Thursday, August 4, 2011

ဗဟုသုတရဖွယ် ပြုံးစရာလေး တစ်ခု

ဦးဇင်းလေး တစ်ပါး၊ သီဟိုဠ်မှာ ကျောင်းတက်နေသည်၊ သီဟိုဠ်မှာက ကုန်ကျ စရိတ်ပဲရှိသည်၊ ပြန်ရ စရိတ် မရှိ၊ ပြောရမယ်လျှင်တော့ " ထွက်ငွေသာရှိသည်၊ ၀င် ငွေမရှိပေါ့ "၊ ကိုယ့်ဘာသာ ချက်မစားရသော ဒါနေး (ဆွမ်းစား) များများလိုက်ရသော ကျောင်းမှာ နေရလျှင်တော့ မဆိုးပါဘူး၊ ထွက်ငွေနဲ့ ၀င်ငွေမျှနိုင်ပါ သည်၊ ထိုသို့မဟုတ်လျှင်တော့ မလွယ်၊ ဦးဇင်းလေးကလည်း မလွယ်တိုင်း သူ့ရဟန်းဒကာအိမ်ကို တောင်းတောင်း နေရသည်၊ မြန်မာပြည်မှာ ရှိသော သူ့ရဟန်းဒကာများက အဆင်ပြေလျှင်တော့ တော်သေး တာပေါ့၊ တစ်နေ့  မြန်မာပြည်သို့ ပိုက်ဆံမှာဘို့  ဖုန်းဆက်လိုက်သည်၊ 

ဦးဇင်း                    "ဟလို မယ်တော်ကြီးလား"
ရဟန်းအမ           "အော် ဦးဇင်းလား၊ ဟုတ်တယ် မယ်တော်ကြီးပ"
ဦးဇင်း                   "နေကောင်းကြတယ် မဟုတ်လား"
ရဟန်းအမ           "ကောင်းတယ် ဦးဇင်း၊ ဦးဇင်းရော နေကောင်းတယ် မဟုတ်လား"
ဦးဇင်း                  "ဟုတ် ကောင်းတယ်"
ရဟန်းအမ          "အကြောင်းထူး ရှိလို့လား ဦးဇင်း"
ဦးဇင်း              " အင်း --  ပိုက်ဆံ ကုန်နေလို့၊ လူကြုံလည်းရှိလို့ လေ (ဆက်ပြောဘို့ အင်အားမရှိပါ)"
ရဟန်းအမ       "အော် မှန်ပါ ဦးဇင်း၊ ဒကာကြီးနဲ့ပြောလိုက်ပါ ဘုရား ၊ ခေါ်လိုက်မယ်ဘုရား၊   အပေါ်ထပ်မှာ  ရှိတယ် ဘုရား ၊ ခဏ ကိုင့်ထားပါဘုရား"
ဦးဇင်း                 "ဟုတ် ဟုတ် ဟုတ်"
(ခဏကိုင်ထားဆိုလို့   ဦးဇင်းလေးက ကိုင်ထားရှာသည်)၊
ဖုန်းထဲမှာ  မိခင်      " သမီး ဖေဖေကြီး သွားခေါ်လိုက်ဦး၊ ဖုန်းလာတယ်လို့ "
                သမီး   " မေမေ ဘယ်သူ့ဆီက ဖုန်းလဲ "
                မိခင " ဘယ်သူ့ဆီက ရှိရမှာလဲ၊ ကိုငွေတောင်းကြီး ဆီကပေါ့  " ၊ 
ထိုသားအမိပြောသောစကားသံများသည် ဖုန်းထဲကတိုင် အထင်းသားကြားနေရသည်၊ ကြည်လင်ပြတ်သား စွာ ကြားနေရသည်၊  ဦးဇင်းလေးမှာလည်း " ငါ့ကို ကိုငွေတောင်းကြီး လို့ခေါ်နေကြပြီးလား " လို့ စိတ်မကောင်းစွာဖြင့် သူ့လက်ကိုင်ဖုန်းမှ ခလုပ်လေးတစ်ခုကို နှိပ်လိုက်သည်၊ "တီ" ၊ ပြီးပါပြီ၊ "ကိုငွေတောင်း မဖြစ်ကြဘို့ " သတိပေးချင်ပါသည်။


တစ်ခါက အတောင်းအရမ်း ရဲတင်းလွန်းသောကြောင့် မိတ်ပျက်သွားခဲ့သော အကြောင်းအရာတစ်ခုရှိခဲ့သည်၊ ပြီးတော့ မိဘကိုတောင်မှ မတောင်းရမ်းတတ်သော လူတစ်ယောက်လည်း ရှိခဲ့ပြန်သည်၊ ထိုအကြောင်းများနဲ့ ပတ်သက်ပြီး  ---
(၁) အဘိုးတန်သော တန်းဘိုးကြီးမားသော (တန်းဘိုး မကြီးသော်လည်း ပိုင်ရှင်က နှစ်သက် မြတ်နိုးနေသော တန်းဘိုးထားနေသော) အရာကို တောင်းလျှင်လည်း မုန်းတတ်သည်၊ မိတ်ပျက် တတ်သည်၊
(၂) တောင်းသော အရာကို မပေးလျှင်လည်း မုန်းတတ်သည်၊ မိတ်ပျက်တတ်သည်၊
(၃) မိဘကိုပင်လျှင် အရေးတကြီး မလိုအပ်လျှင် မတောင်းပါနဲ့ --- ဟူသော စကားများကို မိန့်မှာခဲ့သည်။


မြင်ရသော တန်းဘိုးကြီးသော နှစ်သက်စရာကောင်းသော အရာဝတ္ထုကို မြင်လျှင် လိုချင်ကြသည်မှာ သူရော ကိုယ်ရော ဖြစ်သည်၊ မြင်ရလျှင် လိုင်ချင်လျှင် တောင်းရမ်းကြသည်မှာလည်း အပြစ်တစ်ခု မဟုတ်ပေ၊ ပိုင်ရှင်က မပေးနိုင်ကြောင်း ပြောပြငြင်းလိုက်ခြင်းသည်လည်း အပြစ်တစ်ခု မဟုတ်၊  သို့သော် ကိုယ်မပေးနိုင်သော မစွန့်နိုင်သော ပစ္စည်းကို အများမြင်ရတဲ့နေရာမှာ ထားမိခြင်းသည်ကား လောကရေးရာကို မသိတတ်ရာ ရောက်နေသည်၊ ထို့ကြောင့် "ကိုယ့်မှာရှိသော တန်းဘိုးကြီးသော ကိုယ်နှစ်သက်မြတ်နိုးသော မစွန့်လွတ်နိုင် မပေးနိုင်သောအရာများကို အများမြင်နိုင်တဲ့ နေရာမှာ မထားပါနဲ့၊ သူများပိုင်သော တန်းဘိုးကြီးသော တန်းဘိုးမကြီးသော်လည်း နှစ်သက်စရာ ကောင်းသော အရာများကို မတောင်းပါနဲ့လို့ " သတိပေးပြောချင်သည်၊ ကဲပါလေ၊ ဘာပဲဖြစ်ဖြစ် "ကိုယ်ရဲ့  တောင်းရမ်းမှု့ကြောင့်လည်း မိတ်မပျက်ပါစေနဲ့၊ ကိုယ့်ဆီမှာရှိသော အရာဝတ္ထုကြောင့် လည်း   မိတ်မပျက် ပါစေနဲ့  " လို့--------------

No comments:

Post a Comment