ယခုရေးမည့်အကြောင်းအရာသည် စာရေးသူကိုယ်တိုင် ကြားသိခဲ့ရသော အကြောင်းအရာ အဖြစ်အပျက် တစ်ခုဖြစ်သည်၊ စာရေးသူမ အဖွားစောခင် (အဖေ၏ အဖေ)၏ ညီမ အဖွားလေးစောရင် ဇာတ်ကြောင်းလေးကို ပြောပြပါမည်။ တစ်နေ့မေမေနဲ့ စာရေး သူတို့ အဖွားလေးဆီကို သွားကြသည်၊ အဖွားလေးမှာ အိပ်ခန်းထဲတွင် ပက်လက် အိပ်နေရသည်၊ အဖွားလေးကို စာရေးသူကိုယ်တိုင် တွေ့မြင်ခဲ့ရ သည်၊ ဘယ်ဘက်သားမြတ်မှာ အကျိတ်ပေါက်နေသည်၊ အကျိတ်မှာလည်း အပေါက်ကြီးဖြစ်နေသည်၊ အပေါက်ဖြစ်ရခြင်းမှာ သူ့ခင်ပွန်း ထွေးမုန်းက ဓားရိုးကို မီးအုံးပြီး ထိုးဖောက်ပစ်ခြင်းကြောင့် ဖြစ်သည်၊ ထိုသို့ထိုးဖောက်ခိုင်းတာက အဖွားလေးကိုယ်တိုင် ပင်ဖြစ်သည်၊ အကြောင်းမှာ အရမ်းကို ယားယံနေခြင်းကြောင့် ဖြစ်သည်၊ ထိုသို့ပင် ထိုးဖောက်ပစ်သော် လည်း အယားမပြေဟု သိရသည်၊ ထိုအနာပေါက်ထဲမှ ငါးအရိုးများ ဆံထွေများ တွေ့ရသည် ထွက်လာသည်ဟုလည်း ကြားသိရသည်၊ အနာမှ ထွက်သော အရည်များနဲ့ ရွဲစိုနေသည်၊ စာရေးသူတို့လည်း အဖွားလေးကို ကန်တော့ပြီး ပြန်လာခဲ့သည်။
နောက်နေ့တွင် မေမေက (မေမေ့ အကိုလတ်) ဦးလေးအောင်သျှံ ရှိရာ တောင်ခရမ်းမြို့သို့ အလည် သွားမည်ဖြစ်သဖြင့် သွားရောက်ကန်တော့ခြင်းဖြစ်သည်၊ နောက်နေ့တွင် စာရေးသူလည်း တောမှာ အဆော့လွန်ပြီး ခြေဖမိုးကို ငုတ်ထိုးမိသည်၊ ထိုငုတ်သည် အသားထဲသို့ တော်တော်လေး နက်စွာ ၀င်သွားသည်၊ ပြန်ထွင်ယူရလျှင် ဘေးသားများကို တော်တော်များများ ချဲ့ထွင်ပစ်ရမည် (သို့) ခွဲစိတ် ပစ်ရမည်၊ ထို့ကြောင့် စာရေးသူလည်း ပေကပ်နေလိုက်သည်၊ နောက်ငါးရက်လောက်တွင် အဖွားလေး ဆုံးပါသည်၊ အဖွားလေးဆုံးသောနေ့တွင် စာရေးသူလည်း အသုဘပို့ခရီးကို လိုက်ပို့ဖြစ်သည်၊ အိမ်ပြန်ရောက်တော့ ခြေဖမိုးမှ ငုတ်သည် သူ့ဘာသာ ထွက်ကျနေခဲ့သည်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ ထွက်ကျနေခဲ့သည် မသိပါ၊ “ အသုဘပို့ရင် ငုတ်ဆူးတာတို့ ဆူးစူးတာတို့ အသားထဲမှာ ကျန်နေခဲ့ရင် သူ့ဘာသာ ထွက်ကျတတ်သည် ” ဟူသော ပြောစကားသည် မှန်နေသလိုရှိသည်၊ မေမေသည် အဖွားလေး ၇ - ရက် ရက်လည်ဆွမ်းကပ် အမီသည်။ မေမေပြန်လာတော့ " အင်း တောင်ခရမ်းမှာတုန်းက မီးခိုးလုံးကြီးက ကွေးကွေး ကောက်ကောက်ကြီး နောက်ကတိုင် လိုက်လာတယ်လို့ အိပ်မက်တာ၊ ထူးဆန်းတာနဲ့အဲဒီရက်ကို မှတ်ထားတာ၊ အဖွားလေး ဆုံးတဲ့ရက်ဖြစ်နေတာကိုး " ဟု ပြောပြသည်၊ တိုက်ဆိုင်မှု့လို့ပဲ ထားလိုက်ပါတော့။
အားလုံးက မေမေကလေးပြတ်ပြီဟု ထင်နေကြသည်၊ အငယ်ဆုံးညီမလေးနဲ့လည်း တော်တော်လေး နှစ်ခြားနေပြီပဲ၊ ကလေးမရတာ၊ မွေးထားတာကလည်း ကြည့်လိုက်ဦးလေ၊ ရှစ်ယောက်တောင် ရှိနေပြီ၊ တစ်နေ့အဖွားလေးရဲ့ သမီး (၀င်းမြိုင်လား တင်မြိုင်လား မမှတ်မိတော့)က " အစ်မ ငါ ညက အိပ်မက်တယ်၊ မေမေက ငါတို့အိမ်ကိုမလာတော့ဘူးတဲ့၊ နင်တို့အိမ်မှာပဲ နေတော့မှာတဲ့၊ နင့်မှာ ကိုယ်ဝန်များရှိ နေလား၊ ငါ့အိပ်မက်က ထူးဆန်းနေလို့ " ဟုပြောသည်၊ မေမေကလည်း " ဟယ် ငါ့မှာ ကိုယ်ဝန် မရှိနိုင် လောက်တော့ပါဘူး " လို့ ဖြေသံကို စာရေးသူကိုယ်တိုင်ကြားရသည်၊ အဖွားလေးသည် စာရေးသူတို့ မောင်နှမတစ်ခုကို သိပ်ချစ်သည်၊ မေမေက စည်းကမ်းသိပ်ကြီးသည်၊ တစ်ခုခု မဟုတ်တာလုပ်ရင် နာဘို့သာပြင်ပဲ၊ အဖွားလေးက တောကပြန်လာလျှင် စာရေးသူတို့အိမ်ဘေးလမ်းမှ ပြန်သည်၊ စာရေးသူတို့ ငိုသံကြားလျှင် မေမေ့ကို " ကလေးတွေကို သိပ်သိပ်ပြီး မရိုက်နဲ့ဟဲ့၊ နင် ရိုက်အောင် မွေးထားသလား " လို့ ပြောလေ့ရှိသည်၊ ဒီလိုနဲ့ နေ့တွေလတွေကုန်လာသောအခါ မေ့မေ့မှာ ကိုယ်ဝန်ရှိနေတာကို သိလာရသည်၊ မေမေကိုယ်တိုင်ပင် အံ့သြရသည်၊ အဖွားလေးသမီးလည်း အိပ်မက်တွေ မက်မက်နေတဲ့အကြောင်း ကြားနေရသည်၊ မေမေ မွေးဖွားခါနီးတွင် " မမ၊ ငါ ညက အိပ်မက်ပြန်တယ်၊ မေမေက နင်တို့အိမ်မှာပဲနေမယ်လို့ ပြောတယ်၊ အမေတစ်ယောက်တည်းလားလို့မေးတော့ နှစ်ယောက်လို့ ပြောသွားတယ်၊ နင်အမွှာလေးများ မွေးနေမလားဟယ် " လို့ပြောသည်၊ မေမေကလည်း " မပြော တတ်ဘူး၊ ဗိုက်ကတော့ တော်တော်ကို ကြီးနေသလိုပဲ " လို့ ပြောသည်။
အင်း ဟုတ်ပါသည်၊ တကယ်တမ်းမွေးလာတော့ ယောက်ျားလေး အမွှာပါ၊ ညီလေးတို့မှာ ငိုလိုက်တာ ဘယ်လိုမှ ချော့လို့မရပါ၊ အဲဒါနဲ့ လာပြန်ပြီ နတ်ကတော် ခေါ်မေးရသည်၊ နတ်ကတော်ကတော့ သူတို့အရင်ဘ၀က အ၀တ်အစားတွေသာ ပတ်ပေးထားလိုက်၊ အငိုတိတ်သွားလိမ့်မယ်လို့ ပြောသည်၊ အရင်ဘ၀က ဘယ်သူတွေလဲလို့မေးတော့ အရင်မွေးတာက အဖွားလေးတဲ့၊ နောက်မွေးတာက အဖွားလေးရဲ့ တစ်ဝမ်းကွဲမောင်လေး (ရွာမှာတော့ ထွန်းရင်ကြီးလို့ခေါ်သည်၊ သူ့ထက်ငယ်တဲ့ ထွန်းရင်တစ်ယောက်ရှိနေသောကြောင့် ကြီးထည့်ခေါ်သည်၊ သူသည် အဖွားလေး ထက်အရင် တစ်လလောက်ကမှ ဆုံးသွားသူဖြစ်သည်)တဲ့၊ ပြီးတော့ " အငယ် ကောင်လေးက ဘ၀ပြောင်းမလာဘူး၊ အရင်ဘ၀ကလည်း ယောက်ျားလေး ဒီဘ၀မှာလည်း ယောက်ျားလေး၊ ဒါကြောင့် ဒီကောင်လေးကို ပြန်မခေါ်နိုင်အောင် ဘ၀ပြောင်းရမယ် " ဆိုပြီး ပဲစေ့ ၉စေ့လား ၇ စေ့လား မမှတ်မိတော့ပါ၊ အဲဒါကို ကျွမ်းနေအောင် လှော်ရသည်၊ ပြီးမှ သုသာန်ဘက်မျက်နှာမူပြီး ဒီပဲစေ့များ အပင်ပြန်ပေါက်မှ ဒီအငယ်ကောင်လေးကို ပြန်ခေါ်ပါလို့ ပြောပြီး အတွင်းတူးပြီး မြှုတ်ထားရသည်၊ အဲဒီကိစ္စကို ဖေဖေလုပ်သည်၊ အကြီးကောင်လေးကတော့ ကိစ္စမရှိ၊ ဘ၀ပြောင်းလာပြီးပြီတဲ့၊ အရင်ဘ၀က ကောင်မလေး ဒီဘ၀ ယောက်ျားလေးဆိုတော့ ဘ၀ပြောင်းပြီးသားတဲ့၊ သူ့အတွက်လုပ်စရာမလိုခဲ့၊ အဲလိုလည်း ပြောလိုက်ရော သူတို့အိမ်များသို့ သွားပြီ အကူညီတောင်းရသည်၊ အကူညီတောင်းသည် ဆိုသော်လည်း အဖွားလေးသမီးများရှိနေသဖြင့် သူ့တို့မိခင် အ၀တ်အထည်များကို သူတို့ကိုယ်တိုင် မြန်မြန်ပြန်ယူသည်၊ ဦးထွန်းရင်ကြီး အိမ်ကိုတော့ အကူညီတောင်းရ သည်ပေါ့၊ အင်း ခက်တာက ထိုထိုအ၀တ်များနဲ့ထိလိုက်တယ်ဆိုရင်ပဲ အလိုလိုအငို တိတ်သွားကြသည့် အချက်ပင်။
သူတို့လေးတွေ တစ်နှစ်မပြည့်ခင်မှာပဲ စာရေးသူ မန္တလေးသို့ ထွက်ခဲ့သဖြင့် သူတို့လေးတွေရဲ့ထူးခြားမှု့ကို တိတိကျကျ မသိခဲ့ရပါ၊ ပြောပြကြသည်ကတော့ သူတို့လေးတွေ စကားပြောတတ်ချိန်မှာ မေးရင် ပြောပြကြောင်းသာ သိရသည်၊ အင်း အဖွားလေးတို့တောသည် ရွာနဲ့ သုံးမိုင်ဝေးသည်၊ ထိုတောသို့ ခုချိန်ထိ စာရေးသူ တစ်ခေါက်သာ ရောက်ဖူးသည်၊ ဝေးလို့ မသွားဖြစ်၊ ကလေးသာ ရှိသေးသော အကြီးကောင်က ထိုတောကို အခေါက်ပေါင်းမြောက်များ စွာ ရောက်ဖြစ်ခဲ့သည်၊ သူ့အရင်ဘ၀က သားသမီးများကလည်း ခေါ်သည်၊ ဖေဖေမေမေတို့ကလည်း သိထားသဖြင့် အကြီးကောင်လိုက်လိုက မတားကြ၊ အကြိးကောင်ကလည်း အဖွားလေး သမီးများ တောအသွားကိုပဲ အိမ်မှ ထိုင်မျော်နေသည်တဲ့၊ သူ့အရင်ဘ၀က ခင်ပွန်း ဘလေးထွေးမုန်းက နောက်မိန်းမ ယူတော့မှာတဲ့လို့ စရင် ငိုသတဲ့၊ ထမင်း မစားဘူးတဲ့၊ စကား မပြောဘူးတဲ့၊ တကယ်လား အဟုတ်လားလို့လည်း ခဏခဏမေးတတ်သတဲ့၊ နောက်တာပါ စတာပါ လို့ပြောမှ ပုံမှန်အမူအရာပြန်ဖြစ်သတဲ့၊ ခုတော့ အငယ်ကောင်က ၉ တန်းရောက်နေပါပြီ၊ အကြီးကောင်က သာသနာဘောင်မှာ ပျော်အောင်နေမှာလို့ ပြောသဖြင့် ကိုရင်ဝတ်ပေးပြီး စာသင်နေသည်၊ ၆ တန်းအောင်ပြီး ကျောင်းဆက်ထားလို့မရ၊ ကိုရင်ပဲ ၀တ်ချင်သည်တဲ့လေ၊ အင်း အထုံပါရမီတွေက ဘယ်လိုတွေများ ကွာခြားသွားပါလိမ့်၊ အငယ်ကောင်ရဲ့ အရင်ဘ၀က သားအငယ်ဆုံးသည် ယခု စာရေးသူတို့ ရွာကျောင်းမှာ ဒုတိယကျောင်းထိုင်ဖြစ်သည်၊ အငယ်ကောင်ကို စသည့်အခါ အငယ်ကောင်က သူ့သားဟောင်းဦးဇင်းလေးကို ကြည့်ကြည့်ပြီး ပြုံးပြုံးကြီးလုပ်လုပ်နေတတ်သည်၊
ခုတော့ သူ့တို မိခင်ဝင်စားလာသူပဲလို့ တကယ်ကို လက်ခံယုံကြည်နေတဲ့ အဖွားလေးရဲ့ သားသမီးများကတော့ အကြီးကောင်ရဲ့ စာသင်စရိတ်တွေကို အကုန်ကြခံဘို့ ကတိပေးထားသည်၊ သာသနာ့ဘောင်မှာ မြဲသွားပါက ပစ္စည်းလေးပါး တာဝန်ယူဘို့ ပြောထားကြသည်၊ ဒီအဖြစ်အပျက်ကိုလည်း ဖတ်ပြီးရင် စာဖတ်သူရဲ့ အယူအဆအတိုင်းပါပဲနော်၊ လူဝင်စားဖြစ်တယ်လို့ တထစ်ချ ယုံကြည်ခိုင်းနေတာတော့ မဟုတ်ပါ၊ ဖြစ်နိုင် မဖြစ်နိုင်ကိုတော့ စာဖတ်သူကိုယ်တိုင်ပဲ စဉ်စားဆင်ခြင်ပါလေ၊ စာရေးသူကတော့ လူဝင်စား ဖြစ်ပျက်များကို စိတ်ဝင်စားသူများ အတွက် ဗဟုသုတ ဖြစ်မယ်ဆိုရင် ကျေနပ်တဲ့ စိတ်တစ်ခုတည်းနဲ့ ရေးသားလိုက်ခြင်း ဖြစ်သည်၊ အထက်ကို မရောက်နိုင်ဘူးဆိုလျှင်တောင်မှ လူဝင်စားလေးဖြစ်ဘို့ ကြိုးစားနိုင်ကြပါစေလို့--------------------------------------------
No comments:
Post a Comment