Friday, September 2, 2011

သံဃဟူသည်

ဘုရား ဂုဏ်တော် တရားဂုဏ်တော်များကို ရေးသား ပြီးပါပြီး သံဃဂုဏ်တော်ကိုလည်း ဆက်ရေးဘို့ စိတ်ကူးရှိ ထားသည်၊ သို့သော် မရေးဖြစ်ခဲ့၊ ခုမှပဲ ရေးသားရတော့သည်၊ သံဃဂုဏ်တော်ကိုလည်း စာရေးသူ ကြည်ညိုသော ဂုဏ်တော်များကိုသာ အများသိလွယ်အောင် ရေးသားမည်ဖြစ်သည်၊ စာရေးသူ သံဃာကို ကြည်ညိုမိချိန်မှာ မန္တလေးမြို့ စိန်ပန်းမဟာစည်ရိပ်သာမှာ တရားစခန်းဝင်ခဲ့သော အချိန်ဖြစ်သည်၊ ထိုအချိန်ကစပြီး သံဃာကို (သဒ္ဓါတရားဖြင့်)ကြည်ညိုခဲ့သည်။

စာရေးသူ ရိပ်သာဝင်တော့ တစ်ပါးတည်း နေရသည်၊ တစ်ချို့  အခန်းတွေမှာဆိုလျှင် နှစ်ပါးနေရသည်၊ ရောက်သည့်နေ့မှာပဲ တရားထိုင်နည်းကို မဟာစည်ဆရာတော်ဘုရားကြီး၏ အသံတိတ်ခွေကို နာယူရသည်၊ ထိုနေ့ကစပြီး တရားထိုင်ရသည်၊ မနက် (၃) နာရီ ထကြသည်၊ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီး စကြ်ံလျှောက်ကြသည်၊ (၄) နာရီမှာ တရားထိုင် ကြသည်၊ (၅)နာရီမှာ တရားထိုင်ဖြုတ်ပြီး မနက်စာ စားကြသည်၊ ပြီးလျှင် အနီးနား တ၀ိုက်မှာ ဆွမ်းခံထွက်ကြသည်၊ ပြန်လာပြီး (၇) နာရီမှာ တရားထိုင်ကြသည်၊ (၈)နာရီမှာ တရားစစ် သွားကြသည်၊ (၉) နာရီမှာ တရားထိုင်မှတ် လုပ်ကြသည်၊ (၁၀) နာရီမှာ တရားဖြုတ်ပြီး ရေချိုးကြသည်၊ (၁၁) နာရီမှာ နေ့လည်စာ စားကြ ဘုန်းပေးကြသည်၊ (၁၂) နာရီမှာ တရားနာ ကြသည်၊ (၁)နာရီမှာ တရားထိုင်ကြသည်၊ (၂) နာရီမှာ စကြ်ံလျှောက်ကြသည်၊ (၃) နာရီမှာ ထိုင်မှတ်ကြသည်၊ (၄) နာရီမှာ စကြ်ံလျှောက်ကြသည်၊ (၅) နာရီမှာ ရေချိုး ကိုယ်လက်သန့်စင်ကြသည်၊ (၆)နာရီမှာ တရားထိုင်ကြသည်၊ (၇)နာရီမှာ စင်္ကြံလျှောက်ကြသည်၊ (၈)နာရီမှာ တရားထိုင်ကြသည်၊ (၉)နာရီမှာ စကြ်ံလျှောက်ကြသည်၊ (၁၀) မှာ အိပ်စက်အနားယူကြသည်၊ တနေ့လုံး အဆက်မပြတ် မှတ်နေရသည်၊ ဆရာတော်က " အမှတ်ကို တရစပ်မှတ်၊ အမှတ်ကို မပြတ်အောင်မှတ်၊ ကြားမှာ တစ်ခုခု မ၀င်စေနဲ့ " လို့ ခဏခဏ မိန့်မှာသည်၊ ဒါဟာ ရိပ်သာမှာ နေစဉ် တရားရှုမှတ်မှု့ မှတ်တမ်း အချိန်ဇယားပါပဲ။

စာရေးသူလည်း ဒုတိယမြောက်နေ့ကစပြီး အချိန်ပြည့်တရားအားထုတ်ရသည်၊ မနက်ခင်း အချိန်များမှာတော့ အဆင်ပြေသည်၊ နေ့ခင်း ဆွမ်းစားတော့ အမှတ်နဲ့စားရမည်ဆိုသဖြင့် အမှတ်နဲ့ လုပ်နေတုန်း တစ်ဝိုင်းတည်းထိုင် ကိုယ်တော်များက ဘယ်လိုစားလိုက်ကြမှန်းမသိ၊ ခဏလေးအတွင်းမှာပဲ ပြီးကုန်ကြပြီ၊ စာရေးသူ တစ်ယောက်တည်း ကျန်နေသည်၊ သူတို့ထသွားတော့ လိုက်ထသွားရသည်၊ ပိုနေတဲ့ဆွမ်း မစားရသေးတဲ့ဆွမ်းကိုလည်း ပေါင်းထားခဲ့ရသည်၊ ယူသွားခွင့်မရှိ၊ ညနေဘက်ရောက်တော့ အရမ်းဗိုက်ဆာနေပြီ၊ ဘယ်လိုမှ မမှတ်နိုင်တော့၊ အရမ်းကို မောဟိုက်နေပြီ၊ ဒါနဲ့ စိတ်ပျက်ပြီး ကုဋိထဲမှာ ၀င်ထိုင်နေမလို့ ထလိုက်မိသည်၊ နောက်ဘက်တွင် ထိုင်နေသော ရှေ့မှာ ထိုင်နေသော စာရေးသူထက် အသက်ကြီးသော အသက် (၆၀) အရွယ်ရှိသော ဒုလ္လဘ ဦးဇင်းကြီးများကို ကြည့်လိုက်မိသည်၊ နွေရာသီမှာ ဒုလ္လဘဦးဇင်းများ သိပ်ကိုများပါသည်၊ ထိုဦးဇင်းကြီးများသည် ချွေးတွေ ရွဲဆိုလို့ မျက်စိကို မှိတ်ပြီး အပီအပြင်ကို တရားအားထုတ်ရှု့  မှတ်နေ ကြသည်၊ " သြော် ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်အကျိုးငှာ ကျင့်ကြံနေသော သံဃာ (ဥာယပ္ပဋိပန္န) " ။

စာရေးသူလေ ထိုဦးဇင်းကြီးများကို ကြည့်ပြီး ကြက်သီးမွှေးညှင်းတွေလည်း ထသွားသည်၊ အရမ်းလည်း အားကျမိသည်၊ " ကိုယ့်ထက် ကာယအားရော ဥာဏအားပါ လျော့ကျနေတဲ့ ဦးဇင်းကြီးတွေတောင် လုပ်နိုင်သေးတာ ငါက ဘာလို့မလုပ်နိုင်ရမှာလဲ " လို့ တွေးမိပြီး ပြန်ထိုင်သည်၊ အချိန်ပြည့်သည်အထိ ပေနေလိုက်သည်၊ ညဘက်အချိန်တွေကို ရင်ဆိုင်ဘို့ အင်အားမရှိပါ၊ ထို့ကြောင့် အရင်ရောက်နှင့်သော သူငယ်ချင်း တစ်ပါး (သာစည်မြို့က) ကိုအကူညီတောင်းရသည်၊ သူသည် တရားလည်း ဆွေးနွေးလို့ရသည်၊ ဗိုက်ဆာလို့ တိုင်ပင်လိုက်တော့ ကျောင်းတောင်ဘက် ကပ်လျှက်တွင် အသုတ်ဆိုင်ရှိကြောင်း ပြောပြသည်၊ စာရေးသူလည်း ကပ္ပိယတစ်ယောက်ကို အကူညီတောင်းပြီး ခရမ်းချည်သီးသုတ် ၀ါးတီးလိုက်သည်၊ တော်တော်လေး နေသာ ထိုင်သာ ရှိသွားသည်၊ ညဘက်မှာ အချိန်စေ့အောင် တရားထိုင်နိုင်ခဲ့သည်၊ နောက်နေ့မှာတော့ တရားထိုင်ဘို့ကို မစဉ်းစားသေးဘဲ နေ့လည်ခင်းစာကို ဘယ်လို ဖြေရှင်းရမလဲဆိုတာ ကိုပဲ အရင်စဉ်းစားရသည်၊ " အူမ တောင့်မှ လုပ်ငန်းဖြောင့်မည်လေ " ၊ ဟိ၊ ဗိုက်ဆာနေလျှင် တရားအား ထုတ်နိုင်မည် မဟုတ်၊ ထို့ကြောင့် တရားအားထုတ်နိုင်ဘို့ ပရိကံအလုပ်တစ်ခုဖြစ်သော ဗိုက်ဆာခြင်း ပြဿနာကို ဖြေရှင်းဘို့ အရင်လုပ်ရသည်၊ ပြဿနာတိုင်းမှာ အဖြေရှိပါသည်၊ မဖြေရှင်တတ်တာရယ် မဖြေရှင်းရဲတာရယ်ပဲ ရှိတာပါ၊ အဖြေကတော့ ရှိနေပြီးသား။

အဖြေတစ်ခုတွေ့ပါပြီ၊ လုပ်ဖို့သေချာ မသေချာတော့ မပြောနိုင်သေးဘူးပေါ့နော်၊ နေ့ခင်း စားကြ ဘုန်းပေးကြ တော့ စာရေးသူ တစ်ယောက်ဝနိုင်မည့် ဆွမ်းများ ဟင်းများကို တစ်ခါတည်း ခပ်ထည့်သည်၊  ပြီးလျှင် အမှတ်နဲ့ စားသည်၊ ကျန်တာတွေကို လက်သုတ်ပ၀ါနဲ့ (သပိတ်ကို) ဖုံးအုပ်ပြီး မသိသလိုလို သိသလိုလိုနဲ့ အခန်းသို့ သယ်လာခဲ့သည်၊ အခန်းမှာ တစ်ယောက်တည်း၊ အားရပါးရ ၀ါးတီးပစ်လိုက်သည်၊ ဘာအမှတ်မှ လုပ်မနေတော့၊ ဗိုက်ဝဘို့အရေးကြီးသည်၊ ပြီးတော့ သပိတ်ဆေးပြီးမှောက်ထားလိုက်သည်၊ အများနည်းတူ သပိတ်ကိုတော့ နေ့ခင်း( ၁၂)နာရီအတွင်း ပြီးအောင်ဆေးရသည်၊ "ကျောင်းယူလို့တော့ ရတယ်ထင်တယ်၊ ဒါပေမဲ့ ဘယ်သူမှ မယူကြဘူးဆိုတော့ မယူရဘူးလို့ပဲ ထင်ကြတာလေ၊ သူတို့ မမြင်အောင် ပ၀ါလေးနဲ့ အုပ်ပြီးယူလာခဲ့ပါလား၊ ပြီးရင် အခန်းမှာ စိတ်ကြိုက်စားပေါ့၊ ၁၂ နာရီအတွင်းမှာတော့ သပိတ်ကိုဆေးပြီး မှောက်ထားရမယ်နော်၊ အခန်းသော့က တာဝန်ခံတွေဆီမှာ တစ်ချောင်းစီ ရှိနေတယ်၊ အချိန်မရွေးအခန်းကို စစ်လိမ့်မယ်၊ များသောအားဖြင့် နေ့ခင်း ၁၂ နာရီကျော်ရင် သပိတ်စစ်တတ်တယ် " လို့ သာစည်နယ်က သူငယ်ချင်းက  ပြောပြခဲ့ သည်လေ၊ ထိုသို့ သိလိုက်ရခြင်း ကပင် ဗိုက်ပြဿနာကို ဖြေရှင်းဘို့ အဖြေရသွားခြင်း ဖြစ်သည်။

တရားအားထုတ်ရတာ အဆင်ပြေသည်၊ (၅) ရက်လောက် ကြာလာတော့ ပြင်ပအာရုံတွေ ပျောက်ပြီး သမာဓိတရားကို ခဏလေးနဲ့ ရအောင် အားထုတ်လာနိုင်သည်၊ သို့သော် ဖောင်း+ပိန် သမာဓိက မတက်ပါ၊ ကြာတော့လည်း စိတ်ပျက်လာသည်၊ (မဟာစည်မှာ ထွက်လေ+၀င်လေမှတ်တယ် သွားမလျှောက်ထား လေနဲ့၊ အဆူခံထိမယ်သာမှတ်၊ ပြီးတော့ ပိန်+ဖောင်းတယ်လို့ ပြောင်းပြန်သွားမလျှောက်လေနဲ့ ၊ ဆူခံ ထိပြီသာမှတ်၊ တစ်ခုတော့စဉ်းစားစရာပဲနော်၊ ရိပ်သာဆရာတော်များ ကိုယ်တိုင်က အစွဲရှိနေကြသည်၊ စာရေးသူတို့ တရားထိုင်စဉ်က ပိန်+ဖောင်း လျှောက်လို့ ဆူခံထိတဲ့သူတွေကို စာရေးသူကိုယ်တိုင် မြင်တွေ့ ခဲ့ရသည်)၊ တရားထိုင်တာ (၇)ရက်မြောက်နေ့မှာထင်သည်၊ စာရေးသူ ဆရာသမားတွေကို ပြစ်မှား တော့သည်၊ မနောကံနဲ့ပြစ်မှားခြင်းပါ၊ " ဆရာသမားတွေက ပြောလိုက်ရင်တော့ မဂ် ဖိုလ် နိဗ္ဗာန် နဲ့ ၊ သူတို့လည်း ဒီသမာဓိတရားလောက်နဲ့တင် ဆရာလုပ်နေကြတာ နေမှာပါပဲ " လို့ တွေးပြီး အထင်မှားကာ ပြစ်မှားနေမိခြင်းဖြစ်သည်၊ ထိုနေ့က တရားစစ်ချိန်မှာလည်း တရားမစစ်ပဲ ဆရာတော် ဦးပညာဝံသက သံသယအကြောင်းနဲ့ သဒ္ဓါအကြောင်းကို ရှင်းပြခဲ့သည်၊ သူပြောတာက "ဘုရားရှင်လည်း ဒီအာနာပါနကို အားထုတ်ပြီး ဘုရားရှင်ဖြစ်ခဲ့တာပဲ၊ တို့ဆရာတော်ကြီးလည်း (မဟာစည်ဆရာ တော်ကြီး ဦးသောဘန) ဒီအာနပါနအားထုတ်ပြီး တရားထူးတွေသိခဲ့တာပဲ၊ ခု တို့လည်း ဒီအာနာပါနပဲ အားထုတ်တာပဲ၊ မင်းတို့လည်း ဒီအာနာပါနပဲ အားထုတ်တာပဲ၊ ဒီအာနာပါနဆိုတဲ့ တရားအပေါ်မှာ သံသယမ၀င်ပါနဲ့၊ ဆရာသမားအပေါ်မှာလည်း သံသယမ၀င်ပါနဲ့ "စသည်စသည်ဖြင့် ဟောပြောသြ၀ါဒပေးသည်၊ နေ့ခင်း (၁)နာရီမှာ တရားနာတော့လည်း တရားဟောဆရာတော် ဦးရာဇိန္ဒက "သမာဓိတော ယထာဘူတံ ပဇာနာတိ - သမာဓိသာ တည်အောင်လုပ်၊ သူ့အလိုလို ဖြစ်ပျက် တရားတွေကို ထင်ထင်ရှားရှား ကွဲကွဲပြားပြားသိလာလိမ့်မယ် " ဟု ဟောပြောပြန်သည်၊ တိုက်ဆိုင်မှု့လို့ ဆိုနိုင်ပေမဲ့ စာရေးသူအတွက်တော့ ထူးခြားမှု့တစ်ခု ဖြစ်နေသည်၊ သံသယဖြစ်ပြီး ပြစ်မှားမိတဲ့နေ့မှာမှ သံသယ ကင်းကြောင်း သဒ္ဓါအကြောင်းတရားတွေပဲ နာကြားရသည်လေ၊ စာရေးသူလည်း " အင်း ငါ သမာဓိ မတက်သေးတာက သမာဓိတည်ငြိမ်မှု့ နည်းသေးလို့ပဲ နေမှာ ၊ ငါ အားထုတ်တာလည်း ရက်သိပ်မရှိသေးတော့ အားထုတ်မှု့လည်း နည်းနေသေးလို့နေမှာ၊ ငါ အစွမ်းကုန် အားထုတ်မယ် " ဆိုပြီး ညနေပိုင်းတွေ ညပိုင်းတွေမှာ ဘာကိုမှ မမျော်လင့်ပဲ ၀ီရိယအားကိုသာ မလျော့သောဇွဲနဲ့ လုပ်သည်။

 ထိုညက နောက်ဆုံး သုံးနာရီမှာ အပေါ့စွန့်တဲ့အချိန်ကလွဲလျှင် အချိန်ပြည့်အားထုတ်နိုင်ခဲ့သည်၊ တရားဖြုတ်ချိန်မှာ လက်ပေါ်မှာရော ခြေသလုံးပေါ်မှာရော သွေးဝလွန်ပြီး မပျံနိုင်တဲ့ ခြင်တွေ များစွာကိုတွေ့ ရသည်၊ သို့သော် ခြင်ဟု မမြင်ခဲ့ပါ၊ ထိုညက သိမြင်ခဲ့သော အကြောင်းအရာများကို မရေးသားတော့ ပါဘူးနော်၊ ထိုသို့သော အသိတစ်ခုကို ရလိုက်ခြင်းသည် ဓမ္မကိုရော တရားပိုင်ရှင်ဘုရားကိုရော တရားကို သယ်ဆောင်နေကြသူ သံဃာကိုရော  အသိဥာဏ်နဲ့ ယုံကြည် ကြည်ညိုဘို့ ဖြစ်လာခဲ့သည်၊ "အသေးစား အသိဥာဏ်လေးကို သိလိုက်တာနဲ့တင် ဒီလောက်ငါ့စိတ်တွေ ဖြူစင်သန့်ရှင်းနေလျှင် အဆင့်မြင့် ဥာဏ်တော်ပေါင်း မြောက်များစွာကို ပိုင်ဆိုင်ထားသော ဘုရားရှင်ဆိုလျှင် " ဟုတွေးမိပြီး ဘုရားရှင်၏ အရဟံဂုဏ်တော်ကို ထိထိမိမိ ပြည့်ပြည့်စုံစုံကို ယုံကြည်ကြည်ညိုသွားခဲ့သည်၊ ဘုရားရှိခိုးကဗျာ တရားရှိခိုးကဗျာ သံဃာရှိခိုးကဗျာ များရေးသားမိခဲ့သည်၊ ထိုကဗျာများသည် အသိဥာဏ်နဲ့ ရတနာသုံးပါးကို ကြည်ညိုမိပြီးနောက် ပထမဆုံးရေးသားသော ကဗျာများပင် ဖြစ်သည်၊ ထိုရိပ်သာသို့ သွားဘို့အစီအစဉ် မရှိခင်က သီချင်းရေးဘို့ ၀ယ်ထားသော ဗလာစာအုပ်တစ်အုပ်နဲ့ ဘောလ်ပင် တစ်ချောင်းပါသွားသည်၊ သီချင်းမရေးဖြစ်ဘဲ ကဗျာရေးဖြစ်ခဲ့သည်။

ထိုအချိန်ကစပြီး စာရေးသူ အမြဲပွားများသော သံဃဂုဏ်တော်များကို ခု ရေးသားပြပါမည်၊ " သူများကို ကြည်ညိုနိုင်ဘို့ ကိုယ်ကိုယ်ကို အရင်ကြည်ညိုစရာကောင်းအောင် နေရတယ်၊ လူတိုင်းကို ကိုယ်နဲ့နှိုင်းတတ်ကြလို့ပါ " ဟူသော ဆရာသမားတစ်ယောက်ရဲ့  စကားကိုကြားယောင်မိသည်၊ သူခိုးဟာ လူတိုင်းကို သူလို သူခိုးလို့ပဲ ထင်တတ်သည်၊ သီလမရှိသူဟာ လူတိုင်းကို သူလို သီလမရှိသူလို့ပဲ ထင်တတ်သည်၊ သီလရှိသူကတော့ လူတိုင်းကို သူလို သီလရှိသူလို့ပဲ ထင်တတ်သည်၊ ထိုအရာများသည် လူတိုင်းကို ကိုယ်နဲ့နှိုင်းတုမှု့များသာဖြစ်သည်၊ ထိုသဘာဝသည် ခေတ်၏ ဖြစ်ရိုးဖြစ်စဉ် သဘာဝ တစ်ခုလည်း ဖြစ်သည်၊ ထို့ကြောင့် ကြည်ညိုစရာကောင်းသော သံဃာကိုကြည်ညိုချင်လျှင် မိမိကိုယ်တိုင် ကြည်ညိုစရာ ကောင်းသော လူတစ်ယောက်ဖြစ်အောင် နေကြည့်ပါ။

(၁) ဘုရားရှင် ချမှတ်ထားသော ၀ိနည်းစည်းကမ်းကို ကောင်းစွာလိုက်နာသော/ ကိုယ်စိတ်နှစ်ပါးကို ကောင်းစွာ အပြစ်ကင်းစွာ ကျင့်ကြံနေသော/ နိဗ္ဗာန်သို့ ရောက်ကြောင်း အကျင့်ကောင်းများကို ကောင်းစွာ ကျင့်ကြံ နေသော သံဃာ( သုပ္ပဋိပန္န)၊

(၂)    တရားတော်အတိုင်း ကိုယ် နှုတ် စိတ်ကို ဖြောင့်မတ်စွာ ကျင့်ကြံနေသော သံဃာ(ဥဇုပ္ပဋိပန္န)၊

(၃) ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုရဘို့  တရားကိုကျင့်ကြံ အားထုတ်နေသော သံဃာ၊ (ဥာယပ္ပဋိပန္န)၊

(၄) တရားတော်အတိုင်း ၀ိနည်းစည်းကမ်းအတိုင်း ၀ိပဿနာဥာဏ် မဂ်ဥာဏ် ဖိုလ်ဥာဏ်ကိုရဘို့ ရိုရိုသေးသေး စားစား ယုံယုံကြည်ကြည် အားထုတ်နေသောသံဃာ၊(သာမီစိပ္ပဋိပန္န)၊ 

သံဃာသည် မျက်မှောက်လူတွေ ဆရာတော်တွေမှ ၀ိနည်းစည်းကမ်းအတိုင်း သမုတ်ထားသော ပုထုဇဉ်သမ္မုတိသံဃာနဲ့ မဂ်ဖိုလ်ရပြီးသော အရိယာသံဃာဟု နှစ်မျိုးရှိသည်၊ သံဃာ၏ ဂုဏ်အစစ်အမှန်ကို သိရင် သံဃာကို ယုံကြည်ပါလိမ့်မည်၊ သံဃာကိုမယုံကြည်သောသူသည် သံဃာ၏ဂုဏ်အစစ်အမှန်ကို မသိခြင်း၊ သိသည်ဟု ဆိုလျှင်လည်း အပေါ်ယံအမြင်ဖြင့်သာ သိခြင်းကြောင့် ဖြစ်ပါလိမ့်မည်၊ တစ်ခါတစ်ရံ မသင့်သော အပြုအမှုများကို (ဈေးဆိုင် ကွမ်းယာဆိုင် ကားဂိတ် လ္ဘက်ရည်ဆိုင် ဘူတာရုံများတွင် အလှူခံနေကြခြင်းများ) တွေ့ရမြင်ရပေလိမ့်မည်၊ ထိုသို့ ဖြစ်လျှင် မြင်တွေ့ရလျှင် သံဃာအစစ်၏ အထက်ပါ ဂုဏ်တော်လေးပါးကိုသာ အာရုံပြုနေလိုက်ပါ၊ ဒါဆို သံဃာကို မပြစ်မှားမိတော့ပါဘူး၊ စာရေးသူလည်း အဲလိုပဲ ပြုကျင့်နေထိုင်နေပါသည်၊ ထိုနည်းလေးကို ကျင့်သုံးကြည့်ကြပါလို့ ----------



No comments:

Post a Comment