Thursday, August 18, 2011

အေးမြမှု့သာ ပေးဝေပါ

စာရေးသူ ဒီအကြောင်းလေးကို ရွာတစ်ရွာမှာ ပြောပြခဲ့ဘူးသည်၊ ခုလည်းအများသိစေလိုသော ဆန္ဒဖြင့် ရေးသားလိုက်ပါသည်၊ ရေးဖြစ်ဘို့ စိတ်ကူးလေးက မနေ့ကမှ ပေါ်လာတာပါ၊ စာရေးသူ ဒါနေး ( ရက်လည် ဆွမ်းကပ်) လိုက်သွားသည်၊ သီရိလင်္ကာမှာ အသုဘ ပို့တဲ့နေ့ ကပ်တဲ့ဆွမ်းရယ်/ ရက်လည် လလည် နှစ်လည် ကပ်တဲ့ဆွမ်းရယ်ပဲ ရှိတာပါ၊ တစ်ခြား စေတနာပေါ်ပေါက်လို့ ကပ်တဲ့ဆွမ်းဟု ရှိခဲသည်၊ မရှိသလောက်ကို ရှားပါးသည်၊ ရှားပါးရခြင်းအကြောင်းကလည်း သူတို့ကုလားဘုန်းကြီးများ အကြောင်းကို လူတွေက သိထားသောကြောင့်ဖြစ်သည်၊ ဘာအကြောင်းများလည်းဆိုတာကိုတော့ မပြောတော့ပါဘူးနော်၊ မြန်မာပြည်က လူတွေ သိပ်ကို ကံကောင်းကြသည်၊ မြန်မာရဟန်းတော်တွေကို ကြည်ညိုခွင့် ရသည့် အတွက်ပါ၊ သို့သော်လည်း မြန်မာ လူမျိုးများသည် သီရိလင်္ကာလူမျိုးများလောက် ဘာသာရေးအမြင်မှာ မတည်ငြိမ်ကြဟု ဆိုချင်သည်၊ အကြောင်းမှာ ဘာသာရေးအပေါ်ကို မပြစ် မြင်လွယ်သောကြောင့် ဖြစ်သည်။ ထားပါတော့လေ။ လိုရင်းကိုပဲ ပြောကြပါစို့။

သီရိလင်္ကာမှာ ရက်လည်ဆွမ်းများ တော်တော်များများကို လိုက်ဘူးသည် စားဘူးသည်၊ တစ်ယောက်မျှ မျက်ရည်ကျပြီး ၀မ်းနည်းပက်လက်ဖြစ်ပြီး အမျှဝေပေးတာ မတွေ့ဘူးခဲ့၊ စာရေးသူတို့နိုင်ငံမှာဆိုလျှင်တော့ အမျှဆိုတဲ့ အသံလေးတောင် ပြီးအောင် ပီအောင် မဆိုနိုင်ကြ၊ ငို ကြတော့သည်၊ ထိုသို့ငိုမှ ချစ်ရာ ရောက်သည်ဟုများ ထင်နေကြသလား မသိ၊ အင်း တစ်ခါက ဖခင်ကြီးဆုံးတော့ သူ့သမီးဆိုးက " ဖေဖေ ရယ်၊ လယ်ကောက်ကြီး တစ်ကွက်ထည်း ပေးခဲ့တာလားလို့" ပြောပြောပြီးငိုသတဲ့၊ ထို့ကြောင့်ကျန်တဲ့ လူတွေက  "သြော် အဖေက လယ်ကောက်ကြီးကို သူ့ကိုပေးခဲ့တာပဲလို့ " တွေးပြီး ပေးလိုက်သတဲ့၊ အဲလို ငိုရလို့ လယ်ကောက်ကြီး တစ်ကွက် ရသွားတာပေါ့နော်၊ ငို ရကျိုးပေါ့၊ တကယ်တော့ ဖခင်ကြီးက သူ့သမီး ဆိုးလွန်း မိုက်လွန်း  စကားကို နားမထောင်လွန်းလို့ ဘာတစ်မျှ မပေးခဲ့ပါဘူး။

စာရေးသူတို့ နယ်ဘက်က ရွာတစ်ရွာမှာ အသုဘရက်လည် လိုက်သွားရသည်၊ ဟိုရောက်တော့ တရားဟောရသည်၊ တရားဟောဘို့ သေသူရဲ့  နာမည်လေးကို ဖတ်လိုက်သည် ဆိုလျှင်ပဲ ဆိုင်ရာ လူများက ငိုကြတော့သည်၊ စာရေးသူလည်း " အင်း ခက်တော့ခက်နေပြီ၊ မငိုနဲ့လို့ ပြောရအောင်ကလည်း ဘုန်းကြီးငိုသလိုဖြစ်နေမှာလည်း စိုးရပြန်သည်" ဟုပြောမိသည်၊ တစ်ခါက ဘုန်းကြီးတစ်ပါး ရှိသည်၊ အဲဒီဘုန်းကြီးလေးက သိပ်ကို တရားဟောကောင်းသည်၊ သူ့နယ်မှာတော့ သူက ဒိုင်ခံလိုလို တရားဟော ရသည်၊ အသုဘတွေမှာလည်း အငိုတိတ်အောင်ကို ဟောနိုင် ပြောနိုင်တယ်၊ ဒီလိုနဲ့ တစ်နေ့မှာတာ့ သူ့အမေ ဆုံးပါးသွားသည်၊ သူ့အမေဆုံးတော့ ဘုန်းကြီးလေးက ရှိုက်ကာ ရှိုက်ကာ ငိုရှာသည်၊ ဘေးက ဒကာတွေက " ဘုန်းကြီးလေးပဲ ပြောတယ်လေ၊ မငိုရဘူးဆို၊ ငိုရင်ဘယ်လို ဆိုးကျိုးတွေဖြစ်တယ်ဆို " စသည်ဖြင့် ပြောကြ တာပေါ့၊ နှစ်သိမ့်ကြတာပေါ့၊ ဒီတော့ ဘုန်းကြီးလေးက " အေး ခုဟာ ငါ့အမေကွ " လို့ ပြန်ပြောသတဲ့။

မငိုနဲ့လို့သာ ပြောရတာပါ၊ ဘုန်းကြီးတွေလည်း ကိုယ်နဲ့တိုက်ရိုက် ကြုံတွေ့လာလျှင် ထိန်းနိုင်ဘို့ ခက်သည်၊ ဒါကြောင့် " ခင်များတို့ကိုတော့ မငိုနဲ့လို့ မပြောတော့ပါဘူး၊ ဒါပေမဲ့ ခုပြောမဲ့ သဘောတရားလေးတွေကိုတော့ သေသေချာချာ နားထောင်ကြပါဦး၊ ပြီးမှ ငိုချင်သေးတယ်ဆိုရင်လည်း ဆက်ငိုပေါ့နော်၊ ဦးဇင်း ပြောချင် တာက ဒီနေ့လုပ်တဲ့ ဆွမ်းကပ်ခြင်းရဲ့  အဓိက ရည်ရွယ်ချက်ကို ပြောချင်တာပါ၊ ဒီနေ့ဆွမ်းကပ်တယ် ဆိုတာ သေသွားသူအတွက်ကို အဓိက ထားပြုလုပ်ကြတာ ဖြစ်တယ်၊ ရည်ရွယ်ချက်က သေသွားသူ အမျှရပြီး ကောင်းရာ မွန်ရာ ဘုံဘ၀မှာ ခံစား စံစားနိုင်ဘို့ပဲလေ၊ ဒီရည်ရွယ်ချက်ကို သိထားပါနော်၊ ဥပမာ တစ်ခု ပြောကြည့်ရအောင်" လို့ ပြောပြရသည်၊ ကဲ အောက်က စာလေးတွေကို ဖတ်ကြည့်ကြပါစို့နော်။

စာရေးသူ     “ခင်များတို့က မီးခဲကို ကိုင်ရင် ခင်များတို့မှာ မပူဘူးလား”
ပရိသတ်       “ပူပါသည်ဘုရား”

စာရေးသူ     “ယူမည့် သူရော မပူဘူးလား”
ပရိသတ်       “ပူပါသည်ဘုရား”

စာရေးသူ     “ဒါဖြင့် ခင်များတို့က ငိုတာ ပူလို့လား အေးလို့လား” 
ပရိသတ်      “ပူလို့ပါဘုရား”

စာရေးသူ    “ ဒါဆိုရင် ခင်များတို့က အပူတွေကိုပဲ မျှဝေပေးတာပေါ့ ဟုတ်လား”
ပရိသတ်      “မှန်ပါ အဲလိုမျိုး ဖြစ်နေပါသည်ဘုရား”

စာရေးသူ   “ခင်များတိုကိုယ်တိုင်က အပူတွေပေးနေမှတော့ ယူတဲ့သူကလည်း အပူတွေပဲ ရမှာပေါ့၊ အပူတွေ ရတဲ့ သူ့မှာ ခင်များတို့ ရည်မှန်းသည့်အတိုင်း ကောင်းရာမွန်ရာဘုံဘ၀မှာ အေးချမ်းစွာ နေနိုင်ပါ့မလား”
ပရိသတ်      “မနေနိုင်ပါဘုရား”

စာရေးသူ     “ခင်များတို့ ရည်ရွယ်ချက်နဲ့ လုပ်နေပုံနဲ့က တစ်ခြားစီဖြစ်နေပြီပေါ့ဗျာ”
ပရိသတ်      “မှန်ပါဘုရား”

စာရေးသူ   “သူများကို ငွေ တစ်ထောင်ပေးချင်လျှင် ကိုယ့်ဆီမှာ ငွေတစ်ထောင် အနည်းဆုံး ရှိမှ ဖြစ်တာ၊ ကိုယ်ပေးလိုက်တဲ့ ငွေတစ်ထောင်ကို သူ သုံးရ မသုံးရဆိုတာ မသေချာသေးဘူး၊ ဒီလိုပဲလေ သူခံစားရတာ မခံစားရတာထက် ကိုယ့်ဆီမှာ အအေးဓာတ်တွေ မြင့်မြတ်မှု့တွေ ရှိမှ သူ့ကို အေးချမ်းသွားအောင် မြင့်မြတ်သွားအောင်  လုပ်ပေးလို့ ရမှာပေါ့”
ပရိသတ “မှန်ပါဘုရား”

စာရေးသူ    “၀မ်းနည်းတော့ မျက်ရည်ဆိုတာ ကျလာမှာပဲလေ၊ အဲဒီမျက်ရည်ကို အသိနဲ့ထိန်းရတယ်”
ပရိသတ်      “မှန်ပါဘုရား”

စာရေးသူ    “ငိုလိုက်လို့ ခင်များတို့သေသွားသူသာ ပြန်ရှင်လာမယ်ဆိုရင် ဦးဇင်းတို့ တရားမဟောဘူး ၊ လာငိုပေးမယ်၊ ပြန်ရှင်လာမလား”
ပရိသတ်  “ ပြန် ရှင် မလာနိုင်ပါဘူးဘုရား”

စာရေးသူ        “အင်း ခင်များတို့က ဟိုး မန်ကျည်းပင် ထိပ်ဖျားက မန်ကျည်းသီးကိုမှ စားချင်ပါတယ်လို့ ပြောငိုနေတဲ့ ပူစာနေတဲ့ ကလေးထက်ပိုပြီး မိုက်မဲသွားတယ် သိလား၊ ဟုတ်တယ်လေ။ ကလေးလေး တောင်းတယ်ဆိုတာက မြင်နေရတယ်၊ ခင်များတို့က မမြင်ရဘူး၊ ဘယ်ရောက်သွားမှန်းမသိတော့တဲ့ အရာတစ်ခုကို တမ်းတပြီးငိုနေကြတယ်၊ မြင်နေရလို့ လိုချင်ပြီး ငိုတာထက်စာရင် မမြင်ရတာကို လိုချင်ပြီး ငိုတဲ့ သူတွေက ပိုပြီး အဓိပ္ပါယ်မဲ့တာပေါ့ဗျာ”
ပရိသတ်            “မှန်လှပါဘုရား”

စာရေးသူ       “မျက်ရည်ဆိုတာ တကယ်တမ်းကြတော့ သိပ်တန်ဘိုးရှိတဲ့ အရာပါဗျာ၊ ဦးဇင်းတို့ နိုင်ငံကို လွတ်လပ်ရေးရအောင် စတေးခဲ့ရတဲ့အထဲမှာ မျက်ရည်တွေ များစွာပါဝင်ခဲ့ပါတယ်၊ အဲဒါကြောင့် မျက်ရည်ကို အလကား အလဟဿတ် စီးဆင်းခွင့် မပေးကြပါနဲ့”
ပရိသတ်            “ မှန်ပါဘုရား”

စာရေးသူ     “ကဲ ဦးဇင်း အဓိကပြောချင်တာက အမျှပေးဝေတယ်ဆိုတာက ကုသိုလ်ကို ပေးဝေခြင်းသာ ဖြစ်တယ်၊ အအေးဓာတ်ကိုသာ ပေးဝေခြင်းဖြစ်တယ်၊ ဒါကြောင့် အမျှပေးဝေနေတဲ့ အချိန်လေးမှာတော့ အကုသိုလ်စိတ် မ၀င်ပါစေနဲ့၊ အပူတွေ မကပ်ပါစေနဲ့၊ ကျန်တဲ့ အချိန်မှာ ကြိုက်သလောက်ငိုကြ ကိစ္စ မရှိဘူး၊ နားလည်ပေးနိုင်တယ် ၊ ခွင့်လွှတ်ပေးနိုင်တယ်၊ အမျှပေးဝေနေချိန်လေးမှာတော့ မငိုစေချင်ဘူး။ စိတ်တွေ ဖြူစင်အေးမြနေစေချင်တယ်၊ ကုသိုလ်လေးကိုပဲ သန့်သန့်လေး ပေးဝေစေချင်တယ်၊ သူ့အတွက် နောက်ဆုံးပေးဆပ်မှု့လေးကို အေးအေးချမ်းချမ်းနဲ့ ကုသိုလ်သက်သက်နဲ့ ပေးဆပ်ကြပါစို့ ပေးဝေကြပါစို့ဗျာ။
ပရိသတ်   “မှန်ပါဘုရား”    (ထိုနေ့က အငိုမရပ်ပေမဲ့ မပြင်းထန်ခဲ့ပါ၊ အမျှဝေသံ ကြည်လင်ပြတ်သွားစွာ ကြားလိုက်ရသည်၊ ၀မ်းသာမိပါ သည်)။

အင်း သီရိလင်္ကာ လူမျိုးများလည်း ငိုကြပါသည်၊ ငိုတတ်ပါသည်၊ သို့သော် အမျှပေးဝေ နေချိန်မှာ သူတို့မျက်နှာလေးတွေက ပြုံးလို့ ရွှင်လို့၊ ကြည်ကြည်လင်လင် အေးအေးချမ်းချမ်း ပြတ်ပြတ်သားသား ပေးဝေနေကြသည်ကို တွေ့ရသည်။ ချစ်စရာကောင်းလိုက်သည့် အသိစိတ်ဓာတ် အမူအကျင့်လေးများပင်။ တကယ်တမ်းတော့ ငိုပြီးအမျှပေးဝေခြင်းသည် " ချစ်လို့ " ဟု ထင်ရပေမဲ့ မချစ်တတ်သော သဘောကို ဆောင်နေသည်၊ အေးချမ်းကြည်နူးပျော်ရွှင်စွာ အမျှပေးဝေခြင်းသည် " မချစ်လို့ " ဟု ထင်ရပေမဲ့ ချစ်တတ်သော သဘောကို ဆောင်နေပေသည်၊ စာရေးသူတို့ နိုင်ငံသူ နိုင်ငံသားများကို ချစ်တတ်သော အမူအကျင့်များ ကျင့်ဆောင်စေချင်သည်၊ ထိုဆန္ဒမွန်လေးဖြင့် ရေးသား မိပါကြောင်း-------------------


No comments:

Post a Comment