Tuesday, August 9, 2011

စာရေးသူတို့ရွာမှ ဖြစ်ရပ်မှန် လူဝင်စား (၂)

စာရေးသူ၏ မိခင်အမျိုးသည် အမွှာမျိုးဖြစ်သည်၊ စာရေးသူတို့ ဒေါ်လေး နှစ်ယောက်လည်း အမွှာမွေးကြသည်၊ စာရေးသူ၏ မိခင်ဆိုလျှင် နှစ်ခါတောင် မွေးသည်၊ တစ်ခါမွေး နှစ်ယောက် နှစ်ခါမွေးလိုက်တော့ လေးယောက်၊ ထားပါတော့လေ၊ ဒေါ်လေး တင်ခိုင်သည် စာရေးသူတို့ရွာမှ နှစ်မိုင် ဝေးကွာသော တိုးချဲ့  ရွာတစ်ရွာမှာ နေသည်၊ သင်္ကြန်နေ့များ ၀ါတွင်းကာလနေ့ရက်များတွင် ထိုရွာသို့သွားရောက်ပြီး သီလပေး တရားဟောများ ပြုလုပ်ရသည်၊ ထိုတိုးချဲ့   ရွာလေးမှ လူကြီးသူမများ စာရေးသူတို့ မူရင်းရွာကို မလာနိုင်တော့သောကြောင့် ရွာမှ ကိုယ်တော်လေးများက သွားရောက်ကာ သီလပေး တရားဟော လုပ်ကြရသည်။ တစ်နှစ်စာရေးသူလည်း ရွာရောက်နေခိုက် ဆရာတော်မှ " သီလပေး တရားဟောရန် ကြွပေးပါ " ဆိုပြီ ပြောလာသည်၊ ထိုရွာလေးတွင် နေထိုင်ကြသူ အများစုသည် စာရေးသူနဲ့အမျိုးကင်းသူ သိပ်မရှိ၊ ထို့ကြောင့်လည်း စာရေးသူ သွားဖြစ်ခဲ့သည်။


သီလပေး တရားဟောပြီးတော့ အမျိုးများက ပင့်ဖိတ်ကြသည်၊ ကောင်းမွန် ထူးခြား ပျော်စရာကောင်းသော တောဓလေ့ တစ်ခုပါ၊ ထိုသို့ ပင့်ဖိတ်သူများထဲမှာ ဒေါ်လေးတင်ခိုင်လည်း ပါသည်၊ သူက " အမွှာပူးလေး ၊ လာကြည့်ပါဦး ဘုရား " ဟု ၀ိသေသ မကာ ပင့်ဖိတ်လိုက်သေးသည်၊ အမွှာပူးဆိုတဲ့ အသံလည်း ကြားရော စာရေးသူ မြင်ချင် ကြည့်ချင်သည်၊ အဲဒါကြောင့်ပဲ တစ်ခြား အမျိုးအိမ်တွေ မရောက်ဖြစ်တောင် ဒေါ်လေးတင်ခိုင်ရဲ့  အိမ်ကိုတော့ ရောက်အောင် သွားမည်ဟု ဆုံးဖြတ်လိုက်သည်၊ ပြန်ရမယ့်အချိန်ကို တွက်ကြည့်ပြီး တစ်ချို့ အိမ်များကို အိမ်ထဲသို့  မ၀င်တော့ပဲ လမ်းမှ နှုတ်ဆက် စကားပြောသည်၊ တစ်ချို့  အိမ်များကိုတော့ ရေသောက်တာမျိုး ခဏတာ ၀င်စကားပြောရသည်၊ ပြီးလျှင်တော့ ဒေါ်လေး တင်ခိုင်ရဲ့  အိမ်သို့ သွားခဲ့သည်။


အမွှားလေး နှစ်ယောက်က ခပ်ငယ်ငယ်လေးတွေ ရုပ်တူ ကိုယ်ထည်တူလေးတွေပါ။ ယောက်ျားလေးတွေပါ။ အဲဒီမှာ ကလေးတစ်ယောက် အိမ်ထဲပြေးဝင်လာပြီး ဦးချနေတာကို တွေ့ရတော့ စိတ်ထဲမှာ တစ်မျိုးလေး ခံစားလိုက်ရသည်၊ စာရေးသူတို့ တောရွာတွေမှာ ဒီကလေး အသက်အရွယ်နဲ့ဆို ခုလို ပြေးလာပြီး ဦးချဘို့ မဆိုထားနဲ့  ဦးဇင်းတွေ မြင်ရင်ကို လန့်နေသည့်ပုံစံ ဖြစ်နေကြသည်၊ ခုတော့ ကလေးက အဲလိုမဟုတ်၊ ဒါနဲ့ ဒေါ်လေးကို " ဒေါ်လေး ဒါက ဘယ်သူ့ကလေး  လဲ၊ သိတတ် လိုက်တာနော်၊ ကြောက်တတ်ပုံလည်း မပေါ်ဘူး " လို့ မေးကြည့်ရသည်၊ ဒေါ်လေးက " အဲ ဦးဇင်းကလည်း ၊ ဘယ်သူ့ကလေး ဟုတ်ရမှာတုန်း၊ တပည့်တော် သား အကြီးဆုံးလေ " ဟုပြောသည်၊ ဒေါ်လေးကပဲ " ဦးဇင်းရေ ဟုတ်သည် မဟုတ်သည်တော့ မသိဘူး၊ ဒီကလေးက ဘကြီးဖိုးသာ ၀င်စားတာတဲ့ " ဟု ဆက်ပြောပြသည်၊ ဒေါ်လေးပြောပြသော သူ့ သားကလေး အကြောင်း ကို ဖတ်ကြည့်ကြပါစို့နော်။ ဒေါ်လေးနဲ့ သူ့သား စကားပြောခဲ့ပုံကို ရေးထားပါသည်။


တစ်နေ့ ဒေါ်လေးက စာရေးသူတို့ရွာကို ဆီကြိတ်ဘို့ သွားမည်ဖြစ်သည်။
ဒေါ်လေး            “သား မင်း ဖွားဖွားတို့အိမ်ကို သွားနေနော်၊ မေမေ ဆီကြိတ်သွားလိုက် ဦးမယ်”
သား                “ဘယ်ကို သွားကြိတ်မှာလဲ”
ဒေါ်လေး          “လဲကန်ရွာမှာ ကြိတ်ရမှာလေ၊ အဲဆီကို သွားမှာ” 
သား             “သားလည်း လိုက်ခဲ့မယ်၊ သား ပုတီး ယူချင်လို့”
ဒေါ်လေး       “ဟဲ့ ကောင်လေးရဲ့  နင့်ပုတီးက ဘယ်လိုလုပ်ရှိမှာလဲ၊ ပေါက်ပေါက်ရှာရှာ”
သား            “ရှိတယ်လေ၊ ကြေးစည်မှာ ပတ်ထားတာ”
ဒေါ်လေး “ဘယ်က ကြေးစည်လဲ၊ ရွာတောင် မရောက်ဘူးပဲနဲ့၊ ကလေး အပတွေများ မီလာသလားနော်”
သား          “ထားတဲ့နေရာကို သိပါတယ်ဆိုမှ”
ဒေါ်လေး     “ဘယ်နေရာလဲ”
သား         “အိမ်က ကြေးစည်မှာ ။ ပတ်ထားတာလေ”

ဒေါ်လေးလည်း စိတ်ထဲ တစ်မျိုးဖြစ်နေတာနဲ့ အဖွားလေး အုန်းကြည် (အဖွားလေးက ဒေါ်လေးတင်ခိုင်ရဲ့ အမေပါ၊ စာရေးသူတို့နဲ့ကြ အဖွားပေါ့နော်)  နဲ့တိုင်ပင်သည်၊ အဖွားလေးက " ခေါ်သာ ခေါ်သွားလိုက် " ဟုပြောသဖြင့် ခေါ်လာခဲ့သည်။ သားလေးက ဒေါ်လေးကို " ဟိုလမ်းသွား ၊ ဒီလမ်းသွား " ဆိုပြီး လမ်းပါ ပြောပြနေသည်။ ဒေါ်လေးလည်း သွားရင်း သွားရင်းနဲ့ ဘကြီးဖိုးသာတို့အိမ်ရှေ့  ရောက်လာသည်၊ ထိုအခါ သားလေးက " ရပ် ရပ် ၊  အိမ်ထဲဝင် " လို့ ပြောသည်၊ ဒေါ်လေးလည်း အိမ်ထဲသို့ ၀င်ခဲ့သည်၊ အိမ်မှ လူများကလည်း အမျိုးတွေမို့ "အလည်လာတယ်" ထင်ပြီး ကြိုဆိုနှုတ်ဆက်ကြ၊ စကားစမြည် ပြောကြသည်၊ ဒေါ်လေးက ကလေးရဲ့  အဖြစ်အပျက်တွေကို ပြောပြတော့ အားလုံးက အံ့သြနေကြသည်၊ ကလေးက ဘုရားစင် အောက်မှာ ဟိုရှာ ဒီရှာနဲ့လုပ်နေသည်၊ " ကြေးစည် ရှာတာဖြစ်မည် " ဟု အားလုံးက တွေးမိကြ သည်၊ ကြေးစည်အကြောင်းကို ဒေါ်လေးက ပြောပြထားသည်ကိုး။ 


 "ဘာလုပ်နေတာလဲ" လို့ မေးလိုက်တော့ " ကြေးစည် ရှာတာလေ၊ ကြေးစည်မှာ ငါ့ပုတီး ရှိတယ် " လို့ ပြောတော့သည်၊ အားလုံးပဲ အံ့သြ တုန်လှုပ်သွားကြသည်၊ လူဝင်စား ဖြစ်လာသည့်ဖြစ်ရပ်ကြောင့် အံ့သြရပြီး အစွဲအလန်းရဲ့ အားကြီးပုံကို သိလိုက်ကြရတော့ တုန်လှုပ်သွားကြသည်၊ သူ့အရင်ဘ၀က သမီးက အိမ်ခန်းထဲမှ ကြေးစည်ကို ယူလာပေးသည်၊ ကလေးလေးသည် ကြေးစည်ကိုလည်း မြင်ရော " ဟင် ဒီမှာ ငါ ပတ်ထားတာပါ၊ ငါ့ ပုတီး ဘယ်ရောက်သွားတာတုန်း " လို့ လူကြီးတစ်ယောက်ပုံစံနဲ့ ပြောဆိုနေသည်၊ ဘုရားစင်ပေါ်က ပုတီးကို ယူပေးလိုက်တော့ " အေး အဲဒါ ငါ့ပုတီး ၊ ငါ ပုတီး လာယူတာ " ဆိုပြီး  ပုတီးအကြီးကြီးကို လည်ပင်းမှာ စွဲလျှက် ဒေါ်လေး ရင်ခွင်ထဲမှာ ပြန်ထိုင်နေတော့သည်၊ ဘကြီး ဖိုးသာ ဆုံးပြီးတဲ့ အချိန်ကစပြီး ဘကြီး စိတ်နေကြပုတီးကို ဘုရားစင်ပေါ်မှာ တင်ထားသည်၊ ကြေးစည်ကိုတော့ အိပ်ခန်းထဲမှာ ထားထားသည်လေ။ အင်း အဖြစ်အပျက်လေးကတော့ ဒါပါပဲနော်။ လူဝင်စား ဆိုတာကို ယုံသည် မယုံသည်ကတော့ စာဖတ်သူအပေါင်းရဲ့   ခံယူချက်သာ။ အစွဲအလန်းတစ်ခုရဲ့  ဆွဲအားပြင်းထန်ပုံကို သိရှိကြပြီး ဆင်ခြင်နိုင်ကြပါစေ လို့ --------------------



No comments:

Post a Comment