မိဘမေတ္တာနဲ့ ပတ်သက်ပြီး မိခင်ရဲ့မေတ္တာတရား ဖခင်ရဲ့မေတ္တာတရား ထားရှိပုံများကို ရေးသားပါမည်၊ မိခင်မေတ္တာအကြောင်းများကို အဓိကရေးသားပါမည်၊ ဖခင်မေတ္တာများကိုလည်း ဆက်လက်ရေးသား ဘို့ စိတ်ကူးထားပါသည်၊ ထိုသို့ရေးသားရာတွင် ပါဝင်သော အကြောင်းအရာ အဖြစ်အပျက်များသည် အမှန်အကန်ဖြစ်ပျက်ခဲ့သော အရာများဖြစ်သည်ဆိုတာကိုတော့ ကြိုင်တင် ၀န်ခံပါရစေ။
မိခင်မေတ္တာ (၁)
စာရေးသူ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင်း နာမည်ကြီး ကျောင်းတိုက်တစ်တိုက်တွင်နေစဉ်၊ စာရေးသူတို့ ကျောင်းသို့ ရပ်ကွက်ထဲမှ ခွေးများကို လာလာလွှတ်ကြသည်၊ ဟိုက လာပို့ ဒီကလာပို့နဲ့၊ ကြာလာတော့လည်း ခွေးတွေက များလာသည်၊ ထိုသို့သော ခွေးများစွာကို မနက်အရုဏ်စားပြီးတိုင်း နေ့ခင်းစားပြီးတိုင်း တစ်နေ့ကို နှစ်ကြိမ် ကျွေးသည်၊ ညဘက်မှာတော့ သီးသန့်ကျွေးတာ မရှိပါ၊ နေ့ခင်းစားလို့ မကုန်သော အကြွင်းအကျန်များ ကိုသာ သူတို့ ပြန်စားကြသည်၊ ခွေးတွေများလာသော အခါ ပြဿနာတစ်ခု ပေါ်လာသည်၊ ခွေးများသည် မနက်အရုဏ် ဆွမ်းစားတုံးထုလျှင်လည်းကောင်း နေ့ဆွမ်းစားတုံးထုလျှင်လည်း ညဘက် ၁၂ နာရီ စသည်ဖြင့်နာရီမည်သံကြားလျှင်လည်းကောင်း (မည်သည့်အကြောင်း ကြောင့်တော့ မသိ) တက်ညီလက်ညီ စီစီညံညံ အူကြသည် အော်မြည်ကြသည်၊ နေ့ဘက်တွင် အော်မြည်ကြသည်ကို ရပ်ကွက်မှ လူများက အပြစ်အမြင်သော်လည်း ညဘက်အိပ်ချိန် ၁၂ နာရီနောက်ပိုင်းမှာ နာရီမြည်တိုင်း လိုက်အော်နေ အူနေကြသည်ကိုတော့ မကြိုက်ကြ၊ သူတို့အိပ်ရေးပျက်သည်လေ၊ အင်း ပညာမရှိသော တိရစ္ဆာန်တွေ ဆိုတော့ အပြစ် ပြောဘို့ခက်သလို သင်ပြဘို့ ပြောပြဘို့ကလည်း ခက်နေသည်။
“အသံကြောင့် ဖားသေ” ဆိုသည့်အတိုင်းပါပဲ၊ ထိုခွေးများ၏ အူသံအော်သံကို မကြိုက်ကြသော လူများက စည်ပင်သာယာသို့ တိုင်ကြားလေသည်၊ ထိုအခါ တာဝန်သူများက ပထမအုပ်ချုပ်ရေး ဆရာတော်ကို အကျိုး အကြောင်း လျှောက်ထားရသည်၊ ပထမအုပ်ချုပ်ရေးဆရာတော်ကလည်း တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်နိုင်ပါကြောင်း ပြောပြသည်၊ ထိုအခါ စာရေးသူတို့ ဘုရားရှိခိုးနေချိန် ထိုတာဝန်ရှိလူများက ၀က်သားကို အဆိပ်သုတ်ပြီး ကျောင်းဝန်းအနှံ့မှာ ကြဲချထားသည်၊ ခွေးများကလည်း သိတဲ့အတိုင်းပါပဲ၊ ၀က်သားဆိုတာကိုပဲ သိတယ်၊ “ လွယ်လွယ်နဲ့ရသော တန်းဘိုးကြီးသော အရာ၏နောက်ကွယ်မှာ အလွန်တရာ မြင်နိုင်ခဲသော ဆိုးကျိုးကိုပေးစွမ်းနိုင်သော အရာရှိနေသည်ကို မသိကြ ” မသိကြတော့ပါ၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲထင်ပြီး သူ့ထက်ငါ ဦးအောင် စားကြတော့သည်၊ စားပြီး မကြာပါဘူး၊ ဟိုယိုင် ဒီယိုင်နဲ့ လဲကာ သေပွဲဝင်သွားကြရရှာသည်၊ စာရေးသူတို့ ဘုရားရှိခိုးပြီးပြန်ဆင်းလာတော့ တစ်ချို့ခွေးတွေကို ကားပေါ်ကို ပစ်တင်နေပါပြီ၊ တစ်ချို့ခွေးတွေက မူးနေကြဆဲ၊ တစ်ချို့ခွေးတွေက လဲကျပြီး ဆန့်တန့်ဆန့်တန့် ဖြစ်နေကြပြီ။
စာရေးသူတို့လည်း တစ်ခါမှ မကြုံဘူး မမြင်ဘူးသော လုပ်ရပ်မို့ အံ့သြစွာငေးကြည့်နေမိသည်၊ ထိုအချိန်မှာပဲ စာရေးသူတို့ အဆောင်လှေကားအောက်မှ ခွေးကလေးများကို သတိရလိုက်မိကြသည်၊ ထိုခွေးကလေး များသည် ငါးကောင်တောင် ရှိသည်၊ မွေးဖွားထားသည်မှာ မကြာသေးပါ၊ မျက်စိတောင် ကောင်းကောင်း မြင်နိုင်ဦးမည်မထင်၊ ထိုခွေးကလေးများကို စာရေးသူတို့ သူငယ်ချင်းတစ်စုက ပွေ့ယူထားကြသည်၊ တာဝန်ရှိသူများက ခွေးမှန်လျှင် ကလေးရော အကြီးရော ချန်မည့်ပုံမပေါ်၊ ထို့ကြောင့် ပွေ့ယူထားကြသည်၊ ထိုခွေးကလေးများကိုတော့ မပေးနိုင်ပါ၊ ခဏကြာတော့ မိခင်ခွေးမကြီးက ယိုင်ယိုင်နဲ့ သူ့ကလေးများကို ထားခဲ့ရာ လှေကားအောက်သို့ သွားလေသည်၊ စာရေးသူတို့လည်း ခွေးမကြီး တာဝန်ရှိသူများ မမြင်အောင် လှေကားအောက်မှာ အမှိုက်ကျုံးတောင်းဖြင့် အုပ်ပေးထားလိုက်သည်၊ ခွေးကလေးများကိုလည်း သူ့မိခင်နဲ့ အတူတူ တောင်းနဲ့အုပ်ထားလိုက်သည်၊ အခြေအနေကို စောင့်ကြည့်နေရသည်။
မိနစ်(၂၀) လောက်အကြာမှာတော့ တာဝန်ရှိကားများ ခွေးများကို တင်လျှက် ပြန်သွားကြသည်၊ ကျောင်းဝန်း အတွင်းမှာလည်း စိမ့်ရွေရွေ အနံ့တစ်ခု ကျန်နေခဲ့သည်ဟု ထင်မိသည်၊ အနံ့အသက်များက မကောင်းလှပါ၊ စာရေးသူတို့ သူငယ်ချင်းတစ်စုလည်း ကျေနပ်ပျော်ရွှင်စွာဖြင့် လှေကားအောက်မှ အမှိုက်ကျုံးတောင်းကို ဖွင့်လိုက်ကြသည်၊ “ ဟာ “ ဟူသော အသံနဲ့အတူ အားလုံးရဲ့အပျော်များကျေနပ်မှု့များ ပျက်သုဉ်းသွားပါပြီ၊ ကြည့်လိုက်ပါဦး၊ ခွေးမကြီးက အကြောတွေမာလို့ သေနေပါပြီ၊ ပါးစပ်ကြီးကလည်း ဖောင်းဖောင်းကြီး၊ ခွေးကလေးလေး တစ်ကောင်က မိခင်ခွေးမကြီး၏ ပါးစပ်ကို နမ်းနေသည့်ပုံစံဖြင့် သေနေပြီ၊ ခွေးကလေး သုံးကောင်မှာတော့ မိခင်နို့ကို ကိုက်လျှက် အသက်မရှိတော့ပါ၊ ခွေးကလေးထဲမှာ အသေးဆုံး အနဆုံး ခွေးလေသည် အသက်ပုံမှန်ရှုသွင်းနေသည်၊ ထိုခွေးလေးသည် မိခင်ခွေးမကြီး၏ ခြေထောက် တစ်ချောင်း အောက်မှာပါ၊ မိခင်ခြေထောက်အောင် သူရောက်သွားတုန်း မိခင်ခွေးမကြီးက သေသွားသည်ထင်၏၊ မိခင်ခွေးမကြီး၏ ခြေထောက်မာမာကို သူ မရုန်းနိုင်ခဲ့၊ ပိနေခဲ့သည်။
မိခင်ခွေးမကြီးသည် သူ့သားသမီးများအတွက် အစာထွက်ရှာပါသည်၊ အဆိပ်မိအစာများကို စားမိသဖြင့် သူသေရတော့မည်ကိုလည်း သိနေပါလိမ့်မည်၊ သူ့သားသမီးများရှိရာကို မရောက်ရောက် အောင် အားတင်းပြီး ပြန်လာခဲ့ရှာသည်၊ သူ့သားသမီးများကို တ၀ကြီးနမ်းရှိုက်သွားချင်သည်လေ၊ ထိုသို့သော သားသမီးအပေါ်ချစ်သော စိတ်ဖြင့် လှေကားအောက်ကို အရောက်ပြန်လာခဲ့ခြင်းဖြစ်သည်၊ စာရေးသူတို့လည်း စိတ်မကောင်းပါ၊ ခွေးမကြီးပါးစပ် ဖောင်းဖောင်းကြီးဖြစ်နေတာကို သိချင်သဖြင့် ပါးစပ်ကို ဖြဲကြည့်ကြသည်၊ ပါးစပ်ထဲမှာ ၀က်သားတုံးတွေပါ၊ “ ခွေးမကြီးသည် သူ့သားသမီးများ အတွက် အစာရှာထွက်ခဲ့သည်ကို ဒီဝက်သားတုံးများဖြင့် သက်သေပြချင်နေလိမ့်မည်၊ သို့သော်လည်း အဆိတ်သင့်အစာမှန်းသိသွားသောအခါ ထိုဝက်သားများကို သူ့သားသမီးများအား မကျွေးလို၊ သေသွားမှာ စိုးထိပ်နေပေလိမ့်မည်၊ ထို့ကြောင့် ၀က်သားတုံးများကို မစားနိုင်ရန် ပါးစပ်ကို စိထားခဲ့ခြင်း ဖြစ်ပါလိမ့်မည်၊ ပါးစပ်ကိုနမ်းလျှက် သေနေသော ခွေးကလေးသည် မိခင်နို့ကို အရင်စို့ပြီး ပါးစပ်ထဲမှ အစာကို စားချင်သဖြင့် ပါးစပ်ထဲမှ အစာကိုတောင်းနေခြင့်း ဖြစ်လိမ့်မည်၊ မိခင်ကြီးသည် ချစ်သော်လည်း ပေးချင် ကျွေးချင်သော်လည်း မျက်ရည်ဝဲလျှက် အံခဲကာ ပါးစပ်ကို ပိတ်ထားခဲ့သည်" ၊ နို့ကို သောက်ထားသော ထိုခွေးကလေးမှာလည်း မိခင်ပါးစပ်ဟနိုးဟနိုးနဲ့ စောင့်ရင်း စောင့်ရင်း တောင့်တင်းသွားခဲ့ရသည်ပေါ့။
မိခင်ခွေးမကြီးသည် “ အဆိပ်သည် နို့အထိတော့ မရောက်နိုင် “ ဟုထင်သဖြင့် နို့ကိုပေးတိုက်ခဲ့ခြင်းဖြစ်မည်၊ ထိုသို့ မှားယွင်းစွာ ထင်ခဲ့ခြင်းက သူ့သားသမီးများကို သေဆေးတိုက်မိသည့်အလားဖြစ်ခဲ့တော့သည်၊ သိခဲ့မည်ဆိုလျှင် မိခင်ခွေးမကြီးသည် ၀မ်းနည်းမှု့ကို မြိုသိပ် နို့ထွက်လမ်းကြောလေးများကို ပိတ်ပြီး သေပွဲဝင်သွားလိမ့်မည်မှာ တွေးကြည့်ရုံနဲ့ သိနိုင်ပါသည်၊ ထိုကျန်ရစ်သော ခွေးလေးကို စာရေးသူတို့သူငယ်ချင်း တစ်စုက ပြုစုစောင့်ရှောက်ကျွေးမွေးခဲ့ကြသည်၊ ထိုခွေးလေးကို “ ကျန်လေး ” လို့ နာမည်ပေးခဲ့ကြသည်၊ ကျန်လေး ဆိုတာ “အသေးဆုံး အနဆုံးဖြစ်သော အားလုံးထဲမှတစ်ကောင်တည်း အသက်ရှင်လျှက် ကျန်ရစ်သော ခွေးလေး” လို့ ဆိုလိုသည်၊ (ထိုအချိန်က ကျန်ကျောင်း ဇာတ်လမ်းတွဲ လာနေခြင်းကလည်း ထိုကျန်လေး နာမည်ဖြစ်ဘို့ အထောက်အကူပြုနေပေသည်)၊ အသိဥာဏ် မရှိသော ခွေးမိခင်တောင် ဒီလောက်ထိ သားသမီးများအပေါ်မှာ မေတ္တာထားတတ်နေလျှင် အသိဥာဏ်ရှိသော လူသားမိခင်များအဘို့တော့ --------------------။
မိဘမေတ္တာ(၂)
စာရေးသူတို့ အိမ်မှာ မွေးထားသော ကြက်များရှိသည်၊ ကြက်မတစ်ကောင်သည် ဥများဥထားသည်၊ စာရေးသူတို့လည်း သတိထားနေရသည်၊ ကြက်မဥသော ဥများသည် တိုးမလာပဲနည်းနည်းသွားသည်၊ ဥခွံတွေကိုလည်း တွေ့ရသည်၊ ထိုအချိန်က စာရေးသူ အတန်းကျောင်းနေစဉ်ဖြစ်သည်၊ စာရေးသူလည်း မနက်ခင်းကျောင်းဆင်းဆင်းခြင်း ရေချိုးသွားသည်၊ အပြန်မှာ ကြက်မ၏ အော်ပြီးခွက်နေသံ အမွှေးများ အလုံလိုက် အခဲလိုက် တောင်ထနေပုံများကို ကြည့်ပြီး တစ်ခုခုတော့ ထူးခြားနေပြီးဆိုတာကို သိလိုက်သည်၊ ရေစိုပုဆိုးကို တန်းမှာလှန်းပြီး အသာလေးသွားကြည့်မိသည်၊ တွေ့ပါပြီး မြွေတစ်ကောင်၊ ကြက်မကခွက်လိုက် မြွေက နောက်ဆုတ်လိုက်၊ မြွေကရှေ့တိုးလိုက် ကြက်မက အော်ခွက်လိုက်နဲ့၊ စာရေးသူလည်း အနီးရှိ ၀ါးတုတ်တစ်ချောင်းကိုင်ပြီး မြွေကို ရိုက်လိုက်သည်၊ မြွေသည် ကျိုးပဲ့သွားတာမျိုးမရှိသော်လည်း တော်တော် တော့အထိနာ သွားသည် ထင်သည်၊ တစ်ဟုန်းတိုးပြေးတော့သည်၊ နောက်နေ့များတွင် ကြက်ဥများ မပျောက် တော့ပါ၊ မြွေမလာရဲတော့ဘူးထင်သည်၊ အင်း “ကြက်မသည် မမွေးဖွားသေးသော ကြက်အဖြစ်မရောက် သေးသော ဥအဖြစ်မှာပဲ မည်မျှချစ်ရှာသည်ကို သိနိုင်သည်၊ သူ့အသက်ကိုပဓာနမထားပဲ မိခင်မေတ္တာကို အသက်နဲ့လဲပြီး ကာကွယ်ခဲ့သည်” ဟု စာရေးသူ တွေးမိသည်၊ စာဖတ်သူရော မည်သို့တွေးမိပါသနည်း၊ လူတစ်ယောက်နဲ့တစ်ယောက်အတွေးခြင်းအမြင်ခြင်း မတူတော့ တွေးမိပုံခြင်းတူမည်တော့ မထင်မိပါ၊ သို့သော်လည်း မိခင်မေတ္တာ၏ လေးနက်ပုံကိုတော့ အဓိက တွေးမိကြမည်ထင်ပါသည်နော်။
မိဘမေတ္တာ(၃)
ထိုကြက်မပင်၊ ကြက်ကလေးများ ပေါက်လာပါပြီ၊ ထိုအချိန်က စာရေးသူတို့တောရွာမှာ သိန်းငှက်များ လင်းယုန်များ အရမ်းကိုပေါသေးသည်၊ လင်းယုန်များသည် ကြက်မကြီးများကိုပင် ထိုးသုတ် စားသောက် တတ်ကြသည်၊ သိန်းငှက်များကတော့ အရမ်းကြီးသော ကြက်မများကို မသယ်နိုင် အချီနိုင်၊ ထို့ကြောင့် သူတို့သည် ကြက်ငယ်လေးများ ကြက်မဒမ်းမလေးများကို ထိုးသုတ် စားသောက်ကြသည်၊ တစ်နေ့ မနက် ၈း၀၀နာရီလောက်ဖြစ်မည်၊ သိန်းငှက်တစ်ကောင်သည် ကြက်ပေါက်စလေးတစ်ကောင်ကို ထိုးသုတ် ချီသွား လေသည်၊ ကြက်မကြီးသည် မစားနိုင် အနေနိုင် တကော်ကော်နဲ့ အော်ဟစ်နေသည်၊ လူလိုသာငိုကြွေး တတ်လျှင် မည်မျှတောင် ပြောဆို ငိုကြွေးနေမည်နည်း၊ နောက်တစ်နေ့လည်း သိမ်းငှက်သည် အစာကိုလာရှာ ပြန်သည်၊ ထို့နေ့က စနေနေ့ဖြစ်သဖြင့် စာရေးသူကျောင်းမသွားရပါ၊ ကြက်မအော်သံကြားသဖြင့် အိမ်စာကို ခဏရပ်ထားပြီး အိမ်နောက်ဘက်သို့ ကြည့်မိသည်၊ စာရေးသူက အိမ်ပေါ်မှာ၊ ကြက်မက အိမ်နောက်ဘက် ပန်းခြံလေးထဲမှာ၊ ထိုပန်းခြံသည် အစ်မတို့နဲ့စာရေးသူစိုက်ပျိုးထားသော ပန်းခြံလေးဖြစ်သည်။
ကြက်မ အမူအရာပျက်နေသည်၊ တကော်ကော်နဲ့လည်း အော်နေသည်၊ ကြက်ကလေးများကတော့ ဘာမှမသိ၊ သူတို့နှုတ်သီးလေးများနဲ့ အစားများရှာစားနေကြသည်၊ ကြက်မကြီးသည် အော်လိုက် အစားများယက်လိုက်၊ ကြက်ကလေးများကတော့ သူတို့မိခင်ကြက်မကြီးယက်ပေးထားသော အစားများကို စားလိုက်နဲ့၊ မိခင်ကြက်မ ကြီးသည် သူ့သားသမီးများ အစာစားရဘို့ ခြေနှစ်ချောင်းနဲ့ယက်ပေးနေရသော်လည်း သိန်းငှက်ရဲ့ဘေးကို မျက်စိလျှင်စွာ ကြည့်နေရသေးသည်၊ စာရေးသူလည်း ကြက်မအမူအရာများကိုသေချာကြည့်နေမိသည်၊ ခဏကြာတော့ ကြက်မကြီးက “ခရစ် ခရစ်”လို့အော်လိုက်သည်၊ ပြီးတော့ တောင်ပံနှစ်ဘက်ကိုလည်း ဖြန့်ကား လိုက်သည်၊ ကြက်ကလေးများသည် သူသူငါငါ လျှင်မြန်စွာပါပဲ ၊ ကြက်မကြီးရင်ဘတ်အောက်သို့ ပြေးဝင်ကြသည်၊ အင်း ကြက်မကြီးစကားကို နားလည်လျှင် မည်မျှကောင်းလိုက်မည်နည်း၊ ကြက်ကလေးများ က မည်မျှ ဗိုက်ဆာနေကြလည်းမသိ၊ ခေါင်းလေးတွေပြူတိပြူတိနဲ့ ကြက်မကြီး၏ တောင်ပံကြားမှ ပေါ်ပေါ်လာ တတ်သည်၊ ပေါ်လာသော ကြက်ကလေးများကိုလည်း ကြက်မကြီးက အသာငြိမ်ငြိမ်နေစမ်းဟူသော အမူ အရာနဲ့ နှုတ်သီးဖြင့် ထိုးဆိတ်သည်၊ ကြက်မကြီးက တကွက်ကွက်မြည်လျှက် ခေါင်းကလည်း ဟိုကြည့် ဒီကြည့်နဲ့၊ စာရေးသူလည်းတစ်ခုခုတော့ ထူးနေပြီးကို သိလိုက်သဖြင့် အောက်ဆင်းပြီး ကြည့်ရသည်၊ မြွေများဖြစ်နေမလားပေါ့၊ မြွေကိုမတွေ့သဖြင့် ကောင်းကင်မော့ကြည့်မှ သိန်းငှက်တစ်ကောင်ဝံပျံနေသည်ကို တွေ့လိုက်ရသည်၊ ထိုသိန်းငှက်သည် စိတ်တိုတိုဖြင့် ကြက်မကြီးကို ထိုးသုတ်လိုက်လျှင် ကြက်မကြီးသေသွားနိုင်သည်၊ သိန်းငှက်သည်တော်တော်လေး ကြီးသည်၊ ကြက်မကြီးသည် မိမိသာ သေချင် သေပါစေတော့ဟူသော စိတ်ဖြင့် သူ့သားသမီးများကို ရင်အုပ်အောက်တွင် ထားကာ လုံခြုံစေခဲ့သည်၊ မိခင်ရဲ့ ရင်အုပ်သည် ရင်ခွင်သည် သားသမီးများအတွက် အာဟာရကိုလည်း ပေးစွမ်းနိုင်သည်၊ လုံခြုံမှု့ကိုလည်း ပေးစွမ်းနိုင်သည်၊ ချမ်းအေးသောအခါ အနွေးဓာတ်ကိုလည်း ပေးစွမ်းနိုင်သည်၊ မောပန်းသောအခါ အအေးဓာတ်ကိုလည်းပေးစွမ်းနိုင်သည်၊ စိတ်ဓာတ်ခွန်အားကိုလည်း ခိုင်မာစေသည်၊ ရဲရင့်စေသည်၊ မိခင်စိတ်အပြည့်ရှိသော ထိုကြက်မကြီးကို စာရေးသူ လွန်စွာမှ လေးစားမိသည်၊ စာရေးသူသည် မိခင်ဖြစ်သော မိန်းမများကို မိခင်မေတ္တာကိုပိုင်ဆိုင်ထားကြသူများဖြစ်သောကြောင့် လွန်စွာမှလေးစား ကြည်ညိုမိသည်၊ စာဖတ်သူကရော --------------------။
မိဘမေတ္တာ(၄)
မိဘမေတ္တာကိုသီးကုံးဖွဲ့ထားသော စာအုပ်တော်တော်များများကိုဖတ်ဖူးသည်၊ ခုရေးမည့်အကြောင်း အရာသည် ထိုဖတ်ဖူးသော စာအုပ်တစ်အုပ်ထဲမှ အကြောင်းအရာပါ၊ စာအုပ်နာမည်ကို မမှတ်မိ တော့သဖြင့် စာအုပ်နာမည် မပြောပြ နိုင်တာကို နားလည်ပေးကြပါနော်၊ ထိုစာအုပ်ထဲမှာ အကြောင်းအရာများကို မှတ်မိသလောက် ပြန်ရေးသားထားခြင်း ဖြစ်သည်ဆိုတာကိုတော့ စာရေးသူ ၀န်ခံပါရစေ၊ စာရေးသူ သိပ်ကိုကြိုက်ခဲ့သော အကြောင်းအရာလေးဖြစ်သဖြင့် မှတ်မိနေခြင်းပါ၊ စာအုပ်ထဲမှ ဇာတ်ကောင်နာမည်များကိုရော ခေါင်းစဉ်ကိုရော မမှတ်မိတော့ပါဘူး၊ အဓိက ဇာတ်ကောင်များ၏ နာမည်ကိုတော့ အေးမြနဲ့ မောင်လှလို့ပဲ ပေးထားပါရစေ၊ စာရေးသူ၏ မှတ်ဥာဏ် နည်းခြင်းကိုလည်း အပြစ် တင်မိသည်၊ ထားပါတော့လေ၊ ကဲ ဖတ်ကြည့်ကြပါစို့။
ထိုအရပ်ဒေသသည် လွန်စွာမြွေပေါသော အရပ်ဒေသတစ်ခုဖြစ်သည်၊ ရွာသည်မြို့နဲ့လည်း မနီးသဖြင့် ပိုးထိလျှင် လက်ဖြတ် ခြေဖြတ် တစ်ခုခုတော့ ဖြတ်ပစ်ကြရသည်၊ မြွေဆိပ် မတက်အောင်လို့ပါ၊ သို့မဟုတ်ရင်တော့ ဆေးမမီပဲ ဆုံးသွားကြသူများသာ များသည်၊ အေးမြသည် မောင်လှနဲ့ လူငယ်သဘာဝ ချစ်ကြိုက်သဖြင့် လက်ထပ်ခဲ့သည်၊ အေးမြသည် မြို့မှ အလယ်လတ်တန်းစား မျိုးရိုးမှ မွေးဖွားလာသူဖြစ်သည်၊ မောင်လှကတော့ သူ့မိဘလုပ်ငန်း ဖြစ်သည့် တောင်ယာကိုပဲလုပ်ကိုင်သည်၊ မောင်လှသည် မိဘများဆုံးပါးသွားပြီး သူ့အတွက် အမွေရလိုက်သော တောမှာ တစ်ယောက်တည်း နေသူဖြစ်သည်၊ သူတို့နှစ်ယောက်ချစ်သူဖြစ်နေတာကို အေးမြ၏မိဘများ သိသွားသောအခါ သဘောမတူပါ၊ အေးမြသည်လည်း မောင်လှနဲ့မခွဲနိုင်၊ ထို့ကြောင့် မောင်လှနဲ့ခိုးရာ လိုက်ပြေးပြီး အကျဉ်းပဲလက်မှတ်ထိုးလိုက်ကြသည်၊ အေးမြမိဘများက အမွေပြတ် ကြော်ငြာလိုက်သည်၊ အေးမြ မငိုပါ၊ အေးမြသည် လှပချောမော သလောက် စိတ်ဓာတ်မာကြောသည်၊ သူ့စိတ်ထဲမှာ လုပ်မည်ဟု စိတ်ကူးထားလျှင် မှားမှားမှန်မှန်လုပ်ရဲသည်၊ မှားလျှင်လည်း လည်စင်းခံမည်၊ မှန်လျှင်လည်း ကောင်းကောင်းစံမည်ဆိုသည့် မိန်းကလေးမျိုးဖြစ်သည်၊ ထိုစိတ်ဓာတ်ကြောင့်ပင် မောင်လှသည် အေးမြလို ဇနီးချောလေးကို ပိုင်ဆိုင်ခွင့်ရခဲ့သည်။
အေးမြတို့သည် မောင်လှနေသော တောမှာ အတူတူနေကြသည်၊ အေးမြ ကိုယ်ဝန်ရင့်မာ လာသောအခါ ကူဖော်လောင်ဖက် အဖော်ရအောင် ရွာထဲက မောင်လှအစ်ကိုအကြီးဆုံး၏ အိမ်ဝင်းထဲမှာ ကလေးမွေးပြီးသည် အထိနေရန် အိမ်ဆောက်သည်၊ ထိုအိမ်မှာပဲ နေကြသည်၊ မောင်လှကတော့ ညခင်းဘက်လောက်ပဲ အိမ်မှာ နေရသည်၊ နေ့ခင်းဘက်မှာ တောမှာပဲ အလုပ်လုပ်ရင်းနဲ့ အချိန်ကုန်သည်၊ တစ်နေ့ အေးမြ ဗိုက်တွေအရမ်း နာလာသည်၊ ဘေးအိမ်များမှ လူများက ၀ိုင်းအုံးကူညီကြသည်၊ လက်သည်အဒေါ်ကြီးကိုလည်း ခေါ်ထားရသည်၊ အေးမြက မောင်လှနာမည်ကိုခေါ်နေသဖြင့် မောင်လှအစ်ကိုကြီးက တောသို့သွားပြီး “ မောင်လှရေ ၊ မင်းမိန်းမ ကလေးမွေးတော့မယ်ဟေ့၊ အလုပ်တွေထားခဲ့၊ အိမ်ကိုအမြန်ပြန်ခဲ့နော့် “ဟု အော်ပြောပြီး ပြန်ပြေးသွားသည်၊ မောင်လှလည်း ၀မ်းလည်းသာ စိတ်လည်းပူနဲ့၊ အလုပ်ကိုရပ်ပြီး အိမ်သို့အမြန်ပေးတော့သည်၊ ဖြစ်ချင် တော့ဗျာ သူ့တောအစပ်မှာပဲ ပိုးထိပြီး လဲကျသွားတော့သည်၊ ပိုးထိမှန်းသိသော မောင်လှသည် အတင်းအားယူပြီး အိမ်သို့သွားဘို့ ကြိုးစားသည်၊ ရှိသမျှအားကုန်သုံးပြီး သွားသည်၊ သွားရင်းသွားရင်းနဲ့ပဲ လဲကျသွားပြန်သည်၊ ခြေထောက်တွေက လေးလံလာသည်၊ စိတ်ရွေ့ချင်သလို ခြေထောက်တွေက လိုက်ပါမလာတော့၊ အားတင်းထပြန်သည်၊ ယိုင်ယိုင်နဲ့ သွားနိုင်သလောက် သွားသည်၊ “ဗုန်း”ဟူသောအသံနဲ့အတူ အရုပ်ကြိုးပြတ် လဲကျသွားတော့သည်၊ မရတော့ပါ၊ သူ့စိတ်လှုပ်ရှားမှု့ နှလုံးခုန်နှုန်းနဲ့အတူ အဆိပ်တက်လေသည်၊ မောင်လှ သည် သူ့ဇနီးချောလေးနဲ့ မွေးဖွားလာမည့် သူသားသားလေး(သို့)မီးမီးလေးကို ကြည့်ချင်လှသည်၊ ထို့စိတ်နဲ့ ကြိုးစားပြီး ထသော်လည်းမရ၊ ဘယ်သူမှလည်း သူ့ကိုမတွေ့ကြ၊ မမြင်ကြ၊ မသိကြ၊ မောင်လှ တစ်ကိုယ်လုံးအဆိပ်ပြန့်ကာ တဖြေးဖြးနဲ့၊ ဆန့်ဆန့်ကြီး ဖြစ်သွားလေတော့သည်။
အေးမြ သားလေးမွေးဖွားပြီးသည့်တိုင် မောင်လှမှာရောက်မလာခဲ့၊ တော်တော်နဲ့ရောက်မလာသော အခါ မောင်လှအစ်ကိုကြီးက “ ဒီကောင် ဘယ်လိုကောင်လဲကွာ၊ သူ့မိန်းကကလေးမွေးတာကို ရောက်အောင်မလာ ဘူး “ ဟု အပြစ်ပြောသည်၊ ဘေးမှမိန်းမများက “ နင်က သူကြားအောင်များ ပြောခဲ့လို့လား “ ဟု မေးသောအခါ “ပြောခဲ့ပါတယ်ဗျာ၊ သူ ရပ်ပြီး နားထောင်နေတာ “ဟု ပြောသည်၊ မောင်လှမလာသဖြင့် သူ့အစ်ကိုလည်း မနေသာတော့ပဲ ညီကို ငေါက်မည် ပြောမည်ဟူသော အတွေးနဲ့ မောင်လှ၏တောသို့ ထွက်လာခဲ့သည်၊ တောစပ်လည်းရောက်တော့ လမ်းမှာ ဆန့်ဆန့်ကြီး လဲကျနေသော မောင်လှကိုတွေ့လိုက်ရသည်၊ “ ဟာ၊ ညီလေး မောင်လှ မောင်လှ “ ဟူသော အသံနဲ့အတူ မျက်လုံးများမှာလည်း ပြူးကျယ်သွားသည်၊ ပါးစပ်မှာ အလိုလိုဟသွားတော့သည်၊ မောင်လှကိုဘယ်လိုမှ ခေါ်လို့မရတော့ပါ၊ အေးစက်ပြီးမာတောင့်နေပါပြီ၊ သွေးမရှိတော့ မဲညက်ညက်ဖြစ်နေသည်၊ ရွာပြန်ပြီး လူကြီးများနဲ့တိုးတိုးတိတ်တိတ်တိုင်ပင်ပြီး ဆရာတော်ကို ပင့်ကာ အကျဉ်းချုပ်လုပ်လိုက်ကြရသည်၊ အကြောင်းမှာ အေးမြသိမှာကို စိုးရိမ်ကြသောကြောင့်ဖြစ်သည်၊ ရွာထဲမှ တစ်ချို့သောလူရင်းများကတော့ အေးမြနဲ့မောင်လှအကြောင်းကိုတွေးပြီး ၀မ်းနည်းစွာဖြင့် ငိုကြွေး နေကြပါပြီ၊ အေးမြကတော့ သူ့သားလေးကိုကြည့်ပြီး ပြုံးလျှက်။
အေးမြကို မသိစေချင်ပါ၊ အားလုံးကို ဖုံးဖိပေးထားဘို့ မှာထားရသည်၊ သွေးနုသားနုဖြစ်နေသောအေးမြ စိတ်မခိုင်လျှင် တစ်ပူမှ နှစ်ပူဖြစ်ကြရမည်၊ ထို့ကြောင့် ဟန်မပျက်နေဘို့ မပြောမိအောင်ထိန်းထားဘို့ အားလုံးက တိုင်ပင် ထားကြသည်၊ အေးမြသည် သူ့ခင်ပွန်းကို မမြင်ရသောအခါ မေးတော့သည်၊ မွေးဖွားခါနီးမှာလည်း ရောက်မလာ မွေးဖွားပြီးတဲ့အချိန်မှာလည်းရောက်မလာ ခုညအိပ်ချိန်ထိအောင် သူ့အနားကိုရောက်မလာ၊ ဘေးမှ မိန်းမများက မီးတွင်းဖြစ်သဖြင့် အခန်းထဲဝင်မလာတာဖြစ်ကြောင်း ပြောရသည်၊ အေးမြသည် ထိုနေ့က သိချင်နေပေမဲ့ သားလေးကိုကြည့်ရင်း ပင်ပန်းနွမ်းနယ်မှု့များကို ပယ်ဖျောက်ရင်းအိပ်စက်လိုက်တော့သည်၊ အိမ်းနီးချင်းများကလည်း တာဝန်ကျေကြပါသည်၊ အေးမြအိမ်မှာ လူလဲနဲ့ကူညီစောင့်ရှောက်ပေးကြသည်၊ နောက်နေ့တွင် သားလေးမျက်နှာကို တစ်ချက်လောက်မျှ လာမကြည့်သော မောင်လှကို သတိရလှပါပြီ၊ တွေ့ချင်လှပါပြီ၊ သူဘာကြောင့်သားလေးမျက်နှာကို လာမကြည့်သလဲဆိုတာကိုမေးချင်လှပါပြီ၊ ထို့ကြောင့် မရရအောင် မေးတော့သည်၊ အစောင့်မိန်းမများကလည်း မဖြစ်မနေပြောရတော့မည့်အခြေအနေနဲ့ကြုံနေသဖြင့် လူကြီးများနဲ့တိုင်ပင်ရသည်၊ အေးမြကိုစိတ်ခိုင်ခိုင်ထားဘို့ အရင်မှာပြီး အဖြစ်စုံကိုပြောပြသည်။
အေးမြသည် တစ်ချက်သာ မျက်စိမျက်နှာပျက်သွားပြီး “ အင်း ကံတရားအတိုင်းပဲပေါ့၊ ကျွန်မကတော့ သားလေးအတွက် အသက်ရှင်ရဦးမယ်၊ ကျွန်မမျက်ရည် မကျမိအောင်ကြိုးစားရမယ်၊ ကျသွားမည့်မျက်ရည်ကို သားလေးအတွက် အားတွေဖြစ်အောင် ကြိုးစားရမယ်၊ ကျေးဇူးတင်ပါတယ်၊ ကျွန်မအတွက် စိတ်မပူကြပါနဲ့၊ ကိုမောင်လှအတွက် ရက်လည်ဆွမ်းကျွေးတဲ့အခါ ကျွန်မကိုယ်တိုင် အမျှပေးဝေချင်ပါတယ်” လို့ ပြောရှာသည်၊ တော်တော်စိတ်ဓာတ်မာတဲ့ မိန်းမသားပင်၊ ဝေ့တက်လာသော မျက်ရည်လေးများပင် ပြန်ပြီး စီးဝင်သွားသည် ထင်မှတ်ရသည်၊ ယနေ့ မကျအောင် ထိန်းထားနိုင်သော အေးမြမျက်ရည်များသည် သားလေးအတွက် အားဆေးတွေ ဖြစ်နေပါစေလို့၊ တိုတိုပဲ သွားကြပါစို့နော်၊ အေးမြသားလေး အခါလည်သွားပါပြီ၊ ချစ်စရာလေးပါပဲ၊ ဖြူဖြူ၀၀လေးပါ၊ အေးမြကတော့ ရွာထဲကအိမ်မှာပဲ နေလိုက်တော့သည်၊ တောမှာ မနေတော့၊ အကြောင်းမှာ သားလေး၏ ငယ်ရွယ်သေးခြင်း မုဆိုးမဖြစ်နေခြင်း မိန်းမသောတစ်ယောက်တည်းးဖြစ်နေခြင်း တောသည် ညအခါလူသူပြတ်သဖြင့် ဘေးရန်များခြင်းတို့ကြောင့်ဖြစ်သည်၊ မောင်လှ၏ အစ်ကိုကြီးတို့မိသားစုကလည်း အိမ်မှာပဲနေဘို့ ပြောကြသည်လေ၊ အေးမြလက်ခံခဲ့သည်၊ ထိုသို့အိမ်မှာ နေစဉ်အတွင်း တစ်ရက်မှာ အေးမြတို့အိမ်ဘေးမှ လူတစ်ယောက် ပိုးထိသဖြင့် ဆုံးပါးသွားပြန်သည်၊ ပိုး၏ဘေးရန်က ကြောက်စရာ ကောင်းလှ သည်။
တစ်နေ့ တောမှာ စပါးသိမ်းဘို့ရှိသည်၊ လူငှါးများကိုလွှတ်ထားသည်၊ လူငှါးများသည် ပိုင်ရှင်မပါလျှင် အလုပ်ကို တွင်တွင်ကျယ်ကျယ်မလုပ်လိုကြ၊ ခပ်ပါးပါးသာလုပ်ကြသည်၊ ပိုင်ရှင်ကိုယ်တိုင်က အားကြိုးမာန်တက်လုပ်မှ သူတို့လည်း မနေသာတော့ပဲ ပိုင်ရှင်တစ်ယောက်လို လုပ်ကြသည်၊ ထို့ကြောင့် ပုထုဇဉ်အေးမြသည်လည်း သူ့လယ်များ မပြီးမှာကို စိတ်ပူသည်၊ ထို့ကြောင့် သူ့သားလေးကို နို့တိုက်ပြီး ဘေးအိမ်မှ တူမလေးများကို အကျိုး အကြောင်းပြောပြီး တောသို့သွားခဲ့သည်၊ ထိုရောက်တော့ သူကိုယ်တိုင် ရှေ့ဆောင်အဖြစ်အလုပ်လုပ်ပြတော့ သည်၊ တံစဉ်ကို မြဲမြဲကိုင် ထမီကိုတိုတိုဝတ်ပြီး စပါးပင်များကို ကြိုးကြိုးစားစားရိတ်သိမ်းတော့သည်၊ အငှါးအလုပ်သမများလည်း ပိုင်ရှင်အေးမြကိုယ်တိုင်လုပ်နေသဖြင့် မနေသာတော့ လုပ်ကြရတော့ သည်၊ စကားပင် ဟိုဘက်ဒီဘက် ရပ်မပြောကြတော့၊ မမောနိုင်မပန်းနိုင်လုပ်နေသော အေးမြ တစ်နေရာအရောက်မှာ “အား”ဟူသောအသံနဲ့အတူ တုန့်ခနဲရပ်သွားသည်၊ ဘေးမှအလုပ်သမများ လည်း အလန့်တကြား အော်သံကြောင့် အေးမြကိုငေးကြည့်နေကြသည်၊ အေးမြသည်ဘာမှမပြောပဲ၊ အောက်သို့ဖြေးဖြေးချင်း ကြည့်သည်၊ ပြီးတာနဲ့ “သားလေး၊ သားလေး” ဟူသောအသံကို တတွက်တွက်ရွက်ဆိုကာ ရွာလမ်းသို့ ပြေးသွား တော့သည်။
လမ်းတ၀က်လောက်မှာပဲအေးမြ လဲကျသွားသည်၊ နို့ရည်များက စီးကျလာသည်၊ အေးမြ သိလိုက်သည်၊ “သားလေး နို့ဆာနေပြီ “ ဆိုတာကို ၊ သားလေးကို နို့တိုက်ချင်သည်၊ ထို့ကြောင့် အေးမြ အားယူပြီး ထပြေးသည်၊ မိခင်၏ သားအတွက်ဟူသော အားမာန်သည် မည်မျှပြင်းထန်သည် မသိ၊ အိမ်သို့ မရောက် ရောက်အောင်ပြေးသည်၊ လှေကားခြေရင်းအရောက်မှာပဲ “၀ုန်း”ဆို ပစ်လဲကျသွားပြန်သည်၊ သူ့သားလေး ငိုသံကိုကြားနေရပါပြီ၊ နို့ဆာနေရှာသော သားလေး၊ အေးမြမျက်ရည်များပင် စိးကျလာသည်၊ မိဘက အမွေစွန့်ပစ်မှု့ကိုခံရစဉ်ကလည်းကောင်း ခင်ပွန်းသည်မောင်လှဆုံးပါးသွားစဉ်ကလည်း မကျခဲ့သောမျက်ရည် ခုမှ အတိုးနဲ့စီးကျလာသလား အောင့်မေ့ရသည်၊ အေးမြသည် သားလေးနို့ဆာနေသောကြောင့် ငိုသံကို ကြားရသောအခါ မခံစားနိုင်ပါ၊ ခံနိုင်ရည် မရှိပါ၊ (မိခင်တို့၏ နို့ရည်သည်သားသမီးများ နို့ဆာပြီးဆိုလျှင် အလိုလို စီးကျလာတတ်သည်ဟု ကြားဖူးသည်၊ ဟုတ်သည် မဟုတ်သည်တော့ စာရေးသူတိတိကျကျမသိပါ၊ ခု အေးမြအဖြစ်အပျက်ကို ကြည့်လျှင်တော့ဖြစ်နိုင်ချေ ၇၀း% ရှိနေသည်)။
အေးမြသည် ရှိသမျှအားအင်ကို အကုန်သုံးပြီး အိမ်ပေါ်သို့အရောက်တက်သည်၊ သူ့သားလေးငိုနေတာ မည်မျှကြာနေသည်မသိ၊ ဘေးအိမ်မှ တူလေးတူမလေးများသည်လည်း ဘယ်ရောက်နေသည်မသိ၊ ဘယ်သူမှ မရှိကြ၊ အိမ်ပေါ်ကို တက်နေသည်ဆိုသော်လည်းခြေထောက်တွေက မသန်တော့ပါ၊ လေးလံနေသည်၊ ထို့ကြောင့် ဒရွက်တိုက်သွားနေရသည်၊ သူ့သားလေးကို “သား သား သား “ ဟု အသံကုန်ဟစ်အော် ခေါ်သည်၊ သို့သော်လည်း အသံမထွက်တော့ပါ၊ ပါးစပ်မှာလည်း ဖွင့်ဟလို့မရတော့ပါ၊ သူ့သားလေးဆီကို အရောက် သွားမည်ဟူသောစိတ်နဲ့ သွားရှာသည်၊ သူ့သားနဲ့နှစ်ပေလောက်အကွာမှာပဲ အေးမြရဲ့ ကုတ်ဖဲ့သွားနေသော လက်များ ရပ်တန့်သွားသည်၊ အငှါးအလုပ်သမများသည် အေးမြနေရာမှ စပါးပင်များ လှုပ်နေသည်ကို မြင်လိုက်သဖြင့် သေသေချာချာကြည့်လိုက်ရာ မြွေဖြစ်နေသည်ကို သိလိုက်ရသည်၊ သိသည်နဲ့တစ်ပြုင်နက် အေးမြနောက်သို့အပြေးလိုက်သည်၊ သို့သော်မမီပါ၊ အေးမြ ပြေးတာမည်မျှမြန်သည် မသိ၊ အေးမြသည် သူ့မှာပိုးထိသည့်တိုင် သူ့သားလေးနို့ဆာနေတာကိုသိနေသဖြင့် သူ့သားလေး၏ ဆာလောင်မှု့ကိုသာ ဖြည့်တင်းပေးလိုသောမိခင်စိတ်သည် မည်မျှပင်လေးစားစရာကောင်းသနည်း၊ မိမိသည် အသက်ဆုံးရှုံးရမည့် အကြောင်းတရားနဲ့ရင်ဆိုင်နေရသည့်တိုင် သားလေးအပေါ်မှာ ထားရှိသော မိခင် တစ်ယောက်၏ မိဘ မေတ္တာကိုသိမြင်နိုင်ကြမည် သိမြင်ကြပြီးမိဘကို ချစ်ခင်မြတ်နိုး တန်ဘိုးထားတတ်ကြမည် ဆိုလျှင် စာရေးသူ ကျေနပ်ဝမ်းသာလို့ မဆုံးနိုင်အောင် ဖြစ်မိမှာသေချာ ပါသည်၊ (စားရေးသူကတော့ “သားသမီးတို့အပေါ်မှာ ထားရှိသော ကြီးမားမြင့်မြတ်သော မိခင်မေတ္တာကြောင့် သားသမီးတို့ သောက်သုံးနိုင်အောင် မိခင်၏သွေးသည် ကြည်လင်အေးမြသော နို့ရည်အဖြစ်ပြောင်းလဲလာသည်” ဟူသော စာပေကိုသင်ယူရပြီးနောက် မိခင်ဖြစ်သော မိန်းမ သားတိုင်းကို လေးစားခဲ့သည်၊ တန်းဘိုးထားခဲ့သည်၊ မြတ်နိုးခဲ့သည်)၊ စာဖတ်သူကရော -----------------။
မိဘမေတ္တာ(၅)
တစ်နေ့၊ သူငယ်ချင်းနှစ်ယောက်၊ သူတို့သည် ငှက်ခါးအသိုက်လုပ်ထားသော အခေါင်းတစ်ခေါင်းကို တွေ့ထားကြသည်၊ ငှက်ခါးသည် ချိုင့်ဝှမ်းတစ်ခု၏ နံရံကမ်းပါးတွင် ပြုလုပ်ထားခြင်းဖြစ်သည်၊ (များသောအားဖြင့် ငှက်ခါးတို့သည် သစ်ပင်ခေါင်းမှာသာ အသိုက်လုပ်ကြတာများသည်)၊ သူငယ်ချင်း နှစ်ယောက်လည်း ငှက်ခါးသိုက်အတွင်းက အခြေအနေကို လက်နဲ့နှိုက်စမ်းကြည့်သည်၊ ငှက်ခါးပေါက်စ ကလေးများ ၊ သို့ဖြင့် သူတို့ရွာပြန်လာကြသည်၊ အရက်သမား ဦးဖိုးညိုနဲ့အရောင်း အ၀ယ်ကိစ္စ တိုင်ပင် ကြည့်သည်၊ ဥိးဖိုးညိုက “ ငှက်ခါး အကြီးဆိုလျှင်တော့ ငါးကျပ်ပေးမယ်၊ ကလေးဆိုရင်တော့ သုံးကျပ်ပဲပေးမယ်၊ ကလေးဆိုလျှင် အညှီုနံ့ထွက်တယ်ကွ” ဟုပြောသည်၊ ထိုဈေးသည် မဆိုးပါ၊ ထို့ကြောင့်ပဲ သူငယ်ချင်း နှစ်ယောက် ငှက်ခါးခေါင်းဆိုရာသို့ ပြန်လာကြသည်။
တစ်ယောက်နှိုက်လိုက် တစ်ကောင်ပါလာလိုက် ပေါက်သတ်လိုက်၊ တစ်ယောက်နှိုက်လိုက် တစ်ကောင်ပါလာလိုက် ပေါက်သတ်လိုက်နဲ့၊ တစ်ယောက်ကို နှစ်ကောင်စီပေါက်သတ်လိုက်ကြသည်၊ နောက်ထပ်နှိုက်ကြည့်သည်၊ တစ်ကောင်ပဲရှိတော့သည်၊ ထိုငှက်ခါးကို လည်း ပေါက်သတ်မည် အပြုတွင် အကြံတစ်ခုဝင်လာသဖြင့် မသတ်တော့ပါ၊ ထိုအကြံကြောင့်ပင် “တစ်ယောက်က ငှက်ခါးလေးကို ခြေထောက်မှကိုင်ပြီး ခေါင်းကိုဇောက်ထိုးထားလိုက်သည်၊ အနေရခက်သော ငှက်ခါးလေးသည် စူးစူးဝါးဝါးအော်မြည်တော့သည်၊ သားသမီး၏ အော်မြည်သံကို ကြားသော မိဘငှက်ခါး နှစ်ကောင်သည် တော်တော်ဝေးသော သစ်တောဆီမှ “ ဂဲ ဂဲ ဂဲ “ဟူသော မြည်သံနဲ့အတူ ရောက်လာကြသည်၊ ထိုငှက်များသည် သူတို့သားသမီးကိုချစ်သောစိတ်နဲ့ ဘာကိုမှ မမြင်တော့ပဲ ငှက်ကိုင်ထားသူကို ထိလုနီးပါး ထိုးဆိတ်ဟန်ပြကြသည်၊ ငှက်မိဘများ ကံဆိုးသွားရှာပါသည်၊ လက်ဖြောင့်သော ကျန်တစ်ယောက်က ထိုးဆိတ်ရန် ပျံသန်းလာသော ထိုငှက်ခါးများကို မှန်အောင် ပစ်နိုင်ခဲ့သည်၊ တစ်ကောင်ကို သုံးချက်လောက်သာ ပစ်ရသည်၊ မှန်သွားသည်၊ ကိစ္စပြီးသဖြင့် သူငယ်ချင်းနှစ်ယောက် ကြည်နူးလို့မဆုံးပါ၊ ငှက်ခါး မိဘနှစ်ပါးမှာတော့ သားသမီးများကို ချစ်သော မေတ္တာအဟုန် စွမ်းအားကြောင့် အသက်ပါ ပေးစွန့် ပေးဆပ်သွားရှာသည်၊ မိဘမေတ္တာအကြောင်းကို ပြသထားသော အကြောင်းအရာများရှိသေးသည်၊ စာပိုဒ်ကြီးအရမ်း ရှည်သွားမည် ဖြစ်သဖြင့် နောက်မှ ဆက်လက်ရေးပါမည်၊ မိဘမေတ္တာကို သိရှိနိုင်မယ် မိဘကို သတိရကြ အောင့်မေ့ကြမယ် တန်းဘိုးထားတတ်ကြမယ်ဆိုရင်ပဲ စာရေးသူကျေနပ်ပါပြီ-------------------------------။
No comments:
Post a Comment