စာရေးသူတို့ရွာမှ ကိုယ်တိုင်တိုက်ရိုက် ကြားသိခဲ့ရသော အဖြစ်အပျက် အကြောင်းအရာများနှင့် တဆင့် ကြားသိခဲ့ရသော အဖြစ်အပျက်အကြောင်းအရာများကို ရေးသားထားခြင်း ဖြစ်ပါကြောင်း ကြိုတင်ဝန်ခံ ပါသည်၊ တူမလေး မိချစ်အကြောင်း---
တူမလေး မိချစ်သည် ယခုဆိုလျှင် အသက် (၅) နှစ် ပြည့်ပြီးဖြစ်သဖြင့် မူလတန်းကျောင်းသူလေးဖြစ်နေပါပြီ၊ မိချစ်လေး လူဝင်စားဖြစ်ကြောင်းကို စာရေးသူ၏ အစ်မ (မိချစ်၏အမေ) ပြောပြလို့သိခဲ့ရသည်၊ စာရေးသူ သည် ညီအစ်ကိုမောင်နှမများနဲ့သော်လည်းကောင်း တူလေးတူမလေးများနဲ့သော်လည်းကောင်း အတူနေခွင့် မရခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပါပြီ၊ ထို့ကြောင့်လည်း သူတို့တွေရဲ့ အဖြစ်အပျက်အကြောင်းအရာများကို စာရေးသူ ကိုယ်တိုင် သိနိုင်ဘို့ မလွယ်ပါ၊ ကဲ အစ်မပြောပြသော မိချစ် အကြောင်းလေးကို ဖတ်ကြည့်ကြ ပါစို့နော်---
ချစ်သူခင်သူ ပေါများသောကြောင့်လည်းကောင်း, တကယ်ပင်ချစ်စရာကောင်းသောကြောင့် လည်းကောင်း " မိချစ် " ဟုသာ အများက ခေါ်ကြသည်၊ မိချစ်ဟူသော နာမည်သည် သူ့နာမည်အရင်းတော့ မဟုတ်ပါ၊ နာမည်အရင်းမှာ ရွှေရည်ဝင်းဖြစ်သည်၊ မိချစ်သည် အရင်ဘ၀က ကြူကြူမာ ဟူသောနာမည်ဖြင့် မိန်းကလေး ပင်ဖြစ်ခဲ့သည်၊ ကြူကြူမာသည် စာရေးသူ၏ ဖခင်နဲ့မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သည်၊ စားရေးသူတို့နဲ့ ဆိုလျှင်တော့ ဒေါ်လေးခေါ်ရမည် ထင်သည်၊ သို့သော်လည်း စာရေးသူတို့က ကြူမာ ဟုသာခေါ်ကြသည်။
စာရေးသူ သာသာနာ့ဘောင်ထဲသို့ မရောက်ခင်က ရွာအရှေ့ ပိုင်းက အောင်ထွေးတို့ညီအစ်ကိုနှစ်ယောက်နဲ့ စကားများ ရန်ဖြစ်ဘူးသည်၊ စာရေးသူ သာသနာ့ဘောင်ထဲရောက်ပြီး ၃ - နှစ်လောက်အကြာမှာ ကြူမာနဲ့ အောင်ထွေးတို့ လက်ထပ်လိုက်ကြသည်၊ စာရေးသူသည် စာသင်နှစ်ပြီးတိုင်း မိဘတို့ ရှိရာ မွေးရပ်မြေသို့ ပြန်လာဖြစ်သည်၊ တစ်နေ့ ကြူမာနဲ့ တွေ့သည်၊ သူတို့အိမ်ကို လာလည်ဘို့ ပင့်ဖိတ်ခေါ်သည်၊ သူက အောင်ထွေးအိမ်မှာ လိုက်နေတာလေ၊ စားရေးသူကလည်း " ငါနဲ့မတည့်တဲ့ကောင်ရဲ့ အိမ်ကို မလာချင်ဘူး၊ နင်တွေ့ချင်ရင် ကျောင်းလာတွေ့လည်း ရတာပဲ၊ အိမ်လာတွေ့လည်း ရတာပဲ " လို့ခပ်မာမာပဲ ပြောလိုက်သည်၊ သူကတော့ ဆွေမျိုးရင်းဖြစ်တော့ ပင့်ချင် ဖိတ်ချင် လာလည်စေချင်တာ ဖြစ်မည်၊ စာရေးသူ မသွားဖြစ်ခဲ့ပါ၊ သူလည်း အလုပ်တွေများနေလို့ထင်ရဲ့ ၊ ကျောင်းကိုလည်း မလာ၊ အိမ်ကိုလည်း မလာပါ။
ဒီတစ်ခါ တွေ့ရခြင်းသည် သူနဲ့နောက်ဆုံးတွေ့ရခြင်းပဲလို့ ကြိုသိထားလျှင်တော့ အမုန်းကို ချိုးနှိမ်ပြီး သွားဖြစ်လိမ့်မည်ထင်သည်၊ အဲလို ကြိုမသိရတော့လည်း ခက်သားဗျာ၊ နောက်နှစ်တွေပြန်လာတော့လည်း ကြူမာနဲ့မတွေ့ဖြစ်၊ မဆုံဖြစ်ပါ၊ နောက်တော့ " ကြူမာ ဆုံးသွားပြီ " သူသော သတင်းသာ ကြားရသည်၊ စိတ်မကောင်းပါ၊ ဘာမှလည်း မတတ်နိုင်ပါ၊ အမျိုးတွေဖြစ်နေပေမဲ့ နောက်ဆုံးတွေ့ရချိန်မှာတောင် ရန်သူတွေလို ခပ်မာမာနဲ့ပြောဆိ့ခဲ့မိပုံကို သတိရတိုင်း စိတ်မကောင်းဖြစ်ရသည်၊ ဘာမှ မဟုတ်သော ကလေးဘ၀က ရန်ဖြစ်ခြင်း ကိစ္စလေးကို မကြေနိုင် မအေးနိုင်ခဲ့၊ အစွဲကြီးသော စာရေးသူ၏ စိကြောင့်ခက်ရသည်၊ စာသင်နှစ်ကုန်လို့ ရွာပြန်သွားတော့ အစ်မက " ဒီနှစ်ရွာမှာ ဘယ်သူတွေတော့ ဆုံးကုန်ပြီ၊ ဘယ်သူတွေတော့ ဘာဖြစ်ကုန်ပြီ " စသည် စသည်ဖြင့် ရွာနဲ့ဝေးနေသော စာရေးသူကို ကိုယ့်ရွာအကြောင်း သိအောင် စုံစုံလင်လင်ပြောပြတတ်သည်၊ သူက ပြောမပြဖြစ်ရင်လည်း စာရေးသူက မေးနေကြလေ၊ ကိုယ့်မွေးရွာနဲ့ ကိုယ့်ရွာကလူတွေ အကြောင်း ကိုတော့ စိတ်ဝင်စားသည်၊ " မမေ့အပ်သော နေရာများထဲမှာ ကိုယ့်မွေးရပ်မြေလည်း ပါသည် မဟုတ်ပါလားဗျာ " ။
ဒီလိုပဲ ပြောရင်း ပြောရင်းနဲ့ " ကြူမာက ကလေးမဖွားနိုင်လို့ ဆုံးသွားတာ၊ ဟိုဘက်ရွာမှာ ဆုံးခဲ့တာလေ၊ ရွာထဲကိုတောင် ပြန်သွင်းခွင့်မရှိဘူး၊ သူတို့ အိမ်နောက်ဘေးက ရွာစည်းလွတ်တဲ့နေရာလေးမှာ ထားရတာ " လို့ ပြောပြသည်၊ အဆိုးထဲက အကောင်းလို့ ပြောရမလိုပင်၊ ကြူမာနေသောအိမ်သည် ရွာရဲ့ အရှေ့ တောင် ပိုင်းမှာ အစွန်ဆုံးအိမ်ဖြစ်နေသည်၊ ကဲ ဒီလောက်ဆိုရင် ကြူမာ ဘယ်လို သေဆုံး ခဲ့တယ်ဆိုတာကို သိလောက်ပါပြီ၊ ဒီအကြောင်းလေးကို ကြိုတင်သိထားသင့်သည်ဟု ယူဆမိသဖြင့် ရေးသားလိုက်ခြင်းပါ၊ ကြူမာဆုံးတော့ သူ့ခင်ပွန်း အောင်ထွေးက ဘေးရွာမှ ဆရာဝန်ကို တရားစွဲဘို့ လုပ်သည်၊ ဆရာဝန်မှာလည်း အထိပ်တလန့် ဖြစ်နေသည်၊ သို့သော်လည်း လူရင်းတွေဖြစ်နေတာရော သေသောသူ ပြန်ရှင် မလာ တော့တာရော ဆရာဝန်ကတမင်လုပ်လိုက်တာ မဟုတ်တာရော ဆေးထိုးမှားသေတာ ဟုတ်/ မဟုတ် သေချာ မသိတာရော ဘေးက၀ိုင်းဝန်းဖြောင့်ဖြတာရောကြောင့် တရားစွဲဆိုမှု့ မဖြစ်ခဲ့။
နောက် ၂- နှစ်လောက်အကြာမှာတော့ စာရေးသူ၏အစ်မက သမီးလေး ဖြစ်ထွန်းသည်၊ မိချစ်ပါပဲ၊ မိချစ်လေး စကား မပြောတတ်သေးသော အရွယ်မှာ ယားပိန့်အကြီးကြီးတွေ ပေါ်တဲ့ ရောဂါဖြစ်သည်၊ ယားပိန့်တွေက သာမာန်ထက် ကြီးနေတာကို သတိထားမိကြသည်၊ လူကြီးများက ရွာရဲ့ ဓလေ့ အတိုင်း နတ်ကတော်ကို ခေါ်မေးကြသည်၊ နတ်ကတော်က " ရွှေ ခမဲ ပေးရမယ်ဟေ့၊ ဒါလေးက လူဝင်စားလေးဟေ့၊ နင်တို့ အမျိုး ထဲကပဲဟေ့" စသည်စသည်ဖြင့် ပြောဟောသွားလိုက်တာ ကြူမာဖြစ်နေပါရော့လားဗျာ၊ ကြူမာတဲ့ ဟူသော အသံလည်းကြားတော့ အောင်ထွေးက မနေနိုင်ပါ၊ သံယောဇဉ်ရဲ့ စွဲအားက ပြင်းထန်လွန်းလှသည်၊ ရွှေမခဲပေးရမယ် --စသည်အကြောင်းတွေကို ကြားသိသော အောင်ထွေးက ကြူမာ ကျန်ခဲ့သော ရွှေနားကပ် လေးကို လာပေးသည်၊ မိချစ်က ရွှေနဲ့ မတည့်ပြန်ဘူးလေ၊ ရွှေနဲ့ထိရင် ယားပိန့်တွေ ပြန်ပေါ်လာပြန်ရော၊ ဒါနဲ့ သူ့ အရင်ဘ၀က ရွှေနားကပ်လေးကို ပ၀ါနဲ့လိပ်ပြီး လည်ပင်းမှာ ကြိုးနဲ့ ဆွဲပေးထားရသည်၊ ရွှေခမဲပေးလိုက် သည်ဆိုလျှင်ပဲ အငိုတိတ်ပြီး ယားပိန့်တွေ ပြန်ပိန် ပျောက်သွားတာက ဆန်းကြယ်နေသည်၊ နတ်ကတော် ပြောတာ ဟောတာကို ယုံဘို့ကလည်း ခက်သည်၊ " နတ်ကတော်တို့ ဆေးဂိုဏ်းဆရာတို့ဆိုတာ သူတို့ ကိုယ်တိုင်ပြုစား (သို့) အောက်လမ်းသမားနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်၊ သူတို့က ပြန်ကုစားနဲ့ ရိုက်စားလုပ်နေကြတာများတယ် " ဟူသော စကားကိုလည်း ကြားဘူးသည်၊ ဟုတ်သည် မဟုတ်သည် ကတော့ ထိုသို့သော ပုဂ္ဂိုလ်များသာလျှင် အသိဆုံးဖြစ်ပေလိမ့်မည်၊ နတ်ကတော် ပြောသွား ဟောသွားရုံနဲ့ လူဝင်းဆိုတာကို လက်ခံဘို့ မလုံလောက်ပါ။
မိချစ်လေး စကားပြောတတ်သောအခါ၊ တစ်နေ့မှာ အိမ်းနီးချင်းလည်းဖြစ်သော အမျိုးလည်းဟုတ်သော အောင်ဇော်လင်း( ကြူမာနဲ့ ဖအေတူ မအေကွဲမောင်လေး) ၏ ဇနီး အေးခိုင်က ဖျားနေသည်၊ အစ်မကလည်း အေးခိုင်းရဲ့ ကျန်းမာရေးအခြေအနေလည်းမေးရင်း ကူညီလုပ်ပေးစရာများရှိရင်လည်း လုပ်ပေးရင်းဆိုပြီး မိချစ်ကိုခေါ်ပြီးသွားသည်၊ အေးခိုင်တို့ အိမ်ရောက်တော့ အေးခိုင်ရဲ့ ကလေးများက ဆော့ကစားနေကြသည်၊ အစ်မက အိမ်ပေါ်တက်ကြည့်တော့ အေးခိုင်းမှာ အရမ်းကို ဖျားနေသည်၊ အဖျားတွေတက်နေသည်၊ ကလေးများကတော့ ငယ်ရွယ်ကြသေးသည့်အတွက် သူတို့ အမေဖျားနေသည်ကို မသိကြ၊ အောင်ဇော်လင်းကလည်း မရှိ၊ တောသွားသည်၊ အစ်မလည်း ဘေးနားအိမ်က လူများကို အကူညီတောင်းပြီ ဆရာဝန် ပင့်ခိုင်းရသည်၊ ဆရာဝန်ရောက်လာလျှင် ဆေးထိုးနိင်ဘို့အတွက်လည်း ရေနွေးအိုးကို အသင့်ဖြစ်အောင် တည်ထားလိုက်သည်၊ ဘေးနားအိမ်များမှ လူများလည်းရောက်လာကြသည်၊ တစ်ဦးတစ်ယောက် အကူညီလိုနေလျှင် ၀ိုင်းဝန်းကူညီတတ်သော တောဓလေ့သည် သိပ်ကို ချစ်စရာကောင်းသော အချက်တစ်ခုဖြစ်သည်။
ဆရာဝန်ရောက်လာတော့ လူနာကို စမ်းသပ်ပြီး ဆေးထိုးဘို့ ပြင်တော့သည်၊ ဆေထိုးမည့်အခြင်းအရာကို လည်းမြင်ရော မိချစ်လေးက " ဆေးမထိုးနဲ့ ဆေးမထိုနဲ့၊ ဆေးထိုးရင် သေတတ်တယ်၊ ငါလည်း အရင်ဘ၀က ဆေးထိုးလို့ သေခဲ့တာ " လို့ ကြောက်လန့် တကြားပြောသည်၊ ဘေးမှ လူများကလည်း အရွယ်နဲ့ မလိုက်အောင် ပြောထွက်လာသော စကားများကြောင့် မိချစ်ကို တအံ့တသြငေးကြည့် မိကြသည်၊ အစ်မမှာလည်း သူ့ သမီးလေး အခြင်းအရာကို ကြည့်ပြီး မယုံနိုင်ခဲ့၊ မိချစ်လေးက အိမ်ပြန်ဘို့ ပူဆာသည်၊ ဘေးမှ လူများကလည်း ပြန်ဘို့ တိုက်တွန်းကြသည်၊ အစ်မလည်း မိချစ်လေးကို ခေါ်ပြီး အိမ်ပြန်လာခဲ့သည်၊ အိမ်ရောက်တော့လည်း မိချစ်လေးက " မေမေ သမီးကို ဆေးမထိုးနဲ့နော်၊ သမီး ဆေးထိုးလို့ သေခဲ့တာ " လို့ ကြောက်လန့်နေသည် အမူအရာများနဲ့ ပြောပြန်သည်၊ ထိုသို့ဖြစ်တော့ အစ်မလည်း မနေသာတော့ပဲ " သမီးက ဘယ်လိုဆေးထိုး မှားတာလဲ၊ ဘယ်လို သေခဲ့တာလဲ " လို့ မေးမိသည်၊ မိချစ်လေးက " သမီး ဟိုဘက်ရွာကို ကလေးဖွားဘို့ သွားတာလေ၊ အဲဒါ ဆေးထိုးလို့ အဲဒီရွာမှာပဲ သေခဲ့တာ၊ သမီးကို သယ်သွားတဲ့ လှည်းနောက်ကတိုင် လိုက်လာခဲ့ရတာ "လို့ သူမှတ်မိသမျှ အကုန်ပြောပြသည်၊ အစ်မမှာ စိတ်မကောင်းဖြစ်ရသည်၊ မိချစ်လေးကို တင်းတင်းကျပ်ကျပ်လေး ထွေးပွေ့ရင်း " အင်းပါ ၊ ဆေး မထိုးပါ ဘူး၊ တကယ်လို့ ဖျားရင်တော့ ဆေးသောက်ရမယ်နော် " လို့ ပြောတော့ မိချစ်လေးက ခေါင်းငြိမ့်ပြသည်၊ အင်း ကြူမာ ဆေးထိုးမှား သေဆုံးခဲ့တာတော့ သေချာခဲ့ပါပြီ ။
နောက်တစ်ခု၊ တစ်နေ့ မှာ မိချစ်လေးက " မေမေ ချဲထိုးရအောင်နော်၊ သမီးညက အိပ်မက်တယ်" ဆိုပြီး သူအိပ်မက်သော ဂဏန်းသုံးလုံးကို ပြောပြသည်၊ အစ်မက " ချဲထိုးတာက ဟုတ်ပါပြီဗျာ၊ မေမေတို့မှာ ပိုက်ဆံမှ မရှိတာ သမီးရဲ့ " လို့ပြောတော့ မိချစ်လေးက သမီးသိမ်းထားတဲ့ ပိုက်ဆံ နှစ်ရာရှိတယ်လေ လို့ ပြောပြန်သည်၊ "သမီးပိုက်ဆံက ဘယ်မှာလဲ" လို့ မေးတော့ မိချစ်လေးက " အိမ်က တံစက်မြိက်မှာ လေ၊ အောင်ထွေးသိရင် ထန်းရည်ဝယ်သောက်မှာ စိုးလို့ သူမသိအောင် ညှပ်ထားတာ "လို့ပြောပြ သည်၊ မိချစ်အိပ်မက်သော ဂဏန်းသုံးလုံးကိုတော့ စာရေးသူ မမှတ်မိတော့ပါ၊ စာရေးသူလည်း ရွာမှာ ရှိခိုက် ထိုးခဲ့သေးသည်၊ မထွက်ပါ၊ အစ်မကတော့ ခုထိတိုင်အောင် ထိုးနေဆဲပဲ ဖြစ်မည်၊ မထွက်သေးရင်ပေါ့၊ အစ်မက "သမီးလေး စိတ်ချမ်းသာအောင် အဲဒီဂဏန်းမထွက်မချင်း အပါတ်တိုင်း ၂၀၀ ဘိုး ထိုးမယ်လို့ စိတ်ကူးထားတယ်" ဟု ပြောပြဘူးသည်၊ အောင်ထွေးကို တွေ့လို့ ပိုက်ဆံနှစ်ရာအကြောင်းကို ပြောကြည့်တော့ "အေးဗျ၊ သူသိမ်းထားတဲ့ ပိုက်ဆံ ၂၀၀ ကို ထန်းရည်ဝယ်မသောက်ဘို့တော့ ပြောဘူးတယ်၊ ဒါပေမဲ့ ဘယ်နေရာမှာ ထားမှန်းတော့ မသိခဲ့ဘူး၊ တံစက်မြိက်မှာ ထားတာဆိုရင် တော့ မရှိလောက်တော့ဘူး၊ အိမ် အမိုး လဲလိုက်တဲ့အထဲ ပါသွားလောက်ပြီ " ဟု ပြောသည်။
ကဲ ဒီလောက်ဆိုရင်တော့ မိချစ်လေး လူဝင်းစား ဟုတ်/ မဟုတ်ဆိုတာကို တွေးကြည့်ပြီး သိနိုင်လောက် ပါပြီနော်၊ လက်ခံနိုင်တာ လက်မခံနိုင်တာကတော့ စားဖတ်သူများ၏ ခံယူချက်နဲ့သာ သက်ဆိုင်လိမ့်မည်ဟု ထင်ပါသည်၊ အရင်ဘ၀က စာရေးသူတို့ထက် အသက်ကြီးသော ဒေါ်လေးကြူမာက ခုတော့ စာရေးသူရဲ့ တူမလေး ဖြစ်နေပါပြီ၊ ဖေဖေနဲ့ မောင်နှမတော်ခဲ့သူ ကြူမာက ခုတော့ ဖေဖေ့ မြေးမလေး ဖြစ်နေပါပြီ၊ ဘ၀တွေရဲ့ ကျင်လည်နေပုံက သိပ်ကို သံဝေဂရဘို့ ကောင်းလှသည်၊ သို့သော်လည်း ဘဘာဝ အဖြစ်အပျက် အမှန်ကို မသိသေးသမျှတော့ ကျင်လည်နေကြရပေဦးမည်၊ ထိုသို့ ကျင်လည် ရသော်လည်း လူဝင်စားလေး တွေဖြစ်ဘို့ မြင့်သထက် မြင့်သော ဘ၀များကို ပိုင်ဆိုင်နိုင်ဘို့တော့ အရေးကြီးလှသည်၊ သတ္တ၀ါတိုင်းမှာ သေခါနီးကာလလေးမှာ ထင်မြင်ဖြစ်ပေါ်လာသော စွဲလမ်းမိသော အာသန္နကံကြောင့်လည်း ဘ၀တွေပြောင်းလဲ သွားနိုင်သည်၊ "ဆေးထိုးလည်းမှား ဗိုက်ကလည်းနာ မောဟိုက်ပြီး သေဆုံးသွား ခဲ့သော ကြူမာအနေနဲ့ အာသန္နကံ ကောင်းကောင်း ဖြစ်ပါ့မလား" လို့တော့ တွေးမိသည်၊ စိတ်ဆိုတဲ့အရာက မြန်ဆန်လွန်းတော့လည်း တွေးရခက်လှသည်၊ အာသန္နကံမကောင်းလျှင်တော့ ဘ၀က လည်း မကောင်းနိုင်ပါ၊ သို့သော်လည်း လူ့ဘ၀ကို ပြန်ရောက်လာတာကတော့ ဆန်းကြယ်နေသည်၊ ထို့သို့ ဘ၀ကောင်းကို မြန်မြန်ပြန်ပို့လိုက်သောကံသည် အရင်အရင်ဘ၀တွေကပြုလုပ်ခဲ့ဘူးသော ဥပပဇ္ဇဝေဒနီယကံ (သို့) အပရာပရိယဝေဒနီယကံ ကြောင့်ဖြစ်မည်လို့လည်း တွေးမိပြန်သည်၊ မည်သို့သော ကံကြောင့်ဖြစ်ဖြစ် လူဖြစ်မရှုံးဘို့ တော့ လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။
အစ်ကို့ရဲ့ Post တွေကို အရမ်းကြိုက်လို့ ကျွန်တော် Page လေးမှာ ပြန်တင်ခွင့် ပြုပါနော်... လေးစားစွာဖြင့်.....
ReplyDelete