ခုရေးသားသော အကြောင်းအရာများမှာ ဖြစ်ရပ်မှန်များသာ ဖြစ်သည်၊ ပရလောကဟူသည် ၀ိညာဉ်ဖြင့် တည်နေသော ဘ၀မဟုတ်၊ လူ့ဘ၀ကဲ့သို့ ဘ၀တစ်ခုဖြင့်တည်နေသော ဘ၀သာ ဖြစ်သည်၊ (ပရလောက- ဟူသည် ပရ - မိမိတို့မှ တခြားသော၊ လောက - လောက ဘ၀ဟု သဘောကောက်ယူရသည်)၊ လူ့ဘ၀နဲ့ ကြည့်လျှင် လူ့ဘ၀မှ တခြားသော ခွေး နွား စသည်တို့သည်လည်း မြင်ရသော ပရလောကပင်ဖြစ်သည်၊ မမြင်ရသောပရလောကလည်း ရှိသည်၊ ထိုမမြင်ရသော ပရလောကသည်လည်း မြင့်သောဘ၀ နိမ့်သော ဘ၀စသည်ဖြင့် အမျိုးမျိုးရှိသည်၊ နတ်ပြည်ခြောက်ထပ်မှနတ်များ ဗြဟ္မာပြည်မှ ဗြဟ္မာများသည် မြတ်သော ဘ၀ကို ပိုင်ဆိုင် ထားကြသော ပရလောကသားများဖြစ်ကြသည်၊ အစားရေစာ ခေါင်းပါး ငတ်ပြတ်သော ပြိတ္တာများ နေစရာ ၀တ်စရာရှားပါးသော ပြိတ္တာများ ရုပ်ရည်အဆင်း ဆိုးရွားသော ပြိတ္တာများတို့သည် နိမ့်ကျသော ပရလောကသားများဖြစ်ကြသည်။
လူတို့ကြောက်လန့်ကြသော ပရလောကသားများသည် လူတို့ကို အန္တရာယ်ပြုနေသည်တော့ မဟုတ်၊ သူတို့အလုပ် သူတို့လုပ်နေကြခြင်းသာ ဖြစ်သည်၊ လူတွေစွန့်ပစ်ထားသော အသိုးအပုတ်များကို ရှာဖွေစား သောက်ကြချိန် လူတွေနဲ့ မတော်တဆ တွေ့ဆုံတတ်ကြသည်၊ ထိုသို့တွေ့ဆုံခြင်းကို ခြောက်လှန့်သည်ဟု ထင်မှတ်ကြသည်၊ နေစရာမရှိလို့ ဟိုသွားဒီသွားလုပ်နေချိန်မှာလည်း တွေ့တတ်ဆုံတတ်ကြသည်၊ ဒါကိုလည်း လိုက်လံ နှောယှက်နေသည် ခြောက်လှန့်နေသည်ဟု ထင်မှတ်ကြသည်၊ တကယ်တမ်းကြတော့ အထက်မှာ ပြောပြခဲ့သော ပြိတ္တာများသည် လူတွေကို အန္တရာယ် မပြုနိုင်ပါ၊ အားနည်းသူသည် အားကြီးသူကို အန္တရာယ်မပြုနိုင်သကဲ့သို့ဖြစ်သည်၊ သို့သော် လူများစွာသည် ထိုသို့သော ပြိတ္တာများကို မြင်လျှင် တွေ့လျှင် ကြောက်လန့်တတ်ကြသည်၊ စာရေးသူ အပါအ၀င်ဖြစ်သည်၊ လူတွေကို ဒုက္ခပေးနိုင်သော ဘီးလူးသတ္တ၀ါ များကိုတော့ ကြောက်လန့်သင့်သည်ပေါ့နော်၊ ကျန်တဲ့ အထက်မှာ ပြောပြခဲ့သော ပြိတ္တာ များကိုတော့ မြွေဆိုးလောက် ကြောက်စရာမလိုပါ၊ စာရေးသူ စဉ်းစား ကြည့်မိသည်၊ " မမြင်ဖူးသောကြောင့်၊ အမြင်တစ်မျိုး ထူးနေသောကြောင့် ကြောက်လန့်ကြတာ ဖြစ်မည် " ဟု၊ ပြိတ္တာတွေ မဆိုထားနဲ့ ကိုယ့်အမြင်နဲ့ မရင်းနှီးသော ရုပ်ရည်အရမ်းဆိုးဝါးနေသော လူအချင်းချင်း မြင်တွေ့လျှင်တောင် ကြောက်လန့်ကြသည့် သဘောရှိသည်၊ စာရေးသူလည်း ငယ်ငယ်က လူတစ်ယောက်ကို ကြောက်လန့်ဖူးသည်၊ ခုထိ အဲဒီလူကို မြင်လျှင် ကြောက်လန့်နေဆဲပါ၊ ထိုလူသည် မိန်းမကြီးဖြစ်သည်၊ စာရေးသူတို့ရွာမှာ ဆုံးမ(ကဝေမ)လို့ နာမည်ကြီးသော မိန်းမကြီးဖြစ်သည်၊ သူ့မျက်နှာ သူ့မျက်လုံး သူ့အကြည့်တွေကို လူတိုင်းလိုလို ကြောက်လန့်ကြသည်၊ တစ်နေ့ စာရေးသူတို့တော အရှေ့ ခြမ်းက လမ်းကျည်းလေးထဲမှာ ဆုံမိကြသည်၊ စာရေးသူက တောသို့ အသွား ထိုအဖွားကြီးက ရွာကို အပြန် ဆုံမိခြင်း ဖြစ်သည်၊ မမျော်လင့်ဘဲ ဆုံမိချိန် စာရေးသူ တစ်ကိုယ်လုံး ကြက်သီးမွေးညှင်းတွေ ထသွားသည်၊ ခေါင်းနားပန်းတွေ ကြီးသွားသည်၊ လက်ဖျား ခြေဖျားတွေ အေးစက်သွားသည်၊ ထို အဖွားကြီးသည် စာရေးသူ မမြင်ဖူးသော သူမဟုတ်၊ သို့သော် အမြင် မရင်နှီးသော သူဖြစ်သည်၊ သူမှန်း သိလျှင် ရွာသားတိုင်းက သူ့ကို မကြည့်ကြ၊ စာရေးသူလည်း မကြည့်ဖြစ်၊ ထို့ကြောင့် အမြင် မရင်းနှီးခြင်းဖြစ်သည်။
မည်မျှပင် ကြောက်စရာကောင်းသော လူတစ်ယောက်ဖြစ်နေပါစေ သူနဲ့ အတူနေတာများလာလျှင် မြင်ရဖန် တွေ့ရဖန်များလာလျှင် မကြောက်တော့ပါ၊ ထို့ကြောင့် ပရလောကသားတွေအပေါ်မှာ မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပြီးနေသော ဆရာတော်များ လူပုဂ်ဂိုလ်များသည် ပရလောကသားများကို ကြောက်စိတ်မရှိ၊ သူငယ်ချင်း လူရင်းလို သဘောထားနိုင်ကြသည်၊ " စိတ်ဓာတ်ချင်း ရင်းနှီးနေခြင်းသည်လည်း ကြောက်စိတ်ကို ဖယ်ရှားပစ်နိုင်သည် " ၊ စာရေးသူကိုယ်တိုင် ကြုံတွေ့ဘူးသော အရာသည် အိပ်မက်လိုလို တကယ်လိုလို ဖြစ်နေသဖြင့် ထိုအကြောင်းအရာကို နောက်မှ ရေးသားပါမည်၊ ခုတော့ တကယ်ဖြစ်ပျက်ခဲ့သော စာရေးသူ ကိုယ်တိုင် ကြားနာသိခဲ့ရသော အဖြစ်အပျက်များကို ရေးသားပါမည်။
စာရေးသူ၏ တစ်ပည့်တစ်ယောက်၊ သူ့နာမည်က စန္ဒာဝရ တဲ့၊ တစ်ရက်မှာ သူ့ဇာတိ မိုးသောက်ရွာသို့ ပြန်သွားသည်၊ (သူသည် ပြိတ္တာများကို မျက်ဝါးထင်ထင် မြင်တွေ့ဘူးသူဖြစ်သည်၊ စာရေးသူက မမြင်ဘူးပါ၊ စိတ်ဝင်စားမှု့တော့ အပြည့်ရှိသည်)၊ သူသည် ရွာကို ညနေ ၄- နာရီလောက်မှာ ရောက်သွားသည်၊ ရောက်ပြီး ကျောင်းသို့အရင်မ၀င်ဘဲ သူ့မိဘအိမ်ကို အရင်ဝင်သည်၊ မိဘကို သားချောလေးမျက်နှာ ၀င်ပြသည့် သဘောပေါ့၊ မိဘ မောင်နှမတို့နဲ့ စကားများ ပြောနေလိုက်တာ ညတော်တော်နက်သွားသည်၊ သူပြန်မယ် လုပ်တော့ မောင်နှမတွေက လိုက်ပို့မယ့်အကြောင်း ပြောသည်၊ လလည်းသာနေသဖြင့် သူက မလိုကြောင်း ပြန်ရဲကြောင်း ပြန်ပြောခဲ့သည်၊ မောင်နှမတွေက " အဖော်ထည့်ပေးလိုက်ရမလား " လို့ စလိုက် နောက်လိုက် ကြသေးသည်၊ သူကလည်း " အေး ကောင်းတာပေါ့ " လို့ ပြန်ပြောခဲ့သည်၊ သူသည် ကျောင်းသို့အသွားတွင် ပုံမှန်လမ်းမှ မသွားဘဲ နီးသော ဖြတ်လမ်းမှ သွားသည်၊ သူသွားသောဖြတ်လမ်းသည် အိမ်ဝန်းတစ်ခုအတွင်းမှ ဖြတ်သွားရသည်၊ ထိုအိမ်ဝန်းထဲတွင် လူများ မအိပ်ကြသေး၊ သူလည်း နှုတ်ဆက်ပြီး ကျောင်းသို့ ဆက်သွားသည်၊ ဘုန်းကြီးကျောင်းသည် ရွာနဲ့ သိပ်မဝေးပါ၊ ဘုန်းကြီးကျောင်းနဲ့ ရွာကြားတွင် စာသင်ကျောင်း ရှိသည်။
သူလည်း ဘုန်းကြီးကျောင်းအနီးရောက်တော့ မြောက်ဘက်အ၀င်ပေါက်ဝမှာ လူတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်၊ ထိုလူကို နောက်ဘက်မှ မြင်ရသည်၊ နောက်ဘက်မှ မြင်ရသော်လည်း သူဖြတ်လာသော အိမ်မှ ကိုအံ့မောင် (နာမည် အရင်းမဟုတ်ပါ) ဖြစ်ကြောင်းကို သိလိုက်သည်၊ သူက ကိုအံ့မောင်ဟု ခေါ်လိုက်သည်၊ ထိုလူသည် နောက်ဘက်ကို လှည့်သည်၊ ခေါင်းသည် ပုံစံသာ ရှိသော်လည်း တကယ်တမ်းမှာတော့ မျက်နှာမပါ၊ သူတော်တော်လေး လန့်သွားသည်၊ ခုလို မျက်ဝါးထင်ထင်မြင်တွေ့ရခြင်းသည် သူ့ဘ၀မှာ ပထမဆုံးလည်း ဖြစ်သည်၊ သူလည်း လန့်ဖြန့်ပြီး နောက်ကို ပြန်ပြေးသည်၊ ရွာထဲသို့လည်း မ၀င်လို ၊ ရှက်လည်း ရှက်မိသည်၊ ဒါနဲ့ ကြံရာမရဖြစ်ပြီး စာသင်ကျောင်းထဲက ကျောင်းဆရာလင်မယား အိမ်သို့ သွားလိုက်မိသည်၊ ကျောင်းဆရာလင်မယားကို နှီုးသည်၊ သို့သော် မည်မျှ အိပ်ကောင်းနေကြသည် မသိ၊ ကျောင်းဆရာ လင်မယားက မနိုး၊ ဒါနဲ့သူလည်း ကျောင်းတောင်ဘက်ပေါက်ဝမှ ၀င်ရန် ပြင်ရတော့သည်၊ ကျောင်းတောင်ဘက်ပေါက်ဝသို့ ရောက်တော့လည်း ထို လူသည် ရောက်နေပြန်သည်၊ သူ အားကုန် ကြောက်လန့် သွားတော့သည်၊ ဒါနဲ့ မဖြစ်ချေတော့သဖြင့် ကျောင်းဆရာလင်မယားကို အရနှိုးရတော့ သည်၊ အိပ်ချင်မူးတူးနဲ့ပါပဲ၊ သူတို့ စည်းဇိမ်ကို လာဖျက်ဆီး ရမလားဆိုပြီး မျက်နှာတွေကလည်း မအီမသာနဲ့၊ သူက အကြောင်းစုံ ရှင်းပြပြီး လိုက်ပို့ပေးဘို့ ပြောသည်၊ ကျောင်းဆရာ လင်မယားကလည်း လိုက်မပို့ပေးရဲဘူးတဲ့၊ ဒါနဲ့ သူတို့ မနက်လင်းတဲ့အထိ စကားထိုင်ပြော နေလိုက်ကြသည်။
မနက်လင်းမှ ကျောင်းသို့ ၀င်ရသည်၊ ကျောင်းရောက်လို့ မကြာပါဘူး၊ ညက ကိုအံ့မောင် သေဆုံးသွားကြောင်း လာလျှောက်ထားသူများနဲ့ ဆုံရတော့သည်၊ သူ ညက ဖြစ်ပျက်ခဲ့ချိန်နဲ့ ကိုအံ့မောင် သေဆုံး သွားချိန်ကို ပြန်လည် တွက်ကြည့်တော့ သူ မောင်နှမတွေနဲ့ စကားပြောနေချိန်မှာ ကိုအံ့မောင် သေဆုံးခဲ့ခြင်းဖြစ်သည်၊ သိရမှ ပိုကြောက် လာမိသည်။
သူက စာရေးသူကို " ခုတော့ သိပ်မကြောက်တော့ဘူး၊ တွေ့ဘူး ကြုံဘူး ထားတော့လေ " လို့ ပြောသည်၊ သူသည် ငယ်ငယ်ကလည်း ကြောက်စရာကောင်းသည့် အလုပ်တစ်ခုကို လုပ်ခဲ့ဘူးသည်၊ အထက်ပါ အဖြစ်အပျက် ဖြစ်ခဲ့စဉ်က သူ့အသက်သည် (၂၄) နှစ်၊ သူငယ်ငယ်က ရွာထဲမှာ ပိုးထိပြီး သေခဲ့သော လူတစ်ယောက်ရှိသည်၊ ထိုလူကို ရွာထဲသို့ ပြန်သွင်းခွင့်မရှိ၊ ထို့ကြောင့် ရွာပြင် လည်ကွင်းထဲမှာ ထားသည်၊ အလောင်းစင် နဲ့ ထားသည်၊ ထိုလူကို ထားသော နောက်ဆုံးညတွင် သူနဲ့ သူငယ်ချင်း တစ်ယောက် ညမှောင်မှောင်မှာ ရွာထဲသို့ သွားကြသည်၊ အပြန်မှာတော့ သူ့သူငယ်ချင်းက အလောင်းစင်၏ ထိပ်မှာရှိသော စက္ကူကို လက်တည့်စမ်းမည်ဟု ပြောပြီး ခဲတစ်လုံးကောက်ကာ ပစ်လိုက်သည်၊ တားချိန်ပင် မရလိုက်၊ ခဲသည် စက္ကူကို မမှန်ပဲ အလောင်းထည့်ထားရာ ခေါင်းကို မှန်သွားသည်၊ ခဲလုံးကလည်းကြီး ပစ်အားကလည်း သန်ဆိုတော့ အလောင်းစင် ယိုင်နဲ့သွားသည်၊ သူ့သူငယ်ချင်းသည် အားသန်သည်၊ အလောင်းစင် ယိုင်လှုပ်နေတော့ အမြန်သွားပြီး အလောင်းစင်ကို ထိမ်းကိုင်ထားခဲ့ရသည်၊ ကလေးများမို့လား မသိ၊ သိပ်မကြောက်တတ်ခဲ့၊ ထိုအချိန်က သူ့အသက်သည် (၁၅) နှစ်လောက် ဖြစ်မည်။
မည်သို့ပင် ဖြစ်စေ ထိုအဖြစ်အပျက်များသည် ထိုတပည့်လေး တစ်ဦး၏ ကိုယ်တွေ့ ဖြစ်ရပ်မှန်ဖြစ်သည်ဆိုတာ ကိုတော့ သိစေချင်ပါသည်၊ နောက်ပြီး မမြင်ရသော ပရလောကသားများကို မလေးမစား မလုပ်သင့်ကြောင်း ကိုလည်း သိထားစေချင်သည်၊ ကိုယ်မမြင်ရလို့ မရှိဘူးလို့ တရားသေ မမှတ်စေချင်ပါဘူး၊ ဘုရားရှင်သည် နှစ်ခွန်းသော စကားကို ဆိုရိုးမရှိပါဘူး၊ ရှိမှသာ ရှိတယ်လို့ ပြောဟောပါသည်၊ ဘုရားရှင်သည် ပြိတ္တာတွေ ရှိတဲ့အကြောင်းကို ကြုံတိုင်း ဟောပြောခဲ့သည်၊ " ပရလောကသားတွေဟာ ၀ိညာဉ်နဲ့တည်နေသူတွေ မဟုတ်ပါဘူး၊ ကုသိုလ်ကံနည်းပါးသောကြောင့် မပြည့်မစုံ ဆင်းဆင်းရဲရဲ နေနေရသော ဘုန်းကံမွဲ အဆင့်တန်းနိမ့် သတ္တ၀ါ တစ်မျိုးသာ ဖြစ်ပါတယ် " ဆိုတဲ့ အချက်လေးကို သိစေချင်သည်--------- ---------
No comments:
Post a Comment