တစ်နေ့မှာ စာရေးသူတို့သူငယ်ချင်း တစ်ခု စေတီပါဒတောင်သို့ သွားကြသည်၊ ဘုရားခြေတော်ရာ အစစ်ရှိသည် ဟု သိထားသဖြင့် ခြေတော်ရာ အစစ်ကို ဖူးမျော်ဘို့ဖြစ်သည်၊ နေ့ခင်း (၁) နာရီလောက်မှာ စထွက်ကြသည်၊ တောင်ပေါ် ရောက်တော့ ည (၈)နာရီလောက် ရှိနေပြီ၊ တောင်ပေါ်တက်တုန်းကလည်း ဘုရားခြေတော်ရာကို ဖူးပြီးမှ နားမယ် ဟူသော စိတ်ဖြင့် တက်သည်၊ တစ်လှမ်းချင်း ပုံမှန်တက်သည်၊ လမ်းမှာ ရပ်ပြီး ထိုင်ပြီး နားခဲ့သည်ဟု သိပ်မရှိခဲ့၊ တောင်ပေါ်ရောက်တော့ ခြေတော်ရာအစစ်ကို မဖူးရပါ၊ ခြေရာတစ်ခုတော့ ရှိသည်၊ ဗုဒ္ဓခြေတော်နဲ့ မကိုက်ညီသဖြင့် ခြေတော်ရာအစစ်လား ဟု မေးကြည့်မိ သည်၊ ကုလားလေးက မဟုတ်ကြောင်းပြောသည်၊ ခြေတော်ရာအစစ်အကြောင်းကို ပြောဖြစ်ကြသည်၊ သူတို့ ပြောပြတာကတော့ ခြေတော်ရာသည် ခုရှိသော ကျောက်တုန်းအောက်တွင်ရှိကြောင်း၊ ပျက်စီးမှာ စိုးရိမ်သဖြင့် ဖုံးအုပ်ကာ ခု ကျောက်တုန်းကြီးဖြင့် အကာကွယ်ပြုလုပ်ထားကြောင်း၊ မြင်နေရသော ခြေရာအောက် လက်မ (၂၀) လောက်မှာ ခြေတော်ရာအစစ်ရှိကြောင်း ပြောပြသည်။
စာရေးသူ စိတ်ကလည်း ဘယ်လိုမှန်းမသိပါ၊ မယုံတတ်သည်ပဲလား ကွဲကွဲပြားပြား သိချင်သည် ပဲလားတော့ မပြောတတ်၊ မဖြစ်နိုင်ရင် မယုံချင်တာတော့ သေချာသည်၊ ၂၀၁၀ ခုနှစ်ကလည်း စာရေးသူတို့ photoshop သင်တန်းပြီးဆုံးသဖြင့် ဆရာမနဲ့ ပျော်ပျော်ပါးပါး အလောင်းတော် ကဿပသို့ဘုရားဖူး ထွက်ကြသည်၊ အလောင်းတော် ကဿပရောက်တော့ သွားရလာရသည့်ခရီး လူတို့ပင်ပန်းမှု့ အစစအရာရာကို လေ့လာ သုံးသပ်ကြည့်လျှင် တော်တော်လေးကို မလွယ်တဲ့ကိစ္စ။ သို့သော် လူတို့သည် ယုံကြည်ချက်တစ်ခုဖြင့် သွားလာနေကြသည်၊ ထိုယုံကြည်ချက်မှာ ကျောက်လှိုင်ထဲတွင် အရှင်မဟာကဿပ ရုပ်ကလာပ်ရှိသည် ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်၊ စာရေးသူ ထိုလှိုင်ထဲရောက်သွားတော့ အခြေအနေ အားလုံးကို သုံးသပ် ကြည့်သည်၊ " ဖြစ်နိုင်ပါ့မလားလို့ " ။
ကျောက်လှိုင်ပွင့်သောနေ့တွင် ရိုက်ကူးထားသော စီဒီခွေလည်း ရှိသည်၊ စာရေးသူက " ပြကြည့်လေ၊ ကြည့်ကြည့်မယ်၊ တကယ်ကို ကျောက်လှိုင်ပွင့်တယ်ဆိုရင် အများကြီး ၀ယ်သွားချင်တယ်" လို့ပြောတော့ ဆိုင်ရှင်က ပြပေးသည်၊ စီဒီထဲမှာ ကျောက်လှိုင် ပွင့်တာ မတွေ့ရပါ၊ ကျောက်ချပ်ကြားထဲကို ငွေများ အတင်းထိုးသွင်းနေသည်ကိုသာ တွေ့ရသည်၊ ငွေများက အထဲကိုမရောက်ပဲ ပြန်ပြန်ထွက်နေသည်၊ စာရေးသူလည်း စိတ်တိုင်းမကျသဖြင့် တစ်ခွေသာ ၀ယ်ခဲ့သည်၊ သို့သော် အမှတ်တရဖြစ်အောင် ကြေးစည် လေးခုတော့ ပြုလုပ်ခဲ့သည်၊ စာရေးသူဖြစ်စေချင်သည့် ဆန္ဒတစ်ခုရှိသည်၊ ထိုဆန္ဒမှာ ကျောက်လှိုင်ကို ဖြိုခွင်းပြီး အထဲမှာရှိသော ရုပ်ကလာပ်ကို အများပြည်သူ သူသူငါငါ ကြည့်နိုင်အောင် ပြသ ထားပေးစေလိုသော ဆန္ဒဖြစ်သည်၊ ထိုသို့လုပ်ခြင်းသည် အသောကမင်းတရားကြီး ဓာတ်တော်တိုက်ကို တူးပြီး ဓာတ်တော်ကို ဖြန့်ဝေသည့် နည်းလမ်းပင်ဖြစ်သည်၊ ထိုနည်းလမ်းကို စာရေးသူက သိပ်သဘော ကျခဲ့သည်၊ အသောကမင်းကြီးရဲ့ ခံယူချက်နဲ့ လုပ်ရပ်ကို အရမ်းလေးစားမိခဲ့သည်၊ တိုးတက်နေတဲ့ ခေတ်ကာလကြီးမှာ အဖျက်ဆီးမခံရအောင် လုံခြုံအောင် ထားလို့ စောင့်ရှောက်လို့ရတဲ့ နည်းလမ်းတွေ များစွာ ရှိနေသည်ပဲလေ၊ ရှေးရိုးအတိုင်းကြီးထားတော့ တကယ်ရှိလား မရှိဘူးလား ဆိုတဲ့ သံသယနဲ့ ၊ စာရေး သူလို တွေးမိသူတွေ များစွာရှိနေလိမ့်မည်ဟုလည်း ထင်ပါသည်။
ခုလည်း ကြည့်ပါဦး၊ စေတီပါဒမှာ မူရင်းခြေတော်ရာကို မမြင်ရအောင်လုပ်ထားသည်၊ သိပ် စိတ်ပျက်ဘို့ကောင်းသည့် အချက်တစ်ခုပါပဲ၊ စာရေးသူလည်း ကိုယ်မြင်ချင်တာ မမြင်ခဲ့ရတော့ အပြန်လမ်းမှာ မပျော်ရွှင်ပါ၊ ကားပေါ်မှာ အိပ်လျှက်၊ တစ်နေ့ရာအရောက်တွင် ဘာကြောင့်ဘာတွေပြောနေကြသည် မသိပေမဲ့ စကားတစ်ခွန်းကိုကြားလိုက်ရသည်၊ အမှတ်တမဲ့ကြားလိုက်ပေမဲ့ နှစ်သက်လွန်းလို့ မှတ်ထားတော့ အမှတ်တရလေး ဖြစ်နေတာပေါ့နော်၊ အဲဒီစကားလေးကို ပြန်လည်မျှဝေချင်တာပါ၊ စကားလေးက "ဆရာ မိဘတို့ စကားတိုင်းကို နားထောင်ရမယ့်လို့ တစ်ထစ်ချ မှတ်ယူမထားနဲ့ကွ၊ တစ်ချို့ စကားတွေကို လိုက်နာသင့်ပေမဲ့ တစ်ချို့ စကားတွေကိုတော့ မလိုက်နာသင့်ဘူး၊ မိဘစကားတိုင်းသာ လိုက်နာ နေမယ်ဆိုရင် ဒို့သိဒ္ဓတ္ထ ဘုရားဖြစ်လာစရာ အကြောင်းမရှိဘူး " တဲ့။
ရိုင်းသလိုလိုနဲ့ သိပ်ကို သဘောကျစရာကောင်းသည့် စကာလေးပဲဟု မှတ်ထင်မိသည်၊ ဖခင် သုဒ္ဓေါဓန စကားသာ နားထောင်နေမယ်ဆိုရင်တော့ ဘုရားရှင်ဟာ ဘုရားဖြစ်လာဘို့ မဖြစ်နိုင်ပါ၊ "ဘုရားဖြစ်မည့် သူက ဖြစ်ကိုဖြစ်မှာပဲ" လို့ အတင်း ငြင်းနေလို့တော့ မသင့်ဘူးလို့ထင်မိပါသည်နော်၊ အင်း တစ်ခါတစ်လေ ဆရာကမမြင် မသိလိုက်ပေမဲ့ တပည့်က မြင်နေသိနေတာမျိုးတွေလည်း ရှိနေတတ်သည်၊ မိဘက မမြင် မသိပေမဲ့ သားသမီးက မြင်သိနေတာတွေလည်း ရှိသည်၊ သားသမီး တပည့်တွေက မိဘ ဆရာတွေထက် တော်နေတာတွေလည်း များစွာ ရှိတတ်သည်ပဲလေ၊ ဘာပဲဖြစ်ဖြစ်ပါလေ၊ "မိဘစကားတိုင်းသာ လိုက်နာနေမယ်ဆိုရင် ဒို့သိဒ္ဓတ္ထ ဘုရားဖြစ်လာစရာ အကြောင်းမရှိဘူး " ဟူသော အသံလေးက တော့ နားထဲမှာ ခုထိတိုင် ကြားယောင်နေဆဲပင် -------------
No comments:
Post a Comment