စကားဟူသည် လူတစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ပေးသော အရာဖြစ်သည်၊ အရာရာတိုင်းကို လွယ်ကူစွာ ပြီးမြောက် အောင်မြင်အောင် လုပ်ပေးနိုင်သော အရာဖြစ်သည်။ စကား၏ အဓိက အရေးကြီးသော အချက်မှာ နားလည်ဘို့သာ ဖြစ်သည်၊ ကိုယ်ပြောတာကို တစ်ဘက်သား သိသွားလျှင် သူ့တာဝန်ကျေပြီ၊ ကောင်းသောစကား မကောင်းသောစကား ဖြစ်ခြင်းသည် စကားတာဝန်မဟုတ်၊ ပြောသူရဲ့ စိတ်တာဝန်သာ ဖြစ်သည်၊ မည်သည့် ဘာသာ စကားကို ပြောပြော နားလည်အောင်ပြောတတ်ဘို့လိုသည်၊ တစ်ဘက်သား နားလည်နိုင်မည့်စကားလုံးကို မပြောတတ်လျှင် စကား၏ ကိုယ်စား ကိုယ်အမူအရာနဲ့ အစား ထိုးရသည်။
စကားသည် လွန်စွာ အရေးပါလှသည်၊ ချစ်ကြောင်း ကြိုက်ကြောင်း နှစ်သက်ကြောင်းကို မပြောပဲ သိနေတာလည်း ရှိသည်၊ သို့သော်လည်း သိနေသော်လည်း စကားဖြင့် သက်သေမထူခဲ့ခြင်းကြောင့် အချစ်မရဘဲ နောင်တသာ ရသွားကြသူများလည်း ရှိသည်၊ ချစ်သူနဲ့ ဝေကွာသွားရသူများလည်း ရှိသည်၊ တရားစကား တရားအကြောင်းကို ပြောဆိုရာမှာလည်း စကားသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည်၊ တရားသည် ကိုယ် စိတ်ဖြင့် ပြုလုပ်ရသော အလုပ်ဖြစ်သော်လည်း ထိုသို့လုပ်တတ်အောင် သင်ပြပေးသော ဆရာသည် စကားကိုသာ အဓိက သုံးရသည်၊ အလုပ်တစ်ခုခုလုပ်လျှင်လည်း စကားသည် မပါမဖြစ်၊ တစ်နေရာရာကို သွားလျှင်လည်း စကား မပါမဖြစ်၊ အရာရာတိုင်းတွင် စကားသည် ပါနေရသည်၊ သို့ဆိုလျှင် စကားသည် မည်မျှအရေးပါ အရာရောက်သည်ဆိုတာကို သဘောပေါက် နားလည်နိုင်သည်။ သိနိုင်သည်။
စကားပြောရာတွင် အဓိကအချက်သည် တစ်ဘက်သား နားလည်ဘို့သာဖြစ်သည် ဟူသောအချက်ပင်။ ထိုအချက်နဲ့ပတ်သက်ပြီး သဘောကျစရာကောင်းသော အချက်အလက် အနည်းငယ်ကို ရေးသား တင်ပြချင်သည်၊ ထိုအကြောင်းအရာများသည် တကယ့်ဖြစ်ပျက်ခဲ့သော အကြောင်းအရာများ ဖြစ်သည် ဆိုတာကိုတော့ အာမခံပါသည်၊ သို့သော်လည်း ကိုယ်တိုင်ကြုံတွေ့ခဲ့သော ထိုပုဂ်ဂိုလ်များကို အမှန်တိုင်း နာမည်ရေးသားမည် မဟုတ်ပါ။ ဖတ်ကြည့်ကြပါစို့။
(၁) တစ်ရက်တွင် မြန်မာမြည်မှ ဘုန်းကြီးတစ်ပါး ဂျပန်ပြည်သို့ ရောက်လာသည်၊ လေဆိပ်အထွက်မှာ Immigration ဖြတ်ရသည်၊ မည်သည့်နိုင်ငံမဆို လုပ်ရသည့် ကိစ္စဖြစ်သည်၊ သူ့ passport ကိုလည်း မြင်ရော မြန်မာ passport ဖြစ်နေသဖြင့် အခြား ခရီးသွားများလို ပြည်ဝင်ခွင့်ကို ချက်ခြင်း ထုမပေးပါ၊ အခြားခရီးသည်များ၏ passport ကိုတော့ ခဏကြည့်ပြီး " ဒုန်း ဒုန်း " ဆို ထုပေးလိုက်သည်။ မည်သည့်နိုင်ငံက လေဆိပ်ဖြစ်ဖြစ် ထိုသို့ ဝေ့ချင်ကြသည်၊ ရစ်ချင်ကြသည်၊ ဘာကြောင့်မှန်းတော့ စာရေးသူလည်း တိတိကျကျ မပြောပြတတ်ပါ။ မျက်နှာငယ် ကြရသည်တော့ အမှန်၊ စာရေးသူတို့ နိုင်ငံလောက် အကျယ်အ၀န်း သယံဇာတ ဘယ်လိုမှယှဉ်မရတဲ့ နိုင်ငံလေးတွေမှာလည်း ထိုသို့ ဖြစ်တတ်သည်၊ သို့ဖြစ်လျှင် " ငါတို့ မျက်နှာသစ်တဲ့ ခွက်လောက်ရှိတဲ့ နိုင်ငံက လာကြပ်နေသေးတယ် " လို့ တွေးတွေးပြီး အရမ်း စိတ်တိုမိသည်၊ ဘယ်သူ့ကို စိတ်တိုရမည်နည်း၊ စိတ်တိုမိတာတော့ အမှန်ပါ၊ ဘယ်သူ့ကို စိတ်တိုတာလဲဆိုရင်တော့ ပြောပြဘို့က ဝေး၀ါးနေဆဲ၊ ကိုယ့်ဘ၀ရဲ့ ကံကိုပဲ စိတ်တိုတာ ကောင်းပါတယ်နော်။
ဘုန်းကြီးလေးလည်း ရပ်နေရှာသည်၊ အခြားခရီးသည်များသာ ထွက်ထွက်သွားသည်၊ သူ့အလှည့် ရောက်မလာခဲ့၊ ရပ်နေရတာ ကြာလာတော့လည်း မြန်မာပီပီ စိတ်မရှည်တတ်သည့် စရိုက်လေးက ပါနေတော့ " you, other's passport ဒုန်းဒုန်း၊ my passport not ဒုန်းဒုန်း၊ why? " လို့ လက်အမူအရာတွေနဲ့ပါ ပြောပစ်လိုက်သည်၊ ဘုန်းကြီးက အင်္ဂလိပ်လိုလည်း သိပ်မပြောတတ်ပါ၊ စာရေးသူတို့မြန်မာများသည် စိတ်မရှည်ကြပါ၊ တိုလာသည့် စိတ်ဆိုးကိုလည်း မထိန်းချုပ်နိုင်ကြပါ၊ သူများနယ်လား ကိုယ့်နယ်လား/ သူများ ပြည်လား ကိုယ့်ပြည်လား ဆိုတဲ့ အသိစိတ် ပျောက်ပျောက်ကုန်သည်၊ ဂျပန်ပြည်က ပြည်ဝင်ခွင့်မပေးလျှင် ဘယ်လိုမှ မတတ်နိုင်ပါ။ ရွှေပြည်သို့ ပြန်လာရုံသာ ရှိသည်၊ အတတ်နိုင်ဆုံးတော့ သူများနေရာရောက်လျှင် စိတ်ကို ထိန်းချုပ်တာ အကောင်းဆုံဟု ထင်မိသည်၊ ကိုယ့်ပြည် ကိုယ့်နိုင်ငံမှ မဟုတ်တာလေ၊ ကိုယ့်မိခင်ပြည်မှာတောင် အဲလို လုပ်ရဲကြတာ မှတ်လို့၊ office or department သို့ သွားလျှင် မျက်နှာငယ်လေးနဲ့ သေးသိမ်စိတ်နဲ့ သွားကြရသည်၊ ကိုယ့်ကိုယ်ကို ပုရွက်ဆိတ်လောက်တောင် စိတ်ဓာတ် မမာရဲခဲ့။ ငေါက်မှာ ဆူမှာ ကြောက်နေရသည်၊ ကိုယ့်ပြည်သူတွေဆိုလျှင် အထင်ကြီးစိတ် ချစ်ခင်မြတ်နိုးစိတ် တန်းဘိုးထားစိတ် ကူညီဆောင်ရွက်ပေးလိုစိတ်တွေ အိပ်ပျော်နေသည် ထင်၏၊ " အပူလာပေးတယ် အလုပ်ရှုပ်အောင် လာလုပ်တယ် " လို့ ထင်မြင်စိတ်တွေသာ နိုးထနေကြသည်။
များသောအားဖြင့် စိတ်ဆိုးသည့် အမူအရာကို မည်သူမျှ မကြိုက်ကြ၊ မမြင်လိုကြ၊ မကြည့်ချင်ကြ၊ သို့သော်လည်း ခုတော့ ဘုန်းကြီးလေးရဲ့ စိတ်ဆိုးသည့် အမူအရာလေးက သိပ်ကို သဘောကျစရာ ကောင်း နေသည်ထင်ရဲ့ ၊ ဒါမှ မဟုတ် ဘုန်းကြီးလေး ပြောလိုက်သော စကားကို သဘောကျလို့ပဲလား ဘုန်းကြီး လေးရဲ့ စိတ်ဓာတ်ကို သဘောကျလို့ပဲ မပြောတတ်၊ " ဒုန်းဒုန်း " ဆို ထုပေးလိုက်သည်၊ သူတို့မျက်နှာ သည်လည်း ပြုံးလျှင် သဘောကျလျှက်၊ ဘုန်းကြီးလေးမှာလည်း ၀မ်းသာလျှက် စိတ်အေးလျှက် ။ အင်း ဘုန်းကြီးလေး စိတ်တိုလိုက်တာက နှစ်ဦးနှစ်ဘက်ကို စိတ်ချမ်းသာစေပါလားနော်၊ စိတ်တို စိတ်ဆိုးခြင်း ကြောင့် ပျော်စရာ ကြည်နူးစရာ ဖြစ်လာတတ်သည်လည်း သဘာဝတရား တစ်ခုပင်ဖြစ်သည်၊ " ဒေါသ အကုသိုလ်စိတ်နဲ့ဦးတည်ပေမဲ့ ကုသိုလ်စိတ်တွေဖြစ်လာတတ်သည်၊ ကုသိုလ်စိတ်နဲ့ဦးတည်ပေမဲ့ အကုသိုလ်စိတ်တွေဖြစ်လာ တတ်သည်၊ တပ်မက်ချစ်ခင်စိတ်နဲ့ ဦးတည်ပေမဲ့ ကုသိုလ်စိတ်တွေ ဖြစ်လာတတ် သည်၊ ကုသိုလ်စိတ်နဲ့ဦးတည်ပေမဲ့ တပ်မက်ချစ်ခင် စွဲလန်းမှု့အကုသိုလ်တွေ ဖြစ်လာတတ်သည် " ဟူသော ဒေသနာလည်း(ပဋ္ဌာန်း) ရှိနေသည်မဟုတ်ပါလားဗျာ။
ဘာကြောင့်ပဲ ဖြစ်ဖြစ် ဘုန်းကြီးလေး ပြောသော စကားသည် အင်္ဂလိပ်ရော မြန်မာရော ရောနေသော်လည်း သူ့စကားကို ဂျပန် Immigration ဌာနမှ တာဝန်ရှိသူများ သဘောပေါက်နားလည်သည်။ ဘုန်းကြီးလေးရဲ့ စကားက ဘာကို ဆိုလိုတယ်ဆိုတာ သူတို့ သိကြသည်၊ အဓိကမှာ ကိုယ်ပြောသော စကားကို တစ်ဘက်လူနားလည်ဘို့သာ အရေးကြီးသည် မဟုတ်ပါဘူးဗျာ။
(၂) စာရေးသူ နေသော ကျောင်းတွင် ကွမ်းယာများ ဟင်းချက်စရာများ အကြော်များကို ၀ယ်ခိုင်းလို့ရသော ကုလားတစ်ယောက်ရှိသည်၊ ဦးဇင်းလေး တစ်ပါးသည် ကွမ်းဝယ်ခိုင်းထားသဖြင့် လာပို့ခြင်း ဖြစ်သည်၊ ဦးဇင်းလေး တစ်ပါးသည် ကျောင်းပေါက်ဝမှာ လမ်းလျှောက်နေသည်၊ ထိုကုလားလေးက သူ့ ဒူးကို လက်နဲ့ပုတ်ပြပြီး " This is problem ဟာမူးသရူး (ဘုန်းကြီး) " ဟု ဦးဇင်းလေးကို ပြောသည် မေးသည်။ ပြောခံရသော မေးခံရသော ဦးဇင်းလေးက " Aww; OK OK. He is in that room " ဟု ထို ဦးဇင်းလေးရှိသော အခန်းကို လက်ညိုးထိုး ပြောလိုက်သည်၊ ကွမ်းယာဝယ်ခိုင်းထားသဖြင့် လာပို့ခြင်းဖြစ်သည်၊ ဘာပဲဖြစ်ဖြစ်ပါ၊ ကုလားပြောသော စကားကို အမေးခံရသော ဦးဇင်းလေးက နားလည်သည်၊ ထိုသို့ တစ်ဘက်သား နားလည်အောင် ပြောတတ်ဘို့သာ အရေးကြီးသည်၊ ထိုကွမ်းယာဝယ်ခိုင်းသော ဦးဇင်းလေးသည် ဒူး တစ်ဘက် မသန်ပါ။ မွေးရာပါ ဖြစ်သည်။
(၃) B. P. U တက္ကသိုလ်တွင် ကျောင်းတက်နေသော ဦးဇင်းတစ်ပါးရှိသည်၊ သူတက်နေသော အတန်း ထဲမှာတော့ သူက အသက်အကြီးဆုံး။ ကုလား ဦးဇင်းတွေနဲ့ အတူကျောင်းတက်ရသည်၊ မြန်မာဦးဇင်း တွေရောပေါ့။ နေ့တိုင်းလိုလို သူ့ကို ကုလားဦးဇင်းတစ်ပါးက အခြားကုလားဦးဇင်းများနဲ့ ပြောဆို ရယ်မော နေသည်၊ လှောင်ပြောင်သည်၊ ထိုအကြီးဦးဇင်းက သူ့ကို ပြောဆိုလှောင်ပြောင် ရယ်မောနေမှန်းသိသည်၊ ထို့ကြောင့် မခံချင်၊ ဖြစ်နိုင်လျှင် ကုလားစကားနဲ့ ခွက်ခွက်လန်အောင် ပြန်ပြောပစ်ချင်သည်၊ သို့သော်လည်း ကုလား စကားက မရ။ ဒါနဲ့ပဲ အင်္ဂလိပ်လို ပြောဘို့ ပြင်တော့သည်။ ကျောင်းကလည်း တက်ခါစ မြန်မာပြည်တုန်းကလည်း ဂရမ္မာကို ကောင်းကောင်း မလေ့လာခဲ့ရ၊ ပြောချင်နေသည့်စိတ်ကိုလည်း ထိန်းမရ၊ သူပြောချင်တာက " မင်းတို့က ငါ့သားလောက်ပဲ ရှိသေးတယ်၊ ငါက မင်းတို့အဖေလောက်ရှိတယ်၊ မင်းတို့ထက် ငါက အများကြီး ကြီးတယ်၊ မင်းတို့ မပြောင်လှောင်သင့်ဘူး " ဟုဖြစ်သည်၊ သို့သော်လည်း သူပြောလိုက်တာက " you are ပုတ္တ၊ I am father. It is very different" ဟု ဖြစ်သည်၊ ကုလားလေးများကလည်း သူပြောလိုရင်း အဓိပ္ပါယ်ကို သိသွားကြသည်၊ ထိုနေ့မှ စပြီး မပြောင် လှောင်ကြတော့။
(၄) ထိုအကြီးဆုံး ဦးဇင်းပင်ဖြစ်သည်၊ သူသည် ကိုးရီးယား ဒေါက်တာယု ရဲ့ ခွေးကလေး မိဖြူကို ကျွေးမွေးစောင့်ရှောက်ထားသည်၊ မိဖြူဆိုတာ ချစ်စနိုးနဲ့ခေါ်သော နာမည်ပါ၊ အိမ်မွေး ခွေးဖြူမလေးပါ၊ ဒေါက်တာယုက သူ့အလုပ်ချိန်ပြီးရင် လာခေါ်သည်၊ မနက် အလုပ်သွားလျှင် ကျောင်းသို့ လာပို့သွားသည်၊ တစ်နေ့ ဒေါက်တာယု အလုပ်ပြီးချိန် အလွန်နောက်ကြသွားသဖြင့် လာမခေါ်ဖြစ်၊ ထိုညက မိဖြူလေးကို ထိုဦးဇင်းက ပြောသည်၊ သူပြောလိုတာကတော့ " မင်းကို လာမခေါ်တော့ဘူး၊ အခန်းထဲတော့ အိပ်လို့မရဘူး၊ အခန်းအပြင်မှာပဲ အိပ်ရမယ်၊ မင်းမှာ သေးပေါက်တတ်တဲ့ ပြဿာနာ ရှိနေတယ် " ဟု ဖြစ်သည် ၊ သို့သော် လည်း သူပြောလိုက်တာက " မိဖြူ you tonight go outside. not together your friends. you ရှုး ရှုး problem " ဟုဖြစ်သည်၊ သူပြောသော စကားကို မိဖြူလေး နားလည် မလည်တော့ မသိ၊ ဘေးမှ ကြားရသော သူငယ်ချင်းများကတော့ ၀ါးကနဲ ရယ်မောကြရသည်။
(၅) ထိုဦးဇင်းပင် ၊ သူကတော့ ဒိုင်ခံ မင်းသားကြီးပေါ့နော်။ သူက မကြောက်တတ်ပါ၊ ပြောရဲသည်၊ သူတစ်ဘက်သား နားလည်အောင်လည်း ပြောတတ်သည်၊ တစ်နေ့ ဟင်းချက်စရာ သွားဝယ်သည်၊ ကြက်ဟင်းခါးသီးကို အင်္ဂလိပ်လို မေ့နေသည်၊ မပြောတတ်၊ ဆိုင်ရှင် ကုလားက ပါဠိလိုပြောဘို့ စကားဆိုသည်၊ ခက်တာက ပါဠိလိုလည်း မေ့နေပြန်သည်၊ မထူးတော့သည်မို့ ပုံစံဆွဲပြလိုက်သည်၊ ဆိုင်ရှင် က ဘာသီးလဲဆိုတာကို သိသွားသည်၊ အဆင်ပြေသွားသည်၊
နောက်ပြီး သံပုရာသီး ၀ယ်ဘို့လုပ်သည်၊ ဟိ၊ ဒါကိုလည်း အင်္ဂလိပ်လို မေ့နေပြန်သည်၊ မထူးတော့သည်မို့ ဘေးမှာရှိသော အသီးတစ်လုံးကို ကောက်ကိုင်ပြီး ကိုက်ပြဟန်လုပ်သည်၊ ပြီး ချဉ်သဖြင့် မျက်နှာရှုံ့ မဲ့ သွားဟန်လည်း လုပ်ပြလိုက်သည်၊ ဆိုင်ရှင်နားလည် သွားသည်၊ သံပုရာသီး ထုတ်ပေးသည်၊ အဆင်ပြေ သွားသည်၊
အဓိကက တစ်ဘက်သား နာလည်းဘို့ပင် မဟုတ်ပါလားဗျာ၊ အင်္ဂလိပ်စကားကို ပြောသည့် အခါတွင်လည်း ကြောက်မနေသင့်၊ ဂရမ္မာကို ဖြစ်နိုင်လျှင်တော့ ပါတာကောင်းသည်၊ သို့သော်လည်း ဂရမ္မာကိုပဲ ကိုင်နေလျှင် ၀ါကျရှည်သည်၊ ထိုသို့လည်း မပြောသင့်လှ၊ တိုတိုနဲ့ လိုရင်း ရောက်မည့် တစ်ဘက်သား နားလည်မည့် စကားကိုသာ ပြောသင့်လှသည်၊ ဂရမ္မာ စည်းကမ်းနဲ့ မညီသော်လည်း တစ်ဘက်သားနားလည်က ကိစ္စပြီးသည်၊ ကဲ တော်တော်လေးလည်း စုံပါပြီနော်။ အဓိက ပြောချင်တာက " စကားပြောခြင်းသည် တစ်ဘက်သား နားလည်ဘို့သာ အဓိက ဖြစ်သည် " ဟူသော အချက်နဲ့ " စကားပြောခြင်းသည် အရေးကြီးသော အခန်းကဏ္ဍကမှ ပါဝင်နေသလို တစ်ဘက်သားနာလည်းနိုင်မည့် ပုံစံအမျိုးမျိုးနဲ့ ပြောဆိုနိုင်ဘို့ ပြောတတ်ဘို့လိုသည် " ဟူသော အချက်ပင်ဖြစ်သည်၊ ကဲ ဒီလောက်ပါပဲနော် -------------
No comments:
Post a Comment