Monday, September 19, 2011

လွတ်လပ် အေးချမ်းဘို့

ရဟန်းဘ၀သည် ပေးလှူသော ဒါယကာ ဒါယိကာမများနဲ့ လုံးဝ ကင်းကွာလို့မရပါ၊ တောထဲမှာ တရားအားထုတ် နေကြသော သူတော်စင် သူတော်ကောင်းများပင်လျှင် ဆက်စပ်ပတ်သက်နေကြရ သည်၊ မြို့မှာနေသော ရွာမှာနေသော ရဟန်းများအဘို့ ပြောဘို့ပင် မလိုပါ၊ လုံးဝကင်းကွာ နေသောသူသည် ဘုန်းကံမွဲပြီး စိတ်ဆင်းရဲကာ ကိုယ့်အကျိုးရော လူများအကျိုးပါ မလုပ်ဆောင်နိုင်သူများ ဖြစ်ကြရသည်လည်း ရှိသည်၊ 23 September 2008 တုန်းကလည်း စာရေးသူ နေသောကျောင်းမှ ကိုယ်တော်လေးများမှာ ဆွမ်းခံပင် ကောင်းကောင်းမထွက်ရဲ၊ မသွားရဲခဲ့၊ ဆွမ်းခံသွားလျှင် " ကိုရင်တို့ကျောင်းက မထွက်ကြဘူးလား၊ မေတ္တာမပို့ကြဘူးလား " ဟု နေ့တိုင်းလိုလို မေးခံကြရသည်၊ ထို့ကြောင့် သံဃာများ မေတ္တာပို့ ထွက်ချင်ခဲ့ကြသည်၊ ထိုသို့ ဖြစ်ပျက်မှု့သည် ဒါယကာ ဒါယိကာမများကြောင့် ဖြစ်ရသည်၊ ဒါယကာ ဒါယိကာမတို့ မပြေလည်မှု့သည် ရဟန်းသံဃာများ မပြေလည်မှု့နဲ့ အတူတူပင်ဖြစ်သည်၊ အကြောင်းမှာ " ရဟန်းသံဃာများသည် ဒါယကာ ဒါယိကာမများကို မှီနေရသောကြောင့် "  ဖြစ်သည်။


ရဟန်းဘ၀မှာ နေကြသောသူများသည် လွတ်လပ်လိုသည် ငြိမ်းချမ်းလိုသည်၊ ထို့ကြောင့် ကိုယ်အင်္ဂါမချို့ ယွင်းပါပဲလျှက် ငယ်ရွယ်သူများ ဖြစ်ပါလျှက် သန်မာသူများဖြစ်ပါလျှက် စည်းစိမ်ရှိသူများ ဖြစ်ပါလျှက် ရဟန်းဘ၀မှာ ခိုဝင်နေကြခြင်းဖြစ်သည်၊ ထိုသို့ ခိုဝင်နေကြကာမှ ပူပန်နေကြရသူများ မလွတ်မလပ်နဲ့ ကြပ်ကြပ်တည်းတည်း နေနေကြရသူများ များစွာရှိသည်၊ ရဟန်းဘ၀ကို ရောက်လာပြီးမှ အတွေးမငြိမ် စိတ်မငြိမ်ဖြစ်ကာ ကာမဘုံသားပီပီ ကာမဂုဏ်အာရုံများထဲမှာ ပျော်မွေ့ချင်လာကြသည်၊ ရောက်နေ သောဘ၀ အခြေအနေ စည်းကမ်းများနဲ့ အဆင်မပြေ၊ ထိုအခါ ကိုယ်လုပ်ချင်တာကို မလုပ်ကြရသော ကိုယ့်ရင်ထဲကဆန္ဒကို ဖြည့်ဆည်းခွင့်မရသောကြောင့် စိတ်ဆင်းရဲကြရသည်၊ စိတ်ပူပန်ကြရသည်၊ ဒါကတော့ ကိုယ်ပိုင်စိတ်ခံစားချက် အတွေးအခေါ် အယူအဆများကြောင့် ဖြစ်ရခြင်းပါ။


ကိုယ်တိုင်အတွေးအခေါ် စိတ်ခံစားချက်ကြောင့်မဟုတ်ပဲ ကိုယ့်ကို ကူညီပံ့ပိုးပေးနေသော ဒါယကာ ဒါယိကာမများကြောင့် ဖြစ်ရသော ဖြစ်ရပ်ကို ဒီဆောင်းပါးမှာ ရေးပြလိုခြင်းဖြစ်သည်၊ ဖြစ်ရပ်မှန်များ ဖြစ်သော်လည်း နာမည်များကို အမှန်အတိုင်း ရေးသားထားမည် မဟုတ်ပါ၊ ထိုသို့မရေးခြင်းသည်လည်း လိုက်နာရမည့် အချက်တစ်ချက်ပင် မဟုတ်ပါလား၊ နားလည်ပေးနိုင်ကြပါစေ ခွင့်လွှတ်နိုင်ကြပါစေ။


တစ်ခါက ဦးဇင်းတစ်ပါးသည် ရန်ကုန်မြို့မှ နာမည်ကြီးကျောင်းတိုက် တစ်တိုက်တွင် အကြီးတန်း အောင်မြင် လေသည်၊ ထိုကျောင်းတိုက်မှာပဲ စာချတန်း သီ/ဏီ နှစ်ကျမ်းကို စွဲသည်၊ ထိုကျောင်းတိုက်တွင် ပါရာဇိကဏ်ကျမ်းကို  ကျကျနန သင်ပြပေးနိုင်သော ဆရာသမားမရှိ၊ ထို့ကြောင့် ၀ါကျွတ်လျှင် တိုက်အုပ်ဆရာတော်ကို " ဖခင်နေမကောင်းသဖြင့် သွားလိုကြောင်း " လျှောက်ထားပြီး ကျောင်းတိုက်မှ ထွက်လာခဲ့သည်၊ တိုက်အုပ်ဆရာတော်ကလည်း မိဘကိစ္စဖြစ်နေတာကြောင့် မတားမြစ်ပါ၊ ခွင့်ပြုသည်၊ (စာသင်သားလောကမှ မိဘကို အကြောင်းပြုပြီး ရွာပြန်ရသော ကိစ္စသည် အလွယ်ကူဆုံးဖြစ်သည်၊ ယခုလျှောက်ထားသော ဦးဇင်းမှာ မိဘနှစ်ပါးလုံး မရှိတော့ပါ၊ သို့သော်လည်း သေဆုံးပြီးသော ဖခင်ကို အသုံးပြုရတော့သည်၊ မိဘများသည် သေဆုံးသွားပြီးသည့်တိုင် သားသမီးများအတွက် အသုံးဝင်နေဆဲ အဓိပ္ပါယ်ရှိနေဆဲပင်၊ တမလွန်မှ ဖခင်ကလည်း မြင်သိနိုင်မည်ဆိုလျှင် သူ့သားဦးဇင်း လုပ်ရပ်ကို ကြည့်ပြီး ပြုံးပျော်နေမည်ထင်သည်)။


ထိုဦးဇင်းသည် မန္တလေး မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော်ဦးကောဝိဒါဘိဝံသ ထံမှာ ပါရာဇိကဏ်ကျမ်းစာကို ဆရာနည်းရအောင် သင်ယူနေသည်၊ တိုက်အုပ်ဆရာတော်ကို လိမ်လျှောက်ထားသည် မှန်သော်လည်း မည်သူမျှအကျိုးမယုတ်နိုင်သော လိမ်လည်မှု့ကြောင့် ကျေနပ်မိသည်၊ (တစ်ခါက အသန့်အရမ်းကြိုက်သော ဦးဝိမလ ဟူသော ဦးဇင်းတစ်ပါးရှိသည်၊ သူ့မျိုးရိုးဗီဇ ဘယ်လိုရှိသည် မသိရသော်လည်း သူသည် သီးသန့်နေတတ်သည်၊ သူသောက်သည့်ခွက်ကို အခြားသူများ အသုံးပြုခွင့်မပေးပါ၊ အခြားသူများသုံးသော ခွက်ကိုလည်း သူက အသုံးပြုခြင်းမပြု၊ တစ်နေ့ သူ့သူငယ်ချင်း သောမသာရသည် သူမရှိချိန် (နေ့ခင်း ၁း၀၀ နာရီလောက်မှာ ) ရောက်လာသည်၊ ဦးဝိမလအခန်းထဲမှာ ထိုင်နေသည်၊ ဘေးမှ ဦးဇင်းများကလည်း အခန်းထဲဝင်ပြီး စကားပြောခြင်းမပြု၊ ဦးသောမသာရသည် မကြာမကြာလာလည်နေကြဖြစ်သည်၊ ခဏကြာတော့ ဦးသောမသာရသည် ဦးဝိမလ ခွက်ဖြင့် ကောဖီဖျော်ပြီး သောက်နေသည်ကို တွေ့လိုက်ရသည်၊ ဦးဝိမလသည် တော်တော်နဲ့ ပြန်မလာသဖြင့် ဦးသောမသာရက ပြန်သွားသည်၊ ကောဖီဖျော်သောက်သော ခွက်ကိုလည်း ဆေးကြောထားခဲ့သည်။


ညနေပိုင်းရောက်တော့ ဦးဝိမလပြန်လာသည်၊ ဦးဝိမလသည် အခန်းထဲဝင်ပြီး ခဏအကြာမှာပဲ မျက်လုံးနီနီ မျက်မှောင်ကုတ်ကုတ်နဲ့ ထွက်လာသည်၊ သူ့ပုံစံကို ကြည့်လိုက်ရုံဖြင့် ဘေးအခန်းက ကိုယ်တော်လေးများက " တော်တော်စိတ်တို နေမှန်း " သိလိုက်ကြသည်၊ ဦးဝိမလက " တပည့်တော်ဆီ ဘယ်သူလာသေးလဲ ဦးဇင်း"  ဟု အရင်တွေ့သော ဦးဇင်းကို မေးသည်၊ ထိုဦးဇင်းလေးသည် ဦးသောမသာရကို သိသော်လည်း ပြောလိုက်လျှင် သူတို့ သူငယ်ချင်းနှစ်ယောက်အကြားမှာ ကြီးမာသော ပြဿနာဖြစ်လာနိုင်သည်၊ စိတ်ဝမ်းကွဲမှု့ စကားငြင်းခုံ ပြောဆိုမှု့များဖြစ်လာနိုင်သည်၊ ထို့ကြောင့် " မသိဘူး  ဦးဇင်း ၊ တပည့်တော်လည်း အချိန်ပြည့် မရှိတော့လေ " ဟု ဖြေလိုက်သည်၊ ထိုသို့ ဖြေပေးလိုက်ခြင်းကို စာရေးသူကတော့ လိမ်လည်မှု့ဟု မယူဆမိပါ၊ လိမ်လည်မှု့ဟု ယူဆမည်ဆိုလျှင်လည်း မဖြစ်သေးသော ပြဿနာကို မဖြစ်စေခြင်းကြောင့် ကောင်းမွန်သော ဖြစ်သင့်သော လိမ်လည်မှု့ဟု ယူဆမိသည်၊ မုသာဝါဒအရ လိမ်လည်မှု့ဟူသည် " သူများ အကျိုးမဲ့ဖြစ်အောင် ရှိပြီးသားစည်းစိမ် ရာထူး ဂုဏ်များ  ပျက်ဆီးအောင် ဖြစ်လာမည့် အကျိုးတရားများ မဖြစ်အောင်  လိမ်ညာမှု့သည်သာ လိမ်ညာမှု့မည် ပြီး ကံထိုက်သည်ဟု " မှတ်သားဖူးသည်၊ တစ်ချို့လိမ်ညာမှု့များသည် လိမ်ညာလိုက်သည့် အတွက် လိမ်ညာမှု့ဟု ပြောဆို ခေါ်နိုင်သော်လည်း ကံမထိုက်ပါ၊ စာဖတ်သူများက ဘယ်လို ယူဆကြမည်လည်း ဆိုတာကိုတော့ စာရေးသူ မသိ၊ အထက်ပါ ဦးသောမသာရနေရာမှာ စာဖတ်သူသာ ဖြစ်နေခဲ့လျှင် မည်သို့ အဖြေပေးမည်နည်း --- )။


ထိုဦးဇင်းသည် ပါရာဇိကဏ်ကျမ်းကို လိုက်နေရသည်ကို သိပ်သဘောကျမိသည်၊ (၁၅) ရက်မြောက်သော နေ့တွင် ဆက်လက် လိုက်လို သင်ယူလိုသေးသဖြင့် တိုက်အုပ်ဆရာတော်ထံကို " ဖခင် ဆုံးသွားသဖြင့် ပြန်မလာနိုင်သေးကြောင်း " ဖုန်းဆက် လျှောက်ထားလေသည်၊ တိုက်အုပ်ဆရာတော်ကလည်း " အေး အေး၊ မင်း စိတ်အေး လက်အေးဖြစ်မှ ပြန်လာခဲ့ကွာ၊ မင်းအတွက် တကယ်စိတ်မကောင်းပါဘူး၊ စိတ်ဓာတ်တော့ မကျနဲ့၊ စိတ်ဓာတ်ကျရင် အရာအားလုံး ကျရှုံးတာနဲ့ အတူတူပဲ၊ မင်း ဖခင် သေဆုံး ကျရှုံး ပေမဲ့ မင်းစိတ်ဓာတ်တွေ မကျရှုံးရင် တစ်ခုပဲ ကျရှုံးတာ " ဟု ပြောဆို ပြန်ဖြေပေးသည်၊ ဦးဇင်းလေးက လိမ်ညာရတာကို စိတ်မကောင်းပေမဲ့ ဆရာတော်၏ ဆုံးမစကားကိုကြားရတော့ ပြုံးလိုက်မိသည်၊ စာသင်သားလောကမှ လက်သုံးစကား တစ်လုံးရှိသည်၊ ထိုအရာမှာ " ဆရာဆိုတာ တပည့်တွေ လိမ်ညာ ဘို့ " တဲ့၊ ( ဆရာသမားဖြစ်လာပြီဆိုလျှင် တပည့်များ၏ လိမ်ညာမှု့ကို မသိလိုက်သဖြင့်လိမ်ညာခံရခြင်း၊ သိသိကြီးနဲ့ လိမ်ညာခံရခြင်းဖြင့် လိမ်ညာခံကြရသည်)။


ထိုဦးဇင်းလည်း ပါရာဇိကဏ်ကျမ်းစားကို ဆက်လက် သင်ယူနေသည်၊ ဖြစ်ချင်တော့ သူအဲလို သွားနေတဲ့ ကာလမှာပဲ ၇၅ ကျပ်တန်တွေကို သိမ်းတဲ့အချိန်နဲ့ တိုးနေသည်၊ တစ်နေ့ သူတို့ စာသင်ချိန်ပြီးသဖြင့် သူနေသော စကုတိုက်သို့ ပြန်ဘို့ ခြေဦးလှည့်သည်၊ သို့သော်လည်း အော်သံတစ်ခုက သူ့ခြေလှမ်းများကို ရပ်တန့်စေခဲ့သည်၊ ထိုအသံများ၏ ဆွဲဆောင်မှု့ကြောင့် သူလည်း တစ်ကျောင်းတည်းနေ သူငယ်ချင်းများနဲ့ တိုင်ပင်ပြီး ထိုအသံကြားရာသို့ သွားခဲ့ကြသည်၊ ထိုအသံသည် မြတောင်ကျောင်းတိုက် အရှေ့မြောက်တောင့်မှ ထွက်ပေါ်လာခြင်းဖြစ်သည်၊ ၇၅ ကျပ်တန် သိမ်းခြင်းနဲ့ ပတ်သက်ပြီး ဆန္ဒပြသူများ၏ အော်သံဖြစ်သည်၊ ထိုလူစုသည် မည်မျှ ခံစားနေကြရသည် မသိ၊ လမ်းဘေးရှိ ဓာတ်တိုင်များကို တုတ်နဲ့ရိုက် ခဲနဲ့ထုပြီး အော်ဟစ်နေကြသည်၊ ထိုဦးဇင်းတို့ သူငယ်ချင်းတစ်ခုလည်း ရပ်ကြည့်နေသည်၊ ခဏကြာတော့ ရဲတွေရောက်လာပြီး မျက်ရည်ယိုဗုံး ခွဲပြီး လူစုခွဲသည်၊ လူစုကွဲတော့ လူများကိုရော ဘုန်းကြီးများကိုရော ဖမ်းဆီးတော့သည်၊ ( ဘုန်းကြီးများသည် ထိုဆန္ဒပြ လူစုကို အားပေးသလို ဖြစ်နေသည်လေ၊ ထို့ကြောင့် အကုန်သိမ်းကျုံးဖမ်းတာထင်ရဲ့)။


ထိုဦးဇင်းလေးတို့ သူငယ်ချင်းတစ်စုလည်း ရဲတွေရောက်လာသဖြင့် မြတောင်ကျောင်း အနောက်ပေါက်မှ ထွက်ပြီး စကုတိုက်ကို ပြန်ဘို့ ပြင်ကြသည်၊ မြတောင်တိုက် အနောက်ပေါက်မှ ထွက်လိုက်သည်ဆိုလျှင်ပဲ ရဲကားများက အဆင်သင့် စောင့်နေကြသည်၊ လူရော ဦးဇင်းရော အကုန် ရဲကားပေါ်တက်ခိုင်းသည်၊ တော်တော်များသည်၊ ကားက သေးနေသဖြင့် မတက်ရသေးသော ဦးဇင်းများကို " ငါလိုးမှ ခေါင်းတုံးတွေ ၊ ပေးတာ အသာငြိမ်ငြိမ်စားနေတာ မဟုတ်ဘူး၊ ဆူချင်ဦးကွာ ဆူချင်ဦးကွာ " ဟု ဆဲဆိုပြီး နပါတ်တုတ်နဲ့ အဆက်မပြတ် ရိုက်သည်၊ ကားပေါ်သို့ အပြေးတက်ကြရသည်၊ နောက်ကျနေသော ဦးဇင်းလေးများမှာ အချက်ပေါင်း (၃၀) လောက်ထိ အရိုက်ခံသည်၊ ဘာမှ ပြန်ပြောခွင့်မရှိ ၊ တက်ဆိုတက်၊ လှည့်ကြည့်ခွင့်မရှိ၊ ကြည့်လျှင် ရိုက်သည်၊ (ထိုအဖြစ်မပျက်များကို ဦးဇင်းလေး၏ဖခင်သာ မြင်နိုင်လျှင် -----------------)။

ထိုဦးဇင်းလေး စာသင်လာကာမှ အိုးဘို ထောင်သို့ရောက်သွားရှာသည်၊ အိုးဘို ထောင်ထဲမှာ နေ့ခင်းဆိုလျှင် တစ်ပါး တစ်ခန်းနေကြရသည်၊ သင်္ကန်းမ၀တ်ရ၊ ထောင်ဝတ်စုံ အဖြူရောင်ကို ၀တ်ကြရသည်၊ ညဘက်တွင် စုပေါင်းပြီး တစ်ခန်းတည်းမှာ အိပ်ရသည်၊ အချိန်မရွေး တန်းစီ ခိုင်းသည်၊ စစ်ဆေးသည်၊ တာဝန်ရှိသူက လာစစ်ဆေးလျှင် တန်းစီပုံစနစ် စကားပြောစနစ် သူတို့ရှေ့မှာ နေရပုံစနစ်များကို သင်ယူကြရသည်၊ တစ်ခါသာ သင်ပြပေးသည်၊ သင်ပြတဲ့အတိုင်း မလုပ်တတ်လျှင်တော့ နာဘို့သာပြင်ပေတော့၊ လုံးဝ စာနာစိတ်မရှိပါ၊ ငရဲပြည်ကို မမြင်ဖူးသော ဦးဇင်းလေးအဘို့တော့ ထောင်သည်သာ ငရဲပြည်အစစ်ဟု ထင်နေမိသည်၊ ညဘက်မှာ တစ်ဘက်ကို စောင်းလျှက် အိပ်ရသည်၊ ( သူ့ဖင် ကိုယ်တေ့ အိပ်နည်းတဲ့)၊ တစ်နာရီထိုးလျှင် တစ်ခါ တာဝန်ရှိသူက အော်ရသည်၊ အော်ပုံမှာ "  အခန်း (--- ) ၊ ဖင်လိုး ဖင်ခံ မရှိ၊ ပြဿနာ ရှင်းပါသည်  " ဟု ဖြစ်သည်၊ ယခု စကားများသည် ရိုင်းသော်လည်း အမှန်တွေချည်းပါနော်၊ ထမင်းကျွေးပါသည်၊ ဆန်နီကြမ်းများဖြစ်သည်၊ ဟင်းက ကုလားပဲဟင်း သဲတွေ ကျောက်ခဲတွေနဲ့ ၊ တစ်ခါတစ်လေ မှန်စ မှန်ကွဲလေးများပင် ပါလာတတ်သည်၊ ငပိပါသေးသည်၊ ငပိလို့သာ ပြောရသည်၊ ငပိနဲ့မတူ၊ ဟိ ဟိ၊ သူနဲ့တူတာကို မပြောပြတော့ပါဘူးဗျာ၊ တစ်ခါတစ်လေ ငပိမှာ ပိုးလောက်ကောင်လေးများ ပါလာသည်ကိုပင် တွေ့ရသည်၊ အရင်နဲ့ ခုတော့ မတူလောက်တော့ပါဘူးနော်။


ဦးဇင်းလေးလည်း ရောက်စရက်မှာတော့ ရိုက်ခံထားရသည့် ဒဏ်ရာကြောင့်ရော စိတ်ဆင်းရဲနေတာရော ထမင်းဟင်းတို့၏ စိတ်ပျက်ဘို့ ကောင်းတာရောတို့ကြောင့် စားလို့မရခဲ့ ၊ စားချင်စိတ်လည်း မရှိခဲ့၊ တာဝန်ရှိသူများကတော့ နေ့ခင်းတစ်ချိန် ညဘက်တစ်ချိန် နှစ်ချိန်အချိန်မှန်လာပို့ပေးသည်၊ တစ်ပန်းကန်ပြား သာ၊ ထမင်းရော ဟင်းရော သူတို့ဘာသာ ထည့်လာသည်၊ ဦးဇင်းလေးမှာ မစားချင်သော်လည်း " စားစရာ မရှိတဲ့အခါ  ရှိတာသည် အကောင်းဆုံး " ဆိုသည့်အတိုင်း စားရတော့သည်၊ ကြာလာတော့ လည်း လောက်ကောင်ကို မမြင်တော့၊ အကုန် သိမ်းကျုံး စားပစ်တော့သည်၊ ဟီးးးးးးးး၊ ပိုးကောင်လုံး ၀ါးတီးရသည်ပေါ့ဗျာ၊ အလုပ်လည်း မလုပ်ရ၊ စကားပြောဖော်လည်း မရှိ၊ အချိန်ပြည့်အခန်းကျည်းလေးထဲမှာ ၊ ကြာလာတော့လည်း စိတ်ဓာတ်တွေက ကြောင်တောင်တောင်ဖြစ်လာချင်သည်။


ဆရာတော်ကို လိမ်ညာမိလို့များ ခုလို ဖြစ်ရလေသလားဟု တွေးမိသေးသည်၊ သို့သော်လည်း ဖြစ်ပြီးကာမှတော့ ဗဟုသုတ တစ်ခုရတာပေါ့ဟု စိတ်ကိုဖြေတွေးကာ ပေါ့ပေါ့ပါးပါးပင် နေလိုက်တော့သည်၊ အိုးဘို ထောင်မှာ (၃) လနေခဲ့ရသည်၊ နောက်ပိုင်းတွင် အပြစ်မရှိသဖြင့် ပြန်လွှတ်ပေးသည်၊ (၃)လ ကတော့ ခဏတာ ထိန်းသိမ်းထားသည့် သဘောပေါ့၊ အင်း တရားမျှတသော ထိန်းသိမ်းထားမှု့ ပီသလိုက်တာနော်၊ ဟိ၊ ထိုဦးဇင်းလည်း ထောင်ကလွှတ်လျှင်ပဲ သူ့မိခင်တိုက်ရှိရာ ရန်ကုန်သို့ ပြန်လာခဲ့သည်၊ ကျောင်းပြန်ရောက်တော့ တိုက်အုပ်ဆရာတော်က " မင်းရဲ့ စိတ်တွေ အဆင်ပြေပြီလား ၊ ဒီလိုပါပဲကွာ၊ အားကိုးစရာ ဖခင် မရှိတော့တဲ့အခါ ကိုယ့်ကိုယ်ကို ပိုပြီး အားကိုးတတ်တာပေါ့ " ဟု ပြောဆို ခရီးဦးကြိုဆို သည်၊ ဦးဇင်းလေး စိတ်ထဲမှာတော့ -----------။


နောက်တစ်ခု ဖတ်ကြည့်ကြပါဦးစို့နော်၊ ရန်ကုန် နပသ တက္ကသိုလ်မှာ နေ့ခင်း ဟင်းများ စားလို့မရတာ ကြာခဲ့ပါပြီ၊ တာဝန်ရှိသူများကလည်း အဆင်ပြေအောင် စီမံပေးခြင်း မရှိ၊ မင်းကွန်းဆရာတော်ကြီး သည် နောင်အနာဂတ် သာသနာအတွက် အမြော်အမြင်ကြီးစွာ တည်ထောင်ထားခဲ့သော နပသ တက္ကသိုလ် နှစ်ခုအတွက် လုံလောက်သော ငွေကြေးများ ဘဏ်တွင် အပ်နှံထားခဲ့သည်ဟု ကြားဖူးပါသည်၊ ထိုသို့ ပြုလုပ်ခဲ့ခြင်းသည် သူ၏ ညီနော် နောင်တော်များ အစားအသောက် အသွားအလာ အနေအထိုင် ပညာရေးများ အဆင်ပြေ ချော့မွေ့စေဘို့ ဖြစ်သည်၊ ခုလို အခြေအနေမျိုး ကိုသာ ဆရာတော်ကြီးကိုယ်တိုင် မြင်တွေ့ရလျှင် မည်မျှတောင် ၀မ်းနည်းနေလိမ့်မည်မသိ။


ဦးဇင်းလေး တစ်ပါးသည် သည်းခံနိုင်စွမ်းကုန်သွားသဖြင့် အခြားနှစ်ပါးကို တိုင်ပင်ကြည့်သည်၊ အဆင်ပြေသည်၊ သူတို့ သုံးပါး ဦးဆောင်ပြီး နေ့ဆွမ်းစားကြသောအခါ ဟင်းခွက်နဲ့ ခုံကို ခေါက်ပြီး ဆန္ဒပြကြ သည်၊ ထိုအကြောင်းများသည် အထက်သို့ ပျံ့နှံ့သွားသည်၊ နောက်နေ့တွင် ထိုဦးဇင်းသုံးပါကို ဥတ္တရကုရု အဆောင်သို့ ဆွမ်းစားကြွဘို့ရန် လာပင့်သည်၊ ဦးဇင်းလေး သုံးပါသည်လည်း အခြေအနေ အရမ်းမဆိုးလောက်ဘူး ထင်သဖြင့် သင်္ကန်းရုံကာ လိုက်သွားကြသည်၊ ဥတ္တရကုရုအဆောင်ကို ကျော်သွားတော့ ဦးဇင်းသုံးပါးမှာ နည်းနည်းသံသယ၀င်လာကြသည်၊ ရှေ့  နောက် ဘေးဘက်တွေ ဝှေ့ ကြည့်မိသည်၊ တွေ့ပါပြီ၊ ထောင်ကား တစ်စီး။


ဘာမှ ပြန်ပြောချိန်မရပါ၊ ထောင်ကားပေါ်မှ တာဝန်ရှိများက အတင်း တက်ခိုင်းတော့သည်၊ ပါသွားပါပြီ၊ ဆွေးနွေးခွင့်မရှိပါ၊ ဖြေရှင်းခွင့်မရှိပါ၊ လွတ်လပ်မှု့ကိုလိုလားသော ရဟန်းတော်များ မလွတ်လပ်မှု့ များနဲ့သာ ဆုံဆုံနေလေတော့သည်၊ ခေတ်ကာလကလည်း ကာလ၀ိပတ္တိဖြစ်နေသည်ထင်၏၊ ထိုဦးဇင်း သုံးပါကို စစ်ဆေးပြီး တစ်ပါးကို ထောင် (၆)နှစ်၊ တစ်ပါးကို ထောင် (၃) ၊ တစ်ပါးကိုတော့ ပြန်လွှတ်ပေး ခဲ့သည်၊ ထို ထောင်(၆)နှစ်ကြသော ဦးဇင်းသည် ထောင်ထဲမှာ ညစာမစားပါ၊ ဦးဇင်းတစ်ပါးရဲ့   ၀ိနည်းကျင့်ဝတ်အတိုင်း နေသည်၊ ထောင်သားများကလည်း ကြည်ညိုလေးစားကြသည်၊ ဥပုသ်နေ့များ တွင် ဦးဇင်းလေးထံမှ ထောင်သားများက (၈) ပါးသီလ ခံယူဆောက်တည်လိုကြသည်၊ သြကာသဖြင့် ကန်တော့လျှင်ပင် " ဟို ခေါင်းတုံး ဘာတွေလုပ်နေတာလဲ၊ ဒီနေရာကို ဘာမှတ်လို့ပဲ၊ အေးဆေးနေတာ မဟုတ်ဘူး၊ တော်တော်ရှုပ်တဲ့ ခေါင်းတုံးတွေ " ဟု ငေါက်ငေါက်ပြီး ဥပုသ်သီလပေးမှု့ကိုလည်း ပိတ်ပင်ခံရသည်။


သူငယ်ချင်း ဦးဇင်းများက အချိန်ရ အခွင့်သင့်လို့ သွားတွေ့ကြသောအခါ ဦးဇင်းလေးမှာ အ၀တ်ဖြူနဲ့ ဆံပင်တွေ ပါးသျှိုင်းမွေးတွေ မုတ်ဆိတ်မွေးတွေက ရှည်လို့၊ ဦးဇင်းလေးက " ငါ့ကို လာတွေ့တဲ့ မင်းတို့ကို ကျေးဇူးတင်ပါတယ်ကွာ၊ ငါ့အမေကိုတော့ ဒီအကြောင်းကို မသိစေပါနဲ့နော်၊ အသိမပေးကြပါနဲ့၊ ဖြစ်နိုင်သမျှ ဖုံးထားပေးကြပါ၊ ငါ့အမေသိရင် မလွယ်ဘူး၊ အမေသေလိမ့်မယ်ကွ " ဟု မျက်ရည်စလေးများနဲ့ ပြောရှာသည်၊ သူငယ်ချင်းကများကလည်း ၀မ်းနည်းစွာဖြင့် နှုတ်ဆက်ပြန်လာ ကြသည်၊ ဘယ်လိုပဲ ဖုံးထားဖုံးထား မှန်ရင် ပေါ်လာကြသည်ပဲလေ၊ ထိုဦးဇင်းလေး၏ မိခင်မှာ တစ်နှစ်တစ်ခါပြန်လာနေကြ သားဦးဇင်း ပြန်မလာသဖြင့် စိတ်ပူနေရှာသည်၊ တစ်နှစ်ကုန်လည်း ပြန်မလာ၊ နောက်တစ်နှစ် ၀ါကျွတ်လည်း ပြန်မလာသဖြင့် သားကို သတိရ လွမ်းနေသော မိခင်မှာ မနေသာတော့ပါ၊ ရန်ကုန် နပသ တက္ကသိုလ်သို့ သားဦးဇင်းကိုတွေ့ချင်သော ဇောဖြင့် လိုက်လာခဲ့သည်၊ မိခင်ကြီး ကိုယ်တိုင်လိုက်လာသောအခါ သူငယ်ချင်းဦးဇင်းများက အမျိုးမျိုး ဖုံးဖိသည်၊ မိခင်ကြီးသည် သူ့သားဦးဇင်း ရှိစဉ်က သားနဲ့အတူတူ သွားခဲ့သော ကမ္ဘာအေးလှိုင်ဂူသို့ သွားခဲ့သည်၊ သားကို အလွမ်းပြေပေါ့၊ ထိုအခါ လှိုင်ဂူသို့ အခြားခရီးသည်များနဲ့ ရောက်လာသော သူ့သားသူငယ်ချင်းဖြစ်သော ဦးဇင်းတစ်ပါးနဲ့တွေ့သည်၊ ထိုအခါမှ အကြောင်းစုံကို သိခွင့်ရလိုက်သည်။


မိခင်ကြီးသည် သားကိုတွေ့ဘို့ အကြိမ်ကြမ်ကြိုးစားသည်၊ သူငယ်ချင်းများကလည်း မပို့ပေးလိုကြ၊ မြင်ရတွေ့ရလျှင် ပိုစိတ်ဆင်းရဲမည်ကို သိနေကြသည်၊ ထို့ကြောင့် အကြာင်းအမျိုးမျိုးပြကာ တားဖြစ်ကြ ရသည်၊ မိခင်ကြီးလည်း စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြင့် ပြန်လာခဲ့သည်၊ မကြာပါဘူးဗျာ၊ မိခင်ကြီးမှာ သူ့သားလေးကို လွမ်းစိတ် စိုးရိမ်စိတ် တမ်းတစိတ်တွေကြောင့်ပဲ အသက်ပါဆုံးရှုံးသွားရရှာလေသည်၊ ရဟန်းဘ၀သည် လွတ်လပ်ဘို့ ဖြစ်သည်၊ မိမိရော သူတစ်ပါးရော စိတ်ချမ်းသာမှု့ကို ပေးနိုင်ကြဘို့ ဖြစ်သည်၊ ခုတော့ ကာလ၀ိပတ္တိကြောင့် မလွတ်လပ်သည့်ကြား ကျဉ်းကျပ်နေသည့်ကြားက မိခင်ကိုပါ သတ်မိသလို ဖြစ်နေရတော့သည်၊ အရာရာတိုင်းမှာ အကြောင်းနဲ့အကျိုးဆက်စပ်မှု့ရှိကြသည်၊ ဖြစ်နေတဲ့ ဆိုးကျိုး ကောင်းကျိုးရဲ့   အရင်းခံ ကောင်းကံ ဆိုးကံများ ရှိပါသည်၊ စာရေးသူတို့ နိုင်ငံမှာ "ဘာ့ကြောင့်လဲ /ဘာ့ကြောင့်ပါ "  ဆိုတဲ့ မေးမြန်းခွင့် ဖြေရှင်းခွင့် ပြောပြခွင့်ကိုတော့ (လွတ်လွတ်လပ်လပ် ပြောပြခွင့် ဖြေရှင်းခွင့် ) ရချင်လှပါ ဘိ -------------------

(ထိုသို့ ဖြေရှင်းခွင့် ပြောပြခွင့် ဆွေးနွေးခွင့် တင်ပြခွင့် မရှိသေးသမျှတော့ လွတ်လပ်မှု့ကို မြတ်နိုးသူ အေးချမ်းမှု့ကို လိုလားသူများသည်လည်း ကျဉ်းကျပ်တဲ့ အမှောင်ခန်းထဲမှာ ပင်ပန်းကြီးစွာ နေကြရဦးမည်ပင်၊ အထက်ပါ အဖြစ်အပျက်မှာ အချို့သော စာကြောင်းများ အချက်အလက်များ အတိုင်အလှည့် အဆက်အစပ် မတည့်တာများ ရှိနိုင်ပါသည်၊ သို့သော်လည်း အဖြစ်မှန်များသာ ဖြစ်ပါသည်)။


No comments:

Post a Comment