Showing posts with label ရသ. Show all posts
Showing posts with label ရသ. Show all posts

Thursday, October 6, 2011

စွဲကျန်ရစ်သော ပန်းတစ်ပွင့်

ဒီဆောင်းပါးလေးကို (၁)၊ အများနဲ့နေထိုင်နည်း၊ (၂)၊ တစ်ယောက်တည်းနေရကျိုး၊ (၃) စွဲကျန်ရစ်သော ပန်းတစ်ပွင့် - ဟု သုံးပိုဒ်ခွဲပြီး ရေးသားထားပါသည်၊ စာရေးသူ မိဘမဲ့ဂေဟာသို့ သွားရောက်ခဲ့စဉ် စိတ်တွင် ခံစားရသော ခံစားချက်အမှန်များကို ရေးသားထားခြင်း ဖြစ်ပါသည်၊ စာရေးသူနဲ့ အတူသွားရောက်ကြသော နောင်တော် ညီတော်များ ဒီဆောင်းပါးကို ဖတ်ရလို့ စိတ်တိုကြမယ်ဆိုရင်လည်း ခွင့်လွှတ်ကြဘို့ အနူးအညွှတ် တောင်းပန်ပါသည်၊ စာရေးသူ၏ အမှန်အတိုင်း ရေးတတ်သောအကျင့်လေးကို စာနာပေးကြပါလို့ ကြိုတင် တောင်းပန်ပါရစေ။

(၁) အများနဲ့နေထိုင်နည်း
ဒီနေ့ ၅-၁၀-၂၀၁၁ နေ့၊ စာရေးသူတို့အဖွဲ့ ကျောင်းတိုက်မှ နေ့ခင်း ၁း ၄၀ မှာစထွက်သည်၊ လမ်းရောက်တော့ ခေါင်းဆောင်နောင်တော်ကြီးမှ လက်သုတ်ပ၀ါများ ၀ယ်သည်၊ စာရေးသူတို့ ၁၅ - မိနစ်ခန့်စောင့်ကြသည်၊ မပြီးသေးပါ၊ သို့ဖြင့် ကျောင်းတိုက်တစ်တိုက်မှ နောင်တော်တစ်ပါးကို သွားခေါ်သည်၊ ပြန်လာသော်လည်း လက်သုတ်ပ၀ါဝယ်နေသော နောင်တော်က မပြီးသေးပါ၊ ဖုန်းဆက်တဲ့ နောင်တော်တစ်ပါးကလည်း အူကြောင်ကြောင်နဲ့၊ ဆိုင်ကထွက်လာပြီးလား ဘာလား သေသေချာချာ ရေရေရာရာ မေးလို့မရ၊ စာရေးသူ၏ စိတ်ကလည်း မြန်သည်၊ ကိုယ့်ကိုယ်လည်း သိသည်၊ သိလို့လည်း တစ်ချို့ကိစ္စတွေမှာ မသိချင်ယောင် ဆောင်နေလိုက်သည်၊ ခုဟာက မရတော့၊ စောင့်နေရတာ တော်တော်ကြာသွားပြီ။

ကားပေါ်မှ ဆင်းလို့လွယ်ကူသည့် နောင်တော်များကလည်း ဆင်းပြီး ကြိုမယ် ပြုမယ် မရှိ၊ ထိုင်ခုံပေါ်ထိုင်ခွင့် ရလိုက်သည်နဲ့ တစ်ပြိုင်နက် မထချင်ကြတော့၊ အင်း ဒါကလည်း သဘာဝတရားတစ်ခုပင် ထင်ပါသည်၊ မည်သူမဆို ထိုင်ခုံ တစ်ခုကို နေရာတစ်ခုကို ကိုယ်ပိုင်သဘောနဲ့ ထိုင်ခွင့်ရလိုက်ပြီဆိုတာနဲ့ ထပေးချင်စိတ် ဖယ်ပေးချင်စိတ် မရှိကြတော့ပါ၊ ထိုထိုင်ခုံလေးပေါ်မှာ ထိုင်နေရတဲ့ သာယာမှု့ကို မစွန့်လွှတ်နိုင်ကြ၊ စာရေးသူက “ ကားရှိတဲ့နေရာမသိလို့ ကြာနေတာလား၊ ၀ယ်လို့မပြီးသေးလို့ ကြာနေတာလား “ ဆိုတာကို ကွဲကွဲပြားပြား သိချင်သည်၊ ကားရှာမတွေ့လို့ ကြာနေတာဆိုလျှင် သွားပြီး ခေါ်စေချင်သည်၊ ခရီးကြိုမှု့ ပြုလုပ်စေချင်သည်၊ သို့သော် နောင်တော်များက ဒီလိုမဟုတ်ခဲ့၊ စာရေးသူ စိတ် စာရေးသူ အတွေးနဲ့ သူတို့ပုံစံနဲ့က လုံးဝအဆင် မပြေ၊ လုပ်ချင်ရင် ဘယ်သူ့ကို ပြောမနေပဲ ကိုယ့်ဘာသာထလုပ်တတ်သော အကျင့်က ငယ်ငယ်ကတည်းက စာရေးသူဆီမှာ စွဲကပ်နေခဲ့သည်၊

Wednesday, September 28, 2011

မိဘမေတ္တာ

မိဘမေတ္တာနဲ့ ပတ်သက်ပြီး မိခင်ရဲ့မေတ္တာတရား ဖခင်ရဲ့မေတ္တာတရား ထားရှိပုံများကို ရေးသားပါမည်၊ မိခင်မေတ္တာအကြောင်းများကို အဓိကရေးသားပါမည်၊ ဖခင်မေတ္တာများကိုလည်း ဆက်လက်ရေးသား ဘို့ စိတ်ကူးထားပါသည်၊ ထိုသို့ရေးသားရာတွင် ပါဝင်သော အကြောင်းအရာ အဖြစ်အပျက်များသည် အမှန်အကန်ဖြစ်ပျက်ခဲ့သော အရာများဖြစ်သည်ဆိုတာကိုတော့ ကြိုင်တင် ၀န်ခံပါရစေ။

မိခင်မေတ္တာ (၁)
စာရေးသူ ရန်ကုန်တိုင်း အင်းစိန်မြို့နယ်တွင်း နာမည်ကြီး ကျောင်းတိုက်တစ်တိုက်တွင်နေစဉ်၊ စာရေးသူတို့ ကျောင်းသို့ ရပ်ကွက်ထဲမှ ခွေးများကို လာလာလွှတ်ကြသည်၊ ဟိုက လာပို့ ဒီကလာပို့နဲ့၊ ကြာလာတော့လည်း ခွေးတွေက များလာသည်၊ ထိုသို့သော ခွေးများစွာကို မနက်အရုဏ်စားပြီးတိုင်း နေ့ခင်းစားပြီးတိုင်း တစ်နေ့ကို နှစ်ကြိမ် ကျွေးသည်၊ ညဘက်မှာတော့ သီးသန့်ကျွေးတာ မရှိပါ၊ နေ့ခင်းစားလို့ မကုန်သော အကြွင်းအကျန်များ ကိုသာ သူတို့ ပြန်စားကြသည်၊ ခွေးတွေများလာသော အခါ ပြဿနာတစ်ခု ပေါ်လာသည်၊ ခွေးများသည် မနက်အရုဏ် ဆွမ်းစားတုံးထုလျှင်လည်းကောင်း နေ့ဆွမ်းစားတုံးထုလျှင်လည်း ညဘက် ၁၂ နာရီ စသည်ဖြင့်နာရီမည်သံကြားလျှင်လည်းကောင်း (မည်သည့်အကြောင်း ကြောင့်တော့ မသိ) တက်ညီလက်ညီ စီစီညံညံ အူကြသည် အော်မြည်ကြသည်၊ နေ့ဘက်တွင် အော်မြည်ကြသည်ကို ရပ်ကွက်မှ လူများက အပြစ်အမြင်သော်လည်း ညဘက်အိပ်ချိန် ၁၂ နာရီနောက်ပိုင်းမှာ နာရီမြည်တိုင်း လိုက်အော်နေ အူနေကြသည်ကိုတော့ မကြိုက်ကြ၊ သူတို့အိပ်ရေးပျက်သည်လေ၊ အင်း ပညာမရှိသော တိရစ္ဆာန်တွေ ဆိုတော့ အပြစ် ပြောဘို့ခက်သလို သင်ပြဘို့ ပြောပြဘို့ကလည်း ခက်နေသည်။

“အသံကြောင့် ဖားသေ” ဆိုသည့်အတိုင်းပါပဲ၊ ထိုခွေးများ၏ အူသံအော်သံကို မကြိုက်ကြသော လူများက စည်ပင်သာယာသို့ တိုင်ကြားလေသည်၊ ထိုအခါ တာဝန်သူများက ပထမအုပ်ချုပ်ရေး ဆရာတော်ကို အကျိုး အကြောင်း လျှောက်ထားရသည်၊ ပထမအုပ်ချုပ်ရေးဆရာတော်ကလည်း တာဝန်ရှိသည့်အတိုင်း ဆောင်ရွက်နိုင်ပါကြောင်း ပြောပြသည်၊ ထိုအခါ စာရေးသူတို့ ဘုရားရှိခိုးနေချိန် ထိုတာဝန်ရှိလူများက ၀က်သားကို အဆိပ်သုတ်ပြီး ကျောင်းဝန်းအနှံ့မှာ ကြဲချထားသည်၊ ခွေးများကလည်း သိတဲ့အတိုင်းပါပဲ၊ ၀က်သားဆိုတာကိုပဲ သိတယ်၊ “ လွယ်လွယ်နဲ့ရသော တန်းဘိုးကြီးသော အရာ၏နောက်ကွယ်မှာ အလွန်တရာ မြင်နိုင်ခဲသော ဆိုးကျိုးကိုပေးစွမ်းနိုင်သော အရာရှိနေသည်ကို မသိကြ ” မသိကြတော့ပါ၊ စားရကံကြုံလို့ မုတ်ဆိတ်ပျားစွဲထင်ပြီး သူ့ထက်ငါ ဦးအောင် စားကြတော့သည်၊ စားပြီး မကြာပါဘူး၊ ဟိုယိုင် ဒီယိုင်နဲ့ လဲကာ သေပွဲဝင်သွားကြရရှာသည်၊ စာရေးသူတို့ ဘုရားရှိခိုးပြီးပြန်ဆင်းလာတော့ တစ်ချို့ခွေးတွေကို ကားပေါ်ကို ပစ်တင်နေပါပြီ၊ တစ်ချို့ခွေးတွေက မူးနေကြဆဲ၊ တစ်ချို့ခွေးတွေက လဲကျပြီး ဆန့်တန့်ဆန့်တန့် ဖြစ်နေကြပြီ။

စာရေးသူတို့လည်း တစ်ခါမှ မကြုံဘူး မမြင်ဘူးသော လုပ်ရပ်မို့ အံ့သြစွာငေးကြည့်နေမိသည်၊ ထိုအချိန်မှာပဲ စာရေးသူတို့ အဆောင်လှေကားအောက်မှ ခွေးကလေးများကို သတိရလိုက်မိကြသည်၊ ထိုခွေးကလေး များသည် ငါးကောင်တောင် ရှိသည်၊ မွေးဖွားထားသည်မှာ မကြာသေးပါ၊ မျက်စိတောင် ကောင်းကောင်း မြင်နိုင်ဦးမည်မထင်၊ ထိုခွေးကလေးများကို စာရေးသူတို့ သူငယ်ချင်းတစ်စုက ပွေ့ယူထားကြသည်၊ တာဝန်ရှိသူများက ခွေးမှန်လျှင် ကလေးရော အကြီးရော ချန်မည့်ပုံမပေါ်၊ ထို့ကြောင့် ပွေ့ယူထားကြသည်၊ ထိုခွေးကလေးများကိုတော့ မပေးနိုင်ပါ၊ ခဏကြာတော့ မိခင်ခွေးမကြီးက ယိုင်ယိုင်နဲ့ သူ့ကလေးများကို ထားခဲ့ရာ လှေကားအောက်သို့ သွားလေသည်၊ စာရေးသူတို့လည်း ခွေးမကြီး တာဝန်ရှိသူများ မမြင်အောင် လှေကားအောက်မှာ အမှိုက်ကျုံးတောင်းဖြင့် အုပ်ပေးထားလိုက်သည်၊ ခွေးကလေးများကိုလည်း သူ့မိခင်နဲ့ အတူတူ တောင်းနဲ့အုပ်ထားလိုက်သည်၊ အခြေအနေကို စောင့်ကြည့်နေရသည်။

မိနစ်(၂၀) လောက်အကြာမှာတော့ တာဝန်ရှိကားများ ခွေးများကို တင်လျှက် ပြန်သွားကြသည်၊ ကျောင်းဝန်း အတွင်းမှာလည်း စိမ့်ရွေရွေ အနံ့တစ်ခု ကျန်နေခဲ့သည်ဟု ထင်မိသည်၊ အနံ့အသက်များက မကောင်းလှပါ၊ စာရေးသူတို့ သူငယ်ချင်းတစ်စုလည်း ကျေနပ်ပျော်ရွှင်စွာဖြင့် လှေကားအောက်မှ အမှိုက်ကျုံးတောင်းကို ဖွင့်လိုက်ကြသည်၊ “ ဟာ “ ဟူသော အသံနဲ့အတူ အားလုံးရဲ့အပျော်များကျေနပ်မှု့များ ပျက်သုဉ်းသွားပါပြီ၊ ကြည့်လိုက်ပါဦး၊ ခွေးမကြီးက အကြောတွေမာလို့ သေနေပါပြီ၊ ပါးစပ်ကြီးကလည်း ဖောင်းဖောင်းကြီး၊ ခွေးကလေးလေး တစ်ကောင်က မိခင်ခွေးမကြီး၏ ပါးစပ်ကို နမ်းနေသည့်ပုံစံဖြင့် သေနေပြီ၊ ခွေးကလေး သုံးကောင်မှာတော့ မိခင်နို့ကို ကိုက်လျှက် အသက်မရှိတော့ပါ၊ ခွေးကလေးထဲမှာ အသေးဆုံး အနဆုံး ခွေးလေသည် အသက်ပုံမှန်ရှုသွင်းနေသည်၊ ထိုခွေးလေးသည် မိခင်ခွေးမကြီး၏ ခြေထောက် တစ်ချောင်း အောက်မှာပါ၊ မိခင်ခြေထောက်အောင် သူရောက်သွားတုန်း မိခင်ခွေးမကြီးက သေသွားသည်ထင်၏၊ မိခင်ခွေးမကြီး၏ ခြေထောက်မာမာကို သူ မရုန်းနိုင်ခဲ့၊ ပိနေခဲ့သည်။

မိခင်ခွေးမကြီးသည် သူ့သားသမီးများအတွက် အစာထွက်ရှာပါသည်၊ အဆိပ်မိအစာများကို စားမိသဖြင့် သူသေရတော့မည်ကိုလည်း သိနေပါလိမ့်မည်၊ သူ့သားသမီးများရှိရာကို မရောက်ရောက် အောင် အားတင်းပြီး ပြန်လာခဲ့ရှာသည်၊ သူ့သားသမီးများကို တ၀ကြီးနမ်းရှိုက်သွားချင်သည်လေ၊

Saturday, August 6, 2011

ဝမ်းသာ ၀မ်းနည်း

စာရေးသူတို့သူငယ်ချင်းတစ်ခု frist term ပြီးသဖြင့် ပင်လယ်ကမ်းခြေသို့ သွားကြသည်၊ ပင်လယ်ကမ်းခြေ ဆိုပေမဲ့လည်း စာရေးသူတို့နေရာ နိုင်ငံသည် အိန္ဒိယပင်လယ် အတွင်းမှာ ရှိသော ကျွန်းလေးဖြစ်သဖြင့် ပင်လယ်က ၀ိုင်းရံထားပြီးသားပါ၊ ပင်လယ်ကမ်းခြေသွားတယ်ဆိုလို့ ညအိပ် ခရီးထွက်တာမျိုး မထင် လိုက်ပါနဲ့နော်၊ တစ်နာရီကျော် လောက် မောင်းလိုက်ရင် ကမ်းခြေ ရောက်တော့တာပါပဲ။

မြို့  ထဲကတောင် မထွက်ရသေးဘူး၊ အဖြစ်အပျက်တစ်ခုနဲ့ ကြုံရတော့သည်၊ မီးပွိုင့်တစ်ခုမှာပါ၊ စာရေးသူတို့ ကားလည်း မီးပွိုင့်မိနေသဖြင့် ရပ်နေရသည်၊ ဖြစ်ချင်တော့ မီးစိမ်းပြထားသော လမ်းကြောမှ ကားတစ်စီးက ဘာဖြစ်သွားမှန်းမသိ၊ မီးပွိုင့်အကွေ့မှာပဲ ရပ်သွားသည်၊ လမ်းကြောရှင်းတာဝန်ယူထားတဲ့ ရဲသား (မော်တော်ပီကယ်၊ ယာဉ်ထိန်းရဲကို မော်တော်ပီကယ်လို့ပဲ မြန်မာပြည်မှာ ခေါ်ဝေါသုံးစွဲကြသည်၊ ဘယ်စကားကို ကြည့်သုံးကြသလဲဆိုတာကိုတော့ စာရေးသူ မသိပါ) တစ်ယောက်က သူ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နေသည်၊ ဘေးတစ်နေရာမှာ ရှိနေသော ရဲသား သုံးလေးယောက်က ထိုးရပ်သွားသော ကားကို ၀ိုင်းတွန်းပြီး လမ်းဘေးချရပ်သည်၊ ပြီးလျှင် သူတို့ကိုယ်တိုင်ပဲ ကားကို ပြင်ကြသည်၊ တစ်ချို့  ရဲသားက ရယ်လျှက် တစ်ချို့  ရဲသားက ပြုံးလျှက်၊ စာရေးသူ သူတို့မြင်ကွင်းကို ကြည့်လို့မ၀သေးခင်မှာပဲ စာရေးသူတို့ကားက ထွက်ခွါသွားရသည်၊ သူတို့ကို စာရေးသူတို့ကားက ကျော်သွားခဲ့ပေမဲ့ စာရေးသူရဲ့  မျက်စိထဲမှာ သူတို့ပုံရိပ်တွေက ကပ်ပါလာခဲ့သည်၊ သူတို့ကို ကြည့်ပြီး သူတို့စိတ်ဓာတ် သူတို့လူမျိုးအပေါ် ချစ်တတ် သိတတ် ကူညီတတ် တာဝန်ကျေပွန်တတ်တဲ့ စိတ်လေးတွေအတွက် လွန်စွာမှကို ၀မ်းသာမိသည်၊ စာရေးသူက"သူတို့ ရဲသားတွေက သိပ်တော်တယ်နော်၊ ပြည်သူတွေက သိပ်ချစ်ကြမှာပဲ " လို့ ဘေးမှ သူငယ်ချင်းကို ပြောမိသည်၊ သူငယ်ချင်းက "အေး ဒီနိုင်ငံက ၀န်ထမ်းဆိုတာ ပြည့်သူဝန်ကို ထမ်းဆောင် ထမ်းရွက် လုပ်နေတဲ့သူတွေလေ၊ သူပြည်တွေကို ကူညီဘို့ စောင့်ရှောက်ဘို့  ပြည်သူတွေအတွက်အလုပ်လုပ်ဘို့ တာဝန်(ရာထူး)တွေ ရယူထားကြတာ၊ သူတို့ ကိုယ်ကျိုးအတွက်လုပ်ဘို့ တာဝန်(ရာထူး)တွေကို လုယူထားကြတာ မဟုတ်ဘူး " လို့ သူ့အတွေး လေးများကို ပြောပြသည်။

အင်း စာရေးသူတို့ နိုင်ငံမှာရော ဒီလိုမျိုးပဲလား၊ ဒီထက်တော်နေမလား၊ ဒီထက်ဆိုးနေမလား၊ ဒီလောက်ထိ အဆင့်အခြေအနေ ရှိနေလား၊ စသည်စသည်ဖြင့် စဉ်းစားနေမိသည်၊ ဒီလိုအဖြစ်မျိုးသာ စာရေးသူတို့ နိုင်ငံက မီးပွိုင့်မှာ ကြုံခဲ့လျှင် -------။ မန်းမှာ နေစဉ်က၊ တစ်နေ့ စာရေးသူတို့ နောင်တော်တစ်ပါး ရန်ကုန်ကို သွားသည်၊ ကျောင်းကားနဲ့လိုက်ပို့သည်၊ ဘူတာရုံကိုပေါ့၊ ဖြစ်ချင်တော့လေ ကျုံးဒေါင့်က မီးပွိုင့်မှာ ကားက ပျက်ပါလေရော၊ ဘယ်သူမှ လာမကူပါဘူးနော်။ အင်း သူတို့လာမကူတာထက် လာမငေါက်တာကိုပဲ ကျေးဇူးတင်နေရသည်၊ စာရေးသူတို့အဖွဲ့ မီးပွိုင့်မှာ ကားတွန်းခဲ့ရသည်၊ အဲဒီအချိန်တုန်းက စိတ်ထဲမှာ  "မကူညီ တတ်မှန်း သိနေလို့လားတော့ မသိ " အကူညီ ရယူလိုစိတ် လုံးဝမဖြစ်မိပါ၊ ဘာညာဘာညာ လာပြောမှာကိုပဲ စိတ်ထဲမှာ ပူပန်နေမိကြသည်၊ တစ်ခါကလည်း စာရေးသူရဲ့  သူငယ်ချင်း တစ်ယောက် မြို့ ထဲသွားသည်၊ ကားသမားနဲ့သူနဲ့၊ ဖြစ်ချင်တော့ ကားက (၃၅)လမ်း မီးပွိုင့်မှာ ပျက်သွားသည်၊ ဘယ်လိုမှ မတတ်နိုင်ဘူး၊ သူငယ်ချင်းခမျာ တစ်ယောက်တည်း နောက်ကနေ တွန်းနေရသည်၊ ဘေးနားမှာ--- ရှိနေကြပါသည်၊ လာမကူညီကြပါ၊ အကူညီသွားတောင်းလျှင်တော့ ဟိ " ငါတို့နဲ့ ဘာဆိုင်လဲ၊ ငါတို့အလုပ် က မီးသီးတွေကို ကြည့်ဘို့အလုပ်ပဲ" ဟု ပြန်ဖြေမလားပဲနော်၊ သူငယ်ချင်းတွန်းနေတာကို မကြည့်ရက်တဲ့ ဘေးဆိုင်းများမှ လူများက ကူညီတွန်းပေးသဖြင့် အဆင်ပြေသွားခဲ့သည်။

အင်း စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရပုံများ သူငယ်ချင်း ကြုံတွေ့ခဲ့ရပုံများကို ပြန်လည်မြင်ယောင်မိတော့ ၀မ်းနည်းမှု့တွေ များစွာနဲ့ပေါ့၊ ခုမြင်လိုက်ရတဲ့ အဖြစ်အပျက်နဲ့ ယှဉ်ကြည့်မိတော့ ပိုလို့ ပိုလို့ ၀မ်းနည်းစွာ ဖြင့် -----------