Monday, December 19, 2011
ကွမ်းစားတတ်ချင်လျှင်
လူ့သဘာဝလေးပါနော်၊ အရက်သမားကလည်း တစ်ခါမှ မသောက်ဘူးတဲ့သူကို သိပ်တိုက်ချင်ကြသည်၊ သောက်တတ်သွားရင်တော့ စေတနာ မရှိကြတော့၊ ဆေးလိပ်မသောက်တတ်သူကိုလည်း ဆေးလိပ်သိပ်တိုက်ချင်ကြသည်၊ သောက်တတ်သွားရင်တော့ စေတနာ မရှိတော့၊ ဟိ၊ သူတို့စေတနာက များများကုန်လာသောအခါမှာတော့ နည်းနည်းသွားတတ်ကြသည်၊ များများတောင်းလေလေ ပေးလိုမှု့ နည်းနည်းလာလေလေဆိုတာလေးကို သိလာရသည်။
ကွမ်းယာ မစားတတ်ခင်က ကွမ်းဆိုင်များမှာ မိုးတိုးမတ်တတ် ရပ်ရပ်နေကြသော သူများကို မြင်လျှင် ရှက်ဘို့ ကောင်းလိုက်တာဟု ထင်ခဲ့မိသည်၊ ခုတော့ စာရေးသူ ကိုယ်တိုင်က ရှက်စရာကောင်းသူ သူတစ်ယောက်ဖြစ်နေ ခဲ့ပါပြီ၊ ကွမ်းယာကို (၄၅) ဆေးနဲ့ စစားဖြစ်ခဲ့သည်၊ အဲဒီနောက် (၉၉) ဆေးနဲ့ စားဖြစ်သည်၊ အဲဒီနောက် (နှပ်ဆေး)၊ (ဘုရင်မ) (ဆင်ဂနဲလ်) ဆေးများကို စားဖြစ်သည်၊ ဘာမှန်းတော့ မသိပါဘူး၊ သိတာတစ်ခုကတော့ ပါးစပ်ထဲမှာ ကွမ်းရှိမနေလျှင် တစ်ခုခု လိုနေသလို ခံစားမိတာပါပဲ၊ စာရေးသူ ငယ်စဉ်က ကွမ်းအရမ်းစားသော စာရေးသူကို ပရိတ်ကြီး သင်ပေးခဲ့သော ဦးဇင်းတစ်ပါး ရှိပါသည်၊ သူနဲ့ တရားထိုင်တဲ့ ပထမဆုံးနေ့မှာ နာရီပြည့်လို့ တရားလည်း ဖြုတ်ရော အမြန်ပြန်သည်၊ နောက်ကတိုင် အတင်းလိုက်ရသည်၊ သူ ဒီလောက်မြန်မြန်သွားနေတာကို စာရေးသူ မေးချင်နေသည်၊ စာရေးသူ မေးချင်တာကို သိလို့ထင်တယ်၊ သူက “ကွမ်း စားချင်နေပြီ ကိုရင်ရေ၊ မြန်မြန်သာ လိုက်ခဲ့” ဟု ပြောဖူးသော စကားလေးကို ခုထိ မှတ်မိနေသေးသည်၊ ရသာရုံရဲ့ ဆွဲအားက သိပ်ကို ပြင်းထန် လွန်းပါသည်။
တစ်ခါကပေါ့၊ ရဟန်းတစ်ပါး ရှိသည်၊ သီလနဲ့လည်း အရမ်းပြည့်စုံသည်၊ အနေအထိုင်လည်းသိပ်ကို ကြည်ညိုစရာကောင်းလှသည်၊ ရုပ်ရည်ဥပဓိအားဖြင့်လည်း ကြည့်လို့ သိပ်ကောင်းပါသည်၊ အသားဖွေးဖွေးနုနု အိအိ၊ သန့်သန့် ရှင်းရှင်း ကြည်ကြည်လင်လင် နှာတံပေါ်ပေါ် ကိုယ်ထည်ကောင်းကောင်း အရပ်မြင့်မြင့် လေးပါ၊ တစ်နေ့မှာပေါ့၊ နာမည်ကြီး ပြည့်တန်ဆာမ ( ပြည့်တန်ဆာလို့ ခုခေတ်မှာ သုံးကြပါသည်၊ ပြည့်တန်ဆာ ဖြစ်ဘို့လည်းသိပ်ကို လွယ်ကူနေသလို ပြည့်တန်ဆာကို ရဘို့လည်း သိပ်ကိုလွယ်ကူနေသော ခေတ်ဖြစ်နေပါပြီ၊ ရှေးအခါက ပြည့်တန်ဆာလို့ မခေါ်ပါ၊ ပြည်တန်ဆာဟုသာ ခေါ်ကြသည်၊ တိုင်းပြည် စည်ပင်သာယာ ၀ပြောဘို့ အဓိက အခန်းကဏ္ဍမှ ပါဝင် ကူညီနေသူတစ်ယောက်အဖြစ်လည်း မှတ်ယူကြသည်၊ ပြည်တန်ဆာ တစ်ယောက်ဖြစ်ဘို့ဆိုတာလည်း မလွယ်ပါ၊ အများပြည်သူ သဘောကျသော ချောသော လှသော ဆွဲဆောင်မှု့ အပြည့်ရှိသော သူဖြစ်ရပေသည်) တစ်ယောက်က သူ့တိုက်ခန်းမှ ဆွမ်းခံကြွနေသော ထိုဦးဇင်းလေးကို လှမ်းမြင်လိုက်ပါသည်၊ မြင်လျှင် မြင်ချင်းပင် တကယ်ကို မြတ်မြတ်နိုးနိုး တွယ်တာစိတ်ဖြစ်မိသည်၊ ဒါနဲ့ ထိုဦးဇင်းလေးကို ချည်းကပ်လို့ ရမယ့် နည်းလမ်းကို ရှာကြည့်သည်၊ နည်းလမ်းလေးကို သိပြီး သူ့လုပ်ငန်းကို စပါတော့သည်။
နောက်တစ်နေ့မှာ ထိုဦးဇင်းလေး ဆွမ်းခံကြွချိန်ကို စောင့်နေသည်၊ ဟော ဦးဇင်းလေး ကြွလာပါပြီ၊ သူနေသော တိုက်ခန်းဘေးက ဖြတ်ဖြတ်သွားရသည်လေ၊ တိုက်ရှေ့အရောက်မှာ “ရပ်တော်မူပါဦး ဘုရား” လို့ ပြောပြီး လက်အုပ်ချီမိုးကာ ဦးဇင်းလေးကို အရင်ဖူးသည်၊ ကြည့်သည်၊ ပြီးတော့ “တပည့်တော်မ ကိုယ်တိုင်ချက်ထားတဲ့ ၀က်သားဟင်းနှပ်လေးပါဘုရား” လို့ ပြောပြီး လောင်းလှူလိုက်သည်၊ ဦးဇင်းလေးလည်း ဘာမှ သတိမထားမိပါ၊ ကြည့်လည်း မကြည့်မိပါ၊ ထိုပြည်တန်ဆာမလေးဟာ လှသလား ချောသလား ဘာလားညာလား ဘာတစ်ခုမှ မသိပါ၊ သူ့ထုံးစံအတိုင်း ဆွမ်းခံဆက်ကြွသည်၊ ဆွမ်းခံကိစ္စပြီးလို့ ကျောင်း ပြန်ရောက်၊ တရားထိုင်၊ အချိန်ရောက်လို့ တုံးခေါက် ဆွမ်းဘုန်းပေးတော့ ဟင်းတစ်ခွက်က တော်တော်လေးကို အရသာရှိလှပါသည်၊ သေချာ ကြည့်လိုက်တော့ ၀က်သားနှပ်ဟင်းလေးပဲ၊ ဟင်းကို စားရင်းစားရင်းနဲ့ “တပည့်တော်မ ကိုယ်တိုင် ချက်ထားတဲ့  ၀က်သားဟင်းနှပ်လေးပါဘုရား” ဟူသော အမှတ်မထားခဲ့သော စကားသံလေးကို အမှတ်တရလေး ပြန်ကြားယောင်နေမိသည်၊ ရဟန္တာ မဟုတ်သေးသော ထိုဦးဇင်းလေးမှာ ရသတဏှာကို ကောင်းကောင်းကြီး ခံစားနေမိသည်၊ နောက်နေ့တွင် တိုက်ခြေရင်းမှ လှေကားတက်မှာ ပင့်ပြီးဆွမ်းလောင်း သည်၊ နောက်နေ့ ပထမထပ်၊ နောက်နေ့ ဒုတိယထပ်၊ နောက်နေ့ တတိယထပ် ၊ နောက်နေ့တွင် သူနေသော အခန်းထဲသို့ ပင့်ပြီး ဆွမ်းလောင်းပါသည်၊ ထို့သို့ သူ့အခန်းသို့ ပင့်သည့်နေ့တွင် သူ့ရဲ့ ရသတဏှာ လိုက်စားမှု့ကို သတိပြုမိခဲ့လေသည်၊ ထားပါတော့လေ၊ ပြောလိုသည်က ရသတဏှာဟာ အဲသည်လောက်ထိ ဆွဲအားကြီးသည် ဆိုတာကို ပြောပြချင်တာ၊ သတိချပ်စေချင်တာပါ၊ အမြဲတမ်း သတိတရားနဲ့ ကိုယ်ကျင့်တရားနဲ့နေသည့် ရဟန်းတစ်ပါးတောင် အဲလို မသိမသာလေး ခံလိုက်ရသေးလျှင် အမြဲတမ်း အလုပ်ကိစ္စ စီးပွားရေး ပညာရေး လူမှု့ရေးတွေနဲ့ လုံးချာလိုက်နေသည့် လူများအဘို့ အရမ်းသတိထားမှသာ တော်ကာ ကြပေတော့မည်။
ကွမ်းအကြောင်းလေး ဆက်ကြပါဦးစို့၊ အတန်းကြီးလာတော့ စာတွေက အာဂုံသိပ်မကျက်ရတော့ပါ၊ သဘောပေါက်အောင်ပဲ ဦးစားပေးကြည့်ရတော့သည်၊ ကွမ်းလေးစားပြီး စာကြည့်ရသည့်အရသာကလည်း ရှိမှ ရှိ၊ ကောင်းမှကောင်းပါပဲ၊ စာရေးသူ စာချတန်း လုပ်နေတဲ့အချိန်ပေါ့၊ စာရေးသူ ကိုယ်တိုင်ကလည်း လ္ဘက်ရည်ဆိုင် မထိုင်ဘူးပါ၊ ထိုင်တဲ့ သူတွေကိုလည်း အချိန်ဖြုန်းနေတဲ့ သူတွေပဲ ဆိုပြီး သိပ်အမြင်ကပ်မိသည်၊ လမ်းဘေးဆိုင်လေးတွေမှာ ဦးဇင်းကိုရင်များ ထိုင်နေတာ မြင်လျှင် သိပ်စိတ်ပျက်မိခဲ့သည်၊ အချိန်ဖြုန်းနေကြ သည်ဟုပဲ မြင်နေမိသည်၊ တစ်နေ့မှာ သူငယ်ချင်း တစ်ယောက် ရောက်လာသည်၊ သူ့ကိုမြင်တော့ သူ့ကို တောင်းပန်ချင်သည်၊ ဒါနဲ့ အားရ၀မ်းသာ ကြိုက်ဆိုနှုတ်ဆက်ပြီး သူ့ကို ပြောခဲ့မိတာကို တောင်းပန်မိသည်၊ စာရေးသူ ကွမ်းမစားတတ်ခင်က သူသည် ကွမ်းလည်း စားတတ်နေသည်၊ ဆေးလိပ်လည်း ကျွမ်းကျင်ပိုင်နိုင်စွာ သောက်တတ်နေသည်၊ သူသည် အတန်းတင် စာမေးပွဲတွင် ကျသည်၊ စာရေးသူက သူ့ကို ခပ်စောင်းစောင်းပဲ “ ကိုယ့်လူ စိတ်ညစ်နေတာလား၊ စိတ်မညစ်ပါနဲ့ကွာ၊ မင်းမှာ စာမေးပွဲမအောင်တာတစ်ခုပဲ ရှိတာပါ၊ စာမေးပွဲ ကျတာ မဟုတ်ပါဘူးကွ၊ စာမေးပွဲက ရပ်တန့်နေတဲ့ သဘောပါ၊ မင်းမှာ ကွမ်းစားတတ် ဆေးသောက်တတ် ပညာတွေ တိုးတက်နေတာပဲ ၊ ပျော်ပျော်သာ နေလိုက်စမ်းပါ” လို့ ပြောမိသည်၊ သူက မနာပါ၊ ရယ်လျှက်မောလျှက်၊ “ကိုယ့်လူရာ၊ ကွမ်းစား ဆေးလိပ်သောက်တတ်တာ ဂုဏ်ယူစရာမှ မဟုတ်တာ၊ တန်းဘိုးရှိတဲ့ ပိုက်ဆံကို တန်းဘိုးမသိစွာနဲ့ ၀ါးထွေးပစ် မီးရှို့ ပစ်နေကြတာပါ၊ တကယ်တော့ ငါက ရောဂါကို ပိုက်ဆံနဲ့ ၀ယ်နေသူတစ်ယောက်ပါကွာ” ဟု ပြောသွားခဲ့သည်၊ ပြီးတော့ “ ငါက ဆက်လက်မရှင်သန်တော့မယ့် သစ်သီးအပုတ်ကြီးဖြစ်နေပြီ၊ မင်းက သစ်သီးကောင်းလေးပါ”လို့ ပြောသွားသေးသည်၊ (သူပြောလိုတာက သစ်သီးပုတ်သည် ဘာမှ ဆက်လက်ရှင်သန် ကြီးထွားမှု့မရှိတော့ဘူး၊ အကျိုးဖြစ်ထွန်းမှု့ မရှိတော့ဘူး၊ သစ်သီးကောင်းက တစ်ဖန်ပြန်လည် ရှင်သန် ကြီးထွားဦးမယ်၊ အကျိုးဖြစ်ထွန်းဦးမယ် ဟုဖြစ်သည်)။
စာရေးသူလည်း မန္တလေးရောက်ပြီး သူငယ်ချင်းများနဲ့ ဆုံခိုက်ဖြစ်စေ၊ မနက်ခင်း ဗိုက်ဆာလျှင်ဖြစ်စေ လ္ဘရည်ဆိုင် ထိုင်တတ်နေပါပြီ၊ အစပိုင်းမှာ ရှက်သလိုလို ဘာလိုလိုနဲ့ပါ၊ နောက်တော့လည်း အကျင့်ဖြစ်သွား သည်၊ ကိုယ်ကိုယ်တိုင် အဲလို ထိုင်နေမှ “သြော် လ္ဘရည်ဆိုင် ထိုင်ကြတဲ့သူတွေလည်း သူတို့အကြောင်းနဲ့ သူတို့ပဲလို့ “ တွေးမိခဲ့သည်၊ အင်းဘာပဲ ဖြစ်ဖြစ် အပြစ်တင် မစောတတ်သော အကျင့်လေး,  ဘာကြောင့် ဒီလိုလုပ်နေကြသလဲ ဒီလိုဖြစ်နေကြသလဲဆိုတဲ့ မူရင်းအကြောင်းကို အရင်တွေးတတ်တဲ့ အကျင့်လေး ဖြစ်လာသည်၊ တစ်ဖန် လမ်းဘေးဆိုင်တစ်ဆိုင်မှ လူများနဲ့ ရင်နှီးခင်မင်သဖြင့် ထိုဆိုင်မှာလည်း ထိုင်တတ်နေခဲ့ပြန်သည်၊ မရှက်တော့ပါ၊ အင်း -----  ဒါဟာ လောကဓံတွေပဲ ထင်ပါရဲ့၊ တစ်နေ့ စာရေးသူတို့ English Speaking Class ဆရာမတစ်ယောက်က သူ့အကြောင်းများကို ပြောပြသည်၊ ဖတ်ကြည့်ကြပါစို့နော်။
ကောင်မလေးတစ်ယောက်၊ စကားတတ်သည်၊ ဥာဏ်ထက်သည်၊ စူးစမ်းလိုသည့် ဗီဇပါသည်၊ သူတို့အိမ်နဲ့ နှစ်အိမ်ကျော်မှာ အိမ်ခပ်သေးသေးလေး တစ်အိမ်ရှိသည်၊ ထိုအိမ်မှ အဘိုးကြီးတစ်ယောက်သည် ညနေ ကျောင်းဆင်းချိန်ဆိုရင် ပုံမှန်ပါပဲ၊ အရက်ပုလင်းလေးနဲ့ သူ့အိမ်ပေါက်က လေသာကြမ်းခင်းပေါ်မှာ သောက်သောက်နေတတ်သည်၊ ကောင်မလေးနဲ့ အဘိုးကြီးသည် နေ့တိုင်းလိုလို အကြည့်ချင်းဆုံနေကြပါ၊ ဒီတော့လည်း မျက်စိထဲမှာ ရင်းနှီးနေပြီပေါ့၊ တစ်နေ့ ကောင်မလေး ကျောင်းက ပြန်လာတော့ ထိုအဘိုးကြီး အိမ်သို့ ၀င်မိသည်၊ ဘာရယ်တော့ မဟုတ်ပါ၊ ဒီအဘိုးကြီး ဘာလုပ်နေတာလဲဆိုတာကို သိချင်နေသည်၊ သူရောက်သွားတော့ အဘိုးကြီးက ” ကဲ သမီး ထူးထူးခြားခြား ဘာလိုချင်လို့လဲ ” ဟုမေးသည်၊ ကောင်မလေးက “ဘကြီးက နေ့တိုင်းသောက်နေတာ၊ ဘာတွေလဲ သိချင်လို့”ဟုပြောသည်၊ ထိုအခါ ထိုဘကြီးက “ အရက်သောက်တာလေ “ ဟု ဖြေပါသည်၊ ကောင်မလေးက “သမီးသောက်လို့ ရလား၊ ဘာအရသာ ရှိလဲ၊ ကောင်းလား”ဟု ဆက်မေးကြည့်သည်၊ အဘိုးကြီးက “အင်း သောက်လို့ရပါတယ်၊ ဒါပေမဲ့ မသောက်ပါနဲ့၊ မသင့်တော်ဘူးကွဲ့၊ ဘာအရသာဆိုတာကို ပြောပြလို့မရဘူး သမီးရဲ့၊ ကိုယ်တိုင် သောက်ကြည့်မှပဲ သိရမှာ၊ ကြိုက်ရင်တော့ ကောင်းတာပေါ့ကွယ် ၊ မကြိုက်ရင်တော့ မသောက်ဘူးပေါ့” ဟု အစုံ ပြန်ဖြေပေးသည်၊ ကောင်မလေးက “သမီးသောက်ကြည့်ချင်တယ်”ဟုပြောတော့ “မသောက်ပါနဲ့ သမီးရယ်၊ သမီးက အမြည်းပဲ စားနော်”ဟု ပြောပြီး အမဲသား ကြော်လေးများကို ကျွေးသည်။
ဒီလိုနဲ့ နေ့တွေ များလာတော့ အရက်သောက်ခွင့်ပေးလိုက်သည်၊ ကောင်မလေးလည်း သောက်ချင်သော ဇောကြောင့် အတင်းသောက်ပစ်လိုက်သည်၊ ပြီးတော့ လည်ချောင်းထဲမှာ ရှကွဲသလိုမျိုး နာကျင်မှု့အရသာကို ခံစားလိုက်ရသည်၊ ဟားးးးးးးးးးးး မလွယ်ပါလား၊ အဲတော့ အဘိုးကြီးက “သမီး၊ အရက်သောက်တဲ့ နေရာမှာ နည်းစနစ်ရှိတယ်ကွဲ့၊ ဟောဒီလို နည်းနည်းချင်းချင်း အသာလေး ခပ်ပါးပါးလေး မျိုချလိုက်၊ ပြီးရင် ဟောလို အမဲသားကြော်လေး တစ်တုံးကို ကောက်ဝါးလိုက် လုပ်ရတယ်ကွဲ့၊ အဲဒါမှ အရသာကို သိတာ”လို့ ပြောပြသည်၊ ကောင်မလေးလည်း အဲလိုလေး နည်းနည်းချင်းချင်း ဖြေးဖြေးချင်းလေး ခပ်ပါးပါးလေး သောက်လိုက် အသားလေး စားလိုက်လုပ်ကြည့်သည်၊ အဆင်ပြေသွားသည်၊ သောက်ပွဲလေး ပြီးတော့ အိမ်ပြန်ဘို့ ခက်နေသည်၊ အကြောင်းမှာ အရက်နံ့ထွက်နေသောကြောင့်ဖြစ်သည်၊ ဒါနဲ့ အဘိုးကြီးကို ပြောပြတော့ အဘိုးကြီးက ဘေးမှာရှိသော ကွမ်းဗန်းမှ ကွမ်းတစ်ယာ ယာကျွေးသည်၊ ဆေးမပါဘူး၊ ရိုးရိုးလေးပါပဲ၊ အဲဒါလေးကို ငုံထားရသည်၊ ကျေအောင်ဝါးကြီး ငုံထားသည်၊ တော်တော်လေးကြာမှ ထွေးထုပ်ပစ်ပြီး ပါးစပ်ကို ရေဆေးကာ ပြန်လာခဲ့သည်၊ အင်း အရက်ကို ပထမဆုံး သောက်ဖူးခြင်းပဲပေါ့နော်၊ နောက်နေ့တွေလည်း အချိန်ရရင် ရသလို သွားသွားသောက်တတ်သည်၊ ကွမ်းလည်း စားတတ်ခဲ့သည်၊ ကံကောင်းချင်တော့ သူကွမ်းစားတတ်ကာမှ သူ့အစ်ကိုကလည်း ကွမ်းစားလာသည်၊ အဆင်ပြေသွားသည်၊ သူ့အစ်ကိုဆီက တောင်းတောင်းစားသည်၊ (သူ့အစ်ကိုသည် အရမ်းတော်ပါသည်၊ ဆေးလိုင်းမီအောင်လို့ဆိုပြီး ရှစ်တန်းကျောင်းသားဘ၀ကတည်းက Dictionary  တစ်အုပ်ကို နေ့တိုင်း ကျက်သည်၊ သူ ဆယ်တန်းလည်း ရောက်ရော သူ့ Dictionary စာအုပ်က ကုန်ခါနီးနေပါပြီ)၊ နောက်တော့ သူ့အစ်ကိုက သူ့ကြောင့် သူ့ညီမလေး ကွမ်းသမားကြီး ဖြစ်သွားမှာ စိုးရိမ်သဖြင့် သူကိုယ်တိုင်ပဲ ကွမ်းကို ဖြတ်ပစ်လိုက်သည်၊ အစ်ကိုက ဖြတ်ပြီးဆိုရင် ဖြတ်ပြီးပဲ ၊ လုံးဝပြတ်သွားသည်၊ သို့သော်လည်း ညီမဖြစ်သူ ကောင်မလေးမှာတော့ မပြတ်ပါ။
ကောင်မလေးသည် အရက်ကို မမူးရုံမှ လွဲပြီး နည်းနည်း နည်းနည်းနဲ့ တော်တော်လေးကို သောက်တတ် လာသည်၊ သောက်နိုင်လာသည်၊ နောက်တော့ အရက်ရဲ့အရသာကိုလည်း သိပြီး အရက်ကိုလည်း သောက်တတ်ပြီး ဘာမှ အကျိုးမရှိဟု တွေးမိပြီး ဖြတ်ပစ်လိုက်သည်၊ ပြတ်သွားသည်၊ သို့သော်လည်း ကွမ်းယာကို မဖြတ်နိုင်ခဲ့ပါ၊ မည်မျှထိ ဆိုးသနည်း ဆိုလျှင် ဘွဲ့ရပြီး တက္ကသိုလ်တစ်ခုမှာ ကျူတာဖြစ်နေသည့်တိုင်အောင် သူ ကွမ်းမပြတ်သေးပါ၊ တစ်နေ့မှာပေါ့၊ ည ၁၂ နာရီလောက်မှာ သူ စာကြည့်နေသည် ၊ စာကြည့်နေရင်းနဲ့ ကွမ်းစားချင်လာသည်၊ ဒီအချိန်မှာ ဘယ်လိုမှလည်း ၀ယ်လို မဖြစ်ပါ၊ မရနိုင်ပါ၊ ဆိုင်တွေအားလုံး ပိတ်ထားကုန်ပြီလေ၊ စားချင်နေသည့် စိတ်ကိုလည်း ထိန်းလို့မရ၊ ဒါနဲ့ ဟိုတွေး ဒီတွေး ဟိုကြံ ဒီကြံလုပ်ရင်း တစ်စုံတစ်ခုကို တွေးမိလိုက်သည်၊ သူ့တပည့်ကျောင်းသားတွေထဲမှာ ကွမ်းစားတဲ့ သူတွေကို သတိရလိုက်မိသည်၊ ဒါနဲ့ မတတ်နိုင်ဘူးလေ၊ ဆရာဆိုတာ တပည့်ကို နိုင်သည်ပဲ၊ ဟဲဟဲ၊ ကျောင်းသားအဆောင်သို့ ထသွားသည်၊ ကျောင်းသားတွေအားလုံးအိပ်နေကြပါပြီ၊ အခန်းပေါက်ရောက်တော့ တံခါးကို ခေါက်သင့် မခေါက်သင့် တော်တော်ကြာအောင် စဉ်းစားနေသေးသည်၊ နောက်ဆုံးမှာတော့ “ဒေါက် ဒေါက် ဒေါက်”ဟူသော အသံပေါ်ထွက်လာသည်၊ ကျောင်းသားတစ်ယောက် တံခါးဖွင့်ပေးလာသည်၊ ဆရာမကို မြင်တော့ အံ့သြနေသည်၊ ဆရာမက ကွမ်းစားချင်ကြောင်း ပြောပြလိုက်တော့၊ သဘောကျစွာဖြင့် ကွမ်းယာပေးသည်၊ ကျေးဇူးတင်စကား ပြောပြီး ပြန်လာခဲ့သည်၊ ကွမ်းစားရင်း စားရင်းနဲ့ ဆရာမလေးမှာ သူ့ပုံစံ တွေးနေမိသည်၊ တပည့်အဆောင်ထိအောင် အောက်ကျခံပြီး အရှက်မရှိသည့် မျက်နှာနဲ့  သူ့ပုံကို အထပ်ထပ်အခါခါ ပြန်မြင်နေမိသည်၊ ဖြစ်လိုက်သည့် ရှက်ခြင်း၊ ဒါနဲ့ ကွမ်းဖြတ်ဘို့ ဆုံးလိုက်သည်၊ တစ်ရက် နှစ်ရက်အဆင်ပြေသည်၊ သုံးရက်လောက်ကြာလာလျှင် မရတော့၊ စားမိပြန်သည်၊ တက္ကသိုလ်တာဝန်ပြီးလို့ မိဘအိမ် ခဏပြန်ရောက်တော့လည်း စားဖြစ်နေပြန်သည်၊ မိန်းကလေးဖြစ်လျှက် ကွမ်းစားနေမိတာ/ တပည့်တွေ ရှေ့မှာ ကွမ်းစားနေမိတာ ကွမ်းစားချင်လို့ မရှက်မိခဲ့တာတွေကို ခဏခဏတွေးနေမိသည်၊ ကြတော့ ရှက်လာသည်၊ လုံးဝ ပြန်မစားဖြစ်တော့မည့် ကွမ်းဖြတ်နည်း နည်းလမ်းကို ရှာတော့သည်၊ နောက်တော့ သူ့အမေကိုရော ဘုရားရှင်ကိုပါ သက်သေနေရာမှာ ထားပြီး သစ္စာဆိုကာ ဖြတ်ပစ်လိုက်တော့သည်၊ သစ္စာဆိုပြီး ဖြတ်လိုက်ကာမှ ပိုမိုစားချင်နေသည်၊ သို့သော်လည်း သူကိုယ်တိုင် ကျိန်းဆိုခဲ့သော သစ္စာများ ပျက်သွားပြီး တကယ်ဆိုးကျိုးပေးခဲ့မယ်ဆိုလျှင် မတွေးဝံ့စရာ၊ ဒါကြောင့် ကွမ်းကိုစားချင်သော်လည်း သစ္စာပျက်ပြီး ဆိုးကျိုးခံစားရမှာကြောက်တာကြောင့် ထပ်မစားခဲ့တော့၊ ခုတော့ ကွမ်းနံ့တောင်မခံနိုင်တော့ပါ၊ စားဘို့ဆို ဝေးပေါ့နော်၊ ထို ကောင်းမလေး ဆရာမလေးသည် စာရေးသူတို့ကို English Speaking Class ဖွင့်ပေး သင်ပြပေးသော ဆရာမဖြစ်သည်၊ ဆရာမလေး ပြောသွားသော နောက်ဆုံး စကားသည် “မကောင်းဘူးလို့ အများက ပြောတဲ့ အရာကို တစ်ခါမှ မလုပ်မိအောင် ရှောင်နိုင်ရင် အကောင်းဆုံးပဲ၊ သိပြီးရင် ဖြတ်ရခက်လို့ ” ဟု ဖြစ်သည်၊ ဟိ၊ ဆရာမလေးသည် သူသိချင်တာကို သိအောင်လုပ်သည်၊ ပြီးရင် ဖြတ်ဖြတ်ပစ်လို့ ထင်ရဲ့၊ ခုထိ အပျိုကြီး ဖြစ်နေတယ်လေ၊ ဟိ ၊ တိုးတိုးနော်၊ ဆရာမလေးသိရင် စာရေးသူကို ဒေါပွနေဦးမယ်၊ အဲ သူ ရည်းစားနဲ့ ပတ်သက်တဲ့ အကြောင်းတော့ တစ်ခွန်းမှ ပြောမသွားဘူးဗျာ၊ ခုမှပဲ သတိထားမိတယ်၊ သူ ဖြတ်ရခက်မှာစိုးပြီး သိအောင် မလုပ်ခဲ့ဘူးနဲ့တူတယ်၊ ဆရာမလေးလို့ စာရေးးသူတို့ တပည့်တွေက ခင်မင်ရင်းနှီးစွာ ခေါ်ကြပါသည်၊ ဆရာမ အသက်က စာရေးသူ ထင်သည်၊ ၄၀- ၀န်းကျင်ဖြစ်မယ်လို့။
စာရေးသူ ပြောချင်တာတွေ ဒီလောက်ပါပဲ၊ ဒီတော့ ကွမ်းစားတတ်ချင်လျှက် လွယ်လွယ်လေးပါ၊ အနံ့အသက်ပါတဲ့ အစားအစာကို စားပြီးတိုင်း ကွမ်းစားဖြစ်အောင်သာ စားလိုက်ပါ၊ ကွမ်းစားတတ်သွားပါ လိမ့်မယ်၊ အချက်နှစ်ချက်ကိုလည်း မှာချင်ပါသည်၊ အဲဒါကတော့ ကွမ်းစားလျှင် “ ပါးစပ်ထဲက အတွင်းသားတွေ စုတ်ပြတ်သတ်ပြီး ကင်ဆာဖြစ်နိုင်တယ်ဆိုတာရယ်/ သွားရင်းတွေ ညစ်ပတ်ပြီး အရုပ်ဆိုး အကျည်းတန်တယ် ဆိုတာရယ်/ ကွမ်းချေးတွေ ပုတ်ပွရင် သိပ်ကိုခံရခက်တဲ့ အပုတ်နံ့တွေ ထွက်လာတယ်ဆိုတာရယ်/ ကွမ်းထွေးကို ပရမ်းပတာထွေးမိလို့ လူအထင်သေး အမြင်သေးခံရတတ်တယ်ဆိုရယ်/ ကျောက်ကပ်ရောဂါ ဖြစ်နိုင်တယ်ဆိုရယ် ပြီးတော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တတ်တယ်ဆိုတာရယ်နဲ့ ကွမ်းစားလျှင် ခဏတာ အနံ့အသက်ကင်းတယ် / ဗမာဆေး(ဆေးရွက်ကြီး)နဲ့ စားလျှင် သွားပိုးစားမှု့ကို ကာကွယ်ပေးနိုင်တယ် ဆိုတာပါပဲ။
ဒီလောက်ဆိုရင် ကွမ်းယာရဲ့ ဆွဲဆောင်နိုင်မှု့ ဆိုးကျိုး ကောင်းကျိုးများကို သိလောက်ပါပြီနော်၊ ကိုယ်ဘာလုပ်သင့်လည်း ဆိုတာကတော့ စာဖတ်သူများရဲ့ ကိုယ်ပိုင် ခံယူချက် အတွေးအခေါ်နဲ့ပဲ လုပ်ကြပါလို့-------------
No comments:
Post a Comment