Monday, August 15, 2011

တရားဟူသည်

တရားဂုဏ်တော်များကိုလည်း အများသိပြီးသားဖြစ်သော စားရေးသူ ကြည်ညိုမိသော တရားဂုဏ်တော်များ ကိုသာ အများနားလွယ်နိုင်အောင် ရေးသားထားသည်။ စာရေးသူကတော့ ခုရေးပြလိုက်သော ဂုဏ်တော် လောက်ဖြင့်ပင် တရားတော်ကို ကြည်ညိုမိသည်၊ ယုံကြည်မိသည်။

(၁) သွာက္ခာတော - အပိုကိုလည်း ဟောမထားပါ၊ အလိုကိုလည်းဟောမထားပါ၊ အတိအကျ တိုရင်းလိုရှင်း တိတိကျကျ ပြတ်ပြတ်သားသား ကိုယ်တိုင်သိသည့်အတိုင်းသာ ဟောထားသော တရား။

(၂) သန္ဒိဋ္ဌိကော - ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိနိုင်သော ကိုယ်တိုင်သိခွင့်ရသော ကိုယ်တိုင် မြင်နိုင်သော ထင်ထင်ရှားရှား ပြတ်ပြတ်သားသား မြင်သိနိုင်သောတရား။

(၃) အကာလိကော - နောင်မှ အကျိုးပေးတာမျိုး မဟုတ်။ အခုလုပ် အခု အကျိုးပေးသော တရား(မဂ်ရပြီးလျှင် အချိန်ကာလ စိတ်တစ်ချက်သာခြားပြီး ဖိုလ်ဟူသောအကျိုးကို ချက်ချင်းပေးသောတရား)။

(၄) ဧဟိပဿိကော - လာခဲ့ပါ လာကျင့်ကြည့်ပါ တရားရဲ့  အနှစ်သာရကို လက်တွေ့ သိရှိ ခံစားစေရမည် ဟု ဖိတ်ခေါ်ခြင်းငှါ ထိုက်သော  ဖိတ်ခေါ်ဘို့ရန် ခိုင်မာသော တရား။

(၅) သြပနေယျိကော - တရားဆိုတာ အမြဲတမ်း နှလုံးသွင်းထားထိုက်သော၊ အမြဲတမ်း နှလုံးသွင်းထားမှ ရင်ထဲမှာ တည်ရှိငြိမ်သက်နေသော တရား။

(၆) ပစ္စတ္တံ ဝေဒိတဗ္ဗော ၀ိညူဟိ- မဂ် ဖိုလ် တရားဆိုတာဟာ မဂ်ဖိုလ် ပုဂ်ဂိုလ်တို့သာ အသီးသီး ခံစားရသော တရား။ ( ပုထုဇဉ်တို့သည် အခြေခံ သီလ၏အကျိုးများ သမာဓိ၏အကျိုးများ ၀ိပဿနာ၏အကျိုးများကို ခံစားနိုင်သည်၊ မဂ်ဖိုလ်အရသာကိုတော့ ခံစားခွင့်မရှိပါ)။

စားရေးသူကတော့ ကိုယ်တိုင် တရားစခန်းဝင်ပြီးကတည်းက ဗုဒ္ဓကိုလည်း အကြွင်းမဲ့ ယုံကြည်ခဲ့သည်၊ တရားကိုလည်း အကြွင်းမဲ့ ယုံကြည်ခဲ့သည်၊ သံဃာကိုလည်း အကြွင်းမဲ့ ယုံကြည်ခဲ့သည်။

စာဖတ်သူ အပေါင်းတို့လည်း တရားသဘောကို သိချင်လျှင် ကိုယ်တိုင် ကျင့်ဖြစ်အောင် ကျင့်ကြပါ၊ လုပ်ဖြစ်အောင်လုပ်ကြပါ၊ တရားပြ ဆရာတော် အမြဲပြောသော စကားတစ်ခွန်းရှိသည်၊ ထိုစကားမှာ "အေး လူငယ်လေးတွေကို ပိုသဘောကျတယ်၊ လူငယ်လေးတွေက လုပ်နိုင်စွမ်းအားလည်း ကောင်းတယ်၊ မှတ်ဥာဏ်စွမ်းအားလည်း ကောင်းတယ်၊ စိတ်ရှိတိုင်း လိုက်လုပ်နိုင်တဲ့ ကိုယ်ကာယ အစွမ်းလည်း ရှိတယ်၊ လူကြီးဖြစ်သွားပြီးဆိုလျှင် စိတ်က လုပ်ချင်နေပေမဲ့ ကိုယ်က လိုက်မလုပ်နိုင်ဘူး၊ ကိုယ်က လုပ်နိုင်သလောက် လည်း မှတ်ဥာဏ်က လိုက်မမှတ်နိုင်ပြန်ဘူး ၊ အဲဒါကြောင့် ၀ီရိယအားရော ဥာဏအားရော ကောင်းတဲ့ လူငယ်တွေကို ပိုပြီး သဘောကျမိတယ် " ဟု ဖြစ်သည်။

စာဖတ်သူအပေါင်းလည်း ၀ီရိယအားရော ဥာဏအားရော ကောင်းတုန်းလေးမှာ တရားကို အားထုတ်ဘူး သင့်သည်၊ တရားအရသာကို အတော်အသင့် သိထားသင့်သည်၊ "တရားအရသာသာ သိပြီဆိုလျှင် တရားအပြင် ဘုရား သံဃာကိုပါ ယုံကြည် ကြည်ညိုလာမည်မှာ မလွဲဧကန်ဖြစ်လိမ့်မည် " ဟု စာရေးသူ ယုံကြည်မိပါသည်။

No comments:

Post a Comment