Saturday, August 6, 2011

ဝမ်းသာ ၀မ်းနည်း

စာရေးသူတို့သူငယ်ချင်းတစ်ခု frist term ပြီးသဖြင့် ပင်လယ်ကမ်းခြေသို့ သွားကြသည်၊ ပင်လယ်ကမ်းခြေ ဆိုပေမဲ့လည်း စာရေးသူတို့နေရာ နိုင်ငံသည် အိန္ဒိယပင်လယ် အတွင်းမှာ ရှိသော ကျွန်းလေးဖြစ်သဖြင့် ပင်လယ်က ၀ိုင်းရံထားပြီးသားပါ၊ ပင်လယ်ကမ်းခြေသွားတယ်ဆိုလို့ ညအိပ် ခရီးထွက်တာမျိုး မထင် လိုက်ပါနဲ့နော်၊ တစ်နာရီကျော် လောက် မောင်းလိုက်ရင် ကမ်းခြေ ရောက်တော့တာပါပဲ။

မြို့  ထဲကတောင် မထွက်ရသေးဘူး၊ အဖြစ်အပျက်တစ်ခုနဲ့ ကြုံရတော့သည်၊ မီးပွိုင့်တစ်ခုမှာပါ၊ စာရေးသူတို့ ကားလည်း မီးပွိုင့်မိနေသဖြင့် ရပ်နေရသည်၊ ဖြစ်ချင်တော့ မီးစိမ်းပြထားသော လမ်းကြောမှ ကားတစ်စီးက ဘာဖြစ်သွားမှန်းမသိ၊ မီးပွိုင့်အကွေ့မှာပဲ ရပ်သွားသည်၊ လမ်းကြောရှင်းတာဝန်ယူထားတဲ့ ရဲသား (မော်တော်ပီကယ်၊ ယာဉ်ထိန်းရဲကို မော်တော်ပီကယ်လို့ပဲ မြန်မာပြည်မှာ ခေါ်ဝေါသုံးစွဲကြသည်၊ ဘယ်စကားကို ကြည့်သုံးကြသလဲဆိုတာကိုတော့ စာရေးသူ မသိပါ) တစ်ယောက်က သူ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နေသည်၊ ဘေးတစ်နေရာမှာ ရှိနေသော ရဲသား သုံးလေးယောက်က ထိုးရပ်သွားသော ကားကို ၀ိုင်းတွန်းပြီး လမ်းဘေးချရပ်သည်၊ ပြီးလျှင် သူတို့ကိုယ်တိုင်ပဲ ကားကို ပြင်ကြသည်၊ တစ်ချို့  ရဲသားက ရယ်လျှက် တစ်ချို့  ရဲသားက ပြုံးလျှက်၊ စာရေးသူ သူတို့မြင်ကွင်းကို ကြည့်လို့မ၀သေးခင်မှာပဲ စာရေးသူတို့ကားက ထွက်ခွါသွားရသည်၊ သူတို့ကို စာရေးသူတို့ကားက ကျော်သွားခဲ့ပေမဲ့ စာရေးသူရဲ့  မျက်စိထဲမှာ သူတို့ပုံရိပ်တွေက ကပ်ပါလာခဲ့သည်၊ သူတို့ကို ကြည့်ပြီး သူတို့စိတ်ဓာတ် သူတို့လူမျိုးအပေါ် ချစ်တတ် သိတတ် ကူညီတတ် တာဝန်ကျေပွန်တတ်တဲ့ စိတ်လေးတွေအတွက် လွန်စွာမှကို ၀မ်းသာမိသည်၊ စာရေးသူက"သူတို့ ရဲသားတွေက သိပ်တော်တယ်နော်၊ ပြည်သူတွေက သိပ်ချစ်ကြမှာပဲ " လို့ ဘေးမှ သူငယ်ချင်းကို ပြောမိသည်၊ သူငယ်ချင်းက "အေး ဒီနိုင်ငံက ၀န်ထမ်းဆိုတာ ပြည့်သူဝန်ကို ထမ်းဆောင် ထမ်းရွက် လုပ်နေတဲ့သူတွေလေ၊ သူပြည်တွေကို ကူညီဘို့ စောင့်ရှောက်ဘို့  ပြည်သူတွေအတွက်အလုပ်လုပ်ဘို့ တာဝန်(ရာထူး)တွေ ရယူထားကြတာ၊ သူတို့ ကိုယ်ကျိုးအတွက်လုပ်ဘို့ တာဝန်(ရာထူး)တွေကို လုယူထားကြတာ မဟုတ်ဘူး " လို့ သူ့အတွေး လေးများကို ပြောပြသည်။

အင်း စာရေးသူတို့ နိုင်ငံမှာရော ဒီလိုမျိုးပဲလား၊ ဒီထက်တော်နေမလား၊ ဒီထက်ဆိုးနေမလား၊ ဒီလောက်ထိ အဆင့်အခြေအနေ ရှိနေလား၊ စသည်စသည်ဖြင့် စဉ်းစားနေမိသည်၊ ဒီလိုအဖြစ်မျိုးသာ စာရေးသူတို့ နိုင်ငံက မီးပွိုင့်မှာ ကြုံခဲ့လျှင် -------။ မန်းမှာ နေစဉ်က၊ တစ်နေ့ စာရေးသူတို့ နောင်တော်တစ်ပါး ရန်ကုန်ကို သွားသည်၊ ကျောင်းကားနဲ့လိုက်ပို့သည်၊ ဘူတာရုံကိုပေါ့၊ ဖြစ်ချင်တော့လေ ကျုံးဒေါင့်က မီးပွိုင့်မှာ ကားက ပျက်ပါလေရော၊ ဘယ်သူမှ လာမကူပါဘူးနော်။ အင်း သူတို့လာမကူတာထက် လာမငေါက်တာကိုပဲ ကျေးဇူးတင်နေရသည်၊ စာရေးသူတို့အဖွဲ့ မီးပွိုင့်မှာ ကားတွန်းခဲ့ရသည်၊ အဲဒီအချိန်တုန်းက စိတ်ထဲမှာ  "မကူညီ တတ်မှန်း သိနေလို့လားတော့ မသိ " အကူညီ ရယူလိုစိတ် လုံးဝမဖြစ်မိပါ၊ ဘာညာဘာညာ လာပြောမှာကိုပဲ စိတ်ထဲမှာ ပူပန်နေမိကြသည်၊ တစ်ခါကလည်း စာရေးသူရဲ့  သူငယ်ချင်း တစ်ယောက် မြို့ ထဲသွားသည်၊ ကားသမားနဲ့သူနဲ့၊ ဖြစ်ချင်တော့ ကားက (၃၅)လမ်း မီးပွိုင့်မှာ ပျက်သွားသည်၊ ဘယ်လိုမှ မတတ်နိုင်ဘူး၊ သူငယ်ချင်းခမျာ တစ်ယောက်တည်း နောက်ကနေ တွန်းနေရသည်၊ ဘေးနားမှာ--- ရှိနေကြပါသည်၊ လာမကူညီကြပါ၊ အကူညီသွားတောင်းလျှင်တော့ ဟိ " ငါတို့နဲ့ ဘာဆိုင်လဲ၊ ငါတို့အလုပ် က မီးသီးတွေကို ကြည့်ဘို့အလုပ်ပဲ" ဟု ပြန်ဖြေမလားပဲနော်၊ သူငယ်ချင်းတွန်းနေတာကို မကြည့်ရက်တဲ့ ဘေးဆိုင်းများမှ လူများက ကူညီတွန်းပေးသဖြင့် အဆင်ပြေသွားခဲ့သည်။

အင်း စာရေးသူကိုယ်တိုင် ကြုံတွေ့ခဲ့ရပုံများ သူငယ်ချင်း ကြုံတွေ့ခဲ့ရပုံများကို ပြန်လည်မြင်ယောင်မိတော့ ၀မ်းနည်းမှု့တွေ များစွာနဲ့ပေါ့၊ ခုမြင်လိုက်ရတဲ့ အဖြစ်အပျက်နဲ့ ယှဉ်ကြည့်မိတော့ ပိုလို့ ပိုလို့ ၀မ်းနည်းစွာ ဖြင့် -----------

No comments:

Post a Comment