(၁) တစ်ခါက ဦးဇင်းတစ်ပါးမှာ လွန်စွာမှကို မေးရခက်သော ပြဿနာတစ်ခုနဲ့ကြုံရ ဆုံရလေသည်၊ ထိုပြဿနာသည် ပေါ်ပေါက်ခဲသည် ၊ ပေါ်လာလျှင်လည်း ဖြေရှင်းရ တော်တော်ခက်လှသည်၊ ထိုဦးဇင်းလေးသည် သူ့ဖခင် ရဟန်းဘောင်ဝင်ရောက်ချင်သဖြင့် ရဟန်းခံပေးသည်၊ ထိုရဟန်းခံပွဲတွင် ဆရာတော်မှ ထိုဦးဇင်းလေးကို အနုသာသက ဆရာ (ရဟန်းပြုခါးနီးတွင် မေးပြန်ရသော အချက်အလက်များကို မေးမြန်းစစ်ဆေးပေးသောသူ) အဖြစ် တာဝန်ယူစေသည်၊ ထိုဦးဇင်းလေးက လည်း မငြင်းသာခဲ့ပါ၊ ဆရာတော် ကိုယ်တိုင်က တာဝန်ပေးခြင်းကြောင့်၊ ဦးဇင်းလေးက သူ့ဖခင်ကို အချက်အလက်များမေးသည်၊ ထိုသို့မေးရာတွင် ရှေ့ပြဿနာများအတွက် အမေးနဲ့အဖြေ အဆင်ပြေ သည်၊ “ ယောက်ျားစင်စစ် ဟုတ်ပါသလား ” လို့လည်း မေးလိုက်ရော ဖခင်ဖြစ်သူက “ ကိုယ်တော် နောက်နေ တာလား၊ ယောက်ျား စင်စစ်ဖြစ်လို့ ကိုယ်တော်မွေးလာတာပေါ့ “ ဟု ပြန်ဖြေလိုက်သော အခါ စိတ်တိုရခက် ရယ်ရခက်ဖြစ်နေသည်၊ အခြားသော ဦးဇင်းများရော ဆရာတော်ပါ ကြိတ်ပြီး ရယ်မိကြသည်၊ ဒီရဟန်းလောင်းနဲ့တော့ ခက်ပြီ၊ စာရေးသူမှာတော့ ကြိတ်ရယ်ရလို့ထင်၏၊ ဗိုက်ခေါက်တွေတောင် နာနေသည်။
(၂) ထိုရဟန်းလောင်းပါပဲ၊ သူ့သားဦးဇင်းလေးက “ အသက် နှစ်ဆယ် ပြည့်ပြီးသူရော ဟုတ်ပါသလား” ဟု မေးလိုက်သောအခါ ဖခင်ဖြစ်သူက “ ကိုယ်တော် အဲဒါမေးနေစရာလိုသေးလို့လား၊ ကိုယ်တော်တောင် အသက် နှစ်ဆယ် မကတော့တဲ့ဟာ“ လို့ ဖြေပြန်သည်လေ၊ မရတော့ဘူး၊ မအောင့်နိုင်တော့ဘူး၊ ဆရာတော်မှ တစ်ပါး သံဃာများအားလုံးနီးပါး အသံထွက်အောင် ရယ်မိကြတော့သည်၊ အင်း သူပြောတာတွေကလည်း အားလုံးက အမှန်တွေချည်းပဲ ဆိုတော့ သူ့ကို အပြစ်တင်ရအောင်လည်း ခက်နေသည်၊ မေးတဲ့ ဦးဇင်းလေးမှာလည်း မသိလို့ မေးသည်မဟုတ်၊ သိပါသော်လည်း ၀ိနည်းစည်းကမ်း လုပ်ထုံးလုပ်နည်းအရ မေးရသည်လေ၊ ထိုဝိနည်းစည်းကမ်း လုပ်ထုံးလုပ်နည်းအရ မေးရသည် ဆိုသည့်အချက်ကို ထိုဖခင်ဦးဇင်းကြီး သိမနေတာ သင်ပေးမထားမိတာ ပြောပြမထားမိတာက ထိုသို့ရယ်စရာဖြစ်သွားခြင်း ကမောက်ကမဖြစ်သွားခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သွား ခဲ့သည်၊ သင်ခန်းစာရသော အူနာအောင် ရယ်မောခဲ့ရသော ဖြစ်ရပ်လေးပါ။
(၃) တစ်ခါတွင် စာရေးသူတို့ကျောင်းတိုက်သို့ ချမ်းသာသော မိသားစု တစ်စုရောက်လာသည်၊ အကြောင်းက တော့ ဒကာကြီးကို ရဟန်းပြုပေးလိုသောကြောင့်ဖြစ်သည်၊ ဒကာကြီးသည် အတွေးများပြီး စိတ်တွေ ချောက်ခြားနေသည်၊ ဘာကိုတွေးပြီး ဒီလိုဖြစ်သွားရသနည်းဆိုတာကိုတော့ စာရေးသူလည်း မသိ၊ ဒကာကြီး စိတ်ငြိမ်သက်ပါစေခြင်း အကျိုးငှါ ရဟန်းပြုပြီး အနားယူရင်း တရားအားထုတ်ရင်းပေါ့၊ သူ့ကို ရဟန်းခံတော့ ဆရာတော်မှ အုပ်ချုပ်ရေးတာဝန်ခံ ဆရာတော်ကို အနုသာသကဆရာအဖြစ် တာဝန်ပေးသည်၊ အုပ်ချုပ်ရေး တာဝန်ခံ ဆရာတော်ကလည်း ပြုလုပ်ဆောင်ရွက်သည်၊ အချက်အလက်များမေးသည်၊ “ ယောက်ျား စင်စစ် ဟုတ်ပါသလား “ ဟုလည်း မေးလိုက်ရော စိတ်မမှန်သော စိတ်တိုတတ်သော ဒကာကြီးက ဘာမှ ပြန်မပြောဘဲ အလျှင်အမြန်ပါပဲ၊ သူ့ အောက်ဝတ်သင်းပိုင်ကို လှန်ပြလိုက်သည်၊ “ ဟာ “ ခနဲဖြစ်သွားကြ သည်၊ အားလုံး ပါးစပ်များ အဟောင်းသားနဲ့၊ အုပ်ချုပ်ရေးဆရာတော်မှာ မျက်စိမျက်နှာပျက်လျှက်၊ သူ့ပုံစံကို ကြည့်ပြီး စာရေးသူတို့ “ တခွိခွိ “ နဲ့ ရယ်ခဲ့ရသည်၊ ဒကာတော်ကိုလည်း အပြစ်တင်ဘို့ကခက်နေသည်၊ သူက စိတ်မှ မမှန်တာလေ၊ ဟိ၊ စာဖတ်သူရော အဲလိုမျိုးကြုံခဲ့လျှင် မရယ်ဘဲ နေနိုင်မည်လား၊ စာရေးသူတို့ကတော့ အုပ်ချုပ်ရေးဆရာတော်၏ အမူအရာကို ကြည့်ပြီး ရယ်ခဲ့ရတာပါ၊ စာဖတ်သူလည်း ရယ်ချင်လျှင် အုပ်ချုပ်ရေး ဆရာတော်၏ ဖြစ်ပျက်သွားသော အမူအရာလေးကို စိတ်နဲ့မြင်အောင်တွေးကြည့်ပြီး ရယ်နိုင်ပါစေ ---- လို့။
(၄) တစ်ခါက ကိုရင်လေးတစ်ပါး၊ သူသည် မြို့ဆိုလို့ သူတို့နယ်မြို့လေးသာ ရောက်ဖူးသည်၊ သို့သော်လည်း လဘက်ရည်ကို မသောက်ဘူးခဲ့၊ သူကိုရင်ဝတ်ပြီး တစ်လလောက်အကြာမှာ သူ့ဦးလေးဘုန်းကြီးက မြို့မှာ စာသင်ဘို့ လာခေါ်သည်၊ မုံရွာမှ ထွက်ပြီး ညောင်ပင်ဝန်းမှာ နေ့ခင်းစာဘုဉ်းပေးကြသည်၊ စားပွဲထိုး ကောင်လေးက ဇွန်နဲ့ ခရင်းနဲ့ ကြက်သားဟင်းနဲ့ လာချပေးသည်၊ ကိုရင်လေးက ဇွန်းနဲ့သာစားသည်၊ ထိုအခါ ဦးလေးဘုန်းကြီးက “ အကျင့်ဖြစ်အောင် ဇွန်း ခရင်းနဲ့စား၊ ဇွန်း ခရင်းနဲ့ ကောင်းကောင်းစားတတ်ရမယ်” လို့ ပြောသည်၊ ထိုအခါ ကိုရင်လေးက သူ့ဦးလေးစားတာကို ကြည့်သည်၊ ပြီးလျှင် ခရင်းကို ကောက်ကိုင်လိုက် သည်၊ ဦးလေးဘုန်းကြီးက ကြက်ပေါင် တစ်ချောင်း ခပ်ထည့်ပေးသည်၊ ကိုရင်လေးက ဇွန်း ခရင်းကို ချလိုက်သည်၊ လက်နဲ့ဖဲ့စားဘို့ပါ၊ သို့သော်လေး သူ့ဦးလေး ကြက်သားဖဲ့စားတာကို မြင်လိုက်ပြီး ဇွန်း ခရင်းကို ဟန်ပါပါ ကောက်ကိုင်လိုက်ပြန်သည်၊ ပြီးတော့ ခရင်းနဲ့ ကြက်ပေါင်ကို ထိုးလိုက်သည်၊ ဇွန်းကို မြဲမြဲကိုင်ပြီး ဖဲ့လိုက်သည်၊ “ ဒက် “ ဟူသောအသံနဲ့အတူ ကြက်ပေါင်က လေထဲခုန်ထွက်သွားသည်၊ ထမင်းများ (ဆွမ်း) ကလည်း ပြန့်ကြဲလို့၊ ဘေးခုံများမှ လူများက လှည့်ကြည့်ကြသည်၊ ကိုရင်လေး မျက်နှာ နီရဲလို့၊ သူဘယ်ကိုမှ မကြည့်ရဲခဲ့၊ ခေါင်းငုံ့ထားသည်။
ကြက်သားတစ်တုံး ထပ်ခပ်ထည့်သည်၊ မကျေနပ်ပွဲ နွဲမယ်ပေါ့၊ ရှေ့နည်းအတူပါပဲ၊ ခရင်းနဲ့ထိုး ဇွန်းနဲ့ဖဲ့မည်၊ ဖဲ့မည့် လုပ်စဉ် ရှေ့တည့်တည့်စားပွဲဝိုင်းမှ တစ်စုံတစ်ယောက်က စူးစိုက်ကြည့်နေသည်ဟု ထင်မိသည်၊ ထို့ကြောင့် ကြည့်လိုက်မိသည်၊ ကိုရင်လေးနဲ့ သက်တူ ရွယ်တူ ကောင်မလေးတစ်ယောက်၊ ဦးထုပ်အဖြူ အ၀ိုင်းလေးကို ဆောင်းထားသည်၊ ကောင်မလေး မျက်နှာက ပြုံးလျှက်၊ ကိုရင်လေးကလည်း ဟန်မပျက်ပါ၊ ကြက်သားတုံးကို ဖဲ့လိုက်သည်၊ “ ဒက် “ ဟူသောအသံနဲ့အတူ ကြက်သားတုံးလေးက လေထဲ မြောက်တက်သွားပြန်သည်၊ ထမင်းလုံးများကလည်း ပြန့်ကြဲလျှက်၊ ပန်းကန်ပြားထဲက ထမင်းများ မစားရသေးပဲနဲ့ကုန်နေပြီ၊ ကိုရင်လေးလည်း ရုတ်တရက်သတိရပြီး ကောင်မလေးကို ကြည့်လိုက်မိသည်၊ ထမင်းပင် မစားနိုင်အောင် ရယ်မောနေသော ကောင်မလေး၊ ဘေးဝိုင်းမှ လူများကလည်း ရယ်မောလျှက် ၊ အထင်သေးသည့် ရွံသည့်မျက်နှာနဲ့ လူက နည်းသည်၊ ရယ်မောနေကြသူများက များသည်၊ ကိုရင်လေးမှာလည်း အားလုံးကိုကြည့်လျှက် ရယ်လိုက်မိသည်၊ သို့သော်လည်း ကိုရင်လေး မျက်လုံးများမှာ မျက်ရည်စလေးတွေ တွဲခိုနေလျှက်၊ စာဖတ်သူလည်း ရယ်မောနိုင်အောင် ဘေးစာပွဲဝိုင်းမှ လူတစ်ယောက်အဖြစ် ကိုယ်တိုင် ပါဝင်လိုက်ပါနော်။
(၅) ထိုကိုရင်လေးပါပဲ၊ မန္တလေးရောက်ပြီး ပထမ(၇)မှာ နေ့ခင်းဘက်တွင် ပရိတ်ကြီးကျက်ပြီး ညခင်းဘက်တွင် အလွတ်ပြန်ရသည်၊ ပရိတ်ကြီး ရသွားသောအခါ တရားထိုင်နည်း သင်ပေးသည်၊ မနက် ၉း၀၀ မှ ၁၀ နာရီတစ်ချိန်၊ နေ့ခင်း ၁း၀၀မှ ၂း၀၀ ထိ တစ်ချိန်၊ ညဘက် ၇း၀၀မှ ၈ နာရီထိတစ်ချိန်၊ တစ်နေ့ကို သုံးချိန် ထိုင်ရသည်၊ ကျန်တဲ့ သုံးချိန်မှာ စင်္ကြံလျှောက်ရသည်၊ တစ်နေ့ကို ခြောက်ချိန်ပေါ့၊ ကိုရင်လေးသည် ရွာမှလူကြီးများ ပြောသော “တရားအားထုတ်ရင် သမာဓိရှိ/မရှိ ပရလောကသားတွေ က စမ်းသပ်ကြတယ်၊ သမာဓိမရှိလို့ စမ်းသတ်တာ မခံနိုင်ဘဲ လန့်သွားရင် တစ်ခုခု ပြုစားခံရတတ်တယ်၊ သမာဓိမရှိဘဲနဲ့ တရားမထိုင်နဲ့”ဟူသောစကားကို ကြားဖူးသည်၊ ခုလည်းရိပ်သာမှာ ထိုင်ရတော့မည်ဆိုတော့ ထိုစကားလေးကို ကြားယောင်နေမိသည်၊ ပရိတ်ကြီးသင်ပေးသော ဦးဇင်းနဲ့ လိုက်သွားရသည်၊ ရိပ်သာရောက်တော့ တရားအားထုတ်ကြတဲ့ ကျောင်းဆောင်ထဲမှာ ဘယ်သူမှ မရှိ၊ ဦးဇင်းက ရှေ့ဆုံး အခင်းတန်းပေါ်မှာ ထိုင်သည်၊ ကိုရင်လေးက တတိယမြောက်အခင်းတန်းပေါ်မှာ ထိုင်သည်၊ အခင်းများ အတန်းလိုက်ခင်းထားသည်၊ အတန်းသုံးတန်းရှိသည်။
မနက်၉း၀၀ နာရီလည်းထိုးတော့ မျက်စိကိုမှိတ် တင်ပလင်ခွေထိုင်ပြီး တရားမှတ်မှု့ကို စတော့သည်၊ တရားမှတ်တာ (၅)မိနစ်လောက်ပဲ ရှိပါဦးမည်၊ ကိုရင်လေးကို တစ်စုံတစ်ခုက လာတို့နေသည်၊ ကိုရင်လေး လည်း သတိမထားမိသေးပါ၊ နောက်ထပ်တို့ပြန်သည်၊ ကိုရင်လေး လန့်သွားသည်၊ “ ဟာ ငါ့ကိုစမ်းနေပြီးပဲ၊ မကြည့်ဘူးကွာ၊ မျက်လုံးကို မဖွင့်ဘူးကွာ” ဟု စိတ်ကိုတင်းကာ မျက်စိကိုမှိတ်ပြီး ပေနေသည်၊ မရပါ၊ တို့နေပြန်သည်၊ ကိုရင်လည်း လုံးဝလှည့်မကြည့်၊ ပေထိုင်နေသည်၊ ဖွင့်ကြည့်လို့ လန့်စရာကြီးများ မြင်လိုက်ရရင် မေ့သွားနိုင်သည်လေ၊ ခဏကြာတော့ “ ကိုရင်လေး ကိုရင်လေး “ ဟူသောအသံကို ကြားလိုက်ရသည်၊ ထိုအသံကိုကြားမှပဲ ကိုရင်လေးမှာ စိတ်သက်သာရာ ရသွားတော့သည်၊ မျက်ခုံးလေးများ နှဖူးစလေးများမှာ ချွေးစလေးတွေပင် စို့လို့၊ ကြောက်လန့် နေရှာသည်၊ မျက်စိဖွင့်ပြီး စိတ်ကိုထိန်းကာ လှည့်ကြည့်လိုက်တော့ ဒကာကြီးတစ်ယောက်၊ ပြုံးစိစိနဲ့ “ ကိုရင်က ရှေ့တန်းမှာထိုင်ပါဘုရား၊ ဒီအတန်းက ဒကာတွေ ထိုင်တဲ့ အတန်းပါဘုရား” လို့လျှောက်သည်၊ ထိုအခါမှ ကိုရင်လေးလည်း ရှေ့တန်းကို ရွေ့ထိုင်သည်၊ ရှေ့တန်းရွေ့ထိုင်ပြီး သိပ်မကြာလိုက်ပါဘူး၊ ညောင်းကိုက်လာသည်၊ နာရီထိုးခါနီးပြီး ထင်သဖြင့် မျက်စိကိုဖွင့်ပြီး နာရီကိုမော့ကြည့်လိုက်သည်၊ ဟိ၊ ၉း ၃၀ ပဲရှိသေးသည်၊ ကိုရင်လည်း ဆက်မထိုင်လိုတော့သဖြင့် ဘုရားကိုဦးချပြီး ထလိုက်သည်၊ ပြန်မလို့ နောက်ဘက်လှည့်လိုက်တော့ နောက်ဘက်မှာ တရားထိုင်နေကြသော ယောဂီကောင်မလေးများ အများကြီးပါပဲ၊ ကိုရင်လေး ရှက်သွားသည်၊ ပြန်မသွားရဲ၊ ဒါနဲ့ အသာလေးပြန်ထိုင် ဘုရားကိုဦးချပြီး ထိုင်နေလိုက်သည်၊ မျက်စိကို အသာလေးမှိတ်ပြီး ကြားတာကိုလိုက်မှတ်နေသည်၊ စာကလေး မြည်သံ တံမြက်လှည်းသံ အ၀တ်လျှော်သံ များကို လိုက်မှတ်နေလိုက်သည်၊ စင်္ကြံချိန်မှာ ကျောင်းပြန်လာသည်၊ ကျောင်းရောက်လို့ သူ့ဦးလေးက အကျိုးအကြောင်း အဆင်ပြေလား မေးသဖြင့် ဖြစ်ပျက်ခဲ့ပုံ အလုံးစုံကိုပြောပြသောအခါ ဦးလေးရော အခြားဦးဇင်းများပါ အားပါးတရရယ်မောကြတော့သည်၊ စာဖတ်သူလည်း ရယ်မောချင်လျှင် ကိုရင်လေးပြောပြစဉ်က နားထောင်သောပရိသတ်ဝင်တစ်ဦးအဖြစ် ခံစားကြည့်လိုက်ပါနော်၊ ရယ်မိပါလိမ့်မယ် ----------။
(၆) တစ်ရွာတွင် အရမ်းနာမည်ကြီးသော လူသိများသော သူငယ်ချင်း နှစ်ယောက်ရှိသည်၊ ကြက်ပွဲရှိရင်လည်း သူတို့နှစ်ယောက်မပါမပြီး၊ ခြင်းပွဲ ဘောပွဲ အပြေးပြိုင်ပွဲ သူတို့မပါရင် မပြီးပါ၊ သူတို့သည် တစ်ယောက်နဲ့ တစ်ယောက် ဘယ်လိုရေစက်ပါလာကြသည်မသိ၊ တစ်ယောက်တစ်မျိုးနဲ့ အမြဲတမ်း ရန်ဘက်တွေ ဖြစ်နေကြသည်၊ နာမည်များကိုတော့ မောင်မြနဲ့ မောင်ဘလို့ပဲ ရေးလိုက်ပါရစေ၊ သူတို့ပြိုင်ဆိုင်မှု့ကြောင့် နတ်ကနားပွဲလည်း ပျက်ဖူးသည်၊ အကြောင်းမှာ “ နတ်ကတော်ကို ဆက်သထားသော ကြက်ကြော်နဲ့အရက်ကို ဘယ်သူပိုသောက်နိုင်မလဲ၊ ပိုသောက်နိုင်သူ စားနိုင်သူသည် ရွှေဥဆိုတဲ့ ကောင်မလေးကို ရည်းစားစကား ပြောခွင့်ရမည် ဖြစ်ကြောင်း ရှုံးသူက အနှောက်မယှက်မဖြစ်ရအောင် ကြည်ကြည်ဖြူဖြူနဲ့ ကူညီပေးရမည် ဖြစ်ကြောင်း အပေးအယူ လောင်းတမ်းကစားခြင်း ပြုလုပ်ကြသည်၊ နတ်ကနားပွဲတွင် အစကတော့ နတ်ကတော် တိုက်သောအရက်လောက် နတ်ကတော်ကျွေးသော ကြက်ကြော်လောက်သာ စားကြသည်၊ နောက်ပိုင်းတွင် သူနိုင်ကိုယ်နိုင်လုရင်းက နတ်စဉ်ပေါ်တွင် ရွာသူရွာသားများ ဆက်သထားသော အရက်ပုလင်းများ ကြက်ကြော် များကို သူ့ထက်ငါ ဦးအောင် လုယူ စားသောက်ကြတော့သည်၊ နတ်လည်း မနိုင်၊ ရပ်လည်းမနိုင်ဖြစ်ကြပြီး ထိုနေ့က နတ်ကနားပွဲကို ရပ်နားလိုက်ရသောကြောင့်" နတ်ကနားပွဲ ပျက်သွားရခြင်းဖြစ်သည်။
ထိုသူငယ်ချင်းနှစ်ယောက်သည် အမှန်တကယ် ရွှေဥကို မကြိုက်ပါ၊ သို့သော်လည်း ပြိုင်ဆိုင်သူများပီပီ အနိုင်ရလိုသောကြောင့် ထိုသို့လုပ်ကြခြင်းဖြစ်သည်၊ သူတို့၏ သားကောင်းဖြစ်သော သမင်မလေး ရွှေဥမှာ ဘယ်သူနဲ့ငြိခဲ့မှန်း မသိတဲ့ ပြဿနာတစ်ခုရှိနေသည်ကို သူတို့ မသိကြ၊ သူတို့သည် နတ်ကနားပွဲ ပျက်သွားသဖြင့် သူတို့ပြိုင်ဆိုင်မှု့သည် အထမမြောက်ခဲ့၊ ထို့ကြောင့် သူလစ်ကိုယ်ပြော ကိုယ်လစ်သူပြောနဲ့ ရွှေဥကို လိုက်နေခဲ့ကြသည်၊ မကြာလိုက်ပါဘူး၊ ရွှေဥ၏ ငုတ်နေသော ပြဿနာက မမျော်လင့်ပဲ ပေါ်လာခဲ့သည်၊ မောင်မြနဲ့မောင်ဘရဲ့ သူငယ်ချင်းများကတော့ မောင်မြနဲ့မောင်ဘတို့ရဲ့ ရွှေဥနဲ့ ပတ်သက်မှု့အခြေအနေကို စုံစုံစိစိတိတိကျကျ သိကြသည်၊ မသိကြတာက ရွာသူရွာသားအများစု၊ ထိုမသိကြသူများက မောင်မြနဲ့မောင်ဘ နှစ်ယောက်ထဲက တစ်ယောက်ယောက်နဲ့ ပတ်သက်တာပဲ ဖြစ်ရမည်ဟု ထင်မှတ်နေကြသည်၊ တကယ် ပြဿနာ ပေါ်လာပြီဆိုတော့ မောင်မြရော မောင်ဘပါ ခေါင်းစားသွားတော့သည်၊ ဘာလုပ်လို့ဘာကိုင်ရမှန်းမသိ၊ သူတို့နှစ်ယောက်သာ ထင်ထင်ရှားရှား ရွှေဥကို ချည်းကပ်ခဲ့ကြတာလေ၊ ထင်ထင်ရှားရှား ချည်းကပ်ကြခြင်း သည် ရိုသားမှု့ကို ပြဆိုပေမဲ့ ခုတော့ ထိုသို့လုပ်လိုက်ခြင်းကပင် သူတို့နှစ်ယောက်လုံးကို တောင်ထင် မြောက်ထင် ထင်ခံရလေသည်။
သူတို့နှစ်ယောက်အကြီးအကျယ် စိတ်ဆင်းရဲခဲ့ရသည်၊ သူတို့နှစ်ယောက်သည် ပြိုင်ဆိုင်မှု့ကြီးသော်လည်း စိတ်ကောင်းရှိသူများဖြစ်သည်၊ ရွာသူကြီးကခေါ်ပြီး သူတို့မိဘတွေရှေ့မှာ အကျိုးအကြောင်းပြောပြသည်၊ ဆုံးမသည်၊ ရွှေဥက ခေါင်းလည်း မငြိမ့် ခေါင်းလည်း မခါပါ၊ မောင်မြတို့သူငယ်ချင်းနှစ်ယောက် ရွာထဲမှာ ခေါင်းမဖော်ရဲအောင်ဖြစ်ကြရသည်၊ တစ်ရွာလုံးကလည်း ရွံ့သလိုလို ကြောက်သလိုလိုဖြစ်ကုန်ကြသည်၊ သူတို့ခံစားနေကြရတာကို သိသောအခါ ရွှေဥလေးမှာ မနေသာတော့ပါ၊ သူသည် မည်သူနဲ့ငြိခဲ့သည်ကို မပြောပြ သော်လည်း မောင်မြနဲ့မောင်ဘ မဟုတ်သည်ကိုတော့ ရွာသူကြီးကို ၀န်ခံပြောကြားခဲ့သည်၊ ထိုအခါမှ မောင်မြနဲ့မောင်ဘတို့လည်း နေသာထိုင်သာ ရှိသွားသည်၊ အသက်ရှူချောင်သွားသည်၊ နောက်မကြာပါဘူး မောင်မြသည် သာသနာ့ဘောင်သို့ ၀င်ရောက်သွားတော့သည်၊ ဘွဲ့အမည်က ပညာဝံသ၊ မောင်ဘကတော့ ရွာမှာပဲပေါ့၊ ဦးပညာဝံသသည် ရွာကို တော်တော်နဲ့ ပြန်ကြွမလာတော့ “ပညာစုံမှ ပြန်လာမယ် အမေရယ်” လို့များ စိတ်မှာ မှတ်ထားသလား မသိ၊ သူပြန်မလာတဲ့ နှစ်တွေအတွင်းမှာပဲ ရွှေဥလည်း ကလေးမွေးသည်၊ မောင်ဘသည် မည်သည့် အကုသိုလ်ကံကြောင်းတော့ မပြောတတ်၊ ၀ါးကိုင်းဖြင့် ရိုက်မိသဖြင့် မျက်လုံး နှစ်ဘက်လုံး ကွယ်သွားရှာသည်။
ဦးပညာဝံသသည် တစ်နှစ်တစ်တန်းအောင်မြင်အောင် ကြိုးစားသည်၊ စာစုမူကြိုရယ် မူလတန်းရယ် အငယ်တန်းရယ် အလတ်တန်းရယ် အကြီးတန်းရယ်အားဖြင့် ငါးနှစ်ကြာအောင် ရွာပြန်မလာပါ၊ အကြီးတန်းအောင်ပြီး စာချတန်းအတွက် ပြင်ဆင်သည့်သဘောနဲ့ အနက်တိုက်ရင်းရွာမှာ တစ်နှစ်ပြန်နားသည်၊ ဦးပညာဝံသလည်း ရွာပြန်ရောက်တော့ ရွာမှ ဆရာတော်က အကြီးတန်းအောင်မြင်ပြီးသော သူ့တပည့်ကို အားကိုးရှာသည်၊ တရားပွဲများ နာရေး သာရေးများကို ဦးပညာဝံသကို လက်လွှဲထားသည်၊ ရွာမှာဝါပြန်ဆိုခိုက် ၀ါတွင်းကာလ တရားပြသသည့်အလုပ်ကို ဦးပညာဝံသလုပ်လေသည်၊ ရွာမှ လူကြီးသူမများကလည်း ၀ါတွင်းကာလဖြစ်သဖြင့် အားထုတ်ကြသည်၊ သဘောကျကြသည်၊ ထိုအခါ မောင်ဘလည်း သူ့တွင် အကုသိုလ်ကံကြွင်းများ ကျန်ရှိနေသေးပါက ကြေပါစေတော့ဟူသော ရည်ရွယ်ချက်ဖြင့် တစ်ရက်မှာ တရားအားထုတ်ဘို့ လိုက်သွား လေသည်။
ဦးပညာဝံသက အလုပ်ပေးတရားဟောချိန်ရောက်တော့ “အကုသိုလ်တွေ အချိန်မရွေး တို့တတွေရဲ့ ရင်ထဲကိုရောက်လာနိုင်တယ်၊ မျက်စိကတိုင်လည်း ၀င်လာနိုင်တာပဲ၊ နားကတိုင်လည်း ၀င်လာနိုင်တာပဲ၊ နှာခေါင်းကတိုင်လည်းဝင်လာနိုင်တာပဲ၊ ပါးစပ်ကတိုင်လည်း ၀င်လာနိုင်တာပဲ၊ ကိုယ်အတွေ့ကြောင့်လည်း ၀င်လာနိုင်တာပဲ၊ ဒါဆို မျက်စိကို ပိတ်ထားရတော့မှာလား --စသည်ဖြင့် မေးစရာရှိလာတယ်၊ အဲလိုကြီးပိတ်ထားစရာမလိုပါဘူး၊ အဲဒီဒွါရ ငါးပေါက်ကတိုင် အကုသိုလ်အဖြစ်ဝင်ရောက်မလာဘို့ တားပေးနိုင်တဲ့ အရာတစ်ခုရှိပါတယ်၊ အဲဒါကတော့ စိတ်ပါပဲ၊ တို့တတွေ အားလုံး စိတ်လေးကို ကုသိုလ်ဖြစ်အောင် အကုသိုလ်မဖြစ်အောင် သတိနဲ့ စောင့်ကြည့်ပြီး ထိန်းထားလိုက်မယ် ဆိုရင် ဒွါရငါးပေါက်ကတိုင် ၀င်လာတဲ့အရာဟာ ကုသိုလ်တွေပဲ ဖြစ်ကုန်တော့တာပေါ့၊ သဘောပေါက်လား” ဟုမေးလိုက်သောအခါ မောင်ဘက “ ကိုယ်တော် တပည့်တော်ဆိုလျှင် ဒွါရလေးခုပဲ စောင့်စည်းရမှာပေါ့နော် ဘုရား” လို့ လျှောက်ထားသည်၊ ဦးပညာဝံသက ဒွါရငါးပါးလုံး စောင့်စည်းရမှာ စောင့်ထိန်းရမှာဖြစ်ကြောင်း ပြန်ပြောသောခါ “ ကိုယ်တော် တပည့်တော်ကို ရွဲပြောနေတာလား “ လို့အသံမာမာ နဲ့ ပြန်အော်သည်၊ ထိုအခါမှ ဦးပညာဝံသလည်း မောင်ဘကိုကြည့်မိသည်၊ ဟုတ်သားပဲ၊ သူ့မှာမျက်စိနှစ်ဘက်လုံးက မြင်မှ မမြင်ရတော့တာပဲ၊ ထိုအဖြစ်အပျက်များကို ဦးပညာဝံသ ပြန်ပြောပြတော့ တွေးတွေးပြီး ဦးပညာဝံသ မျက်နှာလေးကို ကြည့်ကာ ရယ်မောခဲ့ကြရသည်၊ တစ်ခါတစ်လေ မထင်မှတ်တာလေးတွေက ဟာသလေးများ ဖြစ်သွားတတ်သည်နော်။
ရယ်မောနိုင်ကြပါစေ၊ ရယ်မောခြင်းသည် ခဏတာတော့ စိတ်ကိုလွတ်လပ်ပေါ့ပါး အေးချမ်းစေသည်၊ စာရေးသူ၏ စာကိုဖတ်ပြီး ခဏတာ လွတ်လပ်ပေါ့ပါး အေးချမ်းခဲ့မည်ဆိုလျှင်----------------------
No comments:
Post a Comment