စာရေးသူ နေသော အခန်းထဲမှာ ကုဋင် (၆) လုံးရှိသည်၊ တစ်ယောက်အတွက်ရသော နေရာသည် နှစ်ယောက် နေလို့ရသည်၊ စာရေးသူသည် ကုဋင်ပေါ်မှာ ဆိုဖာ တစ်လုံးအပြင် အောက်မှာလည်း ဆိုဖာတစ်လုံး ချထားသည်၊ ဆိုဖာ နှစ်လုံးပေါ့၊ သူငယ်ချင်းများလာလျှင် သူတို့ကြိုက်တဲ့နေရာမှာ အိပ်လို့ ရသည်၊ များသောအားဖြင့် သူငယ်ချင်းများက စာရေးသူထက် ကြီးသူများသာဖြစ်သည်၊ သူတို့ကလည်း အာနာလို့ထင်ရဲ့ အောက်က ဆိုဖာပေါ်မှာပဲ အိပ်ကြတာ များသည်၊ တစ်နေ့တွင် သူငယ်ချင်းသည် စာရေးသူကုဋင်ပေါ်မှာ ညနေ (၇) နာရီ လောက်ကတည်းက အိပ်နေသည်၊ သူတော်တော်လေး ပင်ပန်း လာသည်ထင်ရဲ့ ၊ သူ့ကို မနှိုးတော့ပါ၊ စာရေးသူလည်း အောက်က ဆိုဖာပေါ်မှာ အိပ်ကြည့်သည်၊ နေ့ခင်း ခေါင်းရင်းဘက်က ပြတင်းပေါက်ကို မပိတ်မိ၊ နေပူရှိန်ကြောင့်ဆိုဖာမှာ ပူနွေးဓာတ် ရှိနေသည်၊ စာရေးသူ မအိပ်နိုင်ပါ၊ ထို့ကြောင့် ကြမ်းခင်း (ကြွေးပြားများ ခင်းထားသည်) ပေါ်မှာပဲ အခင်းခင်းပြီး အိပ်လိုက်သည်၊ အဆင်ပြေသည်၊ အဆင်မပြေတာက အောက်ကြမ်းခင်းမှာ ခုလိုအိပ်တဲ့ထုံစံ မရှိခြင်းပင်၊ သူများတွေ မြင်လျှင်တော့ အံ့သြကြမည်၊ အထင်သေးကြမည်။
ထိုညက သူငယ်ချင်းလည်း မနိုးပါ၊ အခြား အခန်းဖော်များလည်း သတိမထားမိကြ၊ မနက်လင်းမှ သူငယ်ချင်းက “ မင်း တော်တော်နောက်တဲ့ ကောင်ကွာ ” လို့ ပြောသည်၊ ဒါက ပြီးတဲ့ခဲ့ တစ်လ လောက်က ဖြစ်ခဲ့မှု့ပါ၊ စာရေးသူကတော့ သူငယ်ချင်းများအပေါ်မှာ သူငယ်ချင်းကောင်းဖြစ်ချင်ပါသည်၊ ထို့ကြောင့်လည်း ထိုသို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်၊ ပြီးတဲ့ခဲ့ အပါတ်ကလည်း ဖြစ်လာခဲ့ပြန်ပြီ၊ သူငယ်ချင်း တစ်ယောက်က အောက်က ဆိုဖာပေါ်မှာ အိပ်နေတာ (၅) ရက်လောက် ရှိသွားပြီ၊ စာရေးသူက ကုဋင်ပေါ်မှာ အိပ်သည်၊ နောက်သူငယ်ချင်း တစ်ယောက်ရောက်လာသည်၊ သူ့မှာ အိပ်စရာမရှိပါ၊ သူကတော့ ခေါင်းအုံးနဲ့ စောင်တစ်ထည်တောင်းသည်၊ စာရေးသူလည်း သူအိပ်မည့်နေရာကို စိတ်ကူးနဲ့ရှာကြည့်သည်၊ မတွေ့မိ၊ ထို့ကြောင့်ပဲ သူ့ကို စာရေးသူ ကုဋင်ပေါ်မှာ ပေးအိပ်လိုက်သည်၊ သူ မအိပ်ခင် အထိ စာရေးသူ အိပ်ချင်နေသော်လည်း မအိပ်ဖြစ်ပါ၊ စာရေးသူ ကြမ်းပေါ်မှာအိပ်တာကို သူ့ကို မသိစေချင်ပါ၊ သူသိလျှင် အားနာပြီး ကောင်းကောင်း အိပ်ရမည် အိပ်နိုင်မည် မထင်၊ ထို့ကြောင့် အိပ်ချင်စိတ်ကို ပေပြီး အောက်ထပ်မှာ လမ်းလျှောက်နေလိုက်သည်၊ ဘယ်လိုမှ မထိန်းနိုင်တော့သဖြင့် အခန်းထဲပြန်ဝင်လာသည်၊ သူငယ်ချင်းက ကုဋင်ပေါ်မှာ အိပ်နေပါပြီ၊ ခြင်ထောင် ထောင်လျှက်အိပ်နေသည်၊ သူ လုံးဝ အိပ်ပျော်နေသည်တော့ မဟုတ်၊ စာရေးသူလည်း သူမမြင်လောက်တော့ဘူး ထမလာလောက်တော့ဘူး ထင်သဖြင့် ကြမ်းပြင်ပေါ်မှာပဲ အခင်းခင်းပြီး အိပ်လိုက်တော့သည်၊ ဖြစ်ချင်တော့ဗျာ၊ အခန်းဖော်များက တွေ့သွားကြသည်၊ အံ့သြနေကြသည်။
သူတို့က “ အများမြင်လို့ မကောင်းကြောင်း ” စသည်စသည် သူတို့အမြင်အမျိုးမျိုးကို ပြောကြသည်၊ စာရေးသူက တိတ်တိတ်နေရန် အချက်ပြသော်လည်း သူတို့က မသိကြ၊ မအိပ်ပျော်သေးသော သူငယ်ချင်းက ထလာပြီး ကုဋင်ပေါ်မှာ အိပ်ရန်ပြောတော့သည်၊ စာရေးသူက “ မဟုတ်ဘူး၊ ကိုယ်က ကိုယ့်လူမလာလည်း တစ်ခါတစ်လေ ဒီလိုပဲ အိပ်နေကြ၊ ကိုယ့်လူသာ ကုဋင်ပေါ်မှာ အိပ်ပါ၊ ကိုယ်က အသားကျနေပြီ ” စသည်ဖြင့် ပြောပြီး ကုဋင်ပေါ်ကို အတင်းပြန်တင်ပေးရသည်၊ သူအိပ်ပျော်သွားပါသည်၊ သူတို့ ပြောသွားသော စကားထဲမှာ “ စာရေးသူ ထိုသို့ အိပ်ခြင်းသည် အောက်တန်းကျကြောင်း အမြင်မတော်ကြောင်း ဆင်းရဲကြောင်းများ ” ပါနေသည်၊ စာရေးသူကတော့ သူငယ်ချင်းများအပေါ်မှာ အကောင်းဆုံးဖြစ်ချင်ပါသည်၊ ထို့ကြောင့်လည်း ဒီလို လုပ်နေခြင်းဖြစ်သည်၊ တကယ်တော့ စာရေးသူ ဒီလို အိပ်တာ ယခုအကြိမ်ရောမှ နှစ်ကြိမ်သာ ရှိပါသေးသည်။
ထိုညက စာရေးသူ တော်တော်နဲ့အိပ်မပျော်ပါ၊ ခုလို အိပ်မိခြင်းသည် တကယ်များ အောက်တန်းကျနေ သည်လား မအေးချမ်းဘူးလား ဆင်းရဲနေသည်လား စသည်စသည်များကို တွေးနေမိသည်၊ ဘုရားရှင်က “ တောင်တန်းဖြစ်စေ ချိုင့်ဝှမ်းဖြစ်စေ မြေညီဖြစ်စေ တောမှာဖြစ်စေ ရွာမှာဖြစ်စေ မြို့မှာဖြစ်စေ ခေါင်းပါးသည့်နေရာဖြစ်စေ ပြည့်စုံသည့်နေရာဖြစ်စေ ရဟန္တာတို့နေသောနေရာသည် အေးချမ်းသော မြင့်မြတ်သော ချမ်းသာသောနေရာဖြစ်သည် ” ဟု ဟောကြား ပြောထား မိန့်ထားခဲ့သည်၊ စာရေးသူ ဘုရားရှင်၏ ထိုစကားသံများကို ကြားယောင်နေမိသည်၊ စာရေးသူသည် ကုဋင်ပေါ်မှာအိပ်လျှင် ကိုယ့်သူငယ်ချင်း အေးအေးချမ်းချမ်း မအိပ်ရတာကို သိနေသဖြင့် စာရေးသူလည်း အိပ်ပျော်နိုင်မည် မဟုတ်၊ စိတ်အေးချမ်းမည်မဟုတ်၊ ခုလို လုပ်လိုက်မိခြင်းသည် သူများအမြင်မှာ မတော်သော်လည်း အောက်တန်းကျသလိုဖြစ်နေသော်လည်း စာရေးသူ၏ အတွေးနဲ့တော့ အောက်တန်းမကျပေ၊ သူငယ်ချင်းအတွက် ပေးဆပ်ရလို့လည်း ၀မ်းသာကြည်နူးနေ သည်၊ ထို့ကြောင့် စာရေးသူအတွက်တော့ (အရိယာမဟုတ်သော်လည်း) ထိုသို့ကုသိုလ်စိတ် စိတ်ကောင်းစိတ်မြတ်လေးကို မွေးဖွားပေးလိုက်သော ထိုကြမ်းပြင်နေရာလေးသည် မြင့်မြတ်သော အထက်တန်းကျသော အေးချမ်းသော ချမ်းသာသော နေရာလေးပင် ဖြစ်သည်၊ ကိုးရီးယား တရုတ် ဂျပန်တို့လည်း ကြမ်းခင်းပေါ်မှာပဲ ဆိုဖာခင်းပြီး အိပ်လေ့ရှိကြ သည်ပင်၊ စာရေးသူနဲ့ (ဆိုဖာ အပိုမရှိတော့သဖြင့်) ဆိုဖာ မပါတာလေးပဲ ကွာပါသည်။
ဘုရားရှင်စသော အရိယာသူတော်ကောင်းများသည် ဘာမှ ခင်းမထားသော တောထဲတောင်ထဲ သစ်ပင်းရင်း ၀ါးပင်ရင်းမှာ အေးချမ်းစွာ ချမ်းသာစွာ နေခဲ့ကြသည်ပဲ၊ ထိုနေရာများကိုရော “ အောက်တန်း ကျသည်၊ အထင်သေးစရာ ဖြစ်သည်၊ ဆင်းရဲသည် ” ဟု ဘယ်သူတွေက ပြောကြမှာပါပဲဗျာ၊ စာရေးသူ ကတော့ “ အကုသိုလ်မဖြစ်သော သူများအကျိုးအတွက် လုပ်ဆောင်ပေးနိုင်သော သူများကို စိတ်ချမ်းသာမှု့ ပေးနိုင်သော နေရာသည် မည်သည့်နေရာပင်ဖြစ်စေ မြင့်မြတ်သည် အထက်တန်းကျသည် အေးချမ်းသည် ချမ်းသာသည် ” ဟု တွေးထင်မိပါသည်၊ တစ်ခါက နေရာမရဖြစ်နေသော ရှင်ရာဟုလာသည် ကုဋိ(အိမ်သာ) ထဲမှာ တစ်ညတာ နေခဲ့ဘူးသည်၊ ဘုရားရှင် သိသွားသောအခါ ကိုရင်တွေကိုလည်း ရသင့်သော ထိုက်သင့် သောနေရာများ ပေးဘို့ မိန့်တော်မူခဲ့သည်၊ ထို့သို့ မိန့်တော်မူခဲ့ခြင်းသည် “ နေရာဒေသ၏ နိမ့်ကျမှု့ကြောင့် မဟုတ်ပါ၊ သတ္တ၀ါတွေ ဆင်းဆင်းရဲရဲ (ကိုရင်လေးများ ဆင်းဆင်းရဲရဲ) နေရမှာကို မလိုလားသောကြောင့် ” ဖြစ်သည်။
နေရာဒေသ အရပ်ဌာနသည် ပဓာနမဟုတ်ပါ၊ နေသော ပုဂ္ဂိုလ်သည်သာ ပဓာနဖြစ်သည်၊ နေသော ပုဂ္ဂိုလ်၏ စိတ်ထားက မြင့်နေ မြတ်နေ အထက်တန်းကျနေ အေးချမ်းနေလျှင် ထိုနေရာဒေသ အရပ်ဌာနသည်လည်း မြင့်နေ မြတ်နေ အထက်တန်းကျနေ အေးချမ်းနေသည်ပင်၊ မည်မျှနူးညံ့ သိမ်မွေ့သော အထက်တန်းကျသော အိပ်ခန်း အိပ်ရာ ဖြစ်နေပါစေ အိပ်သောသူ နေသောသူများက အကုသိုလ်စိတ် တွေဖြစ်နေလျှင် မအေးချမ်းလျှင် စိတ်ဓာတ်တွေ အောက်တန်းကျနေလျှင် ထိုအိပ်ရာ အိပ်ခန်းများသည်လည်း အောက်တန်းကျနေပါလိမ့်မည် ပူလောင်နေပါလိမ့်မည် ၊ ဒါတွေကတော့ စာရေးသူရဲ့ အမြင်အတွေးမျှသာပါ။ စာဖတ်သူတို့ အနေနဲ့ကတော့ -----------------
No comments:
Post a Comment