀ိဘာဝနီဋီကာနဲ့အညီပြန်ဆိုထားတာ မဟုတ်ပါ၊ အများနားလည် အောင်သာ ပြန်ဆိုထားခြင်းဖြစ်သည်) ။
လူရယ်လို့ စတင်ဖြစ်လာပြီးရင် တဖြည်းဖြည်းနဲ့ ပျက်လာမြဲဖြစ်သည်၊ တစ်ဖြည်းဖြည်း ပျက်လာတာကို လူတွေက အဟုတ်ကြီးမှတ်ပြီး “ကြည့်ကောင်းလာတယ်” (အလတ်ပိုင်းအရွယ်) လို့ပြောတတ်ကြသည်၊ ပျက်လာတာက သိသာလာတဲ့အခါမှာတော့ အားလုံးက “အော့အန် မတတ်” ဖြစ်ကြရသည်(နောက်ဆုံးပိုင်း အရွယ်)၊ အဲဒီမှာပဲ- ပျက်လာတဲ့ မျက်စိကိုလည်း မျက်နှာသက်ခြင်းဖြင့် ပြင်ပေးနေရသည်၊ နှာခေါင်း အစ အနာမာဝကိုးပေါက်လုံးကို ပြင်ပေးနေရသည်၊ ပျက်လာတဲ့ အသားရေ ဆံပင် သွားတွေ အင်းအားတွေ အားလုံးကို လိုက်ပြင်နေရသည်၊ ဒါပေမဲ့ ပြင်ပေးနေရတယ်လို့ နှလုံးမသွင်းမိကြပါဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ - မသိမှု့ မောဟက (သဘာဝဖြစ်ပျက်မှု့အမှန်ကို မသိပဲ ပြုပြင်လို့ရတယ်လို့ အမှားကို သိမြင်ခြင်း) ဖုံးထားလို့ ပဲဖြစ်ပါတယ်၊ (မောဟ တစ်ခုတည်းကို ပြောလိုက်တာဟာ မောဟသည် အကုသိုလ်တိုင်း မသိမှု့တိုင်းမှာ ပါဝင် နေတာကြာင့်ပါ)၊ ပြင်လို့ရမယ်လို့ ထင်ပြီး ပြင်နေမိကြတော့တာပါပဲ။
ရေကြောင့်ဖြစ်ပြီး ညစ်ပေလာတဲ့ အညစ်ကြေးတွေကို ရေနဲ့ပဲ ဖြူစင်သွားအောင် ပြင်ပေး ဆေးကြောပေး ရပါသည်၊ ဒီတိုင်းပါပဲ ကိုယ်နဲ့ပြုလုပ်မိလို့ ဖြစ်သွားသော ကျိုးပဲ့သွားသော သီလအညစ်အကြေးကို ကိုယ်နဲ့ မပြုလုပ်တော့ခြင်းဖြင့် ပြန်လည်ဆေးကြောပေး ပြင်ပေးရပါမည်၊ နှုတ်ကြောင့် ကျိုးပဲ့သွားသော သီလအညစ်အကြေးကိုလည်း နှုတ်ကို ထိန်းသိမ်းခြင်းဖြင့် ဆေးကြောပေး ပြန်လည်ပြင်ပေးရပါမည်၊ စိတ်အတွေးကြောင့် ဖြစ်လာတတ်တဲ့ အတွေးအညစ်အကြေး အပြစ်တွေကိုလည်း မတွေးတော့ခြင်းဖြင့် ပြန်ပြင်ရပါမည်၊(ရေကြောင့်ဖြစ်တဲ့ အညစ်ကြေးကို ရေနဲ့သာ ပြန်ဆေးကြောရသကဲ့သို့ စိတ်ကြောင့်ဖြစ်တဲ့ အညစ်ကြေးတွေကို စိတ်နဲ့ပဲ ပြန်လည် ဆေးကြောသန့်စင်ရတယ် -- ဆိုတဲ့ ဗုဒ္ဓစကားရှိနေသည် မဟုတ်ပါလားဗျာ)။
စာရေးသူ သီဟိုဠ်ရောက်မှ ပြုပြင်ဆိုတာလေးကို လေးနက်စွာ တွေးမိခဲ့တာပါ၊ အဲဒီအတွေးလေးကို သိစေချင်လွန်းလို့ ဒီဆောင်းပါးလေးကို ရေးမိခြင်းပါ၊ (ပြင်ဆင်ကြမယ့် လူတိုင်းကို သိစေချင်တာပါ)၊ တစ်နေ့မှာ စာရေးသူ၏ သူငယ်ချင်းတစ်ယောက် လေဆိပ်ကိုသွားလို့ လိုက်ပို့သည်၊ မြို့လည်မှာ လမ်းပြင်နေတာကို တွေ့ရသည်၊ သေသေချာချာ ကြည့်မိခဲ့သည်၊ သူတို့လမ်းပြင်တာက ကျွန်တော်တို့မြန်မာ ပြည်က လမ်းပြင်သလိုမျိုး မဟုတ်ပါဘူး၊ အဲဒီအကြောင်းလေးကို အဓိကပြောပြချင်သည်၊
လမ်းပြုလုပ်တဲ့အခါမှာလည်း-----
(၁) ဘယ်လိုလုပ်ရင် ကြာရှည် အသုံးခံမလဲ ဆိုတာကို ကြည့်ကြသည်၊
(၂) ဘယ်လိုလုပ်ရင် ပိုပြီးအသုံးတည့်မလဲဆိုတာကို စဉ်းစားကြသည်၊
(၃)ဘယ်လိုလုပ်ရင် သူ့အလှအပျက်ပဲ သဘာဝအလှကို ပိုမိုတောက်ပ လာစေနိုင်မလဲဆိုတာကို ဆင်ခြင် တွေးတတ်ကြသည်၊
ဒီအချက်တွေနဲ့ ကြည့်ပြီး ယှဉ်ပြီး လုပ်ကြသည်၊ ပြုလုပ်ပြီး ပျက်လာလို့ ပြင်ဘို့အချိန် ရောက်လာပြီ ဆိုရင် လည်း ပျက်တဲ့နေရာလေးပဲ ပြင်သွားတာမျိုးမဟုတ်ပါ၊ “အသီး တစ်လုံးမှာပါတဲ့ အပြစ်အနာတွေကို အကုန် လိုက်ပြီး လှီးထုတ်ပစ်သလိုမျိုး ဘေးမှာရှိတဲ့ အပြစ်ဖြစ်လာနိုင်မည့် အရာတွေကိုပါ ဖျက်ပြီး ပြန်ပြင်သည်”၊ ထိုသို့ပြုလုပ်ခြင်းဟာ ပိုကောင်းဘို့ ကြာရှည်ခံဘို့ လုပ်လိုက်ခြင်းပါ၊ မပျက်သေးတာကိုလည်း ဖျက်ဆီး ပစ်လိုက်တာမျိုး မဟုတ်ပါ။
ခြေထောက်မှာ ပိုးထိတဲ့လူတစ်ယောက်ကို အခြေအနေအရ ကြည့်ပြီး ခြေထောက်ကို ဖြတ်သင့်ရင်လည်း ဖြတ်ပစ်ရမည်၊ ထိုသို့လုပ်ခြင်းသည် ထိုလူ့အတွက် ပိုကောင်းမည့် လမ်းကို ရှာလိုက်ခြင်းသာဖြစ်သည်၊ စာရေးသူငယ်ငယ်က “ မေမေ အ၀တ်တွေ ပြန်လည် ဖာထေးချုပ်တဲ့ အခါမှာ အပေါက်အပြဲ ဘေးပတ်ပတ်လည် တော်တော်များကိုပါ ဆွဲယူပြီး ပြန်ချုပ်တာကို” တွေ့ဖူးသည်၊ ထိုသို့ ဘေးနားသားတွေကို ယူပြီး ချုပ်ရခြင်းသည် “ပိုမိုကောင်းမွန်ဘို့ ကြာရှည်အသုံးခံဘို့ အတွက် ဖြစ်သည် “ဆိုတာကို စာရေးသူတို့သိနိုင်သည်၊ ထိုသို့သိကြသော သီဟိုဠ်နိုင်ငံမှ လမ်းပြင်တာဝန်ယူထား သူများသည် လိုက်နာကြသည်၊ ထိုနည်းအတိုင်း ပြန်လည်ပြုပြင်ကြသည်၊ သီဟိုဠ်မှာ လမ်းတွေ ခဏခဏ ပျက်နေတာကိုလည်း (မတွေ့ရ) တွေ့ရခဲသည်၊ ပျက်လို့ပြင်လျှင်လည်း စာရေးသူပြောခဲ့သလို ဘယ်လိုလုပ်ရင် ကြရှည်ခံမလဲဆိုတာကို အမြဲတွေးတတ်ကြ ပြန်ပြင်ကြသည်။
မြန်မာပြည်မှာတော့ လမ်းတွေ ခဏခဏ ပျက်သည်၊ ပြင်တော့လည်း ချိုင့်ခွက်ထဲမှာ ကျောက်မှုန့်ဖြူးပြီး ကတ္တရာစေးသုတ်ထားခဲ့သည်၊ ပြီးပြီ၊ မနက်မှာပြင်သောလမ်းသည် ညနေဘက်ဆို ပျက်ပြန်ပြီ၊ နေရာတိုင်း လမ်းတိုင်းမှာ တွေ့နေရသည်၊ မြင်နေရသည်၊ ဘာကြောင့် ခဏခဏအလုပ်ရှုပ်ခံပြီး ထိုသို့ ပြင်နေကြပါသနည်း၊ (စာရေးသူ မတွေးတတ်ပါ)၊ ဘယ်လိုပြင်လိုက်လျှင် ကြာရှည်ခံမယ် ဆိုတဲ့ အတွေး မတွေးမိလို့လား၊ ဒါမှမဟုတ် ဘယ်လိုလုပ်ရတယ်ဆိုတာကို မသိကြလို့ပဲလား၊ စာရေသူမပြောတတ်တော့ပါ ၊ အလုပ်ရှုပ်မှ စားရလို့ပဲလား၊ (အလုပ်ရှုပ်တော့ နေ့စဉ်အလုပ်ရှိပြီး နေ့စဉ် စားဝတ်နေရေးအတွက် အဆင်ပြေတာကိုဆိုလိုတာပါနော်)၊ ကိုပွမ်ပွမ်တို့ ပြောသလို “ကတ္တရာ စားတယ်၊ ဘိလပ်မြေစားတယ်” လို့တော့ မပြောရဲပါ၊ ကျွန်တော်ပြောလို ပါသည်၊ မြန်မာပြည်က လမ်းပြင်နည်းကို ပြင်သင့်ပြီးလို့။
ကဆုန်လပြည့်နေ့က စာရေးသူ Kandy city ကိုသွားဖြစ်ခဲ့သည်၊ အသွားကိုရထားနဲ့ သွားသည်၊ အပြန်မှာတော့ ကားနဲ့ပြန်ခဲ့သည်၊ ရထားရော ကားရော သွားဘူးအောင် ဗဟုသုတရအောင်လို့ စီစဉ်လိုက်ခြင်းဖြစ်သည်၊ ဘူတာမှာ သိပ်ကိုသဘောကျတာ တစ်ခုရှိခဲ့သည်၊ “သန့်ရှင်း နေခြင်းပင်” ၊ ရှုပ်ရှုပ်ရှက်ရှက် ဆူဆူညံညံ ပိုးလို ပက်လစ် တုန်းလုံးကွေးကောက်တွေ အိပ်နေတာမျိုးကို မတွေ့ရပါ၊ ထိုအချက်သည်လည်း စာရေးသတို့ မြန်မာပြည်က ဘူတာရုံများမှာ ပြင်ရမယ့် အချက်တစ်ခုဖြစ်သည်၊ ရထားနဲ့သွားတုန်း ကြည့်လို့ရသမျှ လျောက်ကြည့်သည်၊ ကျောက်တောင်များကို လှိုင်ဖောက်မှ ပိုလှမည်ဆိုလျှင် လှိုင်ဖောက်လိုက်သည်၊ ဥမင်လှိုင်များ အရှည်ကြီးတွေမဟုတ်သော်လည်း (၁၂) ခုတောင်ရှိသည်ဟု မှတ်မှတ်ရရ မှတ်ထားသော သူငယ်ချင်းက ပြောသည်၊ စာရေးသူကတော့ ထိုအချက်ကို မှတ်ထားဘို့ စိတ်ကူးမပေါ်ခဲ့ပါ၊ ဥမင်းလှိုင်တွေက ခရီးသွားများကို ဆွဲဆောင်နိုင်မှု့ရှိတာကတော့ မှန်နေပေသည်၊ အဲဒီအချက်ကိုတော့ စာရေးသူ သတိထားမိသည်။
တူးပစ်မှ ပိုလှမည် ပိုပြီးကြာရှည်ခံမည် ဆိုလျှင် တူးပစ်သည်၊ တစ်ချို့နေရာမှာ ဖို့ပစ်မှ အဆင်ပြေမည် ဆိုလျှင် ဖို့ထားတာတွေကိုတွေ့ခဲ့ရသည်၊ လမ်းကို ဖြောင့်အောင် လုပ်သည်၊ ကွေ့ကောက်လုပ်နေ တာမျိုးကို သိပ်မတွေ့ရ၊ သူတို့စနစ်သည် ဘာပဲလုပ်လုပ်----
(၁) အများပြည်သူအတွက် အသုံးဝင်ရမည်၊
(၂) ကြာရှည်ခိုင်ခံ့ရမည်၊
(၃) သဘာဝအလှတရားကို မဖျက်ဆီးပဲ သဘာဝအလှကို ပိုမို ထင်လင်း သိသာမြင်လွယ်စေရမည် - ဟူသော အချက်များကိုလက်ကိုင် ထားတတ်ကြသည်။
တစ်နေရာတွင် မြေရထားလမ်းရှိနေပါလျှက် ကုံးတံတားဖြင့် ရထားလမ်းအသစ်ဆောင်လုပ်နေသည်ကို တွေ့ရသည်၊ စာရေးသူ၏ ဘေးတွင်ရှိသော ကုလားကို မေးကြည့်သည်၊ သူက“ ခရီးတွင်ကျယ်အောင်လို့၊ မြန်အောင်လို့၊ airway လုပ်ထားတာ” လို့ ပြောပြသည်၊ ဆက်ပြီး “ခုမောင်းနေတာက ကန္တီရောက်အောင် ဘယ်လောက်အချိန်ပေးရတယ်၊ airway ပြီးသွားလို့ရှိရင် ဘယ်လောက်ပဲ အချိန်ကုန်တော့မယ်၊ အချိန်ပေးရတော့မယ်” လို့ ပြောပြ ရှင်းပြသေးသည်၊ အင်း သူတို့ ပြင်လိုက်တာသည် ပြည့်သူ့ဘဏ္ဍာကို(နိုင်ငံ၏ဘဏ္ဍာ) အလဟသတ် ဖြုန်းတီး ပစ်တာမျိုးမဟုတ်ကြပါ၊ ကုန်သွားတာထက် များစွာသော အကျိုးရှိမှ သာလျှင် ပြန်လည်ပြင်ဆင်တတ်ကြသည်ကိုလည်း အတုယူဖွယ် မှတ်သားမိသည်၊ ထိုလမ်းသစ်သည် မလုပ်လျှင်လည်း ဖြစ်သည်၊ သို့သော် သူတို့ပြည်သူတွေအတွက် များစွာအကျိုးရှိမည်ဖြစ်သဖြင့် လုပ်နေကြခြင်း လမ်းသစ်ပြင်နေကြခြင်းဖြစ်သည်၊ ထိုအချက်ကိုလည်း အတုယူပြီ မြန်မာပြည်က လမ်းသစ်များ ရေကန်ဆည်သစ်များတည်ဆောက်မှု့စနစ်ကို ပြောင်းလဲသင့်တာ ပြောင်းလဲရ မည်၊ ပြင်ဆင်သင့်တာ ပြင်ဆင်ရပေမည်။
တစ်နေရာတွင် ကားလမ်းကို တိုးချဲ့ဘို့ပြင်နေကြသည်ကို တွေ့ရသည်၊ ဒါနဲ့ပတ်သက်ပြီး “ ငါတို့ဆီမှာ လမ်းပြင်ရင် ဘေးက အိမ်တွေက စိတ်ညစ်ရတယ်၊ မင်းဆို့ဆီမှာ ခုလိုလုပ်တော့ ဘယ်လိုလုပ်သလဲ၊ ဒီတိုးချဲ့ပြင်ဆင်တဲ့လမ်းထဲမှာ ပါတဲ့အိမ်က လူတွေကို သဘောတူ/မတူ ဆန္ဒမဲယူကြသေးသလား” လို့ မေးကြည့်မိသည်၊ ဒီမိုကရေစီ နိုင်ငံဆိုတော့ မေးမိတာပေါ့နော်၊ ကုလားက “ ဟင် စိတ်မညစ်ကြပါဘူး၊ အဲလိုပါရင်ကို ၀မ်းသာနေကြတာ၊ ပါတာက နည်းနည်းလေ၊ လျော်ကြေးရတာက များတယ်၊ ရောင်းရင် ငါးသိန်းရမယ့်နေရာဟာ အဲလိုထဲပါသွားရင် ခုနှစ်သိန်းလောက်ရတယ်၊ ရောင်းရဈေးထက် အစိုးရလျော်ကြေးက ပိုရတယ်၊ အဲဒါကြောင့် ပါပါစေလို့ပဲ ဆုတောင်းကြတဲ့လူတွေများတယ်”လို့ ဖြေပါသည်၊ ဟုတ်သည် မဟုတ်သည်တော့ စာရေးသူ သေချာတတ်အပ် မသိပါ၊ ဟုတ်ခဲ့လျှင်တော့ သိပ်ကောင်းသည့် စနစ်နဲ့ ပြင်ဆင်မှု့တစ်ခုပါပဲ။
စာရေးသူတို့ရွာမှာ တရုတ်တွေက ရေနံရှာဘို့ သက်ဆိုင်ရာလူကြီးများနဲ့လာပြီး ကားလမ်းဖောက်လုပ်သည်၊ လမ်းချဲ့ဘို့ ပြင်ဘို့ လမ်းမြေသတ်မှတ်ကြသည်၊ လမ်းဘေးအိမ်များ တော်တော်လေး မကြည်မသာဖြစ်ကြရ သည်၊ သို့သော်လည်း မတတ်နိုင်ပါ၊ လယ်ယာမြေတွေ ပါသည်၊ တရုတ်တို့ ရေနံတူးမည့် လယ်ကွက်တွေ ယာမြေတွေ သိမ်းခံရတဲ့အထဲ ပါသွားသည်၊ တောင်သူလုပ်သား လယ်သမားများ ဘာမှမပြောသာခဲ့ပါ၊ လျော်ကြေးလည်းမရပါ၊ နောက်တက်လာသည့် ရပ်ရွာဥက္ကဋ္ဌက ဗဟုသုတကြွယ်ဝသူ ဖြစ်နေတော့ အတင်းလိုက်ပြီး လိုက်လုပ်သဖြင့် ရောင်းဈေးထက် တ၀က်ကြေးတော့ ရကြသည်ဟု ကြားသိရသည်၊ ဒီမှာနဲ့ယှဉ်ရင်တော့ ကွာလှသည်၊ အင်းလေ “ မရတာနဲ့စာလျှင်တော့ တော်သေးသည်ပေါ့ “၊ ပြင်ဆင်မှု့သည် ပြည်သူများအတွက် အကျိုးရှိသော ပြင်ဆင်မှု့မျိုး ဖြစ်သင့်သည်ကတော့ အမှန်ပင်။
ကန္တီရောက်တော့ အနှစ်- ၂၀ မှ တစ်ကြိမ်သာ ပြုလုပ်သော စွယ်တော်ပွားလှည့်ပွဲနဲ့ကြုံရသည်၊ စာရေးသူတို့ မြန်မာပြည်မှာဆိုလျှင်တော့ တကယ့်ကို ကြီးကျယ်တဲ့ ကြုံရခဲတဲ့ ဘုရားပွဲတော်ပေါ့၊ (အနှစ်-၂၀မှ တစ်ကြိမ်သာ ပြုလုပ်သည်ဟု ကုလားများက ပြောပြခြင်းဖြစ်သည်၊ ဟုတ်လား မဟုတ်လားတော့ စာရေးသူ မသိပါ)၊ ကြီးကျယ်ခန်းနားသော စွယ်တော်ပွားလှည့်ပွဲတွင် သူတို့နိုင်ငံ၏ ယာဉ်ကျေးမှု့ ကကွက်မျိုးစုံကို ကပြ ပူဇော် ကြသည်၊ တစ်ဖွဲ့ပြီးတစ်ဖွဲ့ စွယ်တော်ပွား တင်ဆောင်ထားသော ရွှေဆင်တော်၏ ရှေ့မှာ ပူဇော်ကပြကြသည်၊ သူတို့သီဆိုသော သီချင်းများသည် ဘုရား တရား သံဃာကို ပူဇော်သော သီးချင်းများသာဖြစ်သည်၊ အပျော်သဘော လုံးဝမရောပါ၊ သူတို့ကပြသော အကများသည်လည်း ဗုဒ္ဓ၀င် အကများနဲ့ သူတို့နိုင်ငံ၏ ခေတ်အဆက်ဆက် ဆင်းသက်လာသော ယဉ်ကျေးမှု့အကများသာ ဖြစ်သည်၊ စာရေးသူမျက်စိ ထဲမှာတော့ “ဘီးလူးကတွေ” လို့ပဲ ထင်ခဲ့သည်၊ ဟိ။
စာရေးသူ ပြောလိုသည်က ဘုရားကိုပူဇော်သော ပွဲတော်မှာ ပူဇော်မှု့သက်သက်ဖြင့်သာ ပြုလုပ်သွားသည့် စနစ်ကို ပြောလိုခြင်းဖြစ်သည်၊ သိပ်ကို အတုယူဘို့ကောင်းလှသည်၊ စာရေးသူတို့ မြန်မာပြည်သာဆိုလျှင် ဒီလို နေ့မျိုးမှာ ဘယ်လောက်များ သောင်းကျန်းမူးရူး နေကြမလဲလို့ တွေးမိသည်၊ ဒီမှာ အဲလိုမရှိကြ၊ သန့်သန့် ရှင်းရှင်း တည်တည်ငြိမ်ငြိမ်နဲ့ ပူဇော်ကြသည်၊ ဆန်စေ့ထဲမှာ ကြွက်ချေး အရောမခံကြပါ၊ ဒီအချက်လေးကို အတုယူပြီး စာရေးသူတို့ မြန်မာပြည်က ဘုရားပွဲများမှာ ပူဇော်ပုံ ပူဇော်နည်းကို ပြင်သင့်လှပါပြီ၊ မြန်မာပြည်သူ/သားများကို စွယ်တော်ပူဇော်ပွဲဖြစ်သည့် ထိုပွဲတော်ကို မြင်စေချင်သည် ၊ ကြည့်စေချင်သည်၊ အတုယူစေချင်သည်၊ ပြင်ဆင်စေချင်သည်၊ မြန်မာပြည်သူ/သားများနဲ့ “ကုသိုလ်တပဲ၊ ငရဲတစ်ပိဿာ” ဟူ သည်နဲ့ သိပ်ကိုလိုက်ဖက် ညီနေသည်၊ မကောင်းပါ၊ ပြင်ဆင်သင့်သည်၊ ပြင်ဆင်စေချင်သည်။
စာရေးသူတို့သည် တက္ကသိုလ်သွားသောအခါ ကားကိုစီးလုံး ငှါးသွားတာလည်း ရှိသည်၊ လိုင်းကားစီးသွားတာ လည်း ရှိသည်၊ တစ်နေ့ စာရေးသူသည် ငှါးထားသော ကားကို မမီလိုက်၊ အိပ်ပျော်နေခဲ့သည်၊ ထို့ကြောင့် လိုင်းကား စီးပြီး သွားသည်၊ လိုင်းကားပေါ်မှာ ခုံအားလုံး ပြည့်နေသည်၊ စာရေးသူတက်သွားတော့ ထိပ်ဆုံးခုံမှ လူနှစ်ယောက်က နေရာဖယ်ပေးရှာသည်၊ နောက်တစ်မှတ်တိုင်မှာ စစ်အရာရှိတစ်ဦးတက်လာသည်၊ နေရာဖယ်ပေးထားသော ထိုလူနှစ်ယောက်က စာရေးသူဘေးမှ လွတ်နေသော နေရာမှာထိုင်ဘို့ ကုလားလို ပြောသည်၊ စစ်အရာရှိလည်း ၀င်ထိုင်သည်၊ စစ်ဘက်ဆိုင်ရာများကို နားမလည်သော်လည်း ထိုလူ၏ လက်မောင်းပေါ် ပခုံးပေါ်မှ တံဆိပ်များ အပွင့်များကို ကြည့်ယုံဖြင့် အရာရှိတစ်ဦးဆိုတာကို သိနိုင်သည်။
နောက်တစ်နေရာရောက်တော့ ကိုယ်ဝန်ဆောင်ကုလားမတစ်ယောက် တက်လာသည်၊ စစ်အရာရှိသည် လျှင်မြန်စွာပင် နေရာမှထပြီး ထိုကိုယ်ဝန်ဆောင်ကုလားမကို နေရာပေးသည်၊ ဖေးမ ကူတွဲလို့ပါပဲ၊ သူသည် လည်း သာမာန်ပြည်သူများနည်းတူ မတ်တတ်ရပ်စီးသည်၊ ပြည်သူတွေနဲ့ ရင်းရင်းနှီးနှီးစကားပြောလျှက်၊ ရဟန်းတော်များ သီလရှင်များ ဘိက္ခုနီများကားပေါ်တက်လာလျှင် ပြောနေစရာမလိုပါ၊ “ရှေ့ဆုံးခုံမှ” ဟုလည်း သတ်မှတ်မထားပါ၊ ကားပေါ်တက်လာသော အရေအတွက်နဲ့အမျှ နေရာဖယ်ပေးကြသည်၊ ထိုသို့နေရာဖယ်ပေးတာကို သိပ်သဘောကျသည်၊ စာရေးသူတို့ နိုင်ငံမှာဆှိုလျှင်တော့ “ စပါယ်ယာက အသံကွဲအောင် အော်ပြောနေရသည်၊ ဒါတောင် ကြည်ကြည်သာသာနဲ့ နေရာဖယ်ပေးတတ်ကြတာက နည်းပါးလှသည်” ၊ ထိုအချက်သည်လည်း ပြုပြင်သင့်သော အချက်ထဲမှာ တစ်ခုအပါအ၀င်ဖြစ်သည်၊ ယခု စစ်အရာရှိတစ်ဦး၏ လုပ်ရပ်ကိုတော့ စာရေးသူ ပိုလို့ပိုလို့ သဘောကျမိသည်၊ စာဖတ်သူကိုယ်တိုင်သာ စစ်အရာရှိကြီးတစ်ဦး ဖြစ်ခဲ့မည်ဆိုလျှင် ------------------------ ။
စာရေးသူ မန္တလေးမှာ နေစဉ်က မျက်ရည်စလေးများထွက်လောက်အောင်ကို ကြည်နူးစရာကောင်းသော အဖြစ်အပျက်တစ်ခုနဲ့ ကြုံဖူးသည်၊ တစ်နေ့ စာရေးသူ မြို့ထဲကို သွားသည်၊ အမှတ်(၅)ကားနဲ့ပါ၊ ကားပေါ်မှာ စာရေးသူရော ကောလိပ်ကျောင်းသူတွေရော MITU - မှ ဆရာမတွေရော အခြားခရီးသည်တွေရောပေါ့၊ နန်းရှေ့ဈေးမှ ငါးရောင်းသော ဈေးသည် သုံးဦးတက်လာသည်၊ ဟိ၊ သူတို့သည် အပြင်အဆင်မရှိ၊ အ၀တ်အစားခပ်နွမ်းနွမ်းတွေနဲ့၊ ငါးနံ့တွေကလည်း နံလိုက်တာ မပြောပါနဲ့တော့၊ သူတို့တက်ပြီးတော့ ကားပေါ်မှာ နေရာလွတ်မရှိတော့ပါ၊ စာရေးသူလည်း ထိုအနံကို ရလိုက်တော့ ဘေးမှ ကျောင်းသူများ ဆရာမများကို တစ်ချက်ငဲ့ကြည့်မိသည်၊ သူတို့ ၀တ်စားထားတာတွေ ကြောင့်ပါ၊ ထင်တဲ့အတိုင်းပါပဲ၊ သူတို့က အိတ်ထဲမှာ ပါလာသော ပ၀ါတို့ စမတ်တို့ဖြင့် သူတို့ နှာခေါင်းကို ဖုံးအုပ်ကြသည်၊ စာရေးသူပြုံးမိသည်၊ “ဒီလို ဈေးသည်တွေရှိနေလို့ အဆင်ပြေနေတယ်ဆိုတာကို သူတို့ မသိကြဘူး “ လို့ တွေးမိလို့ပါ၊ ကျုံးအရှေ့တောင်တောင့် မီးပွိုင့်အကျော်မှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး တက်လာသည်၊ ဘယ်သူမှ နေရာဖယ်မပေးမှာ စာရေးသူက နေရာကို နည်းနည်းကျုံ့ပေးလိုက်သည်၊ သို့သော်လည်း သူ့ကိုယ်က နေရာယူတာများသည်၊ ထို့ကြောင့်သိပ်အဆင်မပြေ၊ ထိုအခါ ဈေးသည်သုံးဦးတွင် အကြီးဆုံး ဈေးသည်က “ညီမလေး ဒီမှာလာထိုင်” ဟု ပြောပြီး သူ့ဘေးမှာ ဈေးသည်နှစ်ယောက်ကိုလည်း အလယ်တွင်ဆင်းထိုင်ဘို့ ပြောသည်၊ သူတို့သုံးယောက် အလည်မှာထိုင်ပြီး ကိုယ်ဝန်အမျိုးသမီးကို နေရာပေးကြသည်၊ စာရေးသူလေ ထိုဈေးသည်သုံးယောက်ကို ကြည့်ပြီး ၀မ်းသာလို့မဆုံးပါ၊ သူတို့တွေရဲ့ ပင်ကိုယ်အသိဥာဏ်ကို လေးစားမိသည်။
အသိဥာဏ်သည် ပင်ကိုယ်မွေးကတည်းပါလာသော အသိဥာဏ်ရယ်(ပဋိသန္ဓေပညာ) ပညာသင်ယူရင်းဖြင့် စာဖတ်ခြင်းဖြင့် တိုးတက်လာသော အသိဥာဏ်ရယ်(ပ၀တ္တိပညာ) ဟု နှစ်မျိုးရှိသည်၊ တစ်ချို့က ပင်ကိုယ်အသိဥာဏ်ထက်ထက် သန်သန် ပါလာကြသည်၊ ထိုသူများကို ပင်ကို ပဋိသန်ဓေ ဥာဏ်ရှိသူများဟု ခေါ်ကြသည်၊ တစ်ချို့မှာပင်ကိုယ် အသိဥာဏ်ထက်သန်သော်လည်း ထက်မြတ်သော်လည်း ဒါနမျိုးစေ့ သီလမျိုးစေ့ နည်းပါးခဲ့ခြင်းကြောင့် ဆင်းရဲခြင်း ရုပ်ဆိုးခြင်းများကို ပိုင်ဆိုင်နေကြသည်၊ တစ်ချို့မှာ ဒါနမျိုးစေ့လည်းကောင်း သီလမျိုးစေ့လည်း ကောင်းခဲ့ကြသဖြင့် ချမ်းသာခြင်း ရုပ်လှခြင်းများကို ပိုင်ဆိုင် နေကြသည်၊ အမျိုးမျိုးပေါ့နော်၊ ကံချင်းမှ မတူကြတာလေ၊ တစ်ချို့မှာ ပင်ကိုယ်အသိဥာဏ်မထက်သန် သော်လည်း ဒါမျိုးစေ့ကောင်းခြင်း သီလမျိုးစေ့ ကောင်းခြင်းကြောင့် အသိဥာဏ်မရှိပေမဲ့ ချမ်းသာခြင်း ရုပ်လှခြင်းများကို ပိုင်ဆိုင်နေကြသည်၊ တစ်ချို့မှာ ပင်ကိုယ်အသိဥာဏ်လည်းမပါ ဒါနမျိုးစေ့လည်း သိပ်မကောင်း သီလမျိုးစေ့လည်း သိပ်မကောင်းသဖြင့် အသိဥာဏ်လည်းမရှိ ဆင်းလည်းဆင်းရဲ ရုပ်လည်းမလှခြင်းများကို ပိုင်ဆိုင်နေကြရသည်၊ ပင်ကိုအသိဥာဏ် နည်းပါးပါက မျက်မှောက်မှာ စာဖတ်ခြင်း နားထောင်ခြင်း မှတ်သားခြင်းဖြင့် အသိဥာဏ်ကိုရကြသည်၊ ထိုသို့ရယူခြင်းဖြင့် အသိဥာဏ်ရှိလာသူကို ပ၀တ္တိဥာဏ်ရှိသူများဟု ခေါ်ကြသည်၊ ကဲ စာလည်းရှည်သွားပါပြီ၊ စာရေးသူ ပြောချင်တာက ပင်ကိုယ်အသိဥာဏ်နည်းပါးးသူများသည် “ စာဖတ်ခြင်း အတုယူခြင်း မှတ်သားခြင်း နားထောင်ခြင်း လေ့လာခြင်း များဖြင့် ပ၀တ္တိအသိဥာဏ်ရှိသူများဖြစ်အောင် ကြိုးစား ပြင်ဆင်နိုင်ကြပါစေလို့ “။
ဖြစ်ခဲ့ပြီးတာ ပြုခဲ့ပြီးတာကိုတော့ ထားလိုက်တော့၊ ပြန်လိုချင်လို့လည်း မရတော့ပါ၊ ကုန်လွန်ခဲ့ပါပြီ၊ နောက်ကို ထိုသို့မဖြစ်အောင် ပြင်ဆင်သင့်သည်၊ ကုလားများသည် အသားမည်းသော်လည်း ဗုဒ္ဓ၏ သိမ်မွေ့သော ဖြူစင်သော သန့်ရှင်းသော အေးမြသော အဆုံးအမများ ရင်ထဲတွင် ကိန်းအောင်နေလို့ ထင်သည်၊ သိပ်ကို ယဉ်ကျေးတည်ငြိမ်ကြသည်၊ သူတို့မျက်လုံးများသည် ကြည်လင်သည်၊ သူတို့အကြည့် သည် သန့်ရှင်းသည်၊ သူတို့ အပြုံးများသည် အေးမြလှသည်၊ မာယာနည်းသည်၊ (ဗုဒ္ဓအဆုံးအမများ ရင်ထဲကိန်းသော အသားမည်းကုလားများသည် အသားသာ မည်းသော်လည်း နှလုံးသား ဖြူကြသည်၊ ဗုဒ္ဓ၏ သိမ်မွေ့သော အဆုံးအမတို့မရှိသော အတ္တဆန်သော နိုင်လိုမင်းထက်ပြုလိုသောစိတ်ထား ရှိသူများမှာတော့ လူဖြူလူမည်းမရွေးပါ၊ နှလုံသားမဖြူစင်ကြပါ၊ သူတို့အကြည့်သည်လည်း မတည်ငြိမ်ပါ၊ သူတို့မျက်လုံးများ သည်လည်း မကြည်လင်ပါ၊ သူတို့အပြုံးများသည်လည်း မအေးမြပါ)။
ဗုဒ္ဓကိုပူဇော်မှု့နဲ့ပတ်သက်ရင်တော့ သီဟိုဠ်ကို အတုယူပြီး ကျွန်တော်တို့နိုင်ငံမှာ ပြင်စရာတွေများစွာ ရှိနေပါသည်၊ (တစ်ခါက သိကြားမင်းကို “ သိကြားမင်း အသားမည်းသူကို ငမည်းလို့ခေါ်လို့ရပေမဲ့ ရင်ထဲမှာ ဖြူစင်တဲ့ စိတ်ထားရှိနေရင် အဲဒီလူဟာ ငမည်းအစစ်မဟုတ်ဘူး၊ ငဖြူဖြစ်တယ်၊ အသားဖြူပြီး ရင်ထဲမှာ ဖြူစင်စိတ်ထားမရှိ စိတ်မည်းစိတ်ပုတ်စိတ်ညစ်တွေသာရှိနေရင် ငဖြူလို့ခေါ်လို့ရပေမဲ့ အဲဒီလူဟာ ငဖြူအစစ်မဟုတ်ဘူး၊ ငမည်းဖြစ်တယ်”လို့ မြတ်စွဘုရား မိန့်တော်မူခဲ့တာ ရှိပါသည်)။
ပြုပြီးသမျှ ဖြစ်ပြီးသမျှ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘာမှ ပြန်လုပ်လို့မရတော့၊ ကောင်းတာတွေ ဖြစ်ခဲ့တယ်ဆိုရင်တော့ ဆက်လက်ထိန်းသိမ်းသွားနိုင်ဘို့နဲ့ ပိုမိုကောင်းမွန်အောင်လုပ်ဆောင်နိုင်ဘို့ ကြိုးစားရပါမည်၊ မကောင်းတာ တွေပြုခဲ့ ဖြစ်ခဲ့တယ်ဆိုရင်တော့ နောင်မပြုမိဘို့ မဖြစ်အောင်ထိန်းဘို့နဲ့ လက်ရှိပြုနေတာတွေ ဖြစ်နေတာတွေ အကောင်းတွေဖြစ်စေဘို့ နောင်ခံစားရမယ့် အသီးအပွင့် အကျိုးကျေးဇူးတရားတွေဟာ အကောင်းတွေ ဖြစ်နေဘို့ လိုသည်၊ ထို့ကြောင့် မိမိကိုယ်ကိုရော နီးရာစပ်ရာ သက်ဆိုင်ရာကိုရော ပြင်ကြပါစို့ ပြင်ပေးကြပါစို့ ပြင်ပေးနိုင် အောင်ကြိုးစားကြပါစို့လို့----
No comments:
Post a Comment