ဒီဆောင်းပါးလေးကို (၁)၊ အများနဲ့နေထိုင်နည်း၊ (၂)၊ တစ်ယောက်တည်းနေရကျိုး၊ (၃) စွဲကျန်ရစ်သော ပန်းတစ်ပွင့် - ဟု သုံးပိုဒ်ခွဲပြီး ရေးသားထားပါသည်၊ စာရေးသူ မိဘမဲ့ဂေဟာသို့ သွားရောက်ခဲ့စဉ် စိတ်တွင် ခံစားရသော ခံစားချက်အမှန်များကို ရေးသားထားခြင်း ဖြစ်ပါသည်၊ စာရေးသူနဲ့ အတူသွားရောက်ကြသော နောင်တော် ညီတော်များ ဒီဆောင်းပါးကို ဖတ်ရလို့ စိတ်တိုကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြဘို့ အနူးအညွှတ် တောင်းပန်ပါသည်၊ စာရေးသူ၏ အမှန်အတိုင်း ရေးတတ်သောအကျင့်လေးကို စာနာပေးကြပါလို့ ကြိုတင် တောင်းပန်ပါရစေ။
(၁) အများနဲ့နေထိုင်နည်း
ဒီနေ့ ၅-၁၀-၂၀၁၁ နေ့၊ စာရေးသူတို့အဖွဲ့ ကျောင်းတိုက်မှ နေ့ခင်း ၁း ၄၀ မှာစထွက်သည်၊ လမ်းရောက်တော့ ခေါင်းဆောင်နောင်တော်ကြီးမှ လက်သုတ်ပ၀ါများ ၀ယ်သည်၊ စာရေးသူတို့ ၁၅ - မိနစ်ခန့်စောင့်ကြသည်၊ မပြီးသေးပါ၊ သို့ဖြင့် ကျောင်းတိုက်တစ်တိုက်မှ နောင်တော်တစ်ပါးကို သွားခေါ်သည်၊ ပြန်လာသော်လည်း လက်သုတ်ပ၀ါဝယ်နေသော နောင်တော်က မပြီးသေးပါ၊ ဖုန်းဆက်တဲ့ နောင်တော်တစ်ပါးကလည်း အူကြောင်ကြောင်နဲ့၊ ဆိုင်ကထွက်လာပြီးလား ဘာလား သေသေချာချာ ရေရေရာရာ မေးလို့မရ၊ စာရေးသူ၏ စိတ်ကလည်း မြန်သည်၊ ကိုယ့်ကိုယ်လည်း သိသည်၊ သိလို့လည်း တစ်ချို့ကိစ္စတွေမှာ မသိချင်ယောင် ဆောင်နေလိုက်သည်၊ ခုဟာက မရတော့၊ စောင့်နေရတာ တော်တော်ကြာသွားပြီ။
ကားပေါ်မှ ဆင်းလို့လွယ်ကူသည့် နောင်တော်များကလည်း ဆင်းပြီး ကြိုမယ် ပြုမယ် မရှိ၊ ထိုင်ခုံပေါ်ထိုင်ခွင့် ရလိုက်သည်နဲ့ တစ်ပြိုင်နက် မထချင်ကြတော့၊ အင်း ဒါကလည်း သဘာဝတရားတစ်ခုပင် ထင်ပါသည်၊ မည်သူမဆို ထိုင်ခုံ တစ်ခုကို နေရာတစ်ခုကို ကိုယ်ပိုင်သဘောနဲ့ ထိုင်ခွင့်ရလိုက်ပြီဆိုတာနဲ့ ထပေးချင်စိတ် ဖယ်ပေးချင်စိတ် မရှိကြတော့ပါ၊ ထိုထိုင်ခုံလေးပေါ်မှာ ထိုင်နေရတဲ့ သာယာမှု့ကို မစွန့်လွှတ်နိုင်ကြ၊ စာရေးသူက “ ကားရှိတဲ့နေရာမသိလို့ ကြာနေတာလား၊ ၀ယ်လို့မပြီးသေးလို့ ကြာနေတာလား “ ဆိုတာကို ကွဲကွဲပြားပြား သိချင်သည်၊ ကားရှာမတွေ့လို့ ကြာနေတာဆိုလျှင် သွားပြီး ခေါ်စေချင်သည်၊ ခရီးကြိုမှု့ ပြုလုပ်စေချင်သည်၊ သို့သော် နောင်တော်များက ဒီလိုမဟုတ်ခဲ့၊ စာရေးသူ စိတ် စာရေးသူ အတွေးနဲ့ သူတို့ပုံစံနဲ့က လုံးဝအဆင် မပြေ၊ လုပ်ချင်ရင် ဘယ်သူ့ကို ပြောမနေပဲ ကိုယ့်ဘာသာထလုပ်တတ်သော အကျင့်က ငယ်ငယ်ကတည်းက စာရေးသူဆီမှာ စွဲကပ်နေခဲ့သည်၊
ထို့ကြောင့် ဘာမှ မပြောတော့ပဲ လသုတ်ပ၀ါဝယ်နေသောခဲ့သော နောင်တော် ရှိရာဆိုင်သို့ ဦးတည်သွားခဲ့သည်၊ ကားပေါ်မှ နောင်တော်တစ်ပါးက “ ပြန်တော့မလို့လား၊ ကားစီးတတ်လား” လို့ စိတ်စေတနာမှန်စွာဖြင့် လှမ်းမေးပါသည်၊ သို့သော်လည်း စိတ်တိုနေခြင်းကြောင့် ဘယ်သူ့ကိုမှ စကားပြန်ပြော လိုခြင်း မရှိသဖြင့် စကားမပြန်ပဲ ဆက်သွားခဲ့သည်၊ ထိုသို့ ပြုလုပ်ခြင်းသည် စာရေးသူ၏ ပင်ကိုယ်စရိုက် ဗီဇ တစ်ခုပင် ဖြစ်သည်၊ ထိုအချင်းအရာကို အနီးကပ် အတွင်းသိ မပေါင်းဘူးသော သူငယ်ချင်းများ မိတ်ဆွေများက တစ်မျိုးတစ်မည် ထင်ကာ စာရေးသူကို မကြည်ကြပါ၊ ထို အခြင်းအရာသည်လည်း စာရေးသူ အမြဲတမ်းလိုလို ခံစားနေရ ထင်ခံနေရသော အခြင်းအရာသာဖြစ်သည်။
ထို့ကြောင့် ဘာမှ မပြောတော့ပဲ လသုတ်ပ၀ါဝယ်နေသောခဲ့သော နောင်တော် ရှိရာဆိုင်သို့ ဦးတည်သွားခဲ့သည်၊ ကားပေါ်မှ နောင်တော်တစ်ပါးက “ ပြန်တော့မလို့လား၊ ကားစီးတတ်လား” လို့ စိတ်စေတနာမှန်စွာဖြင့် လှမ်းမေးပါသည်၊ သို့သော်လည်း စိတ်တိုနေခြင်းကြောင့် ဘယ်သူ့ကိုမှ စကားပြန်ပြော လိုခြင်း မရှိသဖြင့် စကားမပြန်ပဲ ဆက်သွားခဲ့သည်၊ ထိုသို့ ပြုလုပ်ခြင်းသည် စာရေးသူ၏ ပင်ကိုယ်စရိုက် ဗီဇ တစ်ခုပင် ဖြစ်သည်၊ ထိုအချင်းအရာကို အနီးကပ် အတွင်းသိ မပေါင်းဘူးသော သူငယ်ချင်းများ မိတ်ဆွေများက တစ်မျိုးတစ်မည် ထင်ကာ စာရေးသူကို မကြည်ကြပါ၊ ထို အခြင်းအရာသည်လည်း စာရေးသူ အမြဲတမ်းလိုလို ခံစားနေရ ထင်ခံနေရသော အခြင်းအရာသာဖြစ်သည်။
ဆိုင်ရောက်တော့ ဆိုင်ရှင်ကုလားက သကြားလုံး အလုံး (၂၀၀)ကို တစ်လုံးချင်း ရေတွက်ပေးနေသည်၊ သူမို့ မပျင်းမရိ ရေတွက်နေသည်၊ (ကုလားများသည် မိန်းမနဲ့ငွေကြေးမှာ ဘယ်တော့မှ အခွင့်အရေးကို အဆုံးရှုံး မခံတတ်ကြ၊ ရရင်ရသလို ယူတတ်ကြသည်၊ ရသလောက် နည်းသည် များသည်မဆို ယူတတ်ကြသည်)၊ စာရေးသူက မြန်မြန်လုပ်ဘို့ စကားသံရော မျက်နှာအမူအရာရော တင်းပြလိုက်သည်၊ ဟီးးးးးးးး၊ သူရေတွက်နေတာ ပြီးလုနီးနေတာလည်း ပါတာပေါ့၊ ခဏအတွင်းမှာပဲ ပြီးသွားပါပြီ၊ ပြီးတာနဲ့ ကားရှိရာဘက်သို့ စာရေးသူမှ ဦးတည်လာခဲ့သည်၊ သူတို့ကားကို ရှာနေရမည်နဲ့စာလျှင်တော့ ပိုပြီးခရီးရောက်သွားတာပေါ့၊ ကားပေါ်ရောက်တော့ ကားပေါ်မှ နောင်တော် ညီတော်များက စာရေးသူကို ကြည်ပုံ မပေါ်ကြဘူး၊ ရှိပါစေတော့၊ စာရေးသူလည်း တစ်ယောက်တည်း ဟိုစဉ်းစား ဒီစဉ်းစားနဲ့၊ “ စိတ်ပေါင်း ကိုယ်ခွါ နေကြရမည် (သို့) သုံးကိုယ် တစ်စိတ်နေကြရမည် ” ဟူသော ဘုရားရှင်၏ စကားကို ကြားယောင်နေမိသည်၊ တစ်ခါက အရှင်အနုရုဒ္ဓါနဲ့အတူ ရဟန်းသုံးပါး၊ တောတစ်ခုအတွင်းမှာ နေထိုင်, သီတင်းသုံးကြသည်၊ ဘုရားရှင် ရောက်လာသောအခါ ကိုယ်ရော, စိတ်ပါ ချမ်းသာကြကြောင်း အလ္လာပ သလ္လာပ စကားပြောဆိုကြသည်၊ ထိုအခါ ဘုရားရှင်က “ ငါ့ရှင်တို့ ဘာကြောင့် ကိုယ်ရော စိတ်ပါ ချမ်းသာကြသနည်း၊ ဘယ်လိုများ နေကြလို့ ပါနည်း “ ဟု မေးတော်မူသည်။
ဘုရားရှင်၏မေးခြင်းသည် ၁။ တရားဓမ္မဟောကြားလိုခြင်း၊ ၂။ သိက္ခာပုဒ်ပညတ်တော်မူလိုခြင်း - ဟူသော အကြောင်းနှစ်ပါးကြောင့် မေးတော်မူခြင်းဖြစ်သည်၊ ထိုအခါ အရှင်အနုရုဒ္ဓါက “ မှန်ပါ၊ တပည့်တော်တို့သည် သုံးကိုယ်, တစ်စိတ်နည်းနဲ့ နေကြပါသည်ဘုရား၊ ကိုယ်ချင်း မရောနှောပါဘုရား၊ စိတ်ဓာတ်ကတော့ သုံးပါးလုံး တစ်စိတ်တည်းပုံစံနဲ့ နေထိုင်ကြပါသည်ဘုရား၊ ထို့ကြောင့် တပည့်တော်တို့မှာ ဘာပြဿနာမှ မရှိပဲ ကိုယ်ရော စိတ်ပါ ချမ်းသာကြခြင်းဖြစ်ပါသည်ဘုရား “ ဟု ပြန်လည်လျှောက်ထားလေသည်၊ ဘုရားရှင်၏ ရွှေနှုတ်တော်မှ “သာဓု သာဓု သာဓု” ဟူသော ရခဲလှသော, တန်ဘိုးမဖြတ်နိုင်သော ချီးမွမ်းစကားသုံးခွန်းကို ရရှိခဲ့ကြသည်၊ ထိုအကြောင်းအရာသည် “အများနဲ့နေလျှင် စိတ်ပေါင်း, ကိုယ်ခွါနည်းနဲ့နေမှ ချမ်းသာမည်” ဟူသော အနှစ်ချုပ် ကို ဟောပြောပြသထားခြင်းဖြစ်သည်၊ (လူကောင်းအချင်းချင်းဆိုလျှင် ကိုယ်ချင်း ရောနှောနေလျှင် တရားဓမ္မကို ကောင်းကောင်းမလုပ်နိုင်ပါ၊ ထို့ကြောင့် ကိုယ့်နေရာမှာ ကိုယ်နေ, ကိုယ့်အလုပ် ကိုယ်လုပ်သောအားဖြင့် ကိုယ်ချင်း ခွါထားရမည်၊ သို့သော်လည်း စိတ်ဓာတ်ချင်းတော့ တူနေရမည်၊ သူ့စိတ်အတိုင်း လိုက်နိုင်ရမည်၊ နားလည်ပေးနိုင်ရမည်၊ သူ့စိတ်နဲ့ ကိုယ့်စိတ်တထပ်တည်းကျအောင် ထားနိုင်ရမည်၊ ထိုသို့ဖြစ်ချင်းကို စိတ်ချင်း ပေါင်းစည်းသည်ဟု ဆိုလိုသည်၊ ထိုသို့မနေနိုင်လျှင် ဘာဖြစ်လာနိုင်သနည်း၊ လူတိုင်းမှာ စိတ်ဓာတ်ချင်း မတူနိုင်ပါ၊ သူ့စိတ်ကိုယ့်စိတ် မတူနိုင်တိုင်းသာ ရန်ဖြစ်စကားများနေရမည်ဆိုလျှင် ၂၄- နာရီလုံး စကားများ ရန်ဖြစ် နေဘို့သာ ရှိတော့သည်၊ မကောင်းသော လူများနဲ့အတူနေရလျှင်တော့ “ ကိုယ်ပေါင်း စိတ်ခွါနည်းနဲ့ နေရမည် ” ဟူသော ဆရာသမားများ၏အဆုံးအမ စကားလည်း ရှိသည်၊ ထိုစကားကို ဥပမာ တစ်ခုနဲ့ ပြောပြပါမည်၊ အရက်သမားတစ်ယောက်နဲ့ အတူနေရသည်ဆိုပါတော့၊ ထိုသူနဲ့ ကာယသာမဂ္ဂီဖြစ်အောင် ကိုယ်အားဖြင့်တော့ ပေါင်းရမည်၊ သူ့ကို ကူညီဖေးမ စောင့်ရှောက်ရမည်၊ သို့သော် စိတ်ဓာတ်ချင်းတော့ ပေါင်းလို့ မရ၊ မပေါင်းရ၊ မတူရ၊ တူလျှင် ပေါင်းလိုက်လျှင် ကိုယ်ပါ အရက်သမားဖြစ်သွားလိမ့်မည်)၊ စာရေးသူနဲ့ ကျန် နောင်တော် ညီတော်များက စိတ်ဓာတ်ချင်းမတူ၊ မတူလို့လည်း စာရေးသူ စိတ်ဆင်းရဲရသည်၊ ဒေါသထွက်ရသည်၊ သူတို့နဲ့ တစ်စိတ်တည်း မထားနိုင်ခြင်းသည်ပင်လျှင် အပြစ်ဖြစ်သည်၊ နောင်တော်ညီတော်များ၏ အပြစ်မဟုတ်ပါ၊ စာဖတ်သူအပေါင်းလည်း စာရေးသူလို စိတ်မတူလို့ စိတ်ဆင်းရဲရတဲ့ အဖြစ်မျိုးနဲ့ မကြုံရအောင် အများနဲ့ နေတဲ့အခါမှာ တစ်စိတ်တည်း ဖြစ်အောင် ထားနိုင်ကြပါစေလို့ ------။
( “ စိတ်ပေါင်း ကိုယ်ခွါနည်း “ ဟု ပြောကြတာလည်း ရှိသည်၊ ထိုစကားကိုလည်း အရက်သမားဥပမာနဲ့ပြော ကြည့်ကြပါစို့၊ သူငယ်ချင်းအရက်သောက်တာကို အပြစ်ပြောနေဘို့ မလို၊ သူ့ကို နားလည်အောင်ပြောပြဘို့သာ, လမ်းမှန်ရောက်နိုင်မည့် နည်းလမ်းကို ခင်းပြညွှန်ပြဘို့သာ လိုသည်၊ လိုက်နာတာ မလိုက်နာတာကတော့ သူ့ကဏ္ဍသာဖြစ်သည်၊ သူငယ်ချင်းဟူသော အသိစိတ် ခင်မင်စိတ် သူငယ်ချင်းကော်းတစ်ယောက်ရဲ့ စိတ်ကိုတော့ သူနဲ့ပေါင်းသင်းနေရမည်၊ သူ့အပေါ်မှာ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့စိတ် အမြဲတမ်း ရှိရမည်၊ ထိုသို့ ပြုမူနေထိုင်ခြင်းကို စိတ်အားဖြင့် ပေါင်းစည်းနေထိုင်ခြင်းဟု ဆိုလိုသည်။
အရက်သမားသူငယ်ချင်းနဲ့ ကိုယ်ချင်းခွါပါ၊ သူအရက်ဆိုင်သွားလျှင် လိုက်မသွားပါနဲ့၊ ကိုယ်က မသောက်သော်လည်း အရက်သမားသူငယ်ချင်းနဲ့အတူတူ အရက်ဆိုင်သွားတာ ပြန်လာတာ အရက်သောက်ချိန်အတူတူ ထိုင်တာတွေကို ပတ်ဝန်းကျင်က မြင်လျှင် ကိုယ့်ကိုပါ အရက်သမားဟု သတ်မှတ်သွားနိုင်သောကြောင့် ဖြစ်သည်၊ ထိုသို့ပြုမူနေထိုင်းခြင်းကို ကိုယ်အားဖြင့် ခွါနေခြင်းဟု ဆိုလိုသည်)။
(၂) တစ်ယောက်တည်းနေရကျိုး
တစ်ယောက်တည်းနေသောအခါ မည်သူ့ကိုမျှ ငဲ့နေစရာမလို၊ စိတ်ချင်းမတူမှာ အယူအဆ အတွေးအမြင်ချင်း မတူမှာကို တွေးပူနေစရာမလို၊ ကိုယ့်စိတ်ကြိုက်လုပ်ပိုင်ခွင့် သွားလာခွင့် အိပ်ခွင့်နေခွင့် ရှိသည်၊ တစ်ခါက ဘုရားရှင်သည် “ချစ်သားရဟန်းတို့ တစ်ယောက်တည်းနေရတာဟာ သိပ်ကို အေးချမ်းတာပဲ၊ လွတ်လပ်တာပဲ၊ နောက်ဆုံး အပေါ့အကြီး သွားချင်ရင်တောင် ကြိုက်တဲ့နေရာမှာ ကြိုက်တဲ့အချိန် သွားလာနိုင်တယ်၊ ဘယ်သူမှ မရှိလို့ တစ်ယောက်ယောက်မြင်မှာ တွေးပူနေစရာ မလိုဘူး” လို့ မိန့်တော်မူခဲ့ဘူးသည်၊ မည်မျှအထိတောင် အေးချမ်းလွတ်လပ်ဘိ သနည်း၊ ခက်တာက တစ်ယောက်တည်း မနေနိုင်ကြခြင်းပင်၊ တစ်ယောက်တည်း မနေနိုင်သေးလျှင်တော့ အများနဲ့နေကြရဦးမည်၊ အများနဲ့နေလျှင် အဆင်ပြေဘို့ စိတ်ချမ်းသာဘို့ လွတ်လပ်ဘို့အတွက် အထက်မှာ ပြောခဲ့သည့်အတိုင်း စိတ်ချင်းတူအောင် တစ်စိတ်တည်းဖြစ်အောင် နေနိုင်ဘို့ အရေးတကြီး လိုအပ်လှပေသည်။
စာရေးသူလည်း ထိုအကြောင်းအရာလေးများကို စဉ်းစားရင်း ဘယ်သူနဲ့မှ စကားမပြောပဲ မှုန်ကုတ်ကုတ်နဲ့ လိုက်ပါလာခဲ့သည်၊ စာရေးသူမှ အကျင့်တစ်ခုရှိသည်၊ ထိုအရာသည် “စိတ်တိုနေလျှင် ဘယ်သူနဲ့မှ စကား မပြောမိအောင်နေခြင်း”ဖြစ်သည်၊ စိတ်တိုလျှင် တစ်ယောက်တည်း နေလို့ရမည့်နေရာကို သွားနေတတ်သည်၊ မန္တလေးမှာ (ပုသိမ်ကြီးမြို့) နေစဉ်က စိတ်တိုလျှင် ရန်ကင်းတောင်ပေါ်တက်တက်ပြေးတတ်သည်၊ တောင်ပေါ် ရောက်လျှင် သမင်လေးတွေကို အစာဝယ်ကျွေးရင်း စိတ်ကို လျော့ချရသည့် အကြိမ်ပေါင်းလည်း မနည်းခဲ့ပါ၊ အကြောင်းမှာ “ စိတ်တိုနေစဉ်ပြောသော စကားသံသည် ဒေါသသံပါနေသည်၊ စိတ်တိုခဲ့သော အကြောင်း အရာထဲတွင် မပါသော တခြားလူများကို ဒေါသသံပါသော စကားလုံးများဖြင့် မပြောချင်သောကြောင့် “ ဖြစ်သည်၊ စိတ်တိုနေလျှင် အကြီးမှန်း, ဆရာမှန်း, သူငယ်ချင်းမှန်း, အငယ်မှန်း မသိတော့ပါ၊ အားလုံးကို အပြစ်ပဲ မြင်နေသည်၊ မြင်မှာပေါ့ စာရေးသူရင်ထဲမှာဖြစ်နေ ရှိနေတာကလည်း အပြစ်စိတ်တွေပဲကိုး၊ ထို့ကြောင့် အပြစ်စိတ်နဲ့ အပြစ်မရှိသောလူများကို စကားမပြောလိုပါ၊ ခုလည်း စကားမပြောပဲ လိုက်ပါလာခဲ့သည်၊ တစ်နေရာအရောက်တွင် ခေါင်းဆောင် နောင်တော်မှ တစ်ခုခု ဆင်းဝယ်ဘို့ လုပ်ပြန်သည်၊ စိတ်တိုလိုက်သည့် ဖြစ်ခြင်း၊ ဖြစ်နိုင်လျှင် တစ်ခါတည်း ကားပေါ်မှ ကန်ချခဲ့ချင်သည်၊ အဲလောက်ထိ အမြင်ကပ်နေမိသည်၊ သို့သော်လည်း သူက ခေါင်းဆောင်လေ၊ စာရေးသူရင်ထဲမှာ “ပဏ္ဍိတေန ကတံ ၀ဏ္ဏိတံ = ပညာရှိသူ လုပ်သောအလုပ်သည် ချီးကျူးစရာကောင်းသည်၊ အတုယူစရာကောင်းသည်၊ အားလုံးအတွက် အဆင်ပြေသည်၊ ဂုဏ်ယူစရာကောင်းသည်၊ ချမ်းသာသည်၊ သက်သာသည် “ ဟူသော ထိုစကားလေးကို ရွတ်ဆိုနေမိသည်၊ ထိုစကားသည် “ အရှင်အာနန္ဒာ၏ လုပ်ရပ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာသော စကား “ ဖြစ်သည်၊ အရှင်အာနန္ဒာသည် ပညာရှိပီပီ အလုပ်ကိစ္စတိုင်းကို ဥာဏ်နဲ့ အရင်စဉ်းစားဆင်ခြင်ပြီး ကြိုတင် တွက်ချက်ပြီး လုပ်ကိုင်သောကြောင့် အလုပ်ကိစ္စအားလုံးသည် အဆင်ပြေချော့မွေ့သည်၊ သက်သာသည်၊ ချမ်းသာသည်၊ ပြီး “ ဥာဏေန ဥဿုက္ကော၊ ဥာဏသ္မိံ ၀ါ ဥဿုက္ကော - ဘာပဲ လုပ်လုပ် ပညာဖြင့် အရင် စဉ်းစား ချင့်ချိန် တွေးခေါ်ပြီးမှ အားကြိုးမာန်တက် ကြိုးကြိုးစားစား ၀ီရိယစိုက်ထုတ် အလုပ်လုပ်ပါ “ ဟူသော စကားလည်း ရှိသည် မဟုတ်ပါလား၊ ခုစာရေးသူ စိတ်ဆင်းရဲနေရသော ခေါင်းဆောင်၏ လုပ်ရပ်ကား အဘယ်သို့ရှိမည်နည်း ----- ၊ စာဖတ်သူအပေါင်းလည်း အလုပ်တစ်ခုလုပ်တော့မည်ဆိုလျှင် ပညာနဲ့ ကြိုတင်စဉ်းစား ဆင်ခြင် တွက်ချက်ပြီး လုပ်နိုင်ကြပါစေလို့ ---------------။
(၃) စွဲကျန်ရစ်သော ပန်းတစ်ပွင့်
စာရေးသူတို့ နောက်ထပ်ကျောင်းတစ်ကျောင်းမှ နောင်တော်များကို သွားပြီး ခေါ်ရသေးသည်၊ ဟိုဝင်ဒီဝင်နဲ့ပါ၊ စာရေးသူမှာ စိတ်တစ်ခုရှိသည်၊ ထိုအရာသည် သွားမည့်ခရီးမရောက်ခင် ဟိုဝင်ဒီဝင် မလုပ်ချင်သော စိတ်ဖြစ်သည်၊ ဟိုဝင်ဒီဝင်လုပ်ရလျှင် စိတ်မရွှင်တော့ပါ၊ ဘယ်လိုဗီဇမှန်းမကို မသိ၊ တစ်ခါကလည်း မိဘဆီကို ပြန်သည်၊ ည ၁၀း၀၀ လောက်မှာ မိဘရွာနဲ့ ၂- မိုင်ကွာဝေးသော နေရာသို့ရောက်သည်၊ ထိုရွာမှလူများက တစ်ညတာ တည်းခိုသွားဘို့ ပြောကြသည်၊ စာရေးသူစိတ်က မရပါ၊ မတည်းခိုလိုပါ၊ ထို့ကြောင့် ညခြင်း ထိုတောလမ်းကို ဖြတ်သန်းခဲ့ဖူးသည်၊ ကြောက်ကြောက်နဲ့ပေါ့၊ ရောက်လိုသော ဇောစိတ်က တစ်ခါတစ်လေ ကြောက်စိတ်ကို အနိုင်ယူတတ်သည် ဟူသော စကားသည် မှန်သည်ထင်၏။
ခေါင်းဆောင်နောင်တော်သည် မိဘမဲ့ဂေဟာကို ကောင်းကောင်း မမှတ်မိ၊ သို့သော် အဆင်ပြေ သွားသည်၊ အကြောင်းမှာ ခုရောက်နေသော နေရာက မိဘမဲ့ဂေဟာဆိုင်းဘုတ်၏ အောက်မှာဖြစ်သည်၊ မိဘမဲ့ဂေဟာကို သီဟိုဠ်လိုရေးထားသဖြင့် မဖတ်တတ်၊ အခက်တွေ့ရသည်၊ ကားသမား ကုလားကို မေးကြည့်မှ အဆင်ပြေသွားသည်၊ စိတ်အေးရပါပြီ၊ သို့သော်လည်း စီစဉ်မှု့များ အစဉ်မကြမှု့ကြောင့် စိတ်တိုနေဆဲ၊ မိဘမဲ့ဂေဟာထဲကို ၀င်လိုက်တော့ ကလေးများက အထူးအဆန်းဖြစ်ပြီး ဟိုကကြည့်လိုက် ဒီကကြည့်လိုက်နဲ့ ကြည့်နေကြသည်၊ အုပ်ချုပ်သူ ဆရာမကြီးကို အကျိုးအကြောင်းပြောပြပြီး ကလေးများကို စုဝေးစေသည်၊ ခေါင်းဆောင် နောင်တော်ကတော့ ကြိုတင် အသိပေးပြီးသားဟု ပြောတာပဲ၊ ရောက်ပြီး ခဏနားနေချိန်မှာပဲ ကျောင်းသူလေးများ ရောက်လာကြသည်၊ ကျောင်းက ပြန်လာကြခြင်း ဖြစ်သည်၊ အချိန်က ကွက်တိဖြစ်သွားသည်၊ ကလေးများစုံပြီဆိုတော့ လှူဒါန်းပွဲလေး စလိုက်ကြသည်။
ခေါင်းဆောင်နောင်တော်မှ ပြောစရာရှိတာပြောသည်၊ စီစဉ်စရာရှိတာ စီစဉ်သည်၊ စာရေးသူက ကလေးများကို လိုက်ကြည့်နေမိသည်၊ ဓာတ်ပုံရိုက်လိုက် ကြည့်လိုက်ပေါ့၊ အားလုံးပျော်နေကြသည့် အထဲမှာ ကလေး တစ်ယောက်က မပျော်ပါ၊ မျက်နှာကို စာသင်ခုံနဲ့အပ်လျှက်၊ ထိုကလေးကို သတိထားမိလိုက်သည်၊ သူ့ကို ပျော်အောင် စကားပြောကြည့်သည်၊ မရပါ၊ သူက တစ်ချက် လှည့်ကြည့်ပြီး ပြုံးလည်း မပြုံးပါ၊ စကားလည်း မပြောပါ၊ ဘယ်လိုမှ လုပ်မရသည့်အဆုံးမှာတော့ သူ့ဘေးမှာ စာရေးသူ၏ ညာလက်ဝါးကို ဖြန့်တင်လိုက်သည်၊ ပြီးလျှင် သူ့လက်ကို စာရေးသူလက်ပေါ်မှာ ထပ်ရန်ပြောလိုက်သည်၊ သူက စာရေးသူကို သေသေချာချာ ကြည့်သည်၊ ပြီးတော့ သူ့လက်ကလေးကို ထပ်လိုက်သည်၊ ၀မ်းသာလိုက်သည့် ဖြစ်ခြင်း၊ သူပျော်နေ သည်၊ အခြားကလေးများကလည်း စာရေးသူ၏လက်ပေါ်ကို လာထပ်ကြသည်၊ ထိုအခါ သူက လက်မခံ၊ လက်အားလုံးကို ဖယ်ထုတ်ပစ်သည်၊ ဟိ၊ စာရေးသူ သိလိုက်သည်၊ တစ်ခြား ကလေးများနဲ့ ခင်မှာကို သူ မလိုလားပါ၊ စာရေးသူ၏ ခင်မင်မှု့မေတ္တာများကို သူအပိုင် လိုချင်နေသည်လေ၊ သူ့ကို “နာမမုခသဲ “လို့ပြောလိုက်တော့ သူက “မာလုကာ” လို့ ပြောပါသည်၊ သူ့နာမည်က ” မာလုကာ” ပေါ့၊ အသက်က ၄-နှစ်။ သီဟိုဠ်လို နာမမုခသဲ-ဆိုတာ နာမည်ကို မေးတာပါ။
စာရေးသူလည်း မာလုကာနဲ့စကားပြောဖြစ်သည်၊ သူက စာရေးသူ၏ လက်မောင်းပေါ်မှာ ခေါင်းတင်လျှက် မှီလျှက် အိပ်နေရှာသည်၊ စာရေးသူလည်း သူ့ခေါင်းလေးကို ပွတ်သပ်ပေးရင်း အခြားကလေးများနဲ့ စကားပြောသည်၊ ကလေးများက အကြီးရော,အလတ်ရော, အငယ်ရော အစုံပါပဲ၊ သူတို့လေးတွေကို “ I am your brother. You are my sisters. We are family. We are to try to get to the good states in our life “ လို့ သိသမျှ စကားလေးများနဲ့ ပြောကြည့်သည်၊ သူတို့လေးတွေက “ English no” လို့ ပြန်ပြောသည်၊ သူတို့နဲ့ ဓာတ်ပုံရိုက်ကြ သူတို့လေးတွေ ပျော်အောင် စကားပြောကြနဲ့ ကားပေါ်မှာ စိတ်ဆင်းရဲခဲ့သမျှအားလုံး ပြေကျ သွားတော့သည်၊ စိတ်တို စိတ်ဆင်းရဲဖြစ်ခဲ့တာ တွေတောင် ဘယ်ရောက်သွားသည်မသိတော့။
အခြားနောင်တော်ညီတော်များက ကလေးတွေကို ပေးလှူစရာများပေးလှူနေကြသည်၊ စာရေးသူကတော့ သူတို့လေးတွေနဲ့ တစ်ခုံတည်းထိုင်ပြီး သူတို့နဲ့ တန်းတူ ညီတူ စကားပြောနေရတာကိုပဲ ကျေနပ်လှပါပြီ၊ ခပ်ကြီးကြီး အမျိုးသမီးတစ်ယောက်က စာရေးသူကို ဘယ်နိုင်ငံကလဲ, ဘယ်မှာနေတာလဲ, စာသင်နေတာလား - စသည့် မေးခွန်းများကို အင်္ဂလိပ်လို မေးလာသည်၊ စာရေးသူလည်း ထိုအမျိုးသမီးမေးတာတွေကို ပြန်ဖြေလိုက်သည်၊ အဆင်ပြေသွားသည်၊ ထိုအမျိုးသမီးနဲ့ စကားပြောကြသည်၊ အင်္ဂလိပ်လိုပေါ့၊ ဟဲဟဲ၊ ဒီမိဘမဲ့ဂေဟာမှာ အားလုံးဘယ်လောက်ရှိလဲလို့မေးတော့ ၂၃၇- ယောက်ရှိသည်ဟု ပြန်ဖြေသည်၊ တစ်နေ့တာ အသုံးစရိက် ဘယ်လောက်ကုန်လဲလို့မေးတော့ သူက မသိတော့ပါ၊ ပြီးတော့ သူက “ ငါက အင်္ဂလိပ်စာ နည်းနည်းပဲ ရတာ “လို့ ပြောသည်၊ သူနဲ့ စကားပြောဘို့ ခက်သွားသည်၊ နောက်ပြီး “ မင်းက ငါ့ရဲ့ အစ်မကြီးပဲ၊ ငါက မင်းရဲ့ မောင်လေးပဲ၊ ငါတို့ဟာ မိသားစုပဲ၊ ငါတို့ဘ၀မှာ ကောင်းမွန်လာဘို့ ငါတို့ကြိုးစား ရမယ်” လို့ပြောတော့ သူက မျက်ရည်လေးများ ၀ဲလာသည်အထိ အပြုံးတွေဝေနေသည်၊ ပြီးနောက် ထိုအမျိုးသမီးက “ some are no mother. Some are no father. Some are no mother and father “ လို့ပြောသည်၊ သူပြောချင်တဲ့ သဘောကို နားလည်လိုက်သည်။ ပြီးတော့ ထိုအမျိုးသမီးရယ်,စာရေးသူရယ်, ကလေးများရယ် အတူတူ “ we are family “ ဟူသော စာကြောင်းလေးကို အကြိမ်ပေါင်း မြောက်များစွာ ရွတ်ဆိုမိကြသည်၊ သူတို့ လေးတွေ ပျော်နေကြသည်။
အားလုံးဟာ ညီအစ်ကို မောင်နှမတွေပါပဲ၊ ခင်မင်ရင်းနှီးစွာနဲ့ပေါ့၊ လှူဒါန်းပွဲလေးပြီးတော့ သူတို့က သူတို့ရိုးရာအကနဲ့ ကပြပေးကြသည်၊ ထိုအချိန်မှာ စာရေးသူလည်း ဗီဒီယိုကင်မရာနဲ့ မှတ်တမ်းအဖြစ် ရိုက်ခဲ့သည်၊ ပြီးတော့ မာလုကာကို သတိရမိသည်၊ သူ့ကို ဓာတ်ပုံ ရိုက်သည်၊ စာရေးသူနဲ့အတူပေါ့၊ သို့သော် သူ့မျက်မှာ မကောင်းပါ၊ ညှိုးငယ်နေသည်၊ စာရေးသူတို့ ပြန်သွားတော့မှာကို သူသိနေလို့များလား၊ ဒါမှမဟုတ် သူ့ကိုစကားမပြောပဲ ဗီဒီယိုရိုက်နေလို့များလား၊ စာရေးသူလည်း ဘယ်လိုပြောရမှန်းမသိပါ၊ စာရေးသူပြောသော စကားကိုလည်း သူက နာလည်မည် မဟုတ်၊ ကြီးစားပြီး “ပျော်ပျော်နေပါ၊ ငါက မင်းရဲ့အစ်ကို၊ မင်းက ငါ့ရဲ့ ညီမလေး၊ ငါတို့ဟာ မိသားစု”လို့ ပြောကြည့်သည်၊ သူက စာရေးသူကိုပဲ ကြည့်နေသည်၊ မျက်ရည်စလေးတွေနဲ့ ၊ စာရေးသူလည်း စိတ်မကောင်းပါ၊ ၀မ်းနည်းလာသည်၊ “မိဘလည်း မရှိသော မာလုကာလေးမှာ ညီအစ်ကို မောင်နှမလည်း ရှိမှာမဟုတ်ဘူး“ လို့ တွေးမိလိုက်လျှင် ပိုလို့ပိုလို့ ၀မ်းနည်းမိသည်။
အခမ်းအနားပြီးချိန်မှာ နှုတ်ဆက်ကြသည်၊ ဆရာမကြီးက နောက်ထပ်လာလည်ကြဘို့ ဖိတ်ခေါ်သည်၊ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ဘို့ ခေါ်နေချိန်အထိ မာလုကာ၏ မျက်နှာလေးက ညှိုးနွမ်းနေသည်၊ စာရေးသူလည်း အဖွဲ့ရှိရာသွားလိုက်သည်။ မာလုကာလေးလည်း ကလေးများရှိရာသို့ ပြေးသွားသည်။ သူ့ကို မည်သို့ ချော့ရမည်နည်း၊ မည်သို့ပြောရ မည်နည်း၊ လေးနှစ်သမီးလေး မာလုကာ၊ မည်မျှတောင် နွေးထွေးမှု့ မိဘမေတ္တာ, မောင်နှမသားချင်းမေတ္တာကို ငတ်မွတ်နေမိ သနည်း၊ တွေးလိုက်တိုင်း တွေးလိုက်တိုင်း ရင်ထဲမှာ ၀မ်းနည်းမှု့လိုင်းတွေက တက်လို့တက်လို့သာ လာခဲ့သည်၊ စုပေါင်းဓာတ်ပုံရိုက်တော့ မာလုကာလေးကိုကြည့်မိသည်၊ ကလေးငယ်ငယ် ဆိုတော့ ရှေ့ဆုံးမှာရှိမှာပဲဟုတွေးမိပြီး ရှေ့ဆုံး ကလေးတန်းကို ကြည့်မိသည်၊ မာလုကာကို မတွေ့၊ ဘယ်ပျောက်သွားသနည်း ၊ ဘယ်ရောက်သွားသနည်း၊ ရှာလို့မတွေ့ပါ၊ စာရေးသူ၏ ဘေးနားမှာ ရပ်နေသော ခေါင်ချုပ်ဆရာမကြီးကိုသာ တွေ့လိုက်ရသည်၊ ကလေးတွေရဲ့ တစ်နေ့တာ အသုံးစရိက်ကို သိချင်သည်၊ သို့ဖြင့် ခေါင်ချုပ်ဆရာမကြီးကို မေးကြည့်သည်၊ မနက်စာ ရူပီး - ၄၀၀၀၊ နေ့ခင်းစာ ရူပီး - ၇၀၀၀၊ ညစာရူပီး -၇၀၀၀ ၊ တစ်နေ့တာရူပီး - ၁၈၀၀၀ ကုန်သည်၊ ထိုအကြောင်းကို သိတော့ တစ်နေ့တာ မဟုတ်တောင် တစ်နပ်စာတော့ လှူဒါန်းလိုသည်၊ သို့သော်လည်း ၀င်ငွေမရှိ ကုန်ငွေသာရှိနေသော စာရေးသူတို့ စာသင်စားဘ၀ကလည်း မလွယ်လှပါ၊ စာရေးသူမှာ ကိုယ့်အတွက်လည်း ငှဲ့ရသည်မို့ - ၉၀၀၀ ပါရှိသော်လည်း - ၁၀၀၀ ပဲ လှူဒါန်း နိုင်ခဲ့သည်၊ စာရေးသူတို့ကိုယ်တိုင် ငွေပြတ်လျှင် ------------------- ဆိုတဲ့ အတွေးကလည်း ရှိနေသည်လေ။
ပြီးတော့ စာရေးသူတို့ နောင်တော်ညီတော်များကို အကြီးအကဲများက လဘက်ရည်နဲ့ ဧည့်ခံပါသည်၊ ဘလက်ရည်သောက်နေပေမဲ့ စာရေးသူ၏ စိတ်က မာလုကာဆီကို ရောက်နေသည်၊ ငိုနေမလားဆိုတဲ့ အတွေးက စိတ်ဆင်းရဲစေခဲ့သည်၊ ပြန်ရင်တော့ နှုတ်ဆက်ချင်ပါသည်၊ သမီးလေးမာလုကာ ညီမလေးမာလုကာ ဘယ်များ ရောက်နေပါလိမ့်၊ စာရေးသူတို့အဖွဲ့အားလုံးက ကားပေါ်ရောက်နေကြပါပြီ၊ စာရေးသူတစ်ယောက်ပဲ ကျန်တော့သည်၊ ခေါင်ချုပ်ဆရာမကြီးက အလှူငွေဖြတ်ပိုင်းရေးပေးနေ သည်လေ၊ စောင့်နေရသည်၊ ပြီးပြီးခြင်းကားပေါ် တက်လိုက်သည်၊ ကားတံခါးပိတ်ပြီးမှ မာလုကာကို သတိရမိသည်၊ စာရေးသူလည်း ကျောင်းဝန်းအတွင်း လိုက်ကြည့်မိသည်၊ ကားထဲကတိုင်ပေါ့၊ အခြားကလေးငယ်များကို တွေ့သော်လည်း မာလုကာကို မတွေ့၊ ကလေးငယ်များစွာ ရှိသည့်မို့ သေချာကြည့်ပါသည်၊ သို့သော်လည်း မတွေ့ပါ၊ ကျောင်းဝန်းထဲမှ ထွက်ခါနီးတွင် “ ရိပ်ခနဲ “ကား၏ ဘက်မှန်ထဲမှ မြင်လိုက်ရသည်၊ ပြီးမှ သေသေချာချာ ကြည့်မိသည်၊ မာလုကာ၊ နှစ်ထပ် ကျောင်းဆောင်၏ အပေါ်ထပ်မှ စာရေးသူတို့ကားကို ငေးငေးငိုင်ငိုင်လေး ကြည့်နေသည်၊ နှစ်ပေါင်းများစွာ ကွဲကွာနေသော ညီမလေးကို တွေ့လိုက်ရသလို “လှပ်ခနဲ” ဖြစ်အောင် ရင်ထဲမှာ ခံစားလိုက်ရ သည်၊ မြင်သော်လည်း နောက်ကျခဲ့ပါပြီ၊ ကားက ကျောင်းဝန်းအပြင်ဘက်ကို ရောက်သွားပြီလေ၊ အပြန်လမ်း တစ်လျှောက် စိတ်ညစ်ညစ်ဖြင့် ကားသမား ဖွင့်ထားသော သီချင်းများကို လိုက်လံ အော်ဆိုနေမိသော်လည်း မျက်စိထဲမှာ နှစ်ထပ် ကျောင်းဆောင်ပေါ်မှ ကြည့်နေသော သမီးလေး ညီမလေး မာလုကာကိုသာ မြင်နေသည်၊ ဆုတောင်းမိပါသည်၊ “ မြင်ခဲ့ရသော, ဆုံခဲ့ရသော, ရင်ထဲမှာစွဲကျန်ရစ်သော, သမီးလေးမာလုကာဟူသော ပန်းလေးတစ်ပွင့်သည် ဘေးကင်းခြင်း, ရန်ကင်းခြင်း,အလှတွေဝေဆာခြင်း,ရနံ့တွေသင်းပျံ့ခြင်း, အောင်မြင်မှု့တွေဆွတ်ခူးနိုင်ခြင်း, ကောင်းသတင်း
ကျော်ဇောခြင်းများဖြင့် အေးချမ်းသာယာစွာ လွတ်လပ်စွာ ပွင့်လန်းဝေဆာရွှင်းလန်းစွာ ရှင်သန် နိုင်ပါစေလို့ “----------------------------။
ကျော်ဇောခြင်းများဖြင့် အေးချမ်းသာယာစွာ လွတ်လပ်စွာ ပွင့်လန်းဝေဆာရွှင်းလန်းစွာ ရှင်သန် နိုင်ပါစေလို့ “----------------------------။
No comments:
Post a Comment