Friday, December 2, 2011

ရဟန်းဘ၀နဲ့ မာန

စာရေးသူလည်း အခြားသံဃာများနည်းတူ ဆွမ်းခံထွက်ရသည်၊ သာမာန်ရဟန်းတစ်ပါးပေပဲကိုး၊ စာချဘုန်းကြီးမှ မဟုတ်သေးတာ၊ တစ်ချို့စာသင်တိုက်တွေဆိုလျှင် စာချဘုန်းကြီးတောင်ဆွမ်းခံ ထွက်နေကြရသည်၊ တစ်နေ့ ဆွမ်းခံသွားတော့ အင်းစိန်မြို့ ရွာမအလယ်ရပ်ကွက် အရောက်မှာပေါ့၊ စိတ်မကောင်းစရာ အဖြစ်အပျက်တစ်ခုနဲ့ ကြုံရသည်၊ စာရေးသူ၏ ရှေ့မှာ ဦးဇင်းနှစ်ပါး သွားနေသည်၊ သူတို့လည်း ဆွမ်းခံထွက်ကြသည်ပေါ့၊ “ ရဟန်းသံဃာဟူသော အကြောင်းကြောင့် ပြည်သူတွေကို စိတ်အနှောက်အယှက် မဖြစ်စေရဘူးကွဲ့” လို့ မိန့်မှာပြီး ရှေ့နောက်မတန်းပဲ ရင်ဘောင်တန်း သွားတာမျိုး မလုပ်ကြဘို့ ဆရာတော်တစ်ပါးမှ မကြာမကြာမှာတတ် ပြောတတ်တာကို သတိရမိသည်၊ ခု ကြည့်လေ၊ လမ်းကျဉ်းကျဉ်းလေးထဲမှာ ဦးဇင်းလေးနှစ်ပါး၊ ရှေ့နောက်မတန်းပဲ ရင်ဘောင် တန်းလျှက် စကားပြောလျှက် သွားနေကြသည်၊ လမ်းသွားလမ်းလာ ပြည်သူများက ကွေ့လျှက် ကွင်းလျှက် သွားနေကြရသည်၊ စာရေးသူ ရင်ထဲမှာတော့ တစ်ခုခုကို ခံစားနေရပါသည်။

ဟော ဟိုရှေ့တည့်တည့်ကလည်း လူငယ်နှစ်ယောက် (အသက်အားဖြင့် ၂၃လောက်ရှိပါဦးမည်)၊ သူတို့လည်း ဦးဇင်းနှစ်ပါးလိုပဲ ရင်ဘောင်တန်းလျှက် စကားပြောလျှက် လာနေကြသည်၊ စာရေးသူလည်း မသိမသာပါပဲ၊ ကြည့်ရင်း လမ်းလျှောက်နေမိသည်၊ စာရေးသူမှာ အကျင့်တစ်ခုကို လက်တွေ့လုပ်နေချိန်ဖြစ်သည်၊ အဲဒါကတော့ “ ဘာပဲလုပ်လုပ် ရဲရဲဝံ့ဝံ့လုပ်ပါ၊ လမ်းလျှောက်တဲ့ အခါမှာတောင် ကြောက်သလိုလို ရွံ့သလိုလို မလုပ်ပါနဲ့၊ အကျင့်ပါတယ်၊ ခေါင်းမော့ ရင်ကော့ပြီး တည်တည်ငြိမ်ငြိမ် လျှောက်ပါ” ဟူသော စာသားအတိုင်း ခေါင်းမော့ ရင်ကော့ပြီး လမ်းလျှောက် တတ်အောင် လေ့ကျင့်နေသော အကျင့်ဖြစ်သည်၊ ဟီးးးးး၊ အဲဒီစာသားကိုလည်း စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးခဲ့သည်၊ ထိုစာရေးသူ၏ ရည်ရွယ်ချက်ကတော့ မြန်မာတွေကို ရဲရင့်အောင် လုပ်ပေးစေ လိုသောကြောင့်ဖြစ်မည်၊ စာရေးသူလည်း သဘောကျလို့ လိုက်နာ ကျင့်ကြံနေမိသည်။

ကဲကြည့်ပါဦး၊ ထိုလူရွယ်နှစ်ယောက် ၊ ဦးဇင်းနှစ်ပါးနဲ့ ထိပ်တိုက်တွေ့ကြတဲ့အခါ၊ တစ်ယောက်က ဘေးမှ ကွေ့လျှက် ခေါင်းလေးကိုငုံ့လျှက် ကိုယ်လေးကိုကျုံ့လျှက် ရှောင်ထွက်သွားသည်၊ တစ်ယောက်ကတော့ ဦးဇင်းနှစ်ပါးကြားကတိုင်ပဲ ခပ်မာမာနဲ့ တိုးထွက်လာသည်၊ မျက်စိနဲ့ တိုက်ရိုက်မြင်ရသလိုသာ မြင်အောင် တွေးကြည့်ပေးပါ၊ တကယ် စိတ်တိုဘို့ ကောင်းလှသည်၊ ဗုဒ္ဓဘာသာရဲ့ အမြင်နဲ့ကြည့်လျှင် တကယ်ကို စိတ်မကောင်းစရာ ကောင်းလှသည်၊ စာရေးသူလည်း စိတ်ထဲမှာ နစ်ကနဲဖြစ်အောင် ခံစားလိုက်ရသည်၊ ဦးဇင်းနှစ်ပါးကလည်း ဘာသိဘာသာပါပဲ၊ ရှေ့ဆက် ကြွသွားကြသည်၊ ထိုလူငယ်နှစ်ယောက် စကားပြောလာ သည်၊ ဘေးရှောင်ထွက်ပေးသူက “ မင်းကွာ၊ ဦးဇင်းနှစ်းပါး ကြားက ဘာလို့ ဖြတ်လာရတာလဲ၊ မြင်ရတာ မကောင်းလိုက်တာ” လို့ ပြောလိုက်သည် ထင်ပါရဲ့၊ စာရေးသူတော့ မကြားလိုက်ပါ၊ နည်းနည်းလှမ်းနေ သေးတာကိုး၊ မှန်းဆကြည့်ရတာပေါ့နော်၊ စာရေးသူနဲ့ နီးလာတော့ ဦးဇင်း နှစ်ပါးကြားက ထွက်လာသူက “ဟေ့ကောင် ၊ သူတို့မျက်နှာက မာနတွေ အပြည့်နဲ့၊ သူများ ပေးတာ စားနေရတဲ့ သူတို့တောင် မာန တွေ ဒီလောက် ကြီးနေသေးရင် ကိုယ့်လုပ်စာ ကိုယ်စာနေတဲ့ငါ မာနကြီးတာ ဘာဖြစ်လဲ၊ ဘယ်သူက ပိုပြီး မာနကြီးသင့်လဲ “ လို့ ပြောသွားတာကို ကြားလိုက်ရသည်၊ တကယ်စိတ်မကောင်းပါ၊ ထို လူငယ်အပေါ်မှာ အမြင်ကပ်နေသော စာရေးသူ၏ စိတ်သည်လည်း ဘယ်ထွက်ပြေးသွားမှန်းကို မသိတော့၊ ဟုတ်တော့လည်း ဟုတ်နေသည်လေ၊ စာရေးသူလည်း “သြော် ငါ့လုပ်စာ တစ်ပြားတစ်ကျပ်မှ မပါပါလား” လို့ တွေးမိပြီး မော့နေတဲ့ခေါင်း ငိုက်စိုက် ကျသွားတော့သည်၊ ကော့နေတဲ့ ရင်လည်း ပျော့ဖတ်သွားခဲ့သည်၊ လုပ်နေဆဲအကျင့်လေးလည်း ပျောက်ကွယ်သွားတော့သည်၊ ဒီအကျင့်လေးက ငါတို့နဲ့အဆင်မပြေဘူးလို့ တွေးမိလိုက်သည်၊ မာနတွေ ကုန်သွားတာ မဟုတ်ပေမဲ့ လျော့ချ ပစ်ခဲ့တော့သည်၊ ထိုအချိန်ကစပြီး ခေါင်းမမော့ရဲခဲ့တော့၊ ရင်မကော့ရဲခဲ့တော့၊ သြော် ရဟန်းဘ၀နော်။

စာရေးသူတို့ ရဟန်းများသည် တကယ်တော့ အရမ်းကို ကြည်ညိုစရာကောင်းလှပါသည်၊ ရဟန်းတစ်ပါး ဖြစ်နေလို့ ဒီလို ပြောတာ မဟုတ်ပါ၊ အပျော်အပါးတွေ အသုံးအဆောင်တွေ လိုချင်သလိုရနေအောင် ပေါများနေတဲ့ ခေတ်ကြီးထဲမှာ ဖြစ်သလိုနေ ဖြစ်သလိုစားပြီး နေနေကြတာ၊  မန္တလေးမြို့ မစိုးရိမ်တိုက်သစ်မှ စာချဆရာတော် တစ်ပါးက “ မင်းတို့တွေ စာမကျက်ချင်နေကွာ၊ ခုလိုလေး အပျော်အပါးအတွက် မဟုတ်ဘဲ ကုသိုလ်စိတ်သက်သက်လေးနဲ့ စာလာတက်နေတာ နားထောင်ပေးနေတာလေးနဲ့တင် ငါ မင်းတို့ကို ကြည်ညိုလွန်းလို့ပါ ” ဟု မိန့်မှာ စကား ပြောကြားခဲ့ဘူးပါသည်၊ တကယ်တမ်းကြတော့ ရဟန်းငယ်တွေမှာ အသက်အရွယ်အရလည်း ငယ်ငယ်ရွယ်ရွယ်လေးတွေပါ၊ ကိုယ်လက်အင်္ဂါအားဖြင့်လည်း သန်သန်မာမာ ပြည့်ပြည့်စုံစုံလေးတွေပါ၊ မိစုံ ဖစုံ ဆွေနဲ့ မျိုးနဲ့ပါ၊ တကယ်တော့ မိမရှိ ဖမရှိ စားစရာ နေစရာ သွားစရာ လာစရာ မရှိလို့ သာသနာ့ဘောင်ထဲ ၀င်ရောက်နေကြတဲ့ သူတွေ မဟုတ်ပါဘူး၊ အဲလိုမျိုး ရှိခဲ့မယ်ဆိုရင်လည်း ၁၀၀ မှာ ၂% သာ ရှိပါလိမ့်မယ်၊ အပြင်မှာ အလကားနေပြီး အလှူခံထွက် အသရေဖျက်နေတဲ့ အဖွဲ့ တစ်ချို့ကိုတော့ မပါဘူးပေါ့နော်၊ အဲလို အဖွဲ့တွေလည်း ရှိသည်ဟု ကြားနေရသည်၊ ကားဂိတ်များ လမ်းဘေး လ္ဘက်ရည်ဆိုင်များ ကွမ်းယာဆိုင်များ ဘူတာများ ဈေးတန်းများထဲတွင် များစွာမှ တွေ့မြင်နေရသည်၊ အဲလို အဖွဲ့အစည်းဝင် သံဃာများကို မပြောလိုပါ။

စာရေးသူတို့ ရွာမှာဆိုရင်လည်း သံဃာ ၅ပါးခန့်ရှိသည်၊ စာရေးသူတို့အိမ်ဆိုလျှင် ရွာမှာ အထက်တန်းစား ထဲမ၀င်နိုင်သော်မှ အောက်တန်းစားထဲမှာ မပါပါ၊ အခြားဦးဇင်းများဆိုလျှင်  ရွာမှ အထင်ကရ လက်ချိုးရေတွက် လို့ရသော ဦးရေထဲမှာ ပါနေကြသည်လည်း ရှိသည်၊ ပြောချင်သည်က စားနိုင် သောက်နိုင် ပျော်နိုင် ပါးနိုင် သုံးနိုင်ဖြုန်းနိုင်သော အခြေအနေ အနေအထား အသက်အရွယ်မှာ ရှိနေပါသော်လည်း အပျော်အပါးတွေကို (ဘယ်လိုပဲ ဖြစ်ဖြစ်ပေါ့၊ စိတ်ရှိသော်လည်း စည်းကမ်းအရ လိုက်နာနေနိုင်ခြင်းသည်လည်း ရှောင်ကြည်ခြင်းပါပဲ) ရှောင်ကြည်နေကြသည်၊ အဲဒါလေးတွေကို တွေးတွေးကြည့်လျှင် သိပ်ကို ကြည်ညိုဘို့ကောင်းပါသည်၊ အသက် ၈၀ အရွယ် နာမည်ကြီးဆရာတော်ကြီးတစ်ပါး၏ စကားသည်လည်း သိပ်ကို လေးစားဘို့ကောင်းသည်၊ တစ်ခါက အသက် ၂၄ နှစ်အရွယ် ဦးဇင်းငယ်လေးတစ်ပါး ကျောင်းသွားလျှောက်သည်၊ ဆရာတော်ကြီးက “ဦးဇင်း အသက်ဘယ်လောက်ရှိပြီလဲ၊ ၀ါတော် ဘယ်လောက် ရပြီလဲ” ဟု မေးသည်၊ ဦးဇင်းလေးက “ အသက်က ၂၄ လေးပါ ဘုရား၊ ၀ါက ၄ ၀ါ ပါဘုရား” လို့ ပြန်လည်လျှောက်ထားလိုက်သည်၊ ဆရာတော်ကြီးက “ အဲ မင်းတို့ကောင်တွေ တော်တော်မိုက်တာပဲ၊ ငါသာ ခုချိန်မှာ ၂၄ နှစ်ဖြစ်နေမယ်ဆိုရင် သာသနာ့ဘောင်ဝင်ပြီး စာသင် မနေဘူး၊ အပျော်အပါးတွေနဲ့ ခံစားနေမှာ၊ မင်းတို့မို့ သာသနာ့ဘောင်ထဲဝင်လာတယ်၊ ငါတို့ သာသနာ့ဘောင်ထဲ ၀င်လာတယ်ဆိုတာ အပြစ်မဆိုသာဘူးကွ၊ ဒို့ ငယ်ရွယ်ချိန်က ခုလို အပျော်အပါးတွေ အလှအပတွေ ခံစားချင်စရာတွေက ပေါလည်း မပေါဘူး၊ လွယ်လွယ်ကူကူနဲ့လည်း မရဘူး၊ မင်းတို့ခေတ်ကြတော့ ပေါလည်းပေါတယ်၊ လွယ်လွယ်နဲ့လည်း ရတယ်၊ အဲဒါတောင်မင်းတို့က သာသနာ့ဘောင်ထဲ ၀င်လာသေးတယ်ကွာ “ ဟု သဘောကျစွာ ပြောပြသည်၊ ဦးဇင်းလေးက ပြုံးလျှက်၊ ဆရာတော်ကြီးက “ အေးကွာ ၊ နေရာ ရပြီလို့ မှတ်လိုက်၊ ခုခေတ်မှာ မင်းတို့လေ ငယ်ငယ်ရွယ်ရွယ်လေးတွေ အပျော်အပါးတွေကို ရှောင်ပြီး သာသနာ့ဘောင်ထဲဝင်လာတာကို အရမ်းကြည်ညိုမိသကာ” လို့ မိန့်တော်မူသည်၊ ဒါက သာသနာတော်ထဲမှာ ရှိသော ဦးဇင်း ကိုရင်လေးများရဲ့ ကြည်ညိုစရာကောင်းတဲ့အချက်ပါ၊ မင်းတုန်းမင်းကြီး သည်လည်း မိန်းမမယူ ညစာမစား အရက်မသောက်ခြင်း ဟူသော အချက်သုံးချက်နဲ့တင် သံဃာကို အလွန်အမင်းသက်ဝင်ယုံကြည်ခဲ့သည်။

စာရေးသူတို့ ရဟန်းလောကမှာ တစ်ချက်တော့ ပြောစရာရှိနေသည်၊ ဘာလဲဆိုတော့ မိန်းမယူ မေထုန်ကာမဂုဏ်ခံစားတာ တစ်ခုသည်သာ ကိလေသာဟု ထင်မှတ်နေကြခြင်းပင်၊ စာပေကို သိသော်လည်း ကျန်တဲ့ ကိလေသာများကို သတိမထားမိကြ၊ မိန်းမမယူ ကာမဂုဏ် မခံစားတာ လေးနဲ့တင် တော်တော်လေးကို အဆင့်အတန်းမြင့်နေပြီ မြင့်မြတ်နေပြီဟု ထင်မှတ်နေကြသည်၊ ထင်မှတ်မယ်ဆိုလျှင်လည်း ထင်မှတ်စရာပဲ၊ ဦးဇင်း ကိုရင်များသည် ယောက်ျားများဖြစ်သည်၊ ယောက်ျားများအဘို့ အဆွဲဆောင်နိုင်ဆုံးသော အရာသည် မိန်းမဖြစ်သည်၊ ထိုမိန်းမ အာရုံကို ဖြတ်နိုင်လျှင် အားလုံးပြတ်နိုင်သည်၊ တရားအားထုတ်လျှင် ခဏနဲ့ပဲ ရဟန်းကိစ္စပြီးမြောက်မည်ဟု ထင်မှတ်ထားကြသည်၊ ထို မိန်းမအာရုံကို ဖြတ်နိုင်ဘို့ကလည်း ခက်သားပဲနော်၊ ကာမဘုံသား ဖြစ်နေတော့ ကာမဂုဏ်ကို မြတ်နိုးတတ် တွယ်တာတတ် မက်မောတတ်ကြပေတာပေါ့၊ မထိန်းချင်သော်လည်း ခံစားချင်သော်လည်း မိဘစကားကို လိုက်နာသည့်သားပမာ ၀ိနည်းစည်းကမ်းကို လိုက်နာလျှက် စောင့်ထိန်းကြရသည်၊ ယောက်ျားသားတို့အဘို့ အဆွဲဆောင်နိုင် ဆုံးသော မိန်းမဟူသော အာရုံကို ခက်ခက်ခဲခဲပင် စောင့်ထိန်းရှောင်ကြည်နေကြရသည်၊ ထို မိန်းမဟူသောအာရုံနဲ့ ချည်နှောင်ခံထား ရပြီဆိုလျှင် တရားအားထုတ်လိုစိတ်က မရှိတော့ပါ၊ လောကမှာ ကာမလမ်းကို လျှေက်လှမ်းနေသူဟာ ဓမ္မလမ်းကို လျှောက်လှမ်းလိုစိတ် မရှိ၊ ဓမ္မလမ်းကို တကယ်တမ်းလျှောက်လှမ်းနေသူဟာလည်း ကာမလမ်းကို လျှောက်လှမ်းလိုစိတ်မရှိ၊ ထိုလမ်းနှစ်ခု သည် ဆန်ကျင့်ဘက် လမ်းများဖြစ်သည်၊ (ဘုရားရှင်က “ ရဟန်းတို့ လောကမှာ ယောင်္ကျားတွေရဲ့ စိတ်ကို အဆွဲဆောင်နိုင်ဆုံးဟာ မိန်းမတွေရဲ့ ရုပ်ရည် အသံ အနံ့ အရသာနဲ့ အတွေ့အထိပဲ၊ ဒီလိုပဲ မိန်းမတွေရဲ့ စိတ်ကို အဆွဲဆောင်နိုင်ဆုံးဟာလည်း ယောင်္ကျားတွေရဲ့ ရုပ်ရည် အသံ အနံ့ အရသာနဲ့ အတွေ့အထိပဲ၊ အဲဒီအာရုံတွေနဲ့ ချည်နှောင်ခံထားရပြီးဆိုလျှင် အကုသိုလ်စိတ်တွေပဲ တိုးလို့တိုးလို့ ဖြစ်လာတယ်၊ ကုသိုလ်စိတ်တွေကတော့ လျော့လို့လျော့လို့ သွားတတ်တယ်” လို့ မိန့်တော်မူခဲ့ဖူး ပါတယ်)။


(တစ်ခါက သူငယ်ချင်းတစ်ပါးသည် သာဓုအင်္ဂလိပ်စာသင်တန်းမှာ တက်ရောက်သင်ကြားနေသည်၊ သူသည် လက်တွေ့ဖြစ်အောင်ဆိုပြီး ရွှေတိဂုံဘုရားပေါ်မှာ နိုင်ငံခြားသားများကို အင်္ဂလိပ်စကား လိုက်လိုက်ပြောသည်၊ တစ်နေ့မှာတော့ နိုင်ငံခြားသာ တစ်ယောက်ကမေးသည်၊ “ဟိုဟာက ဘာလဲတဲ့”၊ ကြည့်လိုက်တော့ ဆရာလေးဖြစ်နေသည်၊ ဆရာလေးသည် အခြားမိန်းမများနဲ့မတူ တမူထူးနေတော့ သိချင်နေမှာပေါ့၊ “ရဟန်းမိန်းမ” ဟု သူငယ်ချင်းက ဖြေလိုက်သည်၊ “မင်းတို့မိန်းမတွေက ဘာလုပ်တာလဲ” ဟု ထပ်မေးသည်၊ ဟီးးးးးး၊ ဆရာလေးသာ သိရင်တော့ ပါးရိုက်ခံရမည်ထင်သည်၊ ဆရာလေးမှာလည်း ဒေါသရှိသည်လေ၊ သူငယ်ချင်း အဖြေရခက်သွားသည်၊ ကြိုးစားပြီး “ငါတို့မိန်းမမဟုတ်ဘူး၊ သူတို့လည်း ရဟန်းတွေလိုပဲ သိက္ခာပုဒ်တွေစောင့်ထိန်းနေနဲ့ ရဟန်းမလို့ပြောတာ” ဟု ဖြေရပြန်သည်၊ ဒီတော့မှာ နိုင်ငံခြားသားက “သြော် မင်းတို့က မိန်းမမယူဘူးလား” လို့ ထပ်မေးသည်၊ “မယူဘူးလို့ ပြန်ဖြေရသည် “ ၊ ထိုအခါ နိုင်ငံခြားသားက “မင်းတို့က အရူးတွေလိုပဲ ၊ သိပ်မိုက်တာပဲ၊ မိန်းမယူဘူး” လို့ ပြောသည်၊ သူငယ်ချင်းလည်း ပြုံးနေလိုက်သည်၊ အင်း ရဟန်းဘ၀နေရတာလည်း အရူးလို့ ပြောခံထိလိုက် လူမိုက်လို့ ပြောခံထိလိုက်ပါပဲ၊ နောက်တစ်ခု ထပ်မေးပါသည်၊ အဲဒါက “ဘာတွေစားနေတာလည်း” ဟု ဖြစ်သည်၊သူငယ်ချင်းက ကွမ်းစားတယ်လေ၊ အဲဒါကိုမေးတာပါ၊ “ကွမ်းယာ” လို့ ဖြေလိုက်တော့၊ “အဲဒါကို ဘယ်ကရတာလဲ” ဟု မေးပြန်သည်၊ တော်တော်အမေးအမြန်းထူတဲ့ကောင်ပဲ ဟု သူငယ်ချင်းစိတ်ထဲမှာ တွေးမိသည်၊ “၀ယ်စားရတာပေါ့” လို့ ဖြေလိုက်တော့ “မင်းတို့ဘာအလုပ်လုပ်လဲ၊ ပိုက်ဆံဘယ်က ရလဲ” ဟု ထပ်မေးသည်၊ သူငယ်ချင်းက “ဘာအလုပ်မှ မလုပ်ပါဘူး၊ ပြည်သူတွေက ပေးလှူတဲ့ ပိုက်ဆံနဲ့ ၀ယ်စားရတာပေါ့” လို့ ဖြေလိုက်သည်၊ ထိုအခါ “မင်းတို့ အဲဒါမဖြစ်သင့်ဘူး၊ ပြည်သူတွေပေးတဲ့ ပိုက်ဆံကို အကျိုးမရှိဘဲ ၀ါးကွေးပစ်တာမျိုးကို မလုပ်သင့်ဘူး” လို့ ပြောသွားသည်၊ သူငယ်ချင်းမှာ ချွေးများပင် ထွက်လို့ တော်တော် အကြပ်ရိုက်တဲ့ နိုင်ငံခြားသားပါပဲ၊ ဒါပေမဲ့ သူငယ်ချင်းက အဲဒီအချိန်ကစပြီး ကွမ်းမစားဖြစ်တော့ပါ၊ သူငယ်ချင်း ကွမ်းစားနေချိန်မှာ စာရေးသူက ကွမ်း မစားတတ်သေးပါ၊ သူငယ်ချင်း ကွမ်းပြတ်ချိန်မှာလည်း မစားတတ်သေးပါ၊ ခုတော့ ကောင်းကောင်းကြီး စားတတ်နေပါပြီ၊ စာရေးသူကို ကွမ်းပြတ်ဘို့ အကြောင်းအရာ တစ်ခုလည်း ဘယ်တော့များ ပေါ်လာဦးမယ်မသိ၊ ထို အဖြစ်အပျက်မှာ အင်္ဂလိပ်လို ဘယ်လိုတွေ ပြောခဲ့သည်ကိုတော့ စာရေးသူ မသိပါ၊ ထိုအချိန်က စာရေးသူ အင်္ဂလိပ်စာကို မလေ့လာဖြစ်သေးပါ၊ ထို့ကြောင့် သူငယ်ချင်းက မြန်မာလိုပဲ ပြောခဲ့သည်ထင်သည်၊ သူ ပြောပြခဲ့တာပါ၊ သူ ကွမ်းမစားဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပြောပြခဲ့တာလေးပါ၊ နောက်ပြီး သူငယ်ချင်းတစ်ယောက်က “ ကွမ်းစားတာဟာ ပိုက်ဆံကို ၀ါးထွေးပစ်နေတာပဲ၊ ဆေးလိပ်သောက်တာဟာ ပိုက်ဆံကို မီးရှု့ပစ်နေတာပဲ ” လို့ ပြောဘူးသေးသည်၊ စကားညှပ်ပေါ့နော်)။

ရဟန်းလောကမှာ ဆရာတော်ကြီးများကအစ ဆဲရေးတိုင်းထွာမှု့ သိပ်လုပ်တတ်ကြသည်၊ အကျင့်ပါသွားသည် ထင်ပါရဲ့၊ စာသင်တိုက်ထဲမှာနေပြီး တကယ့်တကယ် သမထကို လက်တွေ့လုပ်နေသော ဆရာတော်များ လောက်သာ နူးညံ့သာယာသော ချိုသာသော စကားသံများကို အသုံးပြုတတ်ကြသည်၊ ဆိုလိုတာက ဒေါသ သိပ်ကြီးကြသည်၊ စာရေးသူကိုယ်တိုင်ပါပဲ၊ စာချဘုန်းကြီး လုပ်ခဲ့တဲ့ သက်တမ်းတိုတိုလေးအတွင်းမှာ ကိုရင် တော်တော်များများကို စာမရ မသိ မမှတ်မိရကောင်းလားဆိုပြီး အပြစ်နဲ့မတန်အောင်ကို ရိုက်နစ်ခဲ့ဘူးသည်၊ ဆရာတစ်ယောက်၏ စေတနာမှန်သော်လည်း ဒေါသဟာ ဒေါသပါပဲ၊ တရားတော်ကို သိနေကြသော်လည်း နှလုံးမသွင်းမိကြသောကြောင့် ကုလမစ္ဆရိယ ဖြစ်ကြခြင်း ဓမ္မမစ္ဆရိယဖြစ်ကြခြင်းများ ရဟန်းလောကမှာ များစွာရှိသည်၊ ကျောင်းလုမှု့များ ဆဲဆိုမှု့များ ထိုးကြိတ်မှု့များများစွာ ရှိသည်၊ ငါတို့က လူတွေထက် သိက္ခာပုဒ်တွေအများကြီး စောင့်တည်ထားရတာ၊ သူတို့က ငါးပါးတောင် လုံခြုံချင်တာ မဟုတ်ဘူးဆိုပြီး မာန်တက်မှု့တွေလည်း များစွာ ရှိနေကြသည်၊ တကယ်တော့ မိန်းမ မယူတာလောက်နဲ့ပတ်သက်ပြီး လောဘအကုသိုလ်သာရှိသည် လောဘကိလေသာတစ်ခုသာ ရှိသည်လို့ သတိလက်လွတ် မဖြစ်ကြပါစေနဲ့လို့သာ တစ်ထောင့်တစ်နေရာမှ ကြိတ်ပြီး ဆုတောင်းနေမိပါသည်၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ခုလို အပျော်အပါး ခံစားစရာတွေ ပေါများနေတဲ့ ခေတ်ကာလကြီးမှာ အဲဒါတွေကို ထိန်းချုပ်မျိုသိပ်ရင်း ကုသိုလ်စိတ်ရင်း သက်သက်နဲ့ စာသင်နေကြ သာသနာ့ဘောင်ထဲမှာ နေနေကြတာလေးကိုက သာသနာတော်သား ရဟန်း ကိုရင်များကို ကြည်ညိုဘို့လုံလောက်နေပါပြီ၊ ဒါကတော့ ရဟန်းတော်များဘက်မှ ဖြစ်သင့်ဖြစ်ထိုက်တာ လေးတွေပါ။

စာရေးသူကတော့ အထက်မှာပြောပြခဲ့တဲ့ ဦးဇင်းနှစ်ပါးနဲ့ လူငယ်နှစ်ယောက်အကြောင်းလေး ဖြစ်ပြီးတဲ့အချိန်က စပြီး “ငါ့လုပ်စာ ဘာမှ မရှိဘူး” လို့ပဲ ကိုယ့်ဘ၀ကို သတ်မှတ်ထားမိခဲ့တယ်၊ စာရေးသူမှာ သဘာဝအလျှောက် ရလာတဲ့ ပစ္စည်းဝတ္ထုလေးတွေကိုတောင် “ငါ့လုပ်စာ မဟုတ်ဘူး” လို့ ထင်မိပြီး မိဘကို မပေးရက်ခဲ့ဘူး၊ ကိုယ့်လုပ်စာနဲ့ပဲ မိဘကို ထောက်ပံ့ ပေးလှူချင်မိတာပါ၊ ပြီးတော့ မိဘအခြေအနေက အပိုအလျှံမရှိတောင် ကိုယ်က ပြန်လည် ထောက်ပံ့နေရမယ့် အစားထဲမှာ မပါတာလည်း ပါတာပေါ့နော်၊ စာဖတ်သူအပေါင်းလည်း စာရေးသူ၏ ဒီဆောင်းပါးလေးကို ဖတ်ပြီး သာသနာတော်တွင်းသား ရဟန်းကိုရင်များကို ကြည်ညို နိုင်ကြပါစေနော်၊ တွေးတတ်မယ်ဆိုရင်တော့ ကြည်ညိုစရာ သိပ်ကောင်းတာပါ၊ မြန်မာပြည်သူတွေအတွက် မြန်မာပြည်ဖွား ၀ိနည်းလိုက်နာနေတဲ့ ရဟန်းသံဃာကို ကြည့်ညိုခွင့်ရတာ သိပ်ကို ကံကောင်းပါတယ်၊ ပြီးတော့ ရဟန်းတွေဘက်က ဘယ်လိုပင် မာနတွေ ရှိနေနေ ပြည်သူတွေဘက်က သိသင့် လိုက်နာသင့် ပြုကျင့်သင့်တဲ့ ယဉ်ကျေးမှု့ကျင့်ဝတ်လေးတွေကို မပျက်စီးစေပါနဲ့ မဖျက်ဆီးပစ်ပါနဲ့လို့ ပြောချင်ပါတယ်၊ ရဟန်းကိုရင်များ အနေနဲ့လည်း ကိလေသာဖြစ်စရာ များစွာရှိနေတယ်၊ အကုသိုလ်ဖြစ်စရာ များစွာရှိနေတယ်ဆိုတာလေးကို သတိချပ်စေချင်ပါတယ်၊ သတိလက်လွတ်ဖြစ်တာလေးပါ၊ အားလုံးကိုတော့ သိပြီးသား သင်ဘူးပြီးသားတွေဆိုတာကို စာရေးသူ ယုံကြည်ပါတယ်၊ ခုလို ရေးသားခြင်းဟာလည်း တကယ်ကို မြန်မာပြည်သား ရဟန်းသံဃာ ပြည်သူများကို အချိုးညီညီ အေးချမ်းစွာ တိုးတက်စေချင်တဲ့ ဆန္ဒအမှန်ကြောင့်ပါလို့ ------------

1 comment: