သူငယ်ချင်း တစ်ယောက်၏ တောင်းဆိုမှု့ကြောင့် စာရေးသူသိထားသော (စာသိသာ သိထားသော) ကိလေသာ နဲ့ မဂ်ပယ်စဉ်ကို အကျဉ်းမျှ ရေးသား ပြပါမည်၊ စာရေးသူသည် မဂ်ဖိုလ် နိဗ္ဗာန် အကြောင်းကို ပြောဆိုဆွေးနွေးတာမျိုး မလုပ်လိုပါ၊ ထိုတရားများသည် ပြောဆိုဆွေးနွေးရမယ့် တရား များမဟုတ်၊ လက်တွေ့ကျင့်ပြီး သိသင့်သော တရားများသာ ဖြစ်သည်ဟု ခံယူထားမိသည်၊ တစ်ခါကလည်း မယ်တော်ကြီးက “ နိဗ္ဗာန် ဟူသည် ” ဟူသော စာအုပ်တစ်အုပ်ကို ပေးဖတ်သည်၊ စာရေးသူ၏ အကြောင်းကို သိသဖြင့် ထိုစာအုပ်ကို ပေးဖတ်ခြင်းဖြစ်သည်၊ သို့သော်လည်း ခေါင်းစဉ် မြင်လိုက်ရုံဖြင့် စာရေးသူ ဖတ်လိုစိတ်မရှိတော့၊ ထို့ကြောင့် စာအုပ်ကို ခေါင်းအုံးအောက်မှာ ထိုးထားလိုက်သည်၊ တစ်ပါတ်ပြည့်သောအခါ မယ်တော်ကြီးမှ “စာဖတ်ပြီးပြီလား ကောင်းလား”ဟု မေးသည်၊ စာရေးသူလည်း မဖတ်ရသေးကြောင်းပြောပြခဲ့သည်၊ မယ်တော်ကြီးက ဖတ်ဖြစ်အောင် ဖတ်ဘို့ အထပ်ထပ်မှာသည်၊ ထို့ကြောင့် မယ်တော်ကြီး၏ စေတနာကို လေးစားသော အနေဖြင့် မာတိကာမှာပါသော အမှာစာမှာပါသော အချက်အလက်များကိုသာ ဖတ်ပြီး ပြန်ပေးလိုက်သည်၊ ထိုသို့ဖတ်ခြင်းသည် မယ်တော်ကြီးမှ တစ်စုံတစ်ခုကို မေးမြန်လာလျှင် ရွှီးနိုင်ဘို့ ပြန်ပြောနိုင်ဘို့ ဖြစ်သည်၊ သို့သော် မယ်တော်ကြီးက မမေးပါ၊ ဖတ်သည်ဟု ပြောလိုက်သဖြင့် ကျေနပ်နေလေသည်။
အထက်ပါ အကြောင်းနဲ့ပတ်သက်ပြီး ပြောလိုခြင်းမှာ “စာရေးသူသည် မဂ်ဖိုလ်အကြောင်း နိဗ္ဗာန် အကြောင်းကို မဆွေးနွေးလို မရေးသားလို “ ဟု ဖြစ်သည်၊ သို့သော်လည်း သူငယ်ချင်းက ခဏခဏ ပြောပြောနေသဖြင့် ရေးသားလိုက်ခြင်းပါ၊ စာရေးသူကတော့ အများသိလွယ် နားလွယ်သော ဖြစ်ရိုးဖြစ်စဉ် များကိုသာ ကိုယ်ပိုင်အတွေးလေးဖြင့် ချယ်မှုန်းရေးသားရတာကို ပိုပြီးသဘောကျသူ ဖြစ်သည်၊ ထားပါတော့လေ အောက်မှာ ကိလေသာနဲ့ မဂ်ပယ်စဉ်ကို ရေးသား ထားပါသည်။
ပထမဆုံး ကိလေသာ (၁၀)ပါးကို မှတ်သားထားပါနော်။
ကိလေသာ(၁၀)ပါး ဆောင်ပုဒ် “ လော, ဒေါ, မော, မာ၊ ဒိ, ကိစ္ဆာနှင့်၊ ထိ, ဥ, ဟိ, နောတ်၊ ကိ - ၁၀ ကောက်” ။ (ရေး - အရှင်စန္ဒနသာရာလင်္ကာရ)။
ဆောင်ပုဒ် ရှင်းချက်။ ။ လော - သည် လောဘကိလေသာ၊ ဒေါ - သည် ဒေါသကိလေသာ၊ မော -သည် မောဟကိလေသာ၊ မာ - သည် မာနကိလေသာ၊ ဒိ - သည် ဒိဋ္ဌိကိလေသာ၊ ကိစ္ဆာ - သည် ၀ိစိကိစ္ဆာကိလေသာ၊ ထိ - သည် ထိနကိလေသာ၊ ဥ - သည် ဥဒ္ဓစ္စကိလေသာ၊ ဟိ -သည် အဟိရိကကိလေသာ၊ နောက် -သည် အနောတ္တပ္ပကိလေသာ ဖြစ်သည်။
သောတာပတ္တိမဂ်သည်------
(၁) အပါယဂမနီယကိလေသာ(အပါယ်ဘုံသို့ ရောက်စေနိုင်သော ရုန့်ရင်းကြမ်းတမ်းသော ပြင်းထန်သော အပြုအမူ အပြောအဆို အကြံအစီ အကုသိုလ်)၊
(၂) ဒိဋ္ဌိဂတသမ္ပယုတ်စိတ် ၄ ပါးမှာ ရှိသော ဒိဋ္ဌိကိလေသာ( သစ္စာလေးပါးကို မှားယွင်းစွာ သိမှု့၊ အမှားကို သိမှု့၊ အမှန်အတိုင်း မသိမှု့အကုသိုလ်)၊
(၃) ၀ိစိကိစ္ဆာသဟဂုတ်စိတ်၌ ရှိသော ၀ိစိကိစ္ဆာကိလေသာ( တရားတော်၏ အနှစ်သာကို မခံစားရ သဖြင့် ရတနာသုံးပါ/ ကံ/ ကံ၏အကျိုးအားဖြင့် ထိုငါးပါးအပေါ်မှာ သံသယဖြစ်နေမှု့အကုသိုလ်)၊
ထိုသုံးပါးကိုပယ်သည်၊ (တကယ်တမ်းမှာ နံပါတ် - ၁ကို အရေအတွက်တစ်ခုအနေဖြင့် မယူပါ၊ ထို့ကြောင့် ဒိဋ္ဌိနဲ့ဝိစိကိစ္ဆာနှစ်ပါးကို ပယ်သည်ဟု တိုက်ရိုက်အသုံးရှိသည်)။
သကဒါဂါမိမဂ်---------------
သကဒါဂါမိမဂ်သည် ထူးထူးခြားခြား ပယ်သတ်ထားသော ကိလေသာ မရှိပါ၊ သောတာပတ္တိမဂ်ဖြင့် မပယ်သတ်နိုင်သေးသော ကျန်နေသေးသော ကိလေသာများကို အားကြီး မလာအောင် သောင်းကျန်းမလာအောင် ထိန်းထားပေးရုံသာ/ သေးသွားအောင် ပါးသွားအောင် လုပ်ပေးရုံသာ ဖြစ်သည်။
အနာဂါမိမဂ် -----------
(၁) လောဘကိလေသာ( ကာမဂုဏ်အာရုံများကို နှစ်သက်တပ်မက်သော လောဘအကုသိုလ်)၊
(၂) ဒေါသကိလေသာ (ကြောက်လန့်ခြင်း ပူပန်သောကရောက်ခြင်း စိတ်တိုခြင်း စိတ်ဆိုးခြင်း ပူလောင်ခြင်း အကုသိုလ်)။
ထိုနှစ်ပါးကို ပယ်သည်၊ (လောဘသည် ကာမဂုဏ်အာရုံများမှာ တပ်မက်သော လောဘနဲ့ ဘ၀မှာ တပ်မက်သော လောဘဟု နှစ်မျိုးရှိသည်၊ အနာဂါမိမဂ်သည် ကာမဂုဏ်အာရုံများမှာ တပ်မက်သော လောဘကိုသာ အကြွင်းမဲ့ပယ်သတ်နိုင်သည်၊ ထို့ကြောင့် အနာဂါမ်များသည် သေလွန်ပြီးနောက် ကာမဂုဏ်အာရုံများတည်ရှိရာဖြစ်သော ကာမဂုဏ်အာရုံတို့ပိုင်နယ်ဖြစ်သော နယ်ပယ်ဖြစ်သော ကာမ -၁၁ ဘုံမှာ ပြန်လည် မွေးဖွားခြင်း မဖြစ်ကြတော့ပါ၊ ဘ၀မှာတပ်မက်သော လောဘကို အကြွင်းမဲ့ မပယ်သတ်နိုင်သေးပါ၊ ထို့ကြောင့် ကာမဂုဏ်အာရုံတို့ မရှိတော့သော ရူပဘုံ အရူပဘုံများမှာ တဖန်မွေးဖွားခြင်း ဖြစ်ကြသည်)။
အရဟတ္တမဂ် ------------
(၁) လောဘကိလေသာ( ဘ၀တို့မှာ တပ်မက်သော လောဘအကုသိုလ်)၊
(၂) မောဟကိလေသာ (သင်္ခါရတရားများ၏ သဘောသဘာဝအမှန်ကို မသိခြင်း၊ သစ္စာလေးပါး၏ သဘောတရားကို မှားယွင်းစွာသိခြင်းအကုသိုလ်)၊
(၃) မာနကိလေသာ ( သင်္ခါရတရား၏ သဘောအမှန်ကို မသိဘဲ မောက်မာ ထောင်လွှားခြင်း အကိုသိုလ်)၊
(၄) ထိနကိလေသာ (စိတ်၏ ထိုင်းမှိုင်း လေလံခြင်းအကုသိုလ်)၊
(၅) ဥဒ္ဓစ္စကိလေသာ( မတည်မငြိမ် ပျံလွင့်ခြင်း= တည်ငြိမ်သော အသိ သမာဓိမရှိခြင်းအကုသိုလ်)၊ (၆) အဟိရိကကိလေသာ( မကောင်းမှု့လုပ်ရမှာ အကုသိုလ်မှု့လုပ်ရမှာ အရှက်ခြင်း၊ သူတို့ကောင်းတို့ ကဲ့ရဲ့ ပစ်တင်မှာကို မရှက်ခြင်းအကုသိုလ်)၊
(၇) အနောတ္တပ္ပကိလေသာ(မကောင်းမှု့လုပ်ရမှာကို မကြောက်ခြင်း၊ မကောင်းကျိုးမှန်းမသိ မမြင်ခြင်းကြောင့် မကောင်းမှု့လုပ်ရမှာကို မကြောက်လန့်ခြင်းအကုသိုလ်)။
ထို (၇)ပါးကို အကြွင်းမဲ့ ပယ်သည်။
တဆက်တည်းမှာပဲ န၀၀ိဓမာန = မာန် (၉)ပါးကိုလည်း ပြောပြပါမည်။
န၀၀ိဓမာန = မာန် (၉)ပါးသည်----
(၁) အထက်တန်းစားပုဂ္ဂိုလ်အနေအားဖြင့် ကွဲပြားသော ဟီနမာန် သဒိသမာန် သေယျမာန် အားဖြင့် (၃)ပါး၊
(၂) အလတ်တန်းစားပုဂ္ဂိုလ်အနေအားဖြင့် ကွဲပြားသော ဟီနမာန် သဒိသမာန် သေယျမာန်အားဖြင့် (၃)ပါး၊
(၃) အောက်တန်းစားပုဂ္ဂိုလ်အနေအားဖြင့် ကွဲပြားသော ဟီနမာန် သဒိသမာန် သေယျမာန်အားဖြင့် (၃)ပါး၊ စုစုပေါင်း (၉)ပါးဖြစ်သည်။
မာန် (၉)ပါး ရှင်းလင်းချက် --
အထက်တန်းစားပုဂ္ဂိုလ်အတွက် သူ့မှာ ရှိသင့်သည့်မာန်ထက် နှိမ့်ချစွာထားသော မာန်သည် ဟီနမာန်၊ ရှိသင့်သည့်အတိုင်း တူညီစွာထားသော မာန်သည် သဒိသမာန်၊ ရှိသင့်သည်ထက် ပိုမိုထားသော မာန်သည် သေယျမာန် အားဖြင့် သုံးပါရသည်၊ ပြားသည်။
အလတ်တန်းစားပုဂ္ဂိုလ်အတွက် သူ့မှာ ရှိသင့်သည့်မာန်ထက် နှိမ့်ချစွာထားသော မာန်သည် ဟီနမာန်၊ ရှိသင့်သည့်အတိုင်း တူညီစွာထားသော မာန်သည် သဒိသမာန်၊ ရှိသင့်သည်ထက် ပိုမိုထားသော မာန်သည် သေယျမာန် အားဖြင့် သုံးပါရသည်၊ ပြားသည်။
အောက်တန်းစားပုဂ္ဂိုလ်အတွက် သူ့မှာ ရှိသင့်သည့်မာန်ထက် နှိမ့်ချစွာထားသော မာန်သည် ဟီနမာန်၊ ရှိသင့်သည့်အတိုင်း တူညီစွာထားသော မာန်သည် သဒိသမာန်၊ ရှိသင့်သည်ထက် ပိုမိုထားသော မာန်သည် သေယျမာန် အားဖြင့် သုံးပါရသည်၊ ပြားသည်။
ဥပမာအားဖြင့် -- စာပေတွင် အထက်တန်းမှ အောင်မြင် တတ်သိထားသောသူအတွက် သူအောင်မြင်တတ်သိထားတဲ့ ဂုဏ်အောက် ယုတ်လျော့စွာ မာန်ကိုနှိမ့်ချထားလျှင် ထိုမာန်သည် ဟီနမာန်ဖြစ်သည်၊
သူအောင်မြင်တတ်သိထားတဲ့ ဂုဏ်နဲ့တူညီစွာ မာန်ကိုထားလျှင် ထိုမာန်သည် သဒိသမာန်ဖြစ်သည်၊
သူအောင်မြင်တတ်သိထားတဲ့ ဂုဏ်နဲ့မလိုက်အောင် မာန်ကို မောက်မာဝင့်ကြွားထားလျှင် ထိုမာန်သည် သေယျမာန်ဖြစ်သည်။
မာနသည် ကောင်းကျိုးသောမာနနဲ့ ဆိုးကျိုးပေးသော မာနဟု နှစ်မျိုးရှိသည်၊ တစ်နည်းပြောရသော် ထားသင့်သောမာန (ကောင်းကျိုးပေးသည်)နဲ့ မထားသင့်သောမာန (ဆိုးကျိုးကိုပေးတတ်သော)ဟု နှစ်မျိုးရှိသည်၊
ရှင်းလင်းချက်။ ။
(၁)ကောင်းကျိုးပေးသောမာန (သို့) ထားသင့် ရှိသင့်သောမာန၊
ဆရာသည် ဘွဲ့သုံးခုရဘို့ ဖြေဆိုသည်၊ သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် နှစ်ဘွဲ့သာ ရခဲ့သည်၊ သူ၏ တပည့်သည် ထိုသုံဘွဲ့လုံးကို ရအောင်ဖြေဆိုနိုင်စွမ်းရှိသည်၊ လုပ်မည်ဆိုက ဖြစ်နိုင်သည်၊ ထိုသို့သောတပည့်က “ ဆရာရခဲ့သောဘွဲ့ရော မရခဲ့သောဘွဲ့ရော ငါရအောင် ယူပြမည်၊ လုပ်ပြမည်၊ ဖြေပြမည်” ဟု မာနထားသည်၊ ထိုမာနကြောင့်ပင် သူတကယ်လုပ်ဖြစ်ခဲ့သည်၊ တကယ်လည်း အောင်မြင်ခဲ့ ရယူနိုင်ခဲ့သည်၊ ထိုသို့သောမာနသည် ကောင်းကျိုးပေးသော ထားသင့်သောမာနဖြစ်သည်၊
နောက်တစ်ခု ---
အသိဥာဏ်ခြင်းတူသော ရဟန်းနှစ်ပါး ရှိသည်၊ ရဟန်းတစ်ပါးသည် ၀ါတွင်းသုံးလကာလမှာ မှန်မှန်ကန်ကန် ကြိုးကြိုးစားစား တရားအားထုတ်သဖြင့် ရဟန္တာဖြစ်သွားသည်၊ အခြားရဟန်းမှာတော့ သောတာပန်တောင်မဖြစ်၊ ထိုသောတာပန်မဖြစ်သော ရဟန်ုးသည် ရဟန္တာဖြစ်သွားသော ရဟန်းကို ကြည့်ပြီး “ သူတောင် ရဟန္တာဖြစ်သေးတာ ငါလည်း သူလိုဖြစ်အောင် အားထုတ်မယ် ” ဟု မာနထားလိုက်သည်၊ သူထားသည့်မာနအတိုင်း တကယ်ကြိုးစားလုပ်သည်၊ အားထုတ်သည်၊ တကယ်လည်း ရဟန္တာဖြစ်ခဲ့သည်၊ ထိုသို့သောမာနသည် ကောင်းကျိုးပေးသော ထားသင့်သောမာန ဖြစ်သည်။
(၂) ဆိုးကျိုးပေးသောမာန(သို့) မထားသင့် မရှိသင့်သောမာန၊
တစ်ခါက သုဇန နဲ့ ဇနက သူသောသူငယ်ချင်း ဦးဇင်းနှစ်ပါးရှိသည်၊ သုဇနသည် ဥာဏ်တော်သည်၊ စာမြင်သည်၊ သို့သော်လည်း “ ငါ သူ့ထက် ဥာဏ်ကောင်းသည် “ ဟူသော မာနဖြင့် စာကျက်ပါ၊ ဇနကကတော့ ဥာဏ်မကောင်းပါ၊ ဥာဏ်မရှိသည်မဟုတ် ရှိသောဥာဏ်က မထက်မြတ်ခြင်းပါ၊ သို့သော်လည်း သူ၏ ဥာဏ်လေးမှု့ကိုသိသဖြင့် ၀ီရိယကို အားကိုးသည်၊ ထိုနှစ်ပါး နှစ်ကုန်လို့ စာမေးပွဲ ဖြေကြသောအခါ ၀ီရိယအားကိုးပြီး ပုံမှန်အချိန်မှန်လုပ်ခဲ့သော ဥာဏ်လေးဥာဏ်ထိုင်းသော ဇနကက စာမေးပွဲ အောင်သွားသည်၊ ဥာဏ်တော်သော သုဇနက မအောင်ပါ၊ စာမေးပွဲအောင်သွားသော ဥာဏ်လေးသော ဇနကမှာ စာချဘုန်းကြီး ဖြစ်သွားသည်၊ စာမေးပွဲမအောင်ခဲ့သော ဥာဏ်ကောင်း သော သုဇနကတော့ သာမာန်စာသင်သားဘ၀မှာပင်၊ ဥာဏ်ကောင်းသော သုဇနက ဥာဏ်မကောင်းသော စာချဘုန်းကြီးအသစ်ဇနကကို မြင်တိုင်း တွေ့တိုင်း စိတ်ထဲမှာ မရွှင်ပါ၊ ပြီး “ ဟေ့ကောင် ငါ့ရှေ့မှာ မြောက်ကြွ မြောက်ကြွ လာလုပ်မနေနဲ့၊ မင်းလိုကောင် စာမေးပွဲအောင်လည်း ငါ အထင်မကြီးဘူး၊ ကြိုက်တဲ့ဘက်က လာစမ်း၊ မင်းကို ယှဉ်ရဲတယ် “ဟု သူ့ဥာဏ်ထက်မှု့အပေါ်မှာ မာနတက်နေသည်၊ ဥာဏ်မကောင်းသော ဇနကကတော့ အပြုံးမပျက်ပါ၊ သူပြောတတ်သည်က “ အေးပါ ၊ မင်းက ငါ့ထက်တော်ပါတယ်၊ ငါ့ရဲ့နေပုံထိုင်ပုံတွေက ပုံမှန်ပါပဲ၊ ဘာတစ်ခုမှ ပြောင်းလဲသွား တာ မရှိပါဘူး၊ အဲဒါကိုတော့ မြောက်ကြွ မြောက်ကြွနေတယ်လို့ မမြင်ပါနဲ့ကွာ၊ ငါ မနေတတ်လို့ပါ” ဟု ပြေပြေလည်လည် ပြန်ပြောရှာသည်၊ သုဇန၏ စော်ကားမော်ကား မာနစကားကို ကြားရသောအခါ စာသင်သားအချင်းချင်းများကရော စာချဘုန်းကြီးများကရော သုဇနကိုရွံကြသည်၊ သုဇန၏ မာနမျိုး သည် ဆိုးကျိုးကိုပေးသော မထားသင့်သော မရှိသင့်သော မာနဖြစ်သည်။
နောက်တစ်ခု -----------
တစ်ခါက ဆရာသည် မျက်စိလျှံပြီး ကျောင်းတွင်းအပါတ်စဉ်အဖြေလွှာ အမှန်ကို မှားသည်ဟုထင်ကာ အမှားပေးမိသည်၊ ထိုသို့ပေးခံရသော တပည့်သည် အမှတ်များနည်းနေသဖြင့် အဖြေလွှာကို တောင်းကြည့်သည်၊ ဆရာကလည်း ပြလိုက်သည်၊ ထိုအခါ ဆရာစစ်တာ မှားနေတာကို သိလိုက် သည်၊ တပည့်က ဆရာကို “ သူဖြေတာမှန်ကန်ကြောင်းနဲ့ မှန်သည့်အတွက် အမှတ်လိုချင်ကြောင်း “ ပြောပြသည်၊ ဆရာကလည်း အမှတ်ပေးလိုက်သည်၊ ထိုတပည့်သည် စာသင်သားများရှေ့တွင် “ ဒီ ဘာသာ မှာတော့ ဒီလိုလုပ်လို့မရဘူးလေ၊ မင်းတို့လည်း ငါ့အကြောင်း သိသာနဲ့၊ ငါက သေသေချာချာ ရှင်းပြလိုက်တော့ ဆရာလည်းသူမှားတာကို သိသွားတယ် “ ဟု သူ့ကိုယ်သူ ဂုဏ်ယူဝင့်ကြွားစွာ ပြောပြောနေတတ်သည်၊ ထိုတပည့်သည် ဆရာကိုတောင် ပြန်ရှင်းပြနိုင်သည်ဟု သူ့ကိုသူ အထင်ကြီးကာ မာနထောင်နေခြင်းဖြစ်သည်၊ ထိုသို့သော မာနသည် ဆိုးကျိုးကိုပေးတတ်သော မထားသင့်သော မရှိသင့်သော မာနဖြစ်သည်။
နောက်တစ်ခု ------------
ယခုရေးမည့် အကြောင်းကတော့ စာရေးသူ၏ သူငယ်ချင်း အကြောင်းလေးပါ၊ သူငယ်ချင်းသည် စာတော်ပါသည်၊ ဆရာသမားများကလည်း အလေးပေးသည်၊ သူစာတော်တာကိုလည်း သိကြသည်၊ အပါတ်စဉ် စာမေးပွဲဖြေဆိုသောအခါ သူက “ ဆရာမေးတာ လွယ်လွန်းတယ်၊ အဆင့်မမီဘူး “ဆိုပြီး တစ်ချို့အပါတ်စဉ်များမှာ ကောင်းကောင်းမဖြေ၊ စာရေးသူ ဘွဲ့ရသွားသည့်တိုင် သူက level 2 ကိုမအောင်သေးပါ၊ စာရေးသူက သူတို့အဖြေလွှာများကို စစ်ရသည်၊ သူနဲ့တွေ့သည့်အခါ “ ကိုယ့်လူ စာတွေကတော့ ကြောင်ပုဇွန်စား ကျွတ်ကျွတ်ဝါးဖြစ်နေလောက်ပြီနော့်” လို့ မေးမိသည်၊ ထိုအခါသူက “တပည့်တော် တာဝန်အရ စည်းကမ်းအရတာ စာဝါလိုက်နေရတာ၊ တပည့်တော်အတွက် လိုက်ရေး လိုက်မှတ်စရာတစ်လုံးမှ မတွေ့ဘူး၊ အားလုံးက တပည့်တော် ရပြီးသား၊ သိပြီးသားတွေချည်းပဲ “ လို့ သူကပြောသည်၊ စာရေးသူကလည်း “ ဟုတ်လား၊ တပည့်တော်ကတော့ နှစ်စကတိုင် နှစ်ကုန်သည် အထိ လိုက်ရေး လိုက်မှတ်ခဲ့ရတယ်ဘုရား၊ အင်း “ ဆရာသမားတိုင်းက တပည့်တိုင်းကို ပညာ ဗဟုသုတ တစ်ခုခုတော့ ပေးတတ်သည်၊ ဆရာသမားဆီက ဘာတစ်ခုမှ မယူတတ်သော တပည့်သည် ဘာတစ်ခုမှ မသိသောတပည့်ဖြစ်သည် “ လို့ တပည့်တော်ကြားဖူးတယ်ဗျ “ လို့ နောက်ပြောင်ကာ ဟာသလေး နှောကာပြောလိုက်တော့ သူက “ သူတို့ (ဆရာသမားများ) ပြောတဲ့ ဟာတွေက တပည့်တော် သိပြီးသားတွေချည်းပဲလေ၊ မှတ်စရာ ယူစရာမှ မပါတာ “ လို့ သူက ပြန်ပြောသည်၊ သူငယ်ချင်းသည် ခုတိုင်အောင် သူလိုချင်သော ဘွဲ့ကို မရပါ၊ သူသည် စာတော်သည်၊ သို့သော်လည်း မာနတရားက ပိုပြီးတော်လွန်းနေသည်ထင်၏၊ ဘာမှ ဖြစ်မလာခဲ့၊ ထိုသို့သောမာနသည် ဆိုးကျိုးကိုပေးသော မထားသင့် မရှိသင့်သော မာနဖြစ်သည်။
စာဖတ်သူများကို တစ်ခု ပြောချင်ပါသည်၊ ဘာလဲဆိုလျှင် “ အတုယူခြင်းနဲ့ ဂုဏ်ပြိုင်ခြင်းပါပဲ၊ အတုယူခြင်းသည် ကောင်းကျိုးပေးသောမာနတရားနဲ့တူသည်၊ ဂုဏ်တု ဂုဏ်ပြိုင်ပြုခြင်းသည် ဆိုးကျိုးပေးသော မာနတရားနဲ့တူသည်၊ ထို့ကြောင့် အတုယူတတ်ပါစေ၊ ဂုဏ်တု ဂုဏ်ပြိုင်မလုပ်မိပါစေနဲ့ “ လို့ အထူး ပြောချင် သတိပေးချင်သည်၊ ဖြစ်ချင်စိတ် အားကျစိတ်နဲ့ အတုယူကြပါ၊ အနိုင်ရလိုစိတ် ထင်ပေါ်လိုစိတ် ဂုဏ်သာလိုစိတ် ဂုဏ်တက်လိုစိတ်နဲ့ မတုကြပါနဲ့ မပြိုင်ကြပါနဲ့နော်။
မာန = မာန် နဲ့ မဂ်
သောတာပတ္တိမဂ်သည် -----------
အထက်တန်းစားပုဂ္ဂိုလ်၏ ဟီနမာန် သေယျမာန် (၂)ပါး၊
အလတ်တန်းစားပုဂ္ဂိုလ်၏ ဟီနမာန် သေယျမာန် (၂)ပါး၊
အောက်တန်းစားပုဂ္ဂိုလ်၏ ဟီနမာန် သေယျမာန် (၂)ပါး၊
ထို မာန = မာန် (၆)ပါးကို ပယ်သည်။
သကဒါဂါမိမဂ် အနာဂါမိမဂ်တို့ဖြင့် သီးသန့်ပယ်သတ်သော မာန=မာန် မရှိပါ။
အရဟတ္တမဂ်သည် ---------------
အထက်တန်းစားပုဂ္ဂိုလ်၏ သဒိသမာန် (၁)ပါး
အလတ်တန်းစားပုဂ္ဂိုလ်၏ သဒိသမာန် (၁)ပါး
အောက်တန်းစားပုဂ္ဂိုလ်၏ သဒိသမာန် (၁)ပါး
ထို မာန=မာန် (၃) ပါးကို ပယ်သည်။
No comments:
Post a Comment