Friday, September 23, 2011

ပြုပြင်

“ ပြုပြင် ” သူသော စကားလုံးသည် သိပ်ကို အဓိပ္ပါယ်ရှိလှသည်၊ စာလုံးလေး နှစ်လုံးတည်းသာရှိပေမဲ့ များစွာမှကို သိပ်သည်းကျစ်လစ် မာခဲသည်၊ လောကမှာ ပြုပြင်စရာ မလိုသောအရာသည်”ဘယ် သောအခါမှ ပြောင်းလည်းခြင်း ပျက်စီးခြင်း ဟောင်းနွမ်းခြင်း မရှိသော ဓမ္မပင်ဖြစ်သည်” ၊ ကျန်တဲ့အရာတွေကိုတော့ ပြုပြင်ခြင်းဆိုတဲ့ စကားနဲ့ မပတ်သက်အောင် ဘယ်လိုမှ ဆွဲထုတ်လို့မရနိုင်ပါဘူး။


ရုပ်ဝတ္ထုတိုင်းမှာ ----
“စတင်ဖြစ်ခြင်း- ဥပ္ပါဒ၊ စတင်ဖြစ်ခြင်း - ဥပစယ” ဆိုတဲ့စကားတွေ ရှိပါသည်၊ သူတို့နောက်မှာ ကပ်လိုက် လာတာက---
“မပျက်သယောင် တည်နေခြင်း- ဌီ ၊ မပျက်သယောက်တည်နေခြင်း - သန္တတိ” ၊
“သိသိသာသာ ပျက်စီးသွားခြင်း - ဘင်္ဂ၊ - သိသိသာသာ ပျက်စီးလာခြင်း - ဇရတာ” ၊
“ဖြစ်ပြီးသည့်အတိုင်း တည်မနေခြင်း- အနိစ္စတာ” စတဲ့ စကားလုံးတွေကို တွေ့ရသည်။
 (အထက်ပါ စကားလုံးများကို အဘိဓမ္မတ္ထ၀ိဘာဝနီဋီကာနဲ့အညီပြန်ဆိုထားတာ မဟုတ်ပါ၊ အများနားလည် အောင်သာ ပြန်ဆိုထားခြင်းဖြစ်သည်) ။


လူရယ်လို့ စတင်ဖြစ်လာပြီးရင် တဖြည်းဖြည်းနဲ့ ပျက်လာမြဲဖြစ်သည်၊ တစ်ဖြည်းဖြည်း ပျက်လာတာကို လူတွေက အဟုတ်ကြီးမှတ်ပြီး “ကြည့်ကောင်းလာတယ်” (အလတ်ပိုင်းအရွယ်) လို့ပြောတတ်ကြသည်၊ ပျက်လာတာက သိသာလာတဲ့အခါမှာတော့ အားလုံးက “အော့အန် မတတ်” ဖြစ်ကြရသည်(နောက်ဆုံးပိုင်း အရွယ်)၊ အဲဒီမှာပဲ- ပျက်လာတဲ့ မျက်စိကိုလည်း မျက်နှာသက်ခြင်းဖြင့် ပြင်ပေးနေရသည်၊ နှာခေါင်း အစ အနာမာဝကိုးပေါက်လုံးကို ပြင်ပေးနေရသည်၊ ပျက်လာတဲ့ အသားရေ ဆံပင် သွားတွေ အင်းအားတွေ အားလုံးကို လိုက်ပြင်နေရသည်၊ ဒါပေမဲ့ ပြင်ပေးနေရတယ်လို့ နှလုံးမသွင်းမိကြပါဘူး၊ ဘာဖြစ်လို့ လဲဆိုတော့ - မသိမှု့ မောဟက (သဘာဝဖြစ်ပျက်မှု့အမှန်ကို မသိပဲ ပြုပြင်လို့ရတယ်လို့ အမှားကို သိမြင်ခြင်း) ဖုံးထားလို့ ပဲဖြစ်ပါတယ်၊ (မောဟ တစ်ခုတည်းကို ပြောလိုက်တာဟာ မောဟသည် အကုသိုလ်တိုင်း မသိမှု့တိုင်းမှာ ပါဝင် နေတာကြာင့်ပါ)၊ ပြင်လို့ရမယ်လို့ ထင်ပြီး ပြင်နေမိကြတော့တာပါပဲ။


ရေကြောင့်ဖြစ်ပြီး ညစ်ပေလာတဲ့ အညစ်ကြေးတွေကို ရေနဲ့ပဲ ဖြူစင်သွားအောင် ပြင်ပေး ဆေးကြောပေး ရပါသည်၊ ဒီတိုင်းပါပဲ ကိုယ်နဲ့ပြုလုပ်မိလို့ ဖြစ်သွားသော ကျိုးပဲ့သွားသော သီလအညစ်အကြေးကို ကိုယ်နဲ့ မပြုလုပ်တော့ခြင်းဖြင့် ပြန်လည်ဆေးကြောပေး ပြင်ပေးရပါမည်၊ နှုတ်ကြောင့် ကျိုးပဲ့သွားသော သီလအညစ်အကြေးကိုလည်း နှုတ်ကို ထိန်းသိမ်းခြင်းဖြင့် ဆေးကြောပေး ပြန်လည်ပြင်ပေးရပါမည်၊ စိတ်အတွေးကြောင့် ဖြစ်လာတတ်တဲ့ အတွေးအညစ်အကြေး အပြစ်တွေကိုလည်း မတွေးတော့ခြင်းဖြင့် ပြန်ပြင်ရပါမည်၊(ရေကြောင့်ဖြစ်တဲ့ အညစ်ကြေးကို ရေနဲ့သာ ပြန်ဆေးကြောရသကဲ့သို့ စိတ်ကြောင့်ဖြစ်တဲ့ အညစ်ကြေးတွေကို စိတ်နဲ့ပဲ ပြန်လည် ဆေးကြောသန့်စင်ရတယ် --  ဆိုတဲ့ ဗုဒ္ဓစကားရှိနေသည် မဟုတ်ပါလားဗျာ)။


စာရေးသူ သီဟိုဠ်ရောက်မှ ပြုပြင်ဆိုတာလေးကို လေးနက်စွာ တွေးမိခဲ့တာပါ၊ အဲဒီအတွေးလေးကို သိစေချင်လွန်းလို့ ဒီဆောင်းပါးလေးကို ရေးမိခြင်းပါ၊ (ပြင်ဆင်ကြမယ့် လူတိုင်းကို သိစေချင်တာပါ)၊ တစ်နေ့မှာ စာရေးသူ၏ သူငယ်ချင်းတစ်ယောက် လေဆိပ်ကိုသွားလို့ လိုက်ပို့သည်၊ မြို့လည်မှာ လမ်းပြင်နေတာကို တွေ့ရသည်၊ သေသေချာချာ ကြည့်မိခဲ့သည်၊ သူတို့လမ်းပြင်တာက ကျွန်တော်တို့မြန်မာ ပြည်က လမ်းပြင်သလိုမျိုး မဟုတ်ပါဘူး၊ အဲဒီအကြောင်းလေးကို အဓိကပြောပြချင်သည်၊
လမ်းပြုလုပ်တဲ့အခါမှာလည်း-----
(၁) ဘယ်လိုလုပ်ရင် ကြာရှည် အသုံးခံမလဲ ဆိုတာကို ကြည့်ကြသည်၊
(၂) ဘယ်လိုလုပ်ရင် ပိုပြီးအသုံးတည့်မလဲဆိုတာကို စဉ်းစားကြသည်၊
(၃)ဘယ်လိုလုပ်ရင် သူ့အလှအပျက်ပဲ သဘာဝအလှကို ပိုမိုတောက်ပ လာစေနိုင်မလဲဆိုတာကို ဆင်ခြင် တွေးတတ်ကြသည်၊
ဒီအချက်တွေနဲ့ ကြည့်ပြီး ယှဉ်ပြီး လုပ်ကြသည်၊ ပြုလုပ်ပြီး ပျက်လာလို့ ပြင်ဘို့အချိန် ရောက်လာပြီ ဆိုရင် လည်း ပျက်တဲ့နေရာလေးပဲ ပြင်သွားတာမျိုးမဟုတ်ပါ၊

ပညာလို အိုသည်မရှိ

“ပညာလို အိုသည်မရှိ” ၊ “အလိမ္မာ စာမှာရှိ” သူသော အဆိုများကို စာရေးသူတို့အရွယ် ကောင်းလေး/ ကောင်မလေးများ အားလုံးလိုလို သိကြမည် ရကြမည် ထင်ပါသည်၊ အကြောင်းမှာ ” စာရေးသူတို့ အရွယ် စာရေးသူတို့ငယ်စဉ်က ကလေးငယ်များသည် ဘုန်းကြီးကျောင်းစာများနဲ့ အလှမ်းမဝေးသေးသောကြောင့်” ဖြစ်သည်၊ တောရွာဘုန်းကြီးကျောင်းများတွင် အသုံးပြုကြသည့် သမ္မတဆယ်ဆောင်တွဲစာအုပ်၏ နောက်ကျော ဘက်တွင် ထိုအဆိုအမိန့်များကို ရေးထားသည်၊ ထိုအဆိုကို ရနေတာ ကြာပါပြီ၊ “ပညာလို အိုသည်မရှိ” ဆိုတာကို စာရေးသူတွေးမိခဲ့တာ သိနေခဲ့တာက “ပညာဟူသော အရာသည် အိုသွားသည်မရှိ၊ ပညာတတ် တစ်ယောက်သည် အိုသွားသည်မရှိ” ဟုသာဖြစ်သည်၊ စာရေးသူ၏ အတွေးကပဲ အိုနေသည်လားတော့ မပြောတတ်ပါ၊ စာရေးသူကလည်း တစ်ခါတစ်ခါ အများနဲ့လုံးဝဆန့်ကျင်သော အတွေးမျိုးကို တွေးမိတတ်သူ ဖြစ်သည်။


စာရေးသူ၏ ညီမလေးကိုတော့ ဒီစာလေးနဲ့ ဆုံးမခဲ့ဖူးသည်၊ ညီမလေးသည် ဆယ်တန်းအောင်ပြီး ၂- နှစ် ကျောင်းထွက်လိုက်သည်၊ တက္ကသိုလ်ဆက်ပြီး မတက်ဖြစ်ပါ၊ အကြောင်းကြောင်းကြောင့်ဖြစ်သည်၊ သူ့ကို စာရေးသူက ကျောင်းဆက်တက်ဘို့ ပြောရသည်၊ အဲဒီမှာ သူ့နဲ့ ဆယ်တန်း အတူအောင်သူတွေထဲက တစ်ချို့ဆိုရင် နောက်ဆုံးနှစ် (final year)ကို ရောက်နေကြပြီဆိုတော့ သူက ရှက်နေသည်၊ တစ်ချို့ကတော့ ပထမနှစ်( first year) ကိုပင် မအောင်ကြသေးပါ၊ သူတို့နဲ့ ချိန်ထိုးပြီး ပြောပြ ဆုံးမရသည်၊ နောက်ဆုံးတော့ “ ညီမလေး ကိုယ်တက်နေတဲ့ အချိန်မှာ ကိုယ်တက်ရောက်နေတဲ့အတန်း အောင်သွားဘို့ က အရေးကြီးတယ်၊ ကျန်တာတွေ က အရေးမကြီးဘူး၊ ဖြစ်ခဲ့ပြီးတာတွေက ဘာမှ မတတ်နိုင်ဘူးလေ၊ ပညာလို အိုသည်မရှိတဲ့၊ ညီမလေး ကြားဖူး မှာပါ၊ ညီမလေး မရှက်နဲ့၊ ပညာသင်ခွင့်ရတာကိုက ညီမလေးအတွက် အခွင့်အရေးတစ်ခုပဲ ၊ အခွင့်အရေးကို လက်လွတ်မခံပါနဲ့၊ ကျောင်းဆက်တက်ပါ” လို့ ဆုံးမခဲ့ဖူးသည်။


“အလိမ္မာ စာမှာရှိ” သူသော စကားကိုလည်း “သြော် စာထဲမှာ လိမ်မာယဉ်ကျေးအောင် ဆုံးမထားတာတွေ ရှိနေတယ်၊ လိမ္မာယဉ်ကျေးမှု့ဆိုတာ စာထဲမှာပဲ ရှိတယ်” လို့သာ သိခဲ့သည်၊ တွေးခဲ့သည်၊ စာထဲက ဆုံးမထားသည့်အတိုင်း လိုက်နာရင် လိမ္မာသည်ဟု မတွေးမိပါ၊ အမှန်တိုင်း ၀န်ခံခြင်းပါ၊ စာရေးသူ Kelaniya တက္ကသိုလ်မှာ ကျောင်းတက်မှ “ ပညာလို အိုသည် မရှိ ” ဟူသော စကား၏အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်သွားသည်၊ အကြောင်းမှာ “ စာရေးသူတို့နဲ့ ကျောင်းအတူတက်သူများ ထဲတွင် အသက်-၅၀ ၊ ၆၀-အရွယ်များပါသည်၊ ဆရာထက်ပင် အသက်ကြီးသူများပါနေခြင်းကြောင့် “ ဖြစ်သည်၊ စာရေးသူ စဉ်းစားသည်၊ “ ဒီအသက်အရွယ်မှာ စာသင်ရတုန်းရှိသေးတယ်၊ ဘယ်အချိန်များ စာပြန်ချပေးကြမှာလဲ၊ ဘယ်အချိန် ဘယ်အရွယ်မှာ ဘွဲ့ရပြီး ဘာတွေများ ခံစားသွားကြရမှာလဲ” လို့၊  အင်း သူတို့ကို မေးကြည့်ရင်တော့ ” စာသင်တာဟာ စာပြန်ချပေးဘို့တစ်ခုတည်း မဟုတ်ဘူး၊ ဘ၀ကို အဓိပ္ပါယ်ရှိရှိ လေးလေး နက်နက် ဖြတ်သန်း လျှောက်လှမ်းနိုင်ဘို့လည်း စာသင်ရတယ်၊ ဒို့သင်တာက အဲဒီအတွက် သင်တာ “  လို့ များ ဖြေနေမလား မသိဘူးနော်၊ ဘယ်လိုပဲ ဖြစ်ဖြစ် “ ပညာလို အိုသည် မရှိ” သူသော စကားကတော့ သီဟိုဠ်အစ အနောက်နိုင်ငံများမှ လူများနဲ့သိပ်ကို အံဝင်ဂွင်ကျဖြစ်လှသည်၊ စာသားသည် မြန်မာပြည်က စာအုပ်ထဲမှာ ရှိနေပေမဲ့ မြန်မာပြည်က လူတွေနဲ့တော့ သဟဇာတ မဖြစ်လှပါ၊ “သီဟိုဠ်က လူတွေအတွက် (အနောက်နိုင်ငံများမှ လူတွေအတွက်) များ ရေးထားလေသလား” ဟုတွေးမိသည်၊ နောက်တစ်ချက်က အနောက်နိုင်ငံ လူအိုများ သက်ကြီးသူမများသည် တရားအလုပ်အားထုတ်ဘို့ စိတ်ကူးလည်းမရှိ၊ ရှိသော်လည်း အလွန်မှ နည်းပါးသည်၊ နည်းလမ်းလည်း မသိကြသော အနောက်နိုင်ငံက လူအို သက်ကြီးသူမများအဘို့ ပညာသင်ရင်းဖြင့် အချိန်ကို အကျိုးရှိရှိ အသုံးချကြတာလည်း ဖြစ်နိုင်သည်။


စာရေးသူတို့ မြန်မာနိုင်ငံက လူအိုတွေ လူကြီးတွေကတော့ သူ့တို့အတွက် “ ဘာမှမလိုတော့၊ တရားသာ လိုတော့သည်” ဟု သိထားကြသဖြင့် နည်းလမ်းလည်းရှိကြသဖြင့် တရားဘက်သာ အားစိုက်နေကြ သည့်အတွက် စာမသင်ဖြစ်ကြ စာမဖတ်ဖြစ်ကြတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်၊ ထို့ကြောင့် သက်ကြီးရွယ်အိုများသည် “ ပညာလို အိုသည် မရှိ” ဟူသော အဆိုနဲ့ အဆက်သွယ် ပြတ်သွားသည် ထင်သည်၊ အင်း ဘယ်လိုပဲ ဖြစ်ဖြစ် “စာရေးသူတို့ မြန်မာ့အဆိုသည် မြန်မာပြည်သူတို့နဲ့ အဆက်သွယ် မပြတ်သင့်” ဟု ထင်မိသည်၊ ထိုသို့ လူအို သက်ကြီးသူမများနဲ့ “ပညာလို အိုသည် မရှိ”ဟူသော စကား အဆက်မပြတ်အောင် ဘယ်သို့ ဘယ်ပုံ ပြုလုပ်ပေးရမည် (ပြုလုပ်ပေးရမည့် နည်းလမ်း)ကို စာရေးသူ တွေးကြည့်သော်လည်း အဖြေမထွက်ပါ၊ လုပ်ပေးနိုင်လျှင်တော့ ကောင်းမည်ဟု ထင်မိသည်။


စာရေးသူတို့ နိုင်ငံက ကတ္တရာလမ်းပေါ်တွင် တွေ့ကြုံရသော ပြဿနာတစ်ခုရှိသည်၊ လူတိုင်းကြုံဖူး တွေ့ဖူး မြင်ဖူးသော ပြဿနာဟု ထင်သည်၊ ကြုံလည်း ကြုံဖူးကြလိမ့်မည်၊ တွေ့လည်း တွေ့ဖူးကြလိမ့်မည်၊ ထိုအရာမှာ “ ကားမောင်းသူက ဆိုင်ကယ်သမား စက်ဘီးသမားကို  ‘ ယာဉ်စည်းကမ်းနား မလည်ဘူးလား၊ သေချင်လို့ လား၊ အိုးစားကွဲသွားချင်တော့တာ ထင်တယ်၊ ဘာညာ ဘာညာ ” စသည့်စကားလုံးများဖြင့် ရန်တွေ့ခြင်း အထက်စီးမှ ဆက်ဆံပြောဆိုခြင်းများ/ ကိုယ်ပိုင်ယာဉ်မောင်းသူက အငှားယာဉ်မောင်းသူကို အထက်စီးမှ ပြောဆို ဆက်ဆံခြင်းများ/ လမ်းလျှောက်နေသူကို ကားမောင်းသမားများ ဆိုင်ကယ်သမားများ စက်ဘီးသမားများက အထက်စီးမှ ပြောဆိုဆက်ဆံခြင်းများဖြစ်သည်”၊ ( “လင်မယူချင်တော့ဘူးထင်တယ်” ဘာညာဆိုပြီး မိန်းကလေးကို ဆိုရင် ပိုးစိုးပက်စက် ပြောတတ်ဆိုတတ်ကြသည်၊ ကိုယ့်မြန်မာ မိန်းကလေးတွေကို မြန်မာ ယောက်ျားလေးတွေကမှ မလေးစား တန်ဘိုးမထားရင် ဘယ်သူတွေကလာပြီး တန်ဘိုးထားတော့မလဲ၊ အားလုံးကို နင်ချေဘို့ပဲ ကြည့်နေကြတော့မှာ၊ အဲလို နင်ချေခံရလေလေ မြန်မာဆိုတဲ့အမျိုးက ယုတ်လေလေ ညံ့လေလေ ပျောက်ကွယ်လေလေ ဖြစ်ကုန်မှာပေါ့၊ ဒါကိုလည်း သတိချပ် စေချင်ပါသည်၊ မြန်မာနိုင်ငံသား တိုင်းရင်းသားများတို့သည် မြန်မာပြည်နဲ့ မြန်မာတိုင်းရင်းသား များကို ချစ်ခင်တတ်ရမည်၊ လေးစားတတ်ရမည်၊ စောင့်ရှောက်တတ်ရမည်၊ တန်ဘိုးထားတတ်ရမည်)။


နောက်တစ်ခု စာရေးသူတို့နိုင်ငံက မီးပွိုင့် မျဉ်းကြားမှာဆိုလျှင်လည်း ကားပြတ်တာကိုပဲ စောင့်ရသည်၊ မျဉ်းကြားကူးမည့်သူ ဘယ်လောက်များများ ကားသမားများက အလိုက်သိစွာ ရပ်ပေးတာမျိုး မတွေ့ရပါ၊ အရေးကြီးလို့ ဖြတ်ကူး လျှင်လည်း ကားမောင်းသူများ၏ အထက်စီးနဲ့ ပြောဆို ဆက်ဆံတာကို ခံကြရတတ်သည်၊ (သီဟိုဠ်မှာတော့ ရဟန်းတော်များလမ်းကူးဘို့ရှိနေလျှင် ပြောစရာမလို၊ သူ့ဘာသာ ရပ်ပေးသည်၊ ရဟန်းများမှ မဟုတ်ပါ၊ လမ်းကူးမည့်လူ ၄/၅ ယောက် စုမိနေလျှငလည်း အလိုက်တသိနဲ့ ရပ်ပေးကြသည်)၊ တစ်ရက်တွင် အမှတ်(၅) ဈေးချို=ရေကြည် ကားပေါ် စာရေးသူ တက်ထိုင်လိုက်သည်၊ dirver က စာရေးသူ၏ အသိဖြစ်နေသည်၊ သူက ခေါင်းခန်းမှ စီးရန် ခေါ်သည်၊ စာရေးသူလည်း ငြင်းလို့မကောင်းသဖြင့် ခေါင်းခန်းမှာ သူနဲ့အတူ ထိုင်လိုက် သည်၊ စကားပြောရင်းပါပဲ၊ (စာရေးသူသည် အသိများကားဆိုရင် ခေါင်းခန်းမှ စီးခဲသည်၊ အကြောင်းမှာ “သူတို့က ကားခ မယူသောကြောင့် “ ဖြစ်သည်၊ စီးပွားလုပ်သည့် အလုပ်မှာ လူမှု့ရေးနဲ့မရောစေလိုပါ၊ စာရေးသူက အတင်းပေးသော်လည်း သူတို့က မယူကြပါ)၊ ကျုံးအနောက် တောင်ဘက်တောင့် မီးပွိုင့်အကျော်တွင် ဆိုင်ကယ်သမားက “ ဟေ့ကောင် မအေလိုး ကားသမား ၊ ကားကို ဘယ်လိုမောင်းနေတာ လဲကွ” ဟု ဆဲသွားသည်။


စာရေးသူ တကယ်ကို နားမလည်လိုက်ပါ၊ အသိကားမောင်းသမားက “ ဟေ့ကောင် မအေလိုး၊ မင်းကို ငါက ဘာလုပ်နေလို့လဲကွ၊ ဘာလို့ ငါ့ကို အဲလို ပြောသွားတာလဲ” လို့ ပြန်ပြောသည်၊ ဆဲဆိုသည်၊ (သူတို့ ဆဲဆိုသော စကားများကို အမှန်အတိုင်း ရေးလိုက်သည်၊ ရိုင်းသော်လည်း အမှန်တွေပါ)၊ ဆိုင်ကယ်သမားက ကျော်တက်သွားသည်၊ စာရေးသူ၏ အသိလည်း စိတ်တိုနေသည်၊ လိုင်းကားကို အမြန်မောင်းသည်၊ (သူတို့ချင်း စိတ်တိုနေတာက စိတ်တိုတာပေါ့နော်၊ သူမောင်းနေပုံက သိပ်ကို အန္တရာယ်များလှသည်၊ ကားပေါ်မှာလည်း ခရီးသည်တွေက အများကြီး၊ ချွတ်ချော်ပြီး ကား မတော်တဆ (accident) ဖြစ်လိုက်လျှင် အသက်ပေါင်းများကို ထိုသို့ဆဲဆိုခံရခြင်းဖြင့် လဲပစ်ရတော့မည်၊ မတန်ပေမဲ့ ဖြစ်သွားနိုင်သည်)၊ စာရေးသူတို့ လိုင်းကား သူ့နောက်မှ လိုက်လာသည်ကို သိလို့ထင်သည်၊ ဆိုင်ကယ်သမားက ကားဝင်လို့ မရသော လမ်းကျဉ်းထဲသို့ မောင်းပြေးသည်၊ သူ့အိမ်ကိုက အဲဒီလမ်းကျဉ်းထဲမှာ ရှိနေတာလားတော့ စာရေးသူ မတွေး တတ်ပါ။

  
စာရေးသူက “ မင်းက ဘာလုပ်လိုက်လို့လဲ၊ ကားမောင်းနေတာလည်း ပုံမှန်စိတ် မဟုတ်ဘူးနော် ” လို့ မေးရင်း သတိပေးစကားပြောလိုက်သည်၊ သူက “ ဟုတ်တယ်၊ စိတ်တိုနေတာ၊ သက်သက်ကြီး စော်ကားသွားတာ၊ ခံရခက်တယ်၊ မီရင် ဘာလို့ဆဲသွား တာလဲဆိုတာကို မေးပြီး လက်သီးနဲ့ ပယ်ပယ်နဲနဲ ထိုးပစ်မိမှာ” လို့ပြောသည်၊ “ဘာကြောင့်လဲ” ဟု မေးကြည့်တော့ “မသိဘူးလေ၊ သူ့လမ်းကြောကို ပိတ်မိသလိုဖြစ်သွားလို့နေမှာ၊ မတတ်နိုင်ဘူးလေ၊ ဒီလောက်ယာဉ်တွေရှုပ်နေတာ၊ တစ်ယောက်နဲ့ တစ်ယောက် မထိခိုက်အောင်ကိုပဲ မနည်းကြည့်မောင်းနေရတဲ့အချိန်” လို့ပြောသည်၊ ခက်သားဗျာ၊ ယာဉ်ချင်း မတော်တဆ တိုက်မိတာမျိုး ပွတ်မိတာမျိုးဆိုလည်း (ကြီးကြီးကျယ်ကျယ် ဖြစ်တာမျိုးမဟုတ်) ရေးကြီးခွင်ကျယ်လုပ်ပြီး ဆဲဆို အော်ဟစ်ပြောဆိုတတ်ကြသည်၊ တစ်ယောက်နဲ့ တစ်ယောက် တစ်ဦးနဲ့ တစ်ဦး နာလည်ပေးမှု့ သိပ်ကို ခေါင်းပါးကြသည်၊ နည်းပါးကြသည်၊ ပြေလည်အောင် ပြောဆိုဘို့ထက် ပြဿနာရှာပြောဘို့ကိုသာ ဦးတည်နေတတ်ကြသည်၊ စာရေးသူတို့ လူမျိုးသည် ”လူတစ်ဦးတစ်ယောက်ရဲ့ ကောင်းကွက်ကို မမြင်လွယ်ကြ၊ ဆိုးကွက်ကိုသာ မြင်လွယ်ကြသည်၊ လိုက်ကြည့်တတ်ကြသည်၊ အပြစ်တင် စောတတ်ကြသည်၊ ခွင့်လွှတ်ပေးမှု့ထက် တုန့်ပြန်မှု့ကိုသာ ဦးစားပေးတတ်ကြသည်၊ တကယ့်တကယ် အရေးပါသော ကိစ္စမျိုး စစ်မှန်သောကိစ္စမျိုးဆိုရင်တော့ အဲလို မဟုတ်ကြပါ၊ ဘာမဟုတ်တဲ့နေရာ ကိစ္စ အကြောင်းအရာမျိုးမှာသာ ထိုသို့ဖြစ်နေကြသည် “။


ထိုအခြင်းအရာများ ဆဲသံဆိုသံများသည် သီဟိုဠ်နိုင်ငံက ကတ္တရာလမ်းတွေပေါ်မှာ မတွေ့ရသလောက် မကြားရသလောက် နည်းပါးလှသည်၊ ကျွန်တော်စီးသည့် ယာဉ်နဲ့အခြားယာဉ် တိုက်မိတာလည်း ကြုံဖူးသည်၊ ဘာမှ ကြီးကြီးမားမားမဖြစ်လျှင် စကားပင် အချိန်ကုန်ခံမပြောကြ၊ လမ်းဆိုလျှင်လည်း သူဦးသူမောင်း ကိုယ်ဦး ကိုယ်မောင်းပင်၊ ယာဉ်ကြိး ယာဉ်ငယ်လည်း မခွဲခြားပါ၊ ချစ်စရာကောင်းသည့် အမူအကျင့် တစ်ခုပင်ဖြစ်သည်၊ နွားလှည်းရှိသူက နွားလည်းဖြင့် မြို့ကိုပတ်ခွင့်ရှိသည်၊ သူလည်း ကားပိုင်ရှင်များနည်းတူ ကားလမ်းပေါ်မှာ လွတ်လွတ်လပ်လပ် မောင်းခွင့်ရှိသည်၊ တန်းတူ အခွင့်အရေးရှိတယ်ဆိုတာကို ပြသလိုက်သလိုပါပဲ၊ စာရေးသူ စဉ်းစားပါသည်၊ “သီဟိုဠ်က လူတွေဆီမှာပဲ လိမ္မာအောင် ဆုံးမတဲ့ အဆုံးအမစကားတွေက ရှိနေလို့လား၊ သိနေကြလို့လား၊ (သို့မဟုတ်) စာရေးသူတို့နိုင်ငံက လူတွေဆီမှာ ယဉ်ကျေးလိမ္မာအောင် ဆုံးမထားသည့် စာတွေ အဆုံးအမတွေက မရှိကြလို့လား၊ မသိကြလို့လား“ ဆိုတာကိုပါ၊ “အလိမ္မာတွေက စာထဲမှာသာရှိပြီး မြန်မာပြည်က လူတွေဆီမှာ မရှိကြလို့ဖြစ်မည်” ဟု စိတ်မကောင်းစွာဖြင့် တွေးမိသည်။


သီဟိုဠ်နိုင်ငံဟာလည်း ဗုဒ္ဓအဆုံးအမကို လိုက်နာနေသူများသာ များသည်၊ နိုင်ငံရဲ့ လူဦးရေ - ၇၀% သည် ဗုဒ္ဓအဆုံးအမကိုသာ လိုက်နာနေကြသည်၊ စာရေးသူတို့ နိုင်ငံသည်လည်း လူအများစုဟာ ဗုဒ္ဓအဆုံးအမကို လိုက်နာနေကြသည်၊ ဆုံးမစကား ဆုံးမစာ ဆုံးမတရားခြင်း တူနေပါလျှက် ဘာကြောင့် ပင်ကိုယ် အသိစိတ်ဓာတ်များ ရှိ / မရှိ ကွာခြားနေကြသနည်းဟု ခဏခဏပင် စဉ်းစားမိသည်၊ သူငယ်ချင်း တစ်ယောက်က “ သီဟိုဠ်က လူတွေက လောဘတော့ အရမ်းကြီးကြတယ်၊ ငွေနဲ့မိန်းမဆိုရင် အရမ်းမက်မောကြတယ်၊ လိုချင်ကြတယ်၊ ဒါပေမဲ့ ဒေါသကိုတော့ တော်တော်လေးကို ထိန်းနိုင်ကြတယ်၊ ဖြစ်ရင်လည်း အပြင်ကို ထွက်လာတာ သိပ်မတွေ့ရဘူး၊ ချက်ချင်း ထိန်းချုပ်နိုင်ကြတယ်”လို့ ပြောဖူးသည်၊ နောက်ပြီး Immigration office က တာဝန်ရှိ အမျိုးသမီး တစ်ဦးကလည်း “ နင်တို့ မြန်မာဘုန်းကြီး (ဗုရမေ ဟာမူးသရူး) တွေက သိပ်ဒေါသကြီးကြတယ်၊ ငါတို့ နိုင်ငံက ဘုန်းကြီးတွေက နင်တို့မြန်မာဘုန်းကြီးတွေလို ဒေါသမကြီးကြဘူး” လို့ အပြစ်ပြော ခံရဘူးသည်၊ (တစ်ခါက မြန်မာဦးဇင်း တစ်ပါးသည် မလေးရှားကိုသွားဘို့ လေယာဉ်လက်မှတ် ဖြတ်ပြီးမှ ဗီဇာသွားတိုးသည်၊ သူ့အတွေးကတော့” လေယာဉ်လက်မှတ်ပြပြီး ဗီဇာတိုးရင် မြန်မြန်တိုးပေးမည်ဟု ထင်သောကြောင့်ဖြစ်သည်၊ သူထင်ထားသည်နဲ့တစ်ခြားစီဖြစ်နေသည်၊ (မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပါ)၊ ကုလားတို့သည် အေးတိအေးစက် သိပ်လုပ်တတ်ကြသည်၊ ခု ဗီဇာကိစ္စမှာလည်း အေးအေးဆေးဆေးပင်၊ ဦးဇင်းလေးမှာတော့ လေယာဉ်လက်မှတ် ဖြတ်ပြီးသားမို့ ဗီဇာမရလျှင် လက်မှတ်ဆုံးတော့မည်၊ ထို့ကြောင့် မြန်မြန်လုပ်ပေးဘို့ ဒေါနဲ့ဇောနဲ့ပြောမိသည်၊ ထို့ကြောင့် အထက်ပါ စကားကို ထိုဝန်ထမ်းအမျိုးသမီးက ပြောခြင်းဖြစ်သည်)။


သီဟိုဠ်နိုင်ငံကကုလားများသည် လောဘကြီးကြသည်၊ ဒေါသကိုတော့ တော်တော်လေးကို ထိန်းနိုင်ကြ သည်၊ ဖြစ်လာလျှင်လည်း ထိန်းချုပ်နိုင် လွယ်သည်၊ ခွင့်လွှတ်နားလည်ပေးတတ်သည်၊ ကိုယ့်အလုပ်သာ ကိုယ်လုပ်နေ တတ်သည်၊ ရန်တွေ့ဘို့ ဆူဘို့ဆဲဘို့ကို စိတ်မကူးကြ၊ ထိုသို့ပြုလုပ်နေခြင်းဖြင့် အလုပ်အတွက်အချိန်တွေကို မဖြုန်းတီးကြပါ၊ (ရန်ဖြစ်စကားများလို့ စတင်တိုက်ခိုက်သူသည် အပြစ်ပေး အရေးယူခံရမည် ဟူသော စည်းကမ်းဥပဒေရှိသောကြောင့်လည်း ဖြစ်သည်)၊   စာရေးသူစီးသော Three-wheel, Bus-car များ တိုက်မှု့ဖြစ်တာတွေလည်း ကြုံခဲ့ရသည်၊ သူတို့သည် စကားတောင်အော်ဟစ် ပြောမနေကြပါ၊ ဆက်မသွားနိုင် သူက လမ်းဘေးကပ်ပြီး သွားနိုင်သူက ဆက်သွားကြသည်၊ (သူတို့သည် ယာဉ်တိုက်မှု့ဖြစ်လျှင် စကားငြင်းခုံ မနေကြခြင်းသည် “ သူတို့ယာဉ်များအတွက် အာမခံကုမ္မဏီမှ တာဝန်ယူ ပြင်ပေးကြသော ကြောင့်ဖြစ်သည်” ဟုကြားဖူးသည်၊ ဟုတ်မဟုတ်တော့ ကျွန်တော် တပ်အပ်သေချာ မသိပါ)၊ ဘာကြောင့်ဘဲဖြစ်ဖြစ် စကားဆူညံ ပြောဆိုနေခြင်းမရှိတာကတော့ အတုယူစရာ ပြုပြင်စရာ ကောင်းသည့် အချက်တစ်ခုဟု မြင်မိသည်။


သိဟိုဠိနိုင်ငံသားများသည် တရားကိုလက်တွေ့သာ အားမထုတ်ကြတာ၊ စာထဲမှာရှိသော အလိမ္မာစာများ ဆုံးမစကားများကို လူမှု့ရေးနယ်ပင်တွင် ချသုံးကြသဖြင့် လက်တွေ့ကျင့်သုံးကြသဖြင့် များစွာမှ စိတ်ချမ်းသာကြသည်၊ ယဉ်ကျေး သိပ်မွေ့သည်ဟု ပြောဆိုခံကြရသည်၊ာရေးသူတို့ နိုင်ငံသားများသည် လောဘလည်း ကြီးသည်၊ မကြီးသည် မဟုတ်၊ မလိုချင်သည် မဟုတ်၊ လိုချင်တာမှ မဟားဒရားပင်(မတန်မဆ)၊ အချောင်ရ ပိုလိုချင်ကြသည်၊ ဒေါသကလည်း ကြီးလိုက်တာမှ မပြောနဲ့တော့၊ ထက်ခနဲဆို နှုတ်ရော ကိုယ်ရော မထိန်းချုပ်ကြ၊ ဆဲကြဆိုကြ ဆွဲကြ ရမ်းကြတော့သည်၊ မာနဆိုလည်း ထောင်နေလိုက်ကြတာ ၊ တံခွန်တိုင် အလားပင်၊ အထက်စီးက ဆက်ဆံတဲ့နေရာမှာလည်း သူမတူအောင် လုပ်တတ်ကြသည်၊ ဘာလို့ဒီလိုတွေ ဖြစ်နေလဲ ဆိုတာကို စဉ်းစားမရပါ၊ တရားအားထုတ်မှု့ ဆိုလည်း ဘယ်နိုင်ငံမှ ယှဉ်လို့မရလောက်အောင်ထိ များပြားလှသည်၊ ရိပ်သာတိုင်းမှာ ယောဂီတွေမပြတ်၊ တရားပွဲတွေဆိုလည်း များမှများ၊ ဘာသာရေးစာအုပ်တွေဆိုလည်း ပေါမှပေါ၊ တရားခွေတွေဆိုလည်း ကြိုက်သလောက်ဝယ်လို့ရသည်၊ ဒီလိုတွေပြည့်စုံနေပါလျှက် ဘာကြောင့်များ လူရိုင်းစိုင်း စာရင်းထဲမှာ ပါနေကြသလဲ၊ လူရိုင်းစိုင်းတွေလို့ ထင်ခံနေရသလဲဆိုတာကို စဉ်းစားတိုင်း စိတ်မကောင်းဖြစ်ရသည်။


တွေးကြည့်ပါများလာတော့ “ (၁) စာရေးသူတို့ နိုင်ငံသူ/သားများသည် - ပညာလို အိုသည်မရှိ -  ဟူသော အဆိုနဲ့ အဆက်သွယ်ပြတ်နေခြင်း၊ (၂) စာပေကပေးသော အသိပညာ အတတ်ပညာကို မလိုချင်ကြသောကြောင့် စာမဖတ်ခြင်း၊ (၃) စာဖတ်ရခြင်း၏ အကျိုးကျေးဇူးကို မသိခြင်း၊ (၄) စာဖတ်ချင်စိတ် မရှိခြင်း၊ (၅) စာဖတ်ချင်အောင် တိုက်တွန်းစကားများကို များများမကြားရခြင်း၊ (၆) မဖြစ်မနေ ယဉ်ကျေးလိမ်မာစာများ ဖတ်ရမည် သင်ရမည်ဟူသော စည်းကမ်းမရှိခြင်း၊ (၇) ပြည်သူများ ဖတ်နိုင်လောက်သော စာအုပ်ဈေးများ သတ်မှတ် မထားနိုင်ခြင်း၊ (၈) စာရေးသူများသည် သူတို့စာအုပ် ကောင်းဘို့ ဈေးကွက်စီးပွားရေး အတွက် အဆင်ပြေဘို့သာ ကြည့်တတ်ပြီး ပြည်သူတွေ စာဖတ်နိုင်အောင် စာရွက်သား အသင့်တင့်ကို မသုံးကြပဲ ဈေးကြီးပေးရသော စာရွက်သား အကောင်းများကိုသာ အသုံးပြုခြင်း၊ (၉) ဆရာကြီးပီမိုးနင်း စာအုပ်များကို အတူမယူတတ်ကြခြင်း နှင့် စာအုပ် စာပေထဲတွင်ရှိသော အလိမ္မာစာများ ဆုံးမစကားများကို သိရုံသာသိပြီး ဖတ်ရုံသာဖတ်ပြီး လူမှု့ရေးနယ်ပယ်တွင် လက်တွေ့ချ မသုံးတတ်ခြင်း မသုံးကြခြင်းတို့ကြောင့်ဖြစ်မည်” တွေးမိ ထင်မိသည်။


စာရေးသူတို့ ပြည်တော်ကြီးသား / သူ များကို “ ပညာလို အိုသည်မရှိ “ ဟူသောအဆိုနဲ့လည်း သမ္ပယုတ္တ ဖြစ်အောင် (ကိုက်ညီအောင် လိုက်ဖက်အောင်) “အလိမ္မာ စာမှာရှိ” ဟူသော အဆိုအတိုင်း စာထဲမှာ ရှိသော လိမ္မာယဉ်ကျေးဆုံးမစာများ သူတို့ရင်ထဲသို့ရောက်နိုင်အောင် လက်တွေ့ အသုံးချ တတ်အောင် ယဉ်ကျေးလိမ္မာ အသိစိတ်ဓာတ် မြင့်မားသူများဖြစ်အောင် မည့်သို့မည်ပုံ လုပ်သင့်သည်ကို တွေးတောကြံဆပြီး ကိုယ်ရှိရာနေရာမှ နိုင်သလောက် စွမ်းသလောက် ကူထောက် ပြုလုပ်ကြပါစို့လို့-----



သူငယ်ချင်း တစ်ယောက်၏ ဆန္ဒကို ဖြည့်ဆည်းပေးခြင်း

Wednesday, September 21, 2011

ဝိညာဉ်မဟုတ်သော ပရလောကအကြောင်း (၄)

ယခု ရေးသော အကြောင်းအရာများသည် ဥစ္စာစောင့်များ အကြောင်းဖြစ်သည်၊ အဖြစ်မှန်တွေ ဆိုတာကိုတော့ ကြိုက်တင် ပြောထားပါရစေ၊ အကြောင်းအရာများကို အပိုင်းလေးများ ခွဲပြီးရေးသား ထားပါသည်။

(၁) အစ်မ အကြောင်း
အစ်မလို့သာ ဆိုရသည်၊ စာရေးသူတစ်ခါမျှ မမြင်ဖူးပါ၊ ကိုယ်တိုင် တိုက်ရိုက်ပေါ့နော်၊ ဓာတ်ပုံကိုတော့ မြင်ဖူးသည်၊ အစ်မက ကျွန်တော်တို့ မိသားစုအပေါ်မှာ တော်တော်လေး သံယောဇဉ် ရှိရှာသည်၊ သူတို့ အလုပ်တွေ အားလပ်ချိန်ဆိုလျှင် စာရေးသူတို့ အိမ်ကိုလာလာပြီး အလုပ် ကူလုပ်ပေးသည်၊ တစ်ခါလာလျှင် ၂ လတန်သည် ၃ လတန်သည် နေတတ်သည်၊ အစ်မသည် မေမေ၏ အစ်ကိုလတ်ဖြစ်သော ဦးလေးအောင်သျှံ၏ သမီးဖြစ်သည်၊ ဦးလေးသည် တောင်ခရမ်းမြို့မှာ အိမ်ထောင်ကျနေသူဖြစ်သည်၊ စာရေးသူတို့ ပုလဲနယ်နဲ့ဆိုလျှင် မိုင်ပေါင်းမည်မျှ ဝေးသည်မသိ၊ တစ်ရက်ခွဲ ကားစီးသွားရသည်ဟုတော့ ကြားဖူးသည်၊ မေမေကတော့ ဦးလေးတို့ မြို့ကို တစ်ခေါက်ရောက်ဖူးသည်။

အစ်မ အကြောင်းများကို စာရေးသူ၏ အစ်မအရင်းက ပြောပြလို့သာ သိခဲ့ရသည်၊ ကဲ ဖတ်ကြည့်ကြပါစို့နော်၊ အစ်မသည် အပျိုဝင်စအရွယ် ၁၆ နှစ်လောက်မှ စပြီး သန့်သန့်ရှင်းရှင်း နေတတ်သည်၊ အသန့်အရမ်းကြိုက်သည်၊ သနပ်ခါးကို အမြဲလိမ်းထားတတ်သည်၊ မောင်နှမတွေထဲမှာ အလှဆုံး အချောဆုံး၊ တော်တော်လေးကို လှပါသည် ချောပါသည်၊ ကိုယ်လုံး ကိုယ်ထည်ရော မျက်နှာလေးရော အသားအရေရော အပြစ်ပြောစရာမရှိ လောက်အောင်ပါပဲ၊ သို့သော် စကားနည်းပြီး နေပုံထိုင်ပုံက တည်ငြိမ်အေးချမ်းလှသည်၊ ၁၆ နှစ်လောက်က စပြီး ထူးဆန်းမှု့တစ်ခု ဖြစ်လာသည်၊ အစ်မသည် လပြည့်နေ့ ၁၂ နာရီထိုးချိန်ရောက်လျှင် အိမ်ပြင် လသာဆောင်မှာ ထွက်ထွက်နေတတ်သည်၊ သူ အဲလိုထွက်နေပြီး ခဏအကြာမှာ စပါယ်ပန်းရနံ့များ မွှေးကြိုင်လာသည်၊ ပြီးလျှင် ယောက်ျားလေး အသံကို ကြားရတော့သည်၊ ယောက်ျားလေးကိုတော့ မမြင်ရ၊ အသံပဲ ကြားနေရသည်၊ သူတို့ နှစ်ယောက် ပြောသောစကားသံတွေထဲမှာ လွမ်းတဲ့အကြောင်း သတိရနေတဲ့အကြောင်းများ ပြန်လာတော့ဘို့ မှာကြောင်း မှာ စုံလို့စုံလို့ပါပဲ၊ အစ်မမှာလည်း ၀မ်းနည်းလှိုက်ဖို ငိုနေရှာသည်။

အစ်မမှာ သနားစရာကောင်းတာ တစ်ခုရှိနေပါသည်၊ အဲဒါကတော့ မည်သည့်အကြောင်း ကြောင့်ဖြစ်ဖြစ် ကြေးစည် ထုသံကို ကြားလျှင် အော်ဟစ်ငိုယိုပြီး ကြေးစည်မကြားနိုင်လောက်သည့် နေရာအထိ ပြေးသွား တတ်တာပါပဲ၊ ဒါမျိုးဖြစ်နေတာ ကြာလာတော့ မိဘများက စိုးရိမ်မိပြီး မေးကြမြန်းကြရတော့သည်၊ ထိုအခါမှ အဖြစ်မှန်ပေါ်လာသည်၊ အစ်မသည် ဥစ္စာစောင့် ၀င်စားလာသူဖြစ်သည်၊ သူ့ကိုလာလာခေါ်နေသူသည် သူ့အစ်ကိုပါ၊ (သူတို့သည် မောင်နှမ (၄) ယောက်ရှိသည့်အနက် အစ်မသည် အငယ်ဆုံးဖြစ်သည်၊ လူ့ပြည် လောကကို သွားလိုကြောင်း ခဏခဏ ပြောသဖြင့် ခွင့်ပြုပေးခဲ့ကြသည်၊ ခွင့်ပြုပေးခဲ့သော်လည်း အရမ်းချစ်ကြ လွမ်းကြ သတိရကြသဖြင့် အစ်ကိုမှ လာလာခေါ်နေခြင်းဖြစ်သည်)၊ အစ်မသည်လည်း ပြန်မသွားလိုသေးပါ၊ လူ့ပြည်မှာနေနေရတာကို ပျော်နေသည်၊ ထို့ကြောင့် သူတို့ မောင်နှမ နှစ်ယောက် စကားပြော နေချိန်မှာဆိုရင် အစပိုင်းမှာ ပျော်ရွှင် ကြည်နူးနေကြပေမဲ့ ပြီးခါနီးမှာဆိုရင် ငိုကာ ညှိုးကာ ၀မ်းနည်းကာဖြင့်။

နောင် နှစ်တွေ ကြာလာသောအခါ အစ်မက လူတစ်ယောက်ကို သံယောဇဉ်ကြိုးဖြင့် မြဲမြံစွာ ချည်မိတော့သည်၊ သူ့အရင်ဘ၀က မောင်နှမတွေက အမျိုးမျိုးတားသည်၊ ပြန်ခေါ်သည်၊ အစ်မ မလိုက်ပါ၊ အငယ်ဆုံးလေး အချစ်ဆုံးလေးဆိုတော့လည်း ကျန်ရစ်သောမောင်နှမများက လက်လျော့ရသည်၊ ဦးလေးတို့ကလည်း သိုက်ဖြတ်နည်းကို အမျိုးမျိုး ကြိုးစားကြသည်၊ သိုက်ပြတ်မည်ထင်သဖြင့် သူ့တို့သမီးဆန္ဒအတိုင်း ကောင်လေးနဲ့ အိမ်ထောင်ချပေးသည်၊ အဲဒီကောင်လေးနဲ့ (၂) လလောက်ပဲ  အတူနေလိုက်ရတယ်၊ ကောင်လေးမှာ ပိုးထိပြီး ဆုံးသွားရှာသည်၊ အင်းးးးးးး  -- လူတွေကတော့ တစ်စုံတစ်ခု တစ်ဦးတစ်ယောက်က လုပ်တယ်လို့ပဲ ယူဆထားကြတယ်၊ တိုက်ဆိုင်မှု့လည်း ဖြစ်နိုင်ပါတယ်လေ၊ ပိုးထိလို့ ဆုံးတယ်ဆိုတာ မဆန်းပေမဲ့ အစ်မရဲ့   ဖြစ်ရပ်ကို သိထားကြတော့ ဟိုထင် သည်ထင် ထင်ကြတော့ တာပေါ့ဗျာ။

(၂) ကျွန်တော့်ညီမ အကြီးအကြောင်း
တစ်နှစ်မှာပေါ့၊ အစ်မက ညီမအကြောင်းကို  “ ဒီနှစ် အိမ်မှာ ကံဆိုးတယ်၊ မေမေလည်း ဖျားတယ်၊ ဖေဖေလည်း ဖျားတယ်၊ ငါလည်း နွားဝှေ့ ခံရတယ်လေ ၊ အေးယုခိုင်လည်း လူဖြူတွေက လာခေါ် တယ် “ လို့ ပြောသည်၊ စာရေးသူ အရမ်းစိတ်ဝင်စားသွားသည်၊ ညီမအကြီး အေးယုခိုင် အကြောင်း ကိုပါ၊ စာရေးသူမှာ ညီမနှစ်ယောက်ရှိသည်၊ အကြီးက အေးယုခိုင်ပါ၊ သူက မိဘတွေနဲ့အတူ အိမ်အလုပ်ကို လုပ်ကိုင်နေသူပါ၊ အငယ်က အေးသီတာပါ၊ သူကတော့ ကျောင်းဆရာမ လုပ်နေ ပါတယ်၊ တရားဝင် အစိုးရခန့် ဆရာမတော့ မဟုတ်သေးပါဘူး၊ ကဲ ညီမအကြီး အကြောင်းလေးကို ဖတ်ကြည့်ကြပါစို့နော်။

တစ်နေ့ အစ်မက ဆန်ပြာ ဆန်ရွေးနေသည်၊ ညီမအကြီးက ရေချိုးဘို့ အိမ်အရှေ့  ဘက် ရေတွင်းသို့ ရေချိုး ဆင်းသွားသည်၊ ထိုရေတွင်းသို့ သွားသောလမ်းသည် စာရေးသူတို့ အိမ်ဦးမှ ဖြတ်သွားသည်၊ ထိုအခြင်း အရာကို စာရေးသူ သဘောမကျတာ ကြာပါပြီ၊ ထိုလမ်းကို အိမ်နောက်ဘက်မှ ပြောင်းပေးချင်သည်၊ သို့သော် လည်း မလုပ်ဖြစ်ခဲ့ မပြောဖြစ်ခဲ့၊ ထိုသို့ ပြောင်းပေးလိုသော ဆန္ဒမှာ “ ပရလောကသားများသည် လူတို့ သွားတာ လာတာကို ကြည့်ထားကြသည်၊ လူတို့ သွားသည့်အတိုင်း လာသည့်အတိုင်း သွားလာကြသည်” ဟု ပြောစကားကို ကြားဖူးထားသောကြောင့် ဖြစ်သည်၊ ထို့ကြောင့် ပြတင်းပေါက်မှ ကျော်ခွ မဆင်းကြဘို့ လူကြီးသူမများက အကြိမ်ကြိမ် အတန်တန်ပြောဆိုမှာကြား ကြတာဖြစ်သည်၊ ပြီးတော့ ပရလောကသားတစ်ချို့သည် လူတွေ စွန့်ပစ်ထားသော တံတွေး နှပ် ထမင်းသိုး ဟင်းသိုးများကို ရှာဖွေ စားသောက်ကြသည်၊ ထိုသို့သော ပရလောကသားများနေသော ရောက်သောနေရာသည် လူများအတွက် အဖျားရောဂါရတတ်သည်၊ မမာ မကျန်းဖြစ်တတ်သည်၊ ထို့ကြောင့် ခေါင်းရင်းမှာ တံတွေးမထွေးကြဘို့ လူတွေနဲ့အနီးနား နေရာတွေမှာ အညစ်အကြေးမစွန့်ပစ်ကြဘို့ လူကြီးသူမများ မှာကြခြင်းဖြစ်သည်။

ယခု ညီမသည် ရေချိုးဆင်းသွားသည်၊ စာရေးသူတို့ အိမ်ခြံစည်းလည်း ကျော်ရော အ၀တ်ဖြူဝတ်ထားသော လူကြီး (၅) ယောက်၊ ရေတွင်း ဘက်မှ စာရေးသူတို့အိမ်ဆီသို့ လာနေကြသည်၊ ညီမကိုလည်း မြင်တော့ လက်ပြခေါ်နေသည်၊ ညီမသည် ထိုလူများကို မမြင်ဘူးပါ၊ ထို့ကြောင့် ကြောင်ပြီး ရပ်ကြည့်နေမိသည်၊ ထိုလူများက ညီမဆီကို လာနေကြသည်၊ ညီမက ရှေ့  မတိုးပါ၊ ရပ်ပြီး ကြည့်နေသည်၊ ညီမ ရှေ့  ရောက်တော့ ညီမကို ခေါ်သည်၊ ပြန်လိုက်ခဲ့ဘို့ ခေါ်သည်၊ ညီမက မလိုက်နိုင်ကြောင်း ငြင်းဆိုသည်၊ မရပါ၊ ထိုအ၀တ်ဖြူဝတ်ထားသော လူကြီး (၅) ယောက်က ညီမကို ဆွဲခေါ်တော့သည်၊ ညီမလည်း “မမရေ၊ မမရေ ငါ့ကို လူကြီးတွေ လာခေါ်နေတယ်၊ လုပ်ပါဦး” ဆိုပြီး အသံအကျယ်ကြီးနဲ့ အော်ဟစ်ရင်း အိမ်ပေါ်ပြေးတက်သည်၊ အစ်မလည်း ဆန်စကောကို ခဏချထားပြီး ညီမကို ကြည့်မိသည်၊ ညီမ အော်ဟစ် ပြေးလာတာကို မြင်သည်၊ ကျန်တာ ဘာမှ ထူးခြားမှု့မရှိ၊ ထို့ကြောင့် “ ဒီကောင်မလေး ကြောင်တောင် တောင်နဲ့ ” ဟု နှုတ်မှ ရွက်ဆိုရင်း ဆန်ပြာ ဆန်ရွေး ဆက်လုပ်နေသည်။

ညီမသည် “ ဒုန်း ဒုန်း ဒုန်း ” ဟူသော မြည်သံနဲ့အတူ လှေကားကို အပြင်းပြေးတက်လာခဲ့သည်၊ သူ့မျက်နှာကလည်း တကယ်ကိုကြောက်လန့်သည် ပုံစံနဲ့၊ ချွေးသီးချွေးပေါက်တွေကလည်း ရွဲဆိုလို့၊ အစ်မအနားလည်းရောက်ရော “ ဗုန်း ” ဆို ပစ်လဲသွားတော့သည်၊ ဘာကိုမှ မသိတော့ပါ၊ ထိုအခါမှ အစ်မလည်း မလန့်တကြားနဲ့ “ အေးယုခိုင် အေးယုခိုင် ” ဆိုပြီး လှုပ်ကာ ရမ်းကာ ခေါ်သည်၊ မရတော့ပါ၊ အစ်မမှာ အရမ်းဝမ်းနည်းပြီး ငိုသံတွေပါလာသည်၊ ပြီးတော့ ငိုပါပြီ၊ ဘေးအိမ်များကိုလည်း “ လာကြပါဦး၊ အေးယုခိုင် ခေါ်လို့မရတော့ဘူး ” ဟု အသံကျယ်အော်ဟစ် မိသည်၊ ငိုသံကလည်း ဆက်တိုက်ပေါ်ထွက်လို့၊ အစ်မမှာလည်း ထင်မိထင်ရာ ပြောဆို ငိုတော့သည်၊ ဘေးမှ ဆွေမျိုးများ အိမ်နီးချင်းများက ၀ိုင်းအုံ လာကြသည်၊ ဆွေမျိုးတွေညီမလေးအနားရောက်လာကြသည်၊ ပွေ့ထူ လှုပ်ရမ်း ခေါ်ကြသည်၊ မရပါ၊ ဆွေမျိုးများလည်း ငိုကြတော့သည်၊ အစ်မလည်း ရွာမြောက်ဘက်တောသို့ အပြေးနှင်တော့သည်၊ ပါးစပ်မှလည်း “ အဖေရေ အဖေရေ ” ဟူသော ခေါ်သံက ဗြဟ္မာပြည်ကတောင် ကြားရမည်ထင်သည်။

အစ်မလည်း ဖေဖေ့ကို အကြောင်းဆုံးရှင်းပြပြီး ပြန်ပြေးခဲ့သည်၊ ဖေဖေလည်း စိတ်ထက်တောင် ပိုလျင်မြန်မည့် အပြေးနှုန်းနဲ့ ပြေးခဲ့သည်၊ အစ်မနဲ့ ဖေဖေ အိမ်ပြန်ရောက်တော့ ဖေဖေက “ သမီး အေးယုခိုင် ” ဟု အသံမာမာ အသံကျယ်ကျယ်နဲ့ အော်ခေါ်လိုက်သည်၊ ထိုအခါမှ ညီမမှာ အိပ်ရာမှ နိုးထလာသလို သတိပြန်ဝင်လာကာ ထလာသည်၊ ဘေးမှာ လူတွေများစွာ ၀ိုင်းနေတာကိုလည်း တွေ့လိုက်တော့ ညီမမှာ အံ့သြနေသည်၊ ပြီးမှ သူ့အကြောင်းကို တွေတွေငိုင်ငိုင်လေး စဉ်းစားနေသည်၊ ညီမစိတ် ပုံမှန်ဖြစ်တော့ မေးကြည့်ကြသည်၊ ညီမက “ မမ အနားလည်းရောက်တော့ လူကြီးတွေက ငါ့ကို ဖမ်းပြီး ထမ်းခေါ်သွားတာ၊ အိမ်အရှေ့ဘက် ခြံစည်းရိုးကို နည်းနည်းတောင်ကျော်နေပြီ၊ ဖေဖေခေါ်တဲ့ အသံကိုကြားတော့ အဲလူကြီးတွေက ငါ့ကို ပြန်ချထားခဲ့တာ ” လို့ ပြောပြသည်။

တွေးသာကြည့်ပါတော့ အစ်မနဲ့ဖေဖေ ဘယ်လောက်တောင် မြန်မြန်ပြေးလာခဲ့သနည်း၊ သမီးဇောနဲ့ ဖေဖေ့မှာ မမောနိုင် မပန်းနိုင်ခဲ့ပါ၊ အင်း တောက သိပ်မဝေးတာလည်း ပါသည်ပေါ့နော်၊ စာရေးသူတို့တောက မေမေ အိမ်ကတိုင်အော်ခေါ်လျှင် ကြားရသည်လေ၊ မေမေက သိပ်ကို အသံကောင်းတာကိုးဗျ၊ ဟဲဟဲ၊ ထားပါတော့လေ၊ အစ်မကတော့ “ ငါလေ အဲဒီအချိန်က ဘာမှကို မသိတော့ဘူး၊ ငါဘယ်လို ပြေးလိုက်မှန်းကို မသိဘူး၊ ငါ့စိတ်ထဲမှာ အသွားရော အပြန်ရော ခဏလေးလို့  ထင်တာပဲ၊ အဲလိုပြေးခဲ့တာကို ခုပြန်တွေး ကြည့်ရင် ဘယ်လိုမှကို မဖြစ်နိုင်ဘူးဟယ် ” လို့ ပြောပြခဲ့သည်ပဲ၊ (ဇောစိတ်အရှိန်အဟုန်သည် သိပ်ကို အံ့သြဘို့ကောင်းသည်၊ နောက်ထပ် အဖြစ်မှန်တစ်ခုကို ပြောပြချင်ပါသည်၊ အဲဒါကတော့ စာရေးသူတို့ ကျောင်းတိုက်မှာ သံဃာစစ်သည်၊ ညဘက်မှာပေါ့၊ ကျောင်းအုဋ္ဌ်တံတိုင်းသည် အမြင့်(၇) ပေလောက်ရှိမည် ထင်သည်၊ ညဘက် ဘောလုံးပွဲ ကြည့်ချင်သူများက နှစ်ပေလောက်ရှိသည့် ထင်းတုံးကို ခုခုပြီး ကျော်တက်ရသည်၊ ချန်ပီယံလိပ်ပွဲတွေရှိနေလျှင် တစ်ရက်မဟုတ်တစ်ရက်တော့ မိနေကြ၊ နှင်ထုပ်ခံထိနေကြပါ၊ သိပ်တော့ မဆန်းပါဘူး၊ ထူးဆန်းတာက သူငယ်ချင်း ပြောသော စကားဖြစ်သည်၊ တစ်ည သူ ဘောလုံးပွဲ သွားကြည့်သည်၊ သူငယ်ချင်းများက သစ္စာရှိသူတွေ များစွာရှိပါသည်၊ သူငယ်ချင်းများကို အချက်ပေးသော သူများလည်း များစွာရှိသည်၊ ထိုနေ့ကလည်း ကိုယ်တော်တစ်ပါးမှ သံဃာစစ်နေသည်ဟု ဘောလုံးပွဲ ရုံထဲ လာပြောသဖြင့် ဘောလုံးပွဲရုံမှ ကိုယ်တော်များ သူတို့ကျောင်းဆောင် မစစ်ရသေးခင် အရင်ရောက်နေအောင် အတင်းပြေးကြတော့သည်၊ သူငယ်ချင်းသည် အရှိန်နဲ့ ပြေးလာပြီး အဲဒီ(၇)ပေလောက်မြင့်သည် အုဋ္ဌ်တံတိုင်းကို ကျော်ခုန် ပစ်လိုက်သည်၊ ထိုသို့ခုန်လိုက်ချိန်က သူ့ကိုသူ အံ့သြဘို့အချိန်မရ၊ အဆောင်သို့ ရောက်အောင်ပဲ ဆက်ပြေးခဲ့သည်၊ အဲဒီညက သူရောက်ပြီး ခဏကြာမှ သူ့အဆောင်ကို လာစစ်သဖြင့် သူ အဆင်ပြေသွားသည်၊ မနက်လင်းမှ သူ့အဖြစ်အပျက်များကို ပြန်တွေးပြီး သူ့ကို သူအံ့သြနေသည်၊ သူ့အံ့သြစရာ မဖြစ်အပျက်ကို သူက စာရေးသူကို “ ဟေ့ ကောင် စံလေး၊ ငါ မနေ့ညက အဲဒီအုဋ္ဌ်တံတိုင်း အပြင်ကတိုင် ခေါ်ခုန်ပစ်တာ ၊ ဘယ်လို ခုန်လိုက်မှန်းကို ပြန်တွေးကြည့်လို့ မရဘူး “ လို့ ပြောပြသည်၊ စာရေးသူမှ ယုံရခက်သော်လည်း ခေါင်းညိမ့်မိခဲ့သည်၊ သူကတော့ တကယ့်ကို သူ့ကိုသူ အံ့သြနေသည့် အမူအရာ မျက်နှာထားအပြည့်နဲ့ ပြောနေသည်၊ အင်း   တကယ်ဖြစ်နိုင်ပါတယ်နော်)၊ ထိုနေ့က မေမေက သူ့မောင်ဦးဇင်း( စာရေး၏ ဦးလေး) ရှိသော ရွာသို့ သွားနေသည်၊ မေမေသာ သိရင် မည်မျှတောင် ငိုမိ မလဲ မပြောတတ်၊ နောက်တစ်ခုပြောပြ ချင်ပါသေးသည်၊ ဒါလည်း ညီမအကြောင်းပါပဲ။

ညီမသည် အလုပ်ကြိုးစားသည်၊ စကားနည်းသည်၊ ခပ်အေးအေးနဲ့ ပုံမှန်လုပ်သည်၊ မိဘ မောင်နှမတွေ အပေါ်မှာ အရမ်းသိတတ်သည်၊ ဖေဖေမေမေတို့ကတော့ ညီမကိုပဲ အားကိုးနေရသည်၊ ညီမသည် အကြောက်အလန့်လည်း သိပ်မရှိ၊ စာရေးသူတို့ ရွာမြောက်ဘက်တောသည် သုသာန်နဲ့ ကပ်လျှက်၊ တစ်ခါကလည်း ဦးလေးလတ် (ဖေဖေ့ညီ အလတ်) ၏ မယားပါ သမီးကြီးသည် စာရေးသူတို့တောသို့ သွားသော လမ်းဘေးမှ သီးသီးပင်မှာ ဆွဲကြိုးချ သေဆုံးသည်၊ လျှာကြီးက အပြင်ထွက်လို့၊ တွေးသာ ကြည့်ပါတော့၊ ထိုလမ်းသို့ မည်သူမျှမသွားရဲခဲ့၊ သို့သော်လည်း ညီမက သွားမြဲ သွားခဲ့သည်၊ တောမှာ လုပ်စရာမျာကို ပုံမှန်ပင် လုပ်နေခဲ့သည်၊ နောက်ပြီး ညီမသည် တောမှာပဲ အလုပ်လုပ်တာများသည်၊ အိမ်မှာ မေမေလုပ်သည်၊ ကိုကိုကလည်း အိမ်ထောင်ကျပြီး သီးသန့်နေသည်၊ အစ်မကလည်း အိမ်ထောင်ကျပြီး သီးသန့်နေသည်၊ စာရေးသူကလည်း မိသားစုနဲ့ ခွဲနေရတာ ကြာခဲ့ပါပြီ၊ ညီမအငယ်ကလည်း တောင်သူကို မလုပ်လို၊ ညီငယ်အမွှာနှစ်ယောက်ကလည်း ကလေးပေါက်စ၊ ဒီတော့ ညီမအကြီးကသာလျှင် တောအလုပ်တွေကို ဖေဖေနဲ့ အတူတူ လုပ်ကိုင်နေရသည်၊ စာရေးသူ ပြောပြောနေသော ညီမ - ညီမ ဆိုတာ ညီမအကြီးကိုပြောတာပါ၊ ရှုပ်မသွားပါနဲ့နော်။

ညီမသည် တောမှာ ပင်ပန်းလို့ အိပ်ချင်လျှင် တောက တဲမှာပဲ အိပ်တတ်သည်၊ ထိုသို့အိပ်သောအခါ “ အေးယုခိုင် အေးယုခိုင် “ လို့ လာလာခေါ်သောအသံကို ခဏခဏ ကြားရသည်တဲ့၊ ထိုသို့အသံကြားလို့ ထကြည့်လိုက်လျှင် တဲအနီးနားမှာ ဘယ်သူမျှမရှိ၊ ချည်ထားသော နွားတွေက အသံလာရာ ဘက်ကိုကြည့်ပြီး ကြောက်လန့်သည့် ပုံစံနဲ့၊ ထိုသို့သော အကြောင်းများကို သိလာရသောအခါ စာရေးသူလည်း ညီမအတွက် စိတ်ပူ မိလာသည်၊ ဒါကြောင့်ပဲ စာရေးသူ ရွက်နေကြ “ သမ္ဗုဒ္ဓေ ဂါထာ၊ နမော ဗုဒ္ဓဿ - ဘုရားရှိခိုး၊ သရဏဂုံ ဆောက်တည်ပုံ၊ အဋ္ဌာနမေတံ ပါဠိ၊ အမျှဝေ ဆုတောင်းပါဠိ “ တို့ကို ပါဠိလိုရေးပေးရသည်၊ ပြီးတော့ အဓိပ္ပါယ်ပါ ရှင်းပြ ရေးသားပေးရသည်၊ ညီမကိုလည်း သတိရတိုင်း ရွက်ဘို့ မှာရသည်၊ ခုတော့ ညီမက “ မောင်မောင် ရေးပေးတဲ့ စာတွေက မရခင်တုန်းကတော့ ခဏခဏ ဖတ်ဖြစ်တယ်၊ ဆိုဖြစ်တယ်၊ ရချင်လို့လေ၊ ရသွားပြီတော့ ခဏခဏတော့ မဆိုဖြစ်တော့ဘူး၊ သတိရတိုင်းတော့ ဆိုဖြစ်ပါတယ်၊ တစ်နေ့ကို (၅) ခါလောက်တော့ ဆိုဖြစ်တယ် ” လို့ ပြောသည်၊ အရင်ကလို ခေါ်သံတွေ ကြားရသေးလား လို့ မေးတော့ မကြားရတော့ကြောင်း ပြန်ပြောပြသည်၊ ကျေနပ်မိပါသည်၊ ဘုရားရှင် ပေးတော်မူခဲ့သော လောကအကျိုး လောကုတ္တရာအကျိုးထူးကိုပေးနိုင်သော ပါဠိများသည် ယုံယုံကြည်ကြည်နဲ့ ရွတ်ဖတ်မည် ရွတ်ဆိုမည်ဆိုလျှင် တကယ်အကျိုးပေးတာ အစွမ်းထက်တာကိုလည်း သိနိုင်ကြပါစေနော်။

(၃) ဖိုးသူတော်လေး နှစ်ပါးအကြောင်း
စာရေးသူ မန္တလေးမှာ ပထမဆုံး  နေခဲ့သော ကျောင်းသည် ဖိုးသူတော်များ ရှိနေပါသေးသည်၊ တွေ့ရခဲသော အစဉ်လာလေးတစ်ခုပါ၊ ထိုကျောင်းတိုက်သည်လည်း သုသာန်မြေကို စာသင်တိုက် တည်ထောင်ထားသော ကျောင်းတိုက်တစ်တိုက်ဖြစ်သည်၊ ထိုကျောင်းမှာ သရက်ပင်များက နာမည်ကြီးလှသည်၊ ထိုကျောင်းတိုက်သည် မိသားစု စိတ်ဓာတ်ဖြင့်တည်ထောင်ထားသော ကျောင်းတိုက်ဖြစ်သည်၊ ကျောင်းတိုက်ထဲမှာ ရှိသော အသီးများကို မည်သူမျှ ဆွတ်မစားရပါ၊ ဆွတ်စားလျှင် ကျောင်းတိုက်မှ နှင်ဒဏ်ဖြစ်သည်၊ မနှင်ခဲ့လျှင်လည်း ကြီးလေးသော ကြိမ်ဒဏ်ပေးခံရသည်၊ သစ်သီးများကို ဆွတ်ပြီး အဆောင်လိုက် စာရင်းအလိုက် ဝေပေးသည်လေ၊ ညတစ်ညပေါ့၊ ထိုညက မိုးသည်းစွာ ရွာထားသည်၊ မိုးတိတ်ချိန်သည် ည ၃း၀၀ နာရီလောက်ဖြစ်သည်၊ ကိုရင်တစ်ပါးသည် အပေါ့စွန့်ချင်သဖြင့် ထပြီး အပေါ့စွန့် သည်၊ ပြီးလျှင် နာရီကို ကြည့်လိုက်သည်၊ ခု ၃း၁၅ ရှိနေပြီ၊ မနက်စောစောထပြီး တံမြက်စည်းလှဲရ ချိန်က ၄း၀၀ နာရီ၊ ကိုရင့်စိတ်ထဲမှာ နေ့ခင်းက မြင်ထားသော သရက်သီးများကို သွားသတိရလိုက်သည်၊ “ အင်း ဟုတ်ပြီ ၊ ငါ ပြန်မအိပ်တော့ဘူး၊ နေ့ခင်းက မြင်ခဲ့တဲ့ သရက်သီးကို ဆွတ်လိုက်မယ်၊ ငါ သရက်သီးဆွတ်ပြီးချိန်နဲ့ ၄း၀၀ နဲ့ ကွတ်တိပဲ၊ ပြီးရင် ငါတာဝန်ကျတဲ့နေရာမှာ တံမြက်စည်းလှဲလိုက်မယ် ” ဟု တွေးကာ ကျောင်းအောက်မှ တံမြက်စည်းကို ထမ်းပြီး သရက်ပင်ဆီသို့ ခြေဦးတည်သည်၊ အင်း “ စည်းကမ်းထုတ်သည်ဆိုတာ ကောင်းသူတွေချည်းဖြစ်ဘို့ မဟုတ်ပါ၊ ဆိုးသူတွေကို ဆိုးကျိုးမတွေ့အောင် ကာကွယ်ဘို့လည်း ပါသည်၊ မိခင်တစ်ယောက်တည်းက မွေးတဲ့ သားသမီးတွေတောင် အဆိုးရော အကောင်းရော ရောနေသေးလျှင် မိခင်များစွာက မွေးဖွားထားသော သံဃာများစွာအတွက် အထူးပြောစရာမလို ” ဟု ထင်ပါသည်နော်။

သူသရက်ပင်ပေါ် တက်ဘို့ ဟိုကြည့် သည်ကြည့်နဲ့ အချိန်တော်တော်ယူလိုက်ရသည်၊ အခြေအနေ ကောင်းသည်နဲ့ သူတက်တော့သည်၊ မိုးရွာထားသဖြင့် သရက်ပင်က ချော်နေသည်၊ သို့သော်လည်း ရသတဏှာ၏ ဆွဲအားက ပြင်းထန်လွန်းသည်၊ ကိုရင်မှာ ထိုရသတဏှာ၏ ဆွဲအားကို မတွန်းလှန်နိုင်သဖြင့် ကြိုးစားတက်သည်၊ အပေါ်ရောက်တော့ သရက်သီးများကို ဆွတ်သည်၊ ခူးသည်၊ ၀မ်းသာကြည်နူးလို့ မဆုံးပေါ့၊ သရက်သီးတစ်လုံး၊ ဟိုဘက်က သစ်ကိုင်းမှာ၊ ထိုအသီးကို ခူးချင်သည်၊ ထိုအသီး ခူးပြီးရင်တော့ တော်ပြီပေါ့၊ ထိုသစ်ကိုင်းကို ကူးဘို့အလုပ်မှာပဲ ကိုရင်ပြုတ်ကျသွားသည်၊ ကံဆိုးသွားရှာသည်၊ ကိုရင်ပြုတ်ကျချိန်မှာ (၄) နာရီ ထိုးခါနီး အချိန်ဖြစ်သည်၊ တံမြက်လှဲဘို့ အခြားသောကိုရင်များ ထကုန်ကြပါပြီ၊ “ ၀ုန်း ၀ုန်း ဗြောင်း ဗိုင်း ” ဟူသော အသံကြားသဖြင့် ကိုရင်များက အုန်းသီးကြွေကြ သည်ဟု ထင်ကြသည်၊ သူသူ ငါငါ အပြေးအလွား ပြေးကြသည်၊ သူ့ဘာသာ ကြွေကြသော အသီးဆိုလျှင် ကောက်စားခွင့် ရှိသည်လေ။

ကိုရင်လေးများ အထင်နဲ့ အမြင်လွဲသွားတော့သည်၊ သူတို့မြင်လိုက်ရတာက အုန်းသီးမဟုတ်ပါ၊ ကိုရင်တစ်ပါး သာဖြစ်သည်၊ ခေါ်လို့လည်း မရတော့ပါ၊ ကိုရင်များလည်း အလန့်တကြားဖြစ်ပြီး အဆောင်ဘုန်းကြီးများကို ပြောရတော့သည်၊ အဆောင်ဘုန်းကြီးများရောက်လာပြီး လက်နှိပ်မီးဖြင့် သေသေချာချာ ထိုးကြည့်ရသည်၊ ထိုနေရာသည် မီးရောင်မတိုးပါ၊ ဓာတ်တိုင်များမှ မီးသီးများ၏ မီးလင်းအားနည်းတာလည်း ပါလိမ့်မည်၊ အခြားသော တရုတ်စကားပင် ခံသီးပင် သရက်ပင် သဘောင်္ဇီးပျိုပင်များဖြင့်လည်း မှောင်ပိတ်နေသည်၊ အဆောင်ဘုန်းကြီးများသည် ကိုရင်လေးကို ကိုင်ကြည့်သည်၊ ခေါင်းတစ်ခြမ်းမှာ ခြေထဲခွက်ဝင်နေသည်၊ မိုးရွာထားသဖြင့် မြေကြီး၏ အိနေခြင်း အမြင့်မှ ကျလာသော အရှိန်၏ပြင်းထန်ခြင်း တို့ကြောင့် ထိုသို့ ဖြစ်သွားခြင်းပါ၊ ကိုရင့်ခေါင်းကို ညင်ညင်သာသာ မ ရသည်၊ အဲဗျာ -- မြေထဲ ၀င်နေတဲ့ ခေါင်းတစ်ခြမ်းမှာ အိအိညက်ညက် ကြေနေ သည်၊ ပြီးလျှင် ပွေ့ချီပြီး အလယ်တိုက်ကြီးအောက်ကို သယ်သည်၊ အလယ်တိုက်ကြီးအောက် ရောက်တော့ လှုပ်ရ ရမ်းရသည်၊ ကိုရင်သတိပြန်ရလာသည်၊ သတိရပြန်ရလာ သည်နဲ့ အတူ သူ့ခေါင်းမှ အိညစ်နေသော ဒဏ်ရာမှာ ပင်ကိုယ် အတိုင်း ပြန်ဖြစ်သွားသည်၊ မြင်ရသူတိုင်း အံ့သြကြရသည်၊ ကိုရင်စိတ်ပုံမှန်ဖြစ်တော့ အဆောင်ဘုန်းကြီးတစ်ပါးက “ မင်းကွာ၊ မသိအောင် သရက်သီး ခူးရင်လည်း သေသေချာချာ လုပ်မှပေါ့၊ မိုးရွာလို့ သစ်ကိုင်းတွေ ချော်နေတယ်ဆိုတာ မသိဘူးလား ” ဟု ပြောသည်၊ ထိုအခါ ကိုရင်က “ တပည့်တော် ချော်ကြတာ မဟုတ်ဘူးဘုရား၊ နောက်က တစ်ယောက် ယောက်က တွန်းချလိုက်တာ ” လို့ ပြန်ပြောသည်၊ အားလုံး ကြောင်သွားကြသည်၊ ထိုကိုရင်လေးကံ မကောင်းရှာပါ၊ နှင်ထုတ်ခံလိုက်ရသည်။

ခု ပြောမယ့် ဖြစ်ရပ်က ထိုသရက်ပင်နဲ့ ဖိုးသူတော်တွေနေတဲ့ ကျောင်းဆောင် အကြားမှာပါ၊ တစ်နေ့ ည (၉)နာရီ စာအံကျောင်းဆင်းချိန်၊ ဖိုးသူတော် အကြီးဆုံး၊ အသက်က ၉ နှစ်လောက်ရှိမည်၊ ထိုအချိန်က စာရေးသူ အသက်က (၁၄)၊ ဖိုးသူတော်လေးက ပအိုးဝ်တိုင်းရင်းသားလေးပါ၊ ဖိုးသူတော်လေးများသည် ထိုညက စာအံကျောင်း ဆင်းပြီး တူတူပုန်းတမ်းကစားကြသည်၊ ကစားပြီး သူတို့အဆောင်ဘုန်းကြီးက အဆောင်စာရင်းစစ်သည်၊ ထိုအခါ ဖိုးသူတော် အကြီး မပါပါ၊ ထို့ကြောင့် ကျောင်းပြင်ခိုးထွက်သွားတာလား ဘာလားညာလားဆိုပြီး စိတ်ပူကြရသည်၊ ထိုသတင်းက ပျံ့သွားသည်၊ ထိုသတင်း အထက်အုပ်ချုပ်ရေးမှူးဆီ မရောက်ခင် ၀ိုင်းရှာကြ သည်၊ ဘယ်လိုမှ ရှာမရ၊ အားလုံး စိတ်သောကရောက်ကြရသည်၊ ဒါနဲ့ အုပ်ချုပ်ရေးမှူးသို့ သတင်းပို့လိုက် သည်၊ အုပ်ချုပ်ရေးမှူးရောက်လာသည်၊ သူကိုယ်တိုင် စာရင်းပြန်စစ်သည်၊ မပါပါ၊ ကဲ -- နှင်လိုက်ကြောင်း အများသိအောင် ပြောပြီး အုပ်ချုပ်ရေးမှူးပြန်သွားသည်။

အုပ်ချုပ်ရေးမှူးလည်း ကျောင်းဆောင်ရှေ့  မိန်းလမ်းရောက်တော့ ပလက်ဖောင်းဘေးက အုန်းပင်ငယ်လေး အောက်မှာ ဖွေးဖွေး ဖွေးဖွေးနဲ့ လှုပ်လှုပ် လှုပ်လှုပ်ဖြစ်နေတာကို တွေ့လိုက်သည်၊ ဘာလဲလို့ အနီးကပ်ကြည့်လိုက်တော့ ဖိုးသူတော်၊ အုပ်ချုပ်ရေးမှူးရောက်နေတာကိုလည်း မသိ၊ တစ်ယောက်တည်း စကားတွေပြောလိုက် ရယ်လိုက်လုပ်နေသည်၊ အုပ်ချုပ်ရေးမှုးက အပေါ်ရုံကို ဆွဲလိုက်တော့မှ နောက်ကို လှည့်ကြည့်သည်၊ ပြီးတော့ သူလန့်သွားသည်၊ အုပ်ချုပ်ရေးမှူးက သူ့ကို ဆွဲခေါ်ပြီး ကျောင်းဆောင်သို့ ပြန်သွားသည်၊ ကျောင်းဆောင်ရောက်တော့ “ မင်း ဘာလုပ်နေတာလဲ ၊ ဘယ်တွေ သွားနေတာလဲ ” ဟု မေးသည်၊ ဖိုးသူတော်လေးက “ တူတူပုန်းတမ်းဆော့နေတာ၊ အဲဒါ ဦးသူတော် ဘိုးဘိုးကြီးက ခေါ်သွားလို့ လိုက်သွားတာပါ၊ သူနဲ့ စကားပြောနေတာပါ၊ သူက ပြန်လိုက်ပို့လို့ နှုတ်ဆက် စကားပြောနေတုန်း အုပ်ချုပ်ရေးနဲ့ တွေ့တာပါ ” လို့ ပြောပြသည်၊ အုပ်ချုပ်ရေးမှူးလည်း ကောင်းကောင်း သဘောပေါက်နားလည်သွားသည်၊ ဘာကိုနားလည်သွားသည်ကိုတော့ မပြောပြပါ၊ အုပ်ချုပ်ရေးမှူးသည် ဒီကျောင်းတိုက် အကြောင်းကို အသေးစိတ်သိနေသည်ပဲလေ၊ ဖိုးသူတော် ကိုတော့ နှင်မထုတ်ကြောင်း ပြောပြသွားသည်၊ ပြီးတော့ ကိုရင်ငယ်တွေ ဖိုးသူတော်တွေ ည (၉)နာရီကျော်လျှင် မဆော့ကြဘို့ တစ်ယောက်တည်း ဟိုသွား ဒီသွား မလုပ်ကြဘို့ မှာသွားသေးသည်။

တစ်နေ့ ညနေ (၇)နာရီ ထိုးကာနီးအချိန်မှာပါ၊ ပလောင် ဖိုးသူတော်လေး တစ်ပါးရှိသည်၊ သူသည် အတန်းမရှိသေးပါ၊ ငယ်လွန်းသေးသဖြင့် ဗမာစကားတတ်အောင်ကို မနည်းသင်ပေးနေရသည်၊ မပီမသ ပြောသည့်သူ့အသံလေးက ချစ်စရာကောင်းသည်၊ သူ့မှာ စာအံကျောင်းမရှိ၊ ဗမာစာ သင်တဲ့အခါပဲ စာတက်ရသည်၊ ကျန်တဲ့အချိန်မှာ သူ အားနေသည်၊ အားလုံးပဲ ည (၇)နာရီဆိုလျှင် စာအံကျောင်းတက်ရသည် (စာအံကျောင်းဆိုတာ ကိုယ်ကြိုက်တဲ့ စာကျက်ရသော အချိန်ဖြစ်သည်)၊ သံဃာများ အတန်းရှိ ဖိုးသူတော်များ စာအံကျောင်းသို့ သွားနေကြသည်၊ စာအံကျောင်းရောက်လျှင် တာဝန်ရှိဆရာမှ စာရင်းစစ်ရသည်၊ ဒါက နေ့စဉ်လုပ်နေကြပါ၊ ဒီနေ့ မလာသေးပါ၊ ဆရာ မရှိလို့လား ဘာလား ညာလားပေါ့၊ ဘယ်လာနိုင်မလဲဗျာ၊ တာဝန်ကျဆရာက အလုပ်ရှုပ်နေသည်လေ။

ဖိုးသူတော်လေးသည် ဗိုက်ဆာသဖြင့် ထမင်းစားဘို့ရန် ပန်းရံလက်သမားများနေသော ကျောင်းဆောင်သို့သွားသည်၊ ဖိုးသူတော်ကျောင်းဆောင်နဲ့ ပန်းရံတွေ လက်သမားတွေ အလုပ်လုပ် ချိန်အတွင်းနေသော ကျောင်းဆောင်သည် တော်တော်လေးလှမ်းပါသည်၊ ပန်းရံကျောင်းဆောင်သို့ မိန်းလမ်းကြီးမှ သွားလျှင် လမ်းသာသည်၊ သို့သော် တာဝန်ခံများ အဆောင်ရှေ့   မှ  ဖြတ်သွားရမည်၊ ထို့ကြောင့် ဖိုးသူတော်လေးက ဖြတ်လမ်းဖြစ်သော အလယ်တိုက်ကြီး အနောက်ဘက်တည့်တည့် သရက်ပင်ကြီးအောက်မှ ဖြတ်သွားသည်၊ ကိုရင်တစ်ပါး လိမ့်ကျသော သရက်ပင်သည် အလယ်တိုက်ကြီး၏ အနောက်တောင်တောင့်မှာ ရှိသည်၊ ကျောင်းဝန်းထဲမှာ သရက်ပင်များ အုန်းပင်များ တရုတ်စကားပင်များ ခံသီးပင်များ သင်္ဘောဇီးပျိုသီးပင်များ ဗန်ဒါပင်များ တရုတ်တည်ပင်များ များစွာရှိသည်၊ ဖိုးသူတော်လေး ပန်းရံကျောင်းဆောင်ရောက်တော့ ထမင်းကျန်သေးလားလို့ မပီကလာ အသံဝဲလေးနဲ့ မေးသည်၊ မရှိတော့ကြောင်း ပန်းရံကျောင်းဆောင်မှ လူများက ပြောသည်၊ ဖိုးသူတော်လေးမှာ စိတ်ညက်ညက်နဲ့ (ညစ် - သည် ညစ်ပတ်ပေလျှံနေတာကို ဆိုလိုသည်၊ ညက် - သည် ကြေညက်နေသည်ကို ဆိုလိုသည်) ပြန်လာသည်၊ ဗိုက်ဆာနေသဖြင့် စိတ်ဓာတ် တွေ ကြေညက်နေသည်လေ။

ယနေ့ စာအံကျောင်းတာဝန်ခံဆရာဆီကို အခြားအဆောင်မှ ဆရာတစ်ယောက် ရောက်နေသည်၊ စာအံကျောင်းတာဝန်ခံဆရာသည်  (၇) နာရီထိုးလျှင် စာအံကျောင်းစစ်ရမည်ကို သိသဖြင့် အခြားအဆောင် မှ ဆရာလည်း (၇)နာရီထိုးသဖြင့် ပြန်သွားသည်၊ သူ့အဆောင်ကို အလယ်တိုက်ကြီး အနောက်ဘက် တည့်တည့် သရက်ပင်အောင်မှ ဖြတ်ပြန်သည်၊ သရက်ပင်အောက်ရောက်ရော သရက်ပင်ပေါ်မှာ စကား ပြောသံ ရယ်သံကို ကြားနေရသည်၊ ပြီးတော့ ပိတ်စ ဖြူဖြူလေးကိုလည်း တွေ့ရသည်၊ မှောင်မဲနေသဖြင့် ကွဲကွဲပြားပြားမသိရ၊ ထို့ကြောင့် စာအံကျောင်းတာဝန်ခံ ဆရာဆီပြန်သွားသည်၊ စာအံကျောင်းတာဝန်ခံ ဆရာမှာလည်း စာအံကျောင်းသွားဘို့ ထွက်လာသည်၊ သူတို့တွေ့တော့ အဖြစ်အပျက်ကို ပြောပြသည်၊ ထိုအခါ စာအံကျောင်းတာဝန်ခံဆရာက “ ဟုတ်လား ၊ နေဦးဟ၊ လက်နှိပ်မီးယူခဲ့ဦးမယ် ” ဆိုပြီး လက်နှိပ်မီး ယူကာ သွားကြသည်။

သရက်ပင်အောက်ရောက်တော့ ခဏရပ်ပြီး နားထောင်ကြည့်လိုက်ကြသည်၊ ဟုတ်သည် စကားပြောသံရော ရယ်သံရော ကြားနေရသည်၊ သေချာနေသည်မို့ လက်နှိပ်မီးနဲ့ ထိုးကြည့်လိုက်သည်၊ သရက်ပင် ခွကြားမှာပါ၊ ဖိုးသူတော်လေး တခိတခိနဲ့ရယ်နေသည်၊ စကားပြောသံ မကြားရတော့ပါ၊ ခဏကြာကြာ ရပ်ကြည့်ပြီး အနီးနားမှ သစ်ငုတ်တို တစ်ခုကို မ သည် ၊ သရက်ပင်ခွက လူတစ်ရပ်ထက်ပိုမြင့်နေသည်လေ၊ ပြီးလျှင် တစ်ယောက်က လက်နှိပ်မီးနဲ့ထိုးထားပြီး တစ်ယောက်က ဖိုးသူတော်ကို အောက်သို့ ချရသည်၊ ပြီးတော့ ဖိုးသူတော်လေးကို “ ဘာလုပ်နေတာ သရက်ပင်ပေါ်တက်ပြီး၊ ဘာလို့ရယ်နေတာလဲ၊ ဘယ်သူနဲ့ စကားပြောနေတာလဲ ” လို့ မေးကြသည်၊ ထိုအခါ ဖိုးသူတော်လေးက “ ဆံပင်ရှည်ရှည်နဲ့ မိန်းမတစ်ယောက်က ခေါ်သွားတယ်၊ သူက ထမင်း စားမလား မေးတယ်၊ သူက ကပြတယ်၊ ယားအောင် ကလိထိုးတယ် ” လို့ ပြောပြသည်၊ ဖိုးသူတော်လေး ပြောတဲ့အသံလေးက ခုစာရေးသလိုမဟုတ်ပါ၊ စာရေးမည့်အစား သူ့အသံဖိုင်လေးသာ ထည့်ပေးလိုက်ချင်တာ၊ သို့သော်လည်း ဆန္ဒသာ ရှိသည်လေ၊ ထိုညက စာအံကျောင်းတာဝန်ခံဆရာတော်မှ စာရင်းလာ စစ်တော့ အဖြစ်အပျက်အားလုံးကို ပြောပြသည်၊ ကျောင်းတိုက်ထဲမှာ ဥစ္စာစောင့်များ များစွာ ရှိကြောင်း အစောင့်များ များစွာရှိကြောင်း ပြောပြသည်၊ ပြီးတော့ မရိုမသေ မလေးမစားနဲ့ သစ်ပင်ရင်းမှာ အကြီး အပေါ့ စွန့်တာတွေ မလုပ်ကြဘို့၊ ဆဲရေးတိုင်းထွာတာတွေမလုပ်ကြဘို့ အသိပေး ပြောကြားလေသည်။

ကဲ ဒီလောက်ဖတ်ပြီးရင်တော့ ဥစ္စာစောင့်များ ရှိကြောင်းကို ယုံသင့်/ မယုံသင့် စာဖတ်သူများကိုယ်တိုင်သာ သုံးသပ်ကြည့်ပါနော်၊ စာရေးသူကတော့ ယုံဘို့ပြောသည် မဟုတ်ပါ၊ စာရေးသူ စိတ်ဝင်စားသော အဖြစ်အပျက် အမှန်များကိုသာ ရေးသားတင်ပြခြင်းဖြစ်သည်၊ ဥစ္စာစောင့်ဖြစ်ခြင်းသည် ခုနောက်ပိုင်း ခေတ်မှာတော့ တော်တော်လေးကို ရှားလိမ့်မည်ဟု ထင်ပါသည်၊ ဘာကြောင့်လဲဆိုတော့ မြေအောင်မှာ သိုမှီး သိမ်းဆည်းထားသော ဥစ္စာ ရွှေအိုးငွေအိုး ရွှေထုပ် ငွေထုပ်များ မရှိတော့သောကြောင့်ဖြစ်သည်၊ ရှေးခေတ်ကာလက လူများသည် သူတို့ပိုင်ဆိုင်သော ရွှေငွေ ရတနာများကို မြေအောက်မှာ တွင်းတူးပြီး သိမ်းဆည်းထားကြသည်၊ ရန်ကင်းအောင်ဟု သဘောပိုက်ကာ ထိုသို့ထားကြခြင်းဖြစ်သည်၊ ထိုလူများ အကြောင်းတစ်ခုခုကြောင့် သေဆုံးသွားသောအခါ သူတို့သိမ်းဆည်းထားသော ရွှေငွေရတနာများကို စွဲလန်းပြီး ထိုဥစ္စာများကို စောင့်ရှောက်နေရသူများ ဖြစ်သွားကြသည်၊ ထိုသို့သောသူများကို ဥစ္စာစောင့်ဟု ခေါ်ကြသည်၊ ဥစ္စာစောင့်သည်လည်း ၀ိနိပါတိကနတ်မျိုးပင်ဖြစ်သည်၊ ကမ္မဇိဒ္ဓိ (ရှေးကံကြောင့်ဖြစ်သော တန်းခိုးစွမ်းအင်) တော့ ရှိသည်။

ဥစ္စာစောင့်ဖြစ်ခြင်းသည်---
(၁) မိမိသိမ်းဆည်းထားသော ပစ္စည်းဥစ္စာကို စွဲလန်းပြီး သေးဆုံးသူသည်လည်း ထိုပစ္စည်းဥစ္စာကို စောင့်ရှောက်ရသော ဥစ္စာစောင့်ဖြစ်တတ်သည်၊
(၂)  တစ်စုံတစ်ယောက်က အမိန့်အာဏာနဲ့ တစ်စုံတစ်ခု( စေတီတို့ တံတားတို့ ဆည်ကန်ဘောင် တို့ကို စောင့်ရှောက်ဘို့) ကို မပျက်မစီးအောင် စောင့်ရှောက်ဘို့ ခိုင်းခြင်းဖြင့်  စတေးခံရသော -- အသတ်ခံရသော သူများသည်လည်း ထိုအရာများကို စောင့်ရှောက်ရသော ဥစ္စာစောင့် ဖြစ်တတ်သည်။

ကဲ ဥစ္စာစောင့်ဆိုတာ ဘယ်လို အမျိုးအစားလဲဆိုတာရယ် ဥစ္စာရှိနိုင် မရှိနိုင်ဆိုတာရယ် သိလောက်ပါပြီနော်၊ အဲလိုလေး သိသွားမယ်ဆိုရင်ပဲ စာရေးသူအတွက် စာရေးရကျိုး များစွာ ရှိသွားပါပြီလို့ -------------