Monday, September 5, 2011

သတိရမိသော မေမေ့ စကားတစ်ခွန်း

စာရေးသူတို့မှာ အဖွဲ့လိုက် အဖွဲ့လိုက် ချက်ပြုတ်စားသောက်ကြရသည်၊ စာရေးသူတို့ အဖွဲ့မှာဆိုလျှင် စာရေးသူသည် ထမင်းချက် ခွက်ဆေး ခုံခင်း သန့်ရှင်းရေး ဟင်းလှီး ခုတ် ဖြတ်မှု့များကို နိုင်အောင်လုပ်သည်၊ ဟင်းချက် သူများက ဟင်းချက်ဘို့သာ ပြင်ရ ဆင်ရ ကြိုးပမ်းရသည်၊ ဟင်းချက်ကိစ္စကို အပြင်ကိစ္စဟု သုံးသည်၊ ကျန်တဲ့ ကိစ္စကို အတွင်းကိစ္စဟုဆိုသည်၊ စာရေးသူက အတွင်းကိစ္စကို လှည့်မကြည့်ရ လောက်အောင် လုပ်သည်၊ ပြော မနေရ။

သူ့အဖွဲ့ ကိုယ်ကူ  ကိုယ့်အဖွဲ့သူကူနဲ့ လုပ်ကြရသည်၊ တစ်နေ့ သူများအဖွဲ့မှာ သွားကူတော့ တကယ်လုပ်ရမည့် သူက သင်တန်းသွားသည်တဲ့လေ၊ စာရေးသူတို့အဖွဲ့ကပဲ အဓိကလုပ်ကြရသည်၊ အဓိကအဖွဲ့သားတွေက မလုပ်တတ်သည်ပဲလား မလုပ်ချင်သည်ပဲလားတော့ မသိ၊ ဘာမှ မလုပ်ပါ၊ ဟိုနားယောင်ယောင် ဒီနား ယောင်ယောင်နဲ့ လုပ်နေကြသည်၊ စာရေးသူစိတ်ထဲမှာ " ဒီလူတွေ ဒေါင့်စေ့အောင်ကို မလုပ်တတ်ပါဘူး " လို့ အပြစ်တင် နေမိသည်၊ အဲဒီ အချိန်မှာပါပဲ မေမေပြောဘူးသော စကားတစ်ခွန်းကို သတိရမိလိုက်သည်။

မေမေသည် အိမ်မှု့ကိစ္စများကို တစ်ယောက်တည်းလုပ်ရသည်၊ မမကလည်း သိပ်မကြီးသေးသဖြင့် ဘာမှ မကူညီနိုင်ပါ၊ ကိုကိုက ဖေဖေနဲ့ တောသို့သွားသည်လေ၊ အိမ်မှာ မေမေ့ကို ကူညီမယ့်သူဟာ မမသာရှိသည်၊ မမကလည်း ငယ်သေးတော့ တစ်ခုဆိုတစ်ခုသာ နောက်တစ်ခု ဘာလုပ်ရမယ် ဘာလုပ်သင့်တယ်ဆိုတာကို သူမသိပါ၊ မေမေက တစ်ခုခိုင်းလိုက်ရင် အဲဒီတစ်ခုသာ လုပ်သည်၊ ပြီးရင် သူ့စိတ်ကူးရှိရာသာ လုပ်နေတတ်သည်၊ မေးမေးက ရေနွေးအိုးတည်ခိုင်းလျှင် ရေနွေးအိုးတည်သည်၊ ကျန်တာတွေ မလုပ်တော့၊ မီးနည်း နေလား ထင်းကုန်နေလား ရေဆူပြီလား ရေနွေးအိုးခတ်ဘို့ ရေနွေးအိုးဆေးကြောဘို့ ရေနွေးခပ်ဘို့ သူ့မသိပါ၊ ထို့သို့ ဖြစ်သောအခါ မေမေသည် မမကို " ဒေါင့်စေ့အောင်ကို မလုပ်တတ်ဘူး "လို့  ခဏခဏ ပြောတတ်သည်၊ ဆူတတ်သည်။

မေမေနဲ့ ခွဲနေရတာ ကြာလို့လားတော့ မသိပါ၊ စာရေးသူ မေမေ့ကို သတိရနေမိပါသည်၊ မေမေပြောသော " ဒေါင့်စေ့အောင်ကို မလုပ်တတ်ဘူး " ဆိုတဲ့ စကားလေးကိုလည်း အရမ်းသတိရနေမိသည်၊ သူငယ်ချင်းများကိုလည်း အလုပ်ကိုဒေါင့်စေ့အောင် မလုပ်လျှင် မေမေပြောသလို " ဒေါင့်စေ့အောင်ကို မလုပ် တတ်ဘူး "လို့ ပြောလိုက်ချင်သည်၊ သူငယ်ချင်းများကို အပြစ်တင်တဲ့သဘောနဲ့တော့ မဟုတ်ပါဘူး၊ မေမေ့ကို သတိရတဲ့ သဘောလေးနဲ့ပါ၊ မေမေ့ကို သတိရလိုက်တာ၊ စာဖတ်သူတို့လည်း စာဖတ်သူတို့ မေမေပြောဘူးသော စကားလေးတွေနဲ့ ပတ်သက်မှု့ရှိတိုင်း စာဖတ်သူတို့ မေမေကို သတိရနိုင်ပါစေနော်။

ပြီးတော့ မေမေ့ကို သတိရဘို့ တစ်ခုပြောချင်ပါသည်၊ စာရေးသူတို့သည် တွယ်တာစရာများ များလာသောအခါ မေမေ့ကို သတိရဘို့ မေ့နေတတ်ကြသည်၊ စာရေးသူလည်း ဒီလိုပါပဲ၊ မေ့နေတတ် သည်၊ ခုတော့ မေမေ့ကို သတိရနေတတ်ပါပြီ၊ စာရေးသူမွေးနေ့တုန်းက " အင်း ဒီနေ့မှာမေမေဟာ ငါ့ကို အသက်နဲ့ရင်းပြီး မွေးပေးခဲ့တာ၊ ငါ့ အတွက် အသက်ကို စွန့်ပြီး အသက်နဲ့လောင်းကြေးထပ်ပြီး မွေးပေးရဲခဲ့တဲ့ မေမေ့ သတ္တိကို လေးစားလိုက်တာ " ဆိုပြီး မေမေ့ကို သတိရမိသည်၊ စာဖတ်သူအပေါင်းလည်း စာဖတ်သူတို့မွေးနေ့ လေးမှာတော့ စာဖတ်သူတို့ရဲ့  မေမေကို သတိရပေးကြပါနော်၊ မေမေထက် ကျေးဇူးများတာ ဘယ်သူရှိမှာလဲဗျာ၊ ကျေးဇူးရှိသူကို ပူဇော်ကြေးဆိုလျှင် မေမေ့ထက် ပိုပြီး ပူဇော်စရာကောင်းသောသူ ဘယ်မှာများ ရှိဦးမှာလဲနော်၊ စာရေးသူကတော့ " ဒေါင့်စေ့အောင်ကို မလုပ်တတ်ဘူး " ဆိုတဲ့ မေမေရဲ့  ငေါက်သံ ဆူသံလေးကို သတိရနေမိပါသည်၊ ဒီတစ်ခါမေမေ့ဆီပြန်ရင်တော့ မေမေ့ရင်ခွင်ထဲကို တစ်မှေးလောက် အိပ်စက်လိုက်ချင်ပါသေးသည်၊ မေမေ နေကောင်းကျန်းမာ စိတ်ချမ်းသာပါစေလို့ -----------

No comments:

Post a Comment