Saturday, December 24, 2011

လေးစားမိသော ဆရာတစ်ယောက်


ယခု ရေးသားတဲ့ ဆောင်းပါးလေးက တကယ့်အိပ်မက်တစ်ခုရယ်ပါ၊ စာရေးသူ အရမ်းသဘောကျလို့ ရေးသားလိုက်ခြင်းပါ၊ အိပ်မက်ထဲမှာ စာရေးသူက နှစ်ကိုယ်ခွဲ ပုံစံမျိုးနဲ့ ပါဝင်ပတ်သက်နေပါတယ်၊ အဲဒါကလည်း အိပ်မက်ထဲကအတိုင်းပါပဲ ခင်မျာ၊ အားလုံးကို အမှန်အတိုင်းချည်းပဲ ရေးသားထားပါတယ်၊ အိပ်မက်ဆိုတော့လည်း ဆက်စပ်ယူလို့မရတာတွေ ပါနေတတ်ပါတယ်နော်၊ အဲဒါလေးကိုတော့ နားလည် ပေးနိုင်ကြပါစေ (အိပ်မက်ကို ၂၅- ၁၂- ၂၀၁၁ မှာ မက်ပါသည်) ။

သစ်ကားကြီးများ တစ်စီးပြီး တစ်စီး ခုတ်မားလာနေကြသည်၊ သစ်ကားတစ်စီး ပေါ်မှာတော့ လူနှစ်ယောက် တိုက်ခိုက်နေကြသည်၊ တစ်ယောက်က စိုးမိုး (စာရေးသူ၏ အိပ်မက်ထဲကနာမည်ပါ) ၊ ကျန်တစ်ယောက်က သီဟိုဠ်နိုင်ငံက သစ်တွေကို ခိုးထုတ်ရောင်းချနေတဲ့ မြန်မာ တစ်ယောက်ပါ၊ သစ်တုံးတွေပေါ်မှာ တိုက်ခိုက်ရင်းနဲ့ သစ်ခိုးသမား မြန်မာကို စာရေးသူက အမိအရ ဖမ်းလိုက်နိုင်သည်၊ ပြီး သက်ဆိုင်ရာ မြန်မာလူမျိုးများဆိုင်ရာ မှု့ခင်းတာဝန်ခံရုံးသို့ ဖမ်းခေါ်လာခဲ့သည်၊ (အိပ်မက်ထဲမှာ သီဟိုဠ်ရောက် မြန်မာများနဲ့ ပတ်သက်တဲ့ မှု့ခင်းတွေကို ကိုင်တွယ်ဖြေရှင်းရတဲ့ မြန်မာ့မှု့ခင်းရုံးတစ်ရုံးထားရှိပါသည်၊ အပြင်မှာတော့ အဲလို ရှိတယ်လို့ မကြားဖူးပါ၊ အရာလားလုံးကို မြန်မာသံရုံးနဲ့ပဲ သက်ဆိုင်သည် ထင်ပါသည်၊ အဲဒီဘက် အကြောင်းအရာများကို စာရေးသူ မကျွမ်းကျင်ပါ)။

မှု့ခင်းရုံးရောက်ပြီးတော့ အမှု့ကို ဆုံးဖြတ်ဘို့ တာဝန်ရှိ သီဟိုဠ်ရောက် ဦးဇင်းနှစ်ပါးကို ပင့်သည်၊ (ဘာကြောင့်ပင့် သလဲဆိုတာကိုတော့ တိတိကျကျမသိပါ၊ အိပ်မက်ထဲမှာ တော့ ပင့်တာ အမှန်ပါ၊ တက်ရောက်လာတဲ့ အထဲမှာ စာရေးသူရယ် အခြား ဦးဇင်း တစ်ပါးရယ်ပါ(အခြားဦးဇင်းက စာရေးသူထက် ၀ါကြီးသည်)၊ ရုံးရောက်တော့ မှု့ခင်းတာဝန်ခံ အကြီးဆုံးတာဝန်ရှိသူက ဒီအမှု့အနဲ့ ပတ်သက်ပြီး ကျခံရမည့် ပြစ်ဒဏ်များကို ပြောပြသည်၊ ပြစ်ဒဏ်က မသေးလှပါ၊ (စားပွဲဝိုင်းက လေးထောင့်ဝိုင်းပါ၊ မှု့ခင်းတာဝန်ခံ ပုဂ္ဂိုလ်ကြီးက ထိပ်ဆုံးမှ ထိုင်သည်၊ စာရေးသူတို့က သူ့ရဲ့ညာဘက်မှာ ထိုင်ကြသည်၊ ရုံးတာဝန်ရှိအခြားပုဂ္ဂိုလ်နဲ့ တရားခံရဲ့ ရှေ့နေက ဘယ်ဘက်မှာ ထိုင်သည်၊ တရားခံက အနောက်ဘက်မှာထိုင်သည်)၊ စာရေးသူသည် သီဟိုဠ်လူမျိုးက သီဟိုဠ်ပြည်သူတွေကို ချစ်ကြကြောင်း မြန်မာလူမျိုးကလည်း မြန်မာလူမျိုးကို ချစ်သင့်ကြောင်း ကြီးသည့်အပြစ်ကို သေးအောင် လေးသည့်အပြစ်ကို ပေါ့အောင် လုပ်ပေးသင့်ကြောင်း စသည်စသည်အကြောင်းများစွာကို ဒေါနဲ့ဇောနဲ့ မာမာထန်ထန် ပြင်းပြင်းထန်ထန် ပြောဆိုသည်၊ ဘေးမှ ပါလာသော ဦးဇင်းက စာရေးသူကို မပြောဘို့ရန် တားသည်၊ စာရေးသူလည်း အသာလေးငြိမ်နေရသည်၊ စိတ်ထဲမှာတော့ ပြောချင်နေသည့်စကားတွေက တန်းစီလို့၊ အဲဒီမှာဗျာ စာရေးသူ ဒေါနဲ့ဇောနဲ့ ပြောခဲ့သမျှ ကို မှု့ခင်းတာဝန်ခံကြီးက တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး ညင်ညင်သာသာ ပြေပြေလည်လည်လေးပဲ ပြန်ရှင်းပြသွားသည်၊ သူဝတ်ထားသည့်အ၀တ်အစားကလည်း မြန်မာဆန်ဆန် မြန်မာ့ရိုးရာပါ၊ သူ့ဥပဓိရုပ်ကလည်း ကြည်လင်လို့ သန့်ရှင်းလို့ အေးမြလို့ ငြိမ်းချမ်းလို့၊ သူ့ကို ကြည့်ပြီး စာရေးသူတောင် ကိုယ့်ကိုယ်ကို ရှက်မိသည်။

ထားလိုက်ပါတော့လေ၊ စာရေးသူ ပြောခဲ့တာတွေက တကယ့်ကို အများကြီးပါ၊ ဘေးက ဦးဇင်းက တားလို့ ဘာမှမပြောတော့ပဲ ငြိမ်နေခဲ့သည်၊ ရှေ့နေက “ မှု့ခင်းတာဝန်ခံကြီး ပြောစရာရှိပါတယ်၊ တကယ်တော့ ဒီကောင်လေးက တရားခံ မဟုတ်ပါဘူး၊ မောင်စိုးမိုးကသာ တရားခံအစစ်ပါ၊ မယုံလျှင် ဒီမှာကြည့်ပါ၊ ဒီလက်စွပ် မောင်စိုးမိုး တရားခံဆိုတာကို သက်သေခံနေပါတယ်၊ ဒီကောင်လေးက အထင်မှားပြီး ဖမ်းဆီးခံရတာပါ” လို့ ပြောဆိုပါတယ်၊ ဒီတော့ မှု့ခင်းတာဝန်ခံကြီးက ပြုံးလျှက် “ သြော် အဲဒီလက်စွက်က မိသေးဟာပါဗျာ(မိသေးဆိုတာ မှု့ခင်းရုံးမှ ထမင်းဟင်းချက်ရသော အမျိုးသမီးတစ်ယောက်ပါ)၊ စိုးမိုးကို တရားခံဖမ်းဘို့ သွားခေါ်ခိုင်းတော့ စိုးမိုးအိပ်နေလို့ မိသေးက လက်နဲ့ လှုပ်နှိုးခဲ့ပါတယ်၊ အဲဒါ ဒီလက်စွပ်လေး ပြုတ်ကျနေခဲ့တာပါ၊ ဒါက စိုးမိုးဟာ မဟုတ်ပါဘူး” လို့ ပြန်ပြောပြပါတယ်၊ ဒီတော့ ရှေ့နေက ”လက်နဲ့ ပုတ်နှိုးရုံနဲ့ လက်စွပ်ပြုတ်ကျနိုင်ပါသလား၊ ဒါဟာ မဖြစ်နိုင်ပါဘူး ” လို့ထပ်ပြောပါတယ်၊ ဒီတော့ မှု့ခင်း တာဝန်ခံကြီးက “ ဟုတ်ကဲ့ ကျွန်တော် ခိုင်းတဲ့အချိန်မှာ မိသေးက မီးဖိုချောင် ၀င်နေတာပါ၊ သူ့လက်တွေ ပေနေလို့ ဆပ်ပြာနဲ့လက်ကို ဆေးသွားပါတယ်၊ အဲဒါ ချောင်ပြီး ကျသွားတာ ဖြစ်မှာပါ၊ ဒါဟာ ဖြစ်တတ်ပါတယ်” လို့ အေးဆေးတည်ငြိမ်စွာပဲ ပြန်ဖြေသွားသည်၊ နောက်ဆုံးတော့ မှု့ခင်းတာဝန်ခံကြီးက တရားခံကို မြန်မာပြည် ပြန်ပို့မှာ ဖြစ်ကြောင်း ပြောသွားပါတယ်။

စာရေးသူလည်း တစ်ချိန်လုံး မှု့ခင်း တာဝန်ခံကြီး မျက်နှာနဲ့ အမူအရာများကိုသာ လိုက်ကြည့်နေမိသည်၊ တကယ့်ကို တည်ငြိမ်အေးဆေးတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ၊ ဆွေးနွေးလို့ ပြီးတော့ စာရေးသူက “ တစ်ခုတော့ မေးပါရစေ” လို့ စကားစလိုက်ပါတယ်၊ မှု့ခင်း တာဝန်ခံကြီးကလည်း မေးခွင့်ပေးပါတယ်၊ ဒါနဲ့ စာရေးသူက “ ခု ဆွေးနွေး စကားပြောနေချိန်အတွင်းမှာ ခင်များ မျက်နှာအမူအရာကရော စကားလုံးတွေကရော လေသံကရော အရမ်းကို တည်ငြိမ်အေးဆေး ညင်သာ သာယာ နူးညံ့နေပါတယ်၊ အဲဒါတွေက တမင်လုပ်ထားတာပါလား၊ ဒါမှ မဟုတ် ရင်ထဲမှာ ရှိတဲ့အတိုင်းပါလား” လို့ မေးလိုက်သည်၊ ဒီတော့ မှု့ခင်းတာဝန်ခံကြီးက ပြုံးလျှက်ပါပဲ  “ မှန်ပါ၊ တပည့်တော် ရင်ထဲက အရှိအတိုင်းပါဘုရား၊ တစ်ခုမှ ကြိုတင်စီစဉ်ထားတာ တမင်လုပ်ထားတာ မပါပါဘုရား” လို့ ပြောသည်၊ ကြည်ညိုလိုက်သည့် ဖြစ်ခြင်းဗျာ။

စာရေးသူလည်း “ ဒါအမှန်တရားဆိုရင်တော့ ဆရာလို့ ခေါ်ပါရစေ၊ ကြည်ညို လေးစားလွန်းလို့ပါ၊ ဆရာ့ရင်ထဲမှာ ရှိတဲ့ တည်ငြိမ်မှု့ အေးချမ်းမှု့ ညင်သာနူးညံ့မှု့တွေကို လေးစားလို့ ဆရာလို့ ခေါ်တာပါ၊ ပြည်သူတွေကို ပြန်ပစ်သတ်တာတွေကို ကိုယ်တိုင်မြင်ရတဲ့ အချိန်ကစပြီး ၀န်ထမ်းတွေဆိုလျှင် အထူးသဖြင့် လက်နက်ကိုင် ထားတဲ့ ၀န်ထမ်းတွေဆိုလျှင် သိပ်မုန်းတာဗျာ၊ မုန်းတဲ့ဝန်ထမ်းတွေက တစ်ယောက် အပါအ၀င် ဖြစ်တဲ့ ဆရာ့ကိုတော့ အရမ်းကို ကြည်ညိုလေးစားလွန်းလို့ ဆရာလို့ ခေါ်တာပါ၊ ဒါဟာ ပထမဆုံး ဆရာလို့ ခေါ်ခြင်းပါပဲ” ပြောလိုက်သည်၊ ဆရာ့မျက်လုံး တွေမှာ ၀မ်းသာပီတိ မျက်ရည်ဥလေးတွေပင် တွဲခိုနေပါသည်၊ ဘေးက ဦးဇင်းကတော့ နည်းနည်း လန့်နေ ဟန်တူသည်၊ စာရေးသူက “ ဆရာ ကိုယ့်လက်အောက်နေ ၀န်ထမ်းများ ကိုယ့်ပတ်ဝန်းကျင်ကလူများ ကြည်ညိုလေးစား လာဘို့ မှန်မှန်ကန်ကန် လုပ်တတ်တဲ့ အကျင့်ရယ် စိတ်ရှည်သည်းခံတတ်မှု့ရယ် မေတ္တာ ကရုဏာတရားရယ် မဖြစ်မနေ လိုအပ်ပါတယ်၊ ဆရာ့ဆီမှာ အဲဒီအရာတွေ ရှိနေပါတယ်၊ အဲဒါတွေ ရှိနေသမျှ ကာလပတ်လုံး ဆရာ မလိုချင်ပါဘူးဆိုရင်တောင် တားလို့မရတဲ့ ဂုဏ်သတင်း ကျော်စောမှု့တွေ ဂုဏ်ထူးတွေ ရာထူးတိုးတက်မှု့တွေကို ဆရာရနေဦး မှာပါ၊ ဆက်လက် ပိုင်ဆိုင်နေဦးမှာပါ၊ ဆရာရေ ကိုယ့်လက်အောက်သားတွေ ကိုယ့်ပတ်ဝန်းကျင်က လူတွေဆီက ကြောက်ရွံ့ ရိုသေမှု့ကို အလို မရှိပါနဲ့၊ ချစ်ခင် လေးစား ယုံကြည် အားကိုးမှု့ကိုပဲ အလိုရှိပါ လိုးလားပါ၊ ခု ဆရာ့ဆီမှာ ရှိနေတဲ့ ပိုင်ဆိုင် ထားတဲ့ အရာတွေကို ဘယ်တော့မှ ပျောက်ပျက် ပြောင်းလဲ မသွားအောင် ထိန်းသိမ်းထားပေးပါလို့ ထိန်းသိမ်းထားနိုင်ပါစေလို့ ဆန္ဒပြုပါတယ်ဆရာ”  လို့ ပြောချင်နေသည့် စကားများကို ပြန်ဘို့ ထချိန်မှာလည်း ပြောလိုက်မိသေးသည်၊ ဆရာသည် စကားတောင် ကောင်းကောင်း ပြန်မပြောနိုင်ရှာပါ၊ မျက်ရည်များ စီးကျလျှက် စာရေးသူ၏ လက်ကို ခိုင်မာ လေးနက်စွာ ဆုပ်ကိုင်လာသည်၊ နွေးထွေး လိုက်သည့် ဖြစ်ခြင်းပါလေ။

စာရေးသူတို့ သူ့ရုံးမှ ထွက်တော့ အိပ်မက်မှ နိုးထလာခဲ့သည်၊ အိပ်မက်ကို ပြန်တွေးကြည့်သည်၊ တရားခံဖမ်းပေးတဲ့ စိုးမိုးဆိုတာကလည်း စာရေးသူဖြစ်နေတယ်၊ ဆရာ့ကို ဒေါနဲ့ဇောနဲ့ ပြင်းပြင်းထန်ထန် ပြောခဲ့သည်ကလည်း စာရေးသူ ဖြစ်နေပြန်ပါတယ်၊ အဒါကြောင့် ဒီအိပ်မက်လေးကို ရေးလို့ကောင်း မကောင်း အချိန်တော်တော်ကြာကြာ ထိုင်ပြီး စဉ်းစားမိပါသေးတယ်၊ အိပ်မက်က ဟိုရောက် ဒီရောက် ဖြစ်နေတာတွေရော အကုန်လုံးကို တိတိကျကျ မမှတ်မိတာတွေရော ကြောင့်ပေါ့၊ ခုစာရေးနေချိန်မှာလည်း သူငယ်ချင်း တစ်ယောက်က ဖားစားတွေ ရေးနေပြီလို့ ပြောလာပါသေးတယ်၊ စာရေးသူက ကိုယ့်ခံစားချက် ပြင်းထန်လာမှ စာရေးတတ်တဲ့ သူပါ၊ ဒီဆောင်းပါးလေးကိုလည်း အိပ်မက်ထဲက ဆရာ့ကို ကြည်ညိုလွန်းလို့ ရေးလိုက်တာပါ၊ စာဖတ်သူအပေါင်းလည်း စာရေးသူကို နားလည်ပေးနိုင်ကြပါစေ အိပ်မက်ထဲက ဆရာလို ပုဂ္ဂိုလ်မျိုးနဲ့ မြန်မြန်ဆုံတွေ့ နိုင်ကြပါစေ များများဆုံတွေ့နိုင်ကြပါစေလို့ ------------------


No comments:

Post a Comment