Saturday, August 6, 2011

သုတနဲ့ မှတ်သားဖူးသော စကား တစ်ခွန်း

တစ်နေ့မှာ စာရေးသူတို့သူငယ်ချင်း တစ်ခု စေတီပါဒတောင်သို့ သွားကြသည်၊ ဘုရားခြေတော်ရာ အစစ်ရှိသည် ဟု သိထားသဖြင့် ခြေတော်ရာ အစစ်ကို ဖူးမျော်ဘို့ဖြစ်သည်၊ နေ့ခင်း (၁) နာရီလောက်မှာ စထွက်ကြသည်၊ တောင်ပေါ် ရောက်တော့ ည (၈)နာရီလောက် ရှိနေပြီ၊ တောင်ပေါ်တက်တုန်းကလည်း  ဘုရားခြေတော်ရာကို ဖူးပြီးမှ နားမယ်  ဟူသော စိတ်ဖြင့် တက်သည်၊ တစ်လှမ်းချင်း ပုံမှန်တက်သည်၊ လမ်းမှာ ရပ်ပြီး ထိုင်ပြီး နားခဲ့သည်ဟု သိပ်မရှိခဲ့၊ တောင်ပေါ်ရောက်တော့ ခြေတော်ရာအစစ်ကို မဖူးရပါ၊ ခြေရာတစ်ခုတော့ ရှိသည်၊ ဗုဒ္ဓခြေတော်နဲ့ မကိုက်ညီသဖြင့် ခြေတော်ရာအစစ်လား ဟု မေးကြည့်မိ သည်၊ ကုလားလေးက မဟုတ်ကြောင်းပြောသည်၊ ခြေတော်ရာအစစ်အကြောင်းကို ပြောဖြစ်ကြသည်၊ သူတို့ ပြောပြတာကတော့  ခြေတော်ရာသည် ခုရှိသော ကျောက်တုန်းအောက်တွင်ရှိကြောင်း၊ ပျက်စီးမှာ စိုးရိမ်သဖြင့် ဖုံးအုပ်ကာ ခု ကျောက်တုန်းကြီးဖြင့် အကာကွယ်ပြုလုပ်ထားကြောင်း၊ မြင်နေရသော ခြေရာအောက် လက်မ (၂၀) လောက်မှာ ခြေတော်ရာအစစ်ရှိကြောင်း  ပြောပြသည်။

စာရေးသူ စိတ်ကလည်း ဘယ်လိုမှန်းမသိပါ၊ မယုံတတ်သည်ပဲလား ကွဲကွဲပြားပြား သိချင်သည် ပဲလားတော့ မပြောတတ်၊ မဖြစ်နိုင်ရင် မယုံချင်တာတော့ သေချာသည်၊ ၂၀၁၀ ခုနှစ်ကလည်း စာရေးသူတို့  photoshop သင်တန်းပြီးဆုံးသဖြင့် ဆရာမနဲ့ ပျော်ပျော်ပါးပါး အလောင်းတော် ကဿပသို့ဘုရားဖူး ထွက်ကြသည်၊ အလောင်းတော် ကဿပရောက်တော့ သွားရလာရသည့်ခရီး လူတို့ပင်ပန်းမှု့ အစစအရာရာကို လေ့လာ သုံးသပ်ကြည့်လျှင် တော်တော်လေးကို မလွယ်တဲ့ကိစ္စ။ သို့သော် လူတို့သည် ယုံကြည်ချက်တစ်ခုဖြင့် သွားလာနေကြသည်၊ ထိုယုံကြည်ချက်မှာ ကျောက်လှိုင်ထဲတွင် အရှင်မဟာကဿပ ရုပ်ကလာပ်ရှိသည် ဟူသော ယုံကြည်ချက်ပင်ဖြစ်သည်၊ စာရေးသူ ထိုလှိုင်ထဲရောက်သွားတော့ အခြေအနေ အားလုံးကို သုံးသပ် ကြည့်သည်၊ " ဖြစ်နိုင်ပါ့မလားလို့ " ။ 
ကျောက်လှိုင်ပွင့်သောနေ့တွင် ရိုက်ကူးထားသော စီဒီခွေလည်း ရှိသည်၊ စာရေးသူက " ပြကြည့်လေ၊ ကြည့်ကြည့်မယ်၊ တကယ်ကို ကျောက်လှိုင်ပွင့်တယ်ဆိုရင် အများကြီး ၀ယ်သွားချင်တယ်" လို့ပြောတော့ ဆိုင်ရှင်က ပြပေးသည်၊ စီဒီထဲမှာ ကျောက်လှိုင် ပွင့်တာ မတွေ့ရပါ၊ ကျောက်ချပ်ကြားထဲကို ငွေများ အတင်းထိုးသွင်းနေသည်ကိုသာ တွေ့ရသည်၊ ငွေများက အထဲကိုမရောက်ပဲ ပြန်ပြန်ထွက်နေသည်၊ စာရေးသူလည်း စိတ်တိုင်းမကျသဖြင့် တစ်ခွေသာ ၀ယ်ခဲ့သည်၊ သို့သော် အမှတ်တရဖြစ်အောင် ကြေးစည် လေးခုတော့ ပြုလုပ်ခဲ့သည်၊ စာရေးသူဖြစ်စေချင်သည့် ဆန္ဒတစ်ခုရှိသည်၊ ထိုဆန္ဒမှာ ကျောက်လှိုင်ကို ဖြိုခွင်းပြီး အထဲမှာရှိသော ရုပ်ကလာပ်ကို အများပြည်သူ သူသူငါငါ ကြည့်နိုင်အောင် ပြသ ထားပေးစေလိုသော ဆန္ဒဖြစ်သည်၊ ထိုသို့လုပ်ခြင်းသည် အသောကမင်းတရားကြီး ဓာတ်တော်တိုက်ကို တူးပြီး ဓာတ်တော်ကို ဖြန့်ဝေသည့် နည်းလမ်းပင်ဖြစ်သည်၊ ထိုနည်းလမ်းကို စာရေးသူက သိပ်သဘော ကျခဲ့သည်၊ အသောကမင်းကြီးရဲ့ ခံယူချက်နဲ့ လုပ်ရပ်ကို အရမ်းလေးစားမိခဲ့သည်၊ တိုးတက်နေတဲ့ ခေတ်ကာလကြီးမှာ အဖျက်ဆီးမခံရအောင် လုံခြုံအောင် ထားလို့ စောင့်ရှောက်လို့ရတဲ့ နည်းလမ်းတွေ များစွာ ရှိနေသည်ပဲလေ၊ ရှေးရိုးအတိုင်းကြီးထားတော့ တကယ်ရှိလား မရှိဘူးလား ဆိုတဲ့ သံသယနဲ့ ၊ စာရေး သူလို တွေးမိသူတွေ များစွာရှိနေလိမ့်မည်ဟုလည်း ထင်ပါသည်။


ခုလည်း ကြည့်ပါဦး၊ စေတီပါဒမှာ မူရင်းခြေတော်ရာကို မမြင်ရအောင်လုပ်ထားသည်၊ သိပ် စိတ်ပျက်ဘို့ကောင်းသည့် အချက်တစ်ခုပါပဲ၊ စာရေးသူလည်း ကိုယ်မြင်ချင်တာ မမြင်ခဲ့ရတော့ အပြန်လမ်းမှာ မပျော်ရွှင်ပါ၊ ကားပေါ်မှာ အိပ်လျှက်၊ တစ်နေ့ရာအရောက်တွင် ဘာကြောင့်ဘာတွေပြောနေကြသည် မသိပေမဲ့ စကားတစ်ခွန်းကိုကြားလိုက်ရသည်၊ အမှတ်တမဲ့ကြားလိုက်ပေမဲ့ နှစ်သက်လွန်းလို့ မှတ်ထားတော့ အမှတ်တရလေး ဖြစ်နေတာပေါ့နော်၊ အဲဒီစကားလေးကို ပြန်လည်မျှဝေချင်တာပါ၊ စကားလေးက "ဆရာ မိဘတို့ စကားတိုင်းကို နားထောင်ရမယ့်လို့ တစ်ထစ်ချ မှတ်ယူမထားနဲ့ကွ၊ တစ်ချို့ စကားတွေကို လိုက်နာသင့်ပေမဲ့ တစ်ချို့  စကားတွေကိုတော့ မလိုက်နာသင့်ဘူး၊ မိဘစကားတိုင်းသာ လိုက်နာ နေမယ်ဆိုရင်  ဒို့သိဒ္ဓတ္ထ ဘုရားဖြစ်လာစရာ အကြောင်းမရှိဘူး " တဲ့။

ရိုင်းသလိုလိုနဲ့ သိပ်ကို သဘောကျစရာကောင်းသည့် စကာလေးပဲဟု မှတ်ထင်မိသည်၊ ဖခင် သုဒ္ဓေါဓန စကားသာ နားထောင်နေမယ်ဆိုရင်တော့ ဘုရားရှင်ဟာ ဘုရားဖြစ်လာဘို့ မဖြစ်နိုင်ပါ၊ "ဘုရားဖြစ်မည့် သူက ဖြစ်ကိုဖြစ်မှာပဲ" လို့   အတင်း ငြင်းနေလို့တော့ မသင့်ဘူးလို့ထင်မိပါသည်နော်၊ အင်း တစ်ခါတစ်လေ ဆရာကမမြင် မသိလိုက်ပေမဲ့ တပည့်က မြင်နေသိနေတာမျိုးတွေလည်း ရှိနေတတ်သည်၊ မိဘက မမြင် မသိပေမဲ့ သားသမီးက မြင်သိနေတာတွေလည်း ရှိသည်၊ သားသမီး တပည့်တွေက မိဘ ဆရာတွေထက် တော်နေတာတွေလည်း များစွာ ရှိတတ်သည်ပဲလေ၊ ဘာပဲဖြစ်ဖြစ်ပါလေ၊ "မိဘစကားတိုင်းသာ လိုက်နာနေမယ်ဆိုရင် ဒို့သိဒ္ဓတ္ထ ဘုရားဖြစ်လာစရာ အကြောင်းမရှိဘူး " ဟူသော အသံလေးက တော့ နားထဲမှာ ခုထိတိုင် ကြားယောင်နေဆဲပင် -------------

ဘုရားဂုဏ်တော်

ဘုရားရှင်၏ ဂုဏ်တော်သည် များစွာရှိသည်၊ ရေတွက်ပြလို့ ကုန်နိုင်မည် မထင်ပါ၊ သို့သော်လည်း အများ သိပြီးသားဖြစ်သော ဂုဏ်တော်များကို အများနားလည်အောင် ပြန်လည်ရေးသား ပြပါမည်၊ စာရေးသူ ကြည်ညိုမိသော ဂုဏ်တော်အစဉ်တိုင်း ရေးသားပါမည်၊ စာရေးသူသည် ဂုဏ်တော်များများကို မသိရသည့် တိုင် ခုရေးသားထားသော ဂုဏ်တော်များကို သိရရုံဖြင့်ပင် ဘုရားရှင်ကို အလွန်အမင်းကြည်ညိုမိသည်။

(၁) မှန်ကန်သော အကျင့်ကို ကိုယ်တိုင် ရှာဖွေခြင်း ၊ ရှာဖွေတွေ့ရှိထားသည့်အတိုင်း ကျင့်ခြင်း၊ ကျင့်သည့် အတိုင်း  အသိဥာဏ်များနဲ့ပြည့်စုံခြင်း (သမ္မသမ္ဗုဒ္ဓဂုဏ်တော်၊ ၀ိဇ္ဇာစရဏသမ္ပန္နဂုဏ်တော်)၊ (ဘုရား ရှင်သည် အဘိဓမ္မာတရားတော်ကို ဟိုတွေးဒီတွေးနဲ့ အတွေးသက်သက်နဲ့သာ ဟောပြောထားခဲ့သည်မဟုတ်၊ ကိုယ်တိုင်ကျင့် ကိုယ်တိုင်သိပြီး ကိုယ်တိုင်သိသည့်အတိုင်း ပြောပြ ဟောပြထားခဲ့သည်)။

(၂) အကျင့်မှန်ကို လေးလေးနက်နက် ခက်ခက်ခဲခဲ ကျင့်ခြင်းကြောင့် သူများတွေမမြင်နိုင်တာကို မြင်နိုင်သော ဥာဏ်တော် သူများတွေမကြားနိုင်တာကို ကြားနိုင်သော ဥာဏ်တော် ကိလေသာမှန်သမျှကို အကြွင်းမဲ့ ပယ်သတ်နိုင်သော ဥာဏ်တော်တို့နဲ့ပြည့်စုံခဲ့ပြီး "သိထားသည့်အတိုင်း လောကသားတွေလည်း သိပါစေ " ဟူသော မေတ္တာကရုဏာကြီးစွာဖြင့် ပြန်လည်ပြောပြ ဟောပြ ခဲ့သော(ဗုဒ္ဓဂုဏ်တော်)။
(ခဲခဲယဉ်းယဉ်း ကြိုးစားအားထုတ်ပြီးမှ သိထားရသော်လည်း မသူတော်တို့၏တွန့်တိုစိတ် ၀န်တိုစိတ် မရှိဘဲ ဟောပြောပြသ ပေးခဲ့သည်၊ ခုခေတ်လူငယ်လေးများသည် မိမိသိသော နားလည်သော ကျောင်းစာလေး လောက်ကိုတောင်မှ လုပ်ငန်းပညာလေးလောက်ကိုတောင်မှ မေတ္တာ စေတနာဖြင့် မပြောပြလိုကြ၊ သင် မပေးလိုကြ၊ ဘုရား လောင်းမှ မဟုတ်တာ ဘုရားရှင်မှ မဟုတ်တာလို့ ဆင်ခြေပေးနိုင်သည်၊ သို့သော် ဘုရားရှင် စသော သူတော်ကောင်းများ စာရင်းဝင်ဘို့က ထိုသို့သော သေးသေးလေး ကိစ္စများကအစ အလေးအနက်ထား လုပ်ကြရမည်ကို သိထားသင့်သည်)။

(၃) မယဉ်ကျေးသော လုံးမလျှင် ရနိုင်သော သတ္တ၀ါမှန်သမျှကို ယဉ်ကျေးအောင် ဘ၀ကို အဓိပ်ပါယ် ရှိရှိနေတတ်အောင် နည်းအမျိုးမျိုး ပုံစံအစုံစုံနဲ့ ပြောပြဟောပြ ဆုံးမတတ်သောဂုဏ်တော်၊ ထိုသို့ ဆုံးမရာတွင်လည်း အလိမ်မာဆုံး အတတ်ကျွမ်းဆုံး အကျွမ်းကျင်ဆုံး ဖြစ်တော်မူခဲ့သော ဂုဏ်တော် (အနုတ္တရောပုရိသဒမ္မသာရထိဂုဏ်တော်)။

(၄)မှန်လည်းမမှန်သော အကျိုးလည်းမများ နားထောင်လို့လည်း မသင့်တော် မကောင်းသော စကားကိုလည်း မပြောသော, မှန်လည်းမမှန်သော အကျိုးလည်းမများ သို့သော်နားထောင်လို့တော့ ကောင်းသော သာယာသော စကားကိုလည်း မပြောသော, မမှန်သော အကျိုးလည်းများ နားထောင်လို့လည်းကောင်းသော သာယာသော စကားကိုလည်း မပြောသော(ဘုရားရှင်သည် ဘယ်သောအခါမှ မဟုတ်မမှန်သော စကားကို ပြောဆိုတော်မမူပါ),  ဟုတ်မှန်ပါသော်လည်း အကျိုးမများသော နားထောင်မကောင်းသော မသင့်တော်သော စကားကိုလည်း မပြောသော, မှန်လည်းမှန် အကျိုးလည်းများ သို့သော် နားထောင်လို့ တော့မကောင်းသော မသင့်တော်သောစကားကို ပြောတော်မူတတ်သော( ရဟန်းတို့အတွက် ၀ိနည်းကို ပညတ်တော်မူရာ တွင် ထိုစကားကို သုံးစွဲပြောဆိုခဲ့သည်) ,  မှန်းလည်းမှန်သော အကျိုးလည်းများသော နားထောင်လို့ လည်း သင့်တော်သော စကားကိုသာ များသောအားဖြင့်ပြောလေ့ရှိသော ဂုဏ်တော်၊ (သုဂတဂုဏ်တော်)။

(၅) အကျင့်လည်း ကျင့်အားလည်းသန်သဖြင့် ဥာဏ်ပေါင်းစုံနှင့်ပြည့်စုံသောကြောင့် လောကသုံးပါးကို သိမြင်နိုင်သော, အများကပေးလှူသော ပစ္စည်းဝတ္ထု ပူဇော်မှု့ကို ခံယူခြင်းငှါ ထိုက်တန်သော, ဥာဏ်များစွာကို ပိုင်ဆိုင်ထားသဖြင့် ကိလေသာမှန်သမျှ အကုန်ပယ်သတ် ပယ်စွန့်တော်မူပြီးသော, လူသူကင်းရှင်း ဆိတ်ငြိမ်ချင်းရှိရာ အရပ်မှာသော်မှ အကုသိုလ်အညစ်ကြေး မရောမယှက်ကင်းစင်တော်မူသော (ဘုရားရှင်သည် ပြင်ပမပြောနဲ့ မမြင်နိုင်သော ရင်ထဲမှာတောင်မှ ကိလေသာ အညစ်ကြေးတို့ မရောမယှက် ကင်းစင်တော်မူသော, သံသရာ လည်ကြောင်းတရားမှန်သမျှ အကုန် ပယ်သတ်တော်မူပြီးသော ဂုဏ်တော် (လောက၀ိဒူဂုဏ်တော်၊ အရဟံဂုဏ်တော်)။ 

ထိုမျှလောက်သော ဂုဏ်တော်တို့ကို သိရရုံဖြင့်ပင် စာရေးသူသည် ဘုရားရှင်ကို အလွန်အမင်းကြည်ညိုမိခဲ့သည်၊ ခုရေးသားထားခြင်းသည်လည်း စာရေးသူ ခံစားသိမြင်နိုင်သည့် အသေးစား အတွေးအသိ ဦးနှောက်လေးဖြင့်သာ တွေးသိကြည်ညိုမိသမျှကို မျှဝေရေးသား ထားခြင်းဖြစ်သည်။ စာရေးသူ အတွက်ကတော့  ဒီလောက်ဂုဏ်တော်မျှပင် ကြည်ညိုဘို့ လုံလောက် နေပြီ  ဟု ခံယူထားသည်၊ စာဖတ်သူ အတွက်ကိုတော့ -------------------

Thursday, August 4, 2011

ဗဟုသုတရဖွယ် ပြုံးစရာလေး တစ်ခု

ဦးဇင်းလေး တစ်ပါး၊ သီဟိုဠ်မှာ ကျောင်းတက်နေသည်၊ သီဟိုဠ်မှာက ကုန်ကျ စရိတ်ပဲရှိသည်၊ ပြန်ရ စရိတ် မရှိ၊ ပြောရမယ်လျှင်တော့ " ထွက်ငွေသာရှိသည်၊ ၀င် ငွေမရှိပေါ့ "၊ ကိုယ့်ဘာသာ ချက်မစားရသော ဒါနေး (ဆွမ်းစား) များများလိုက်ရသော ကျောင်းမှာ နေရလျှင်တော့ မဆိုးပါဘူး၊ ထွက်ငွေနဲ့ ၀င်ငွေမျှနိုင်ပါ သည်၊ ထိုသို့မဟုတ်လျှင်တော့ မလွယ်၊ ဦးဇင်းလေးကလည်း မလွယ်တိုင်း သူ့ရဟန်းဒကာအိမ်ကို တောင်းတောင်း နေရသည်၊ မြန်မာပြည်မှာ ရှိသော သူ့ရဟန်းဒကာများက အဆင်ပြေလျှင်တော့ တော်သေး တာပေါ့၊ တစ်နေ့  မြန်မာပြည်သို့ ပိုက်ဆံမှာဘို့  ဖုန်းဆက်လိုက်သည်၊ 

ဦးဇင်း                    "ဟလို မယ်တော်ကြီးလား"
ရဟန်းအမ           "အော် ဦးဇင်းလား၊ ဟုတ်တယ် မယ်တော်ကြီးပ"
ဦးဇင်း                   "နေကောင်းကြတယ် မဟုတ်လား"
ရဟန်းအမ           "ကောင်းတယ် ဦးဇင်း၊ ဦးဇင်းရော နေကောင်းတယ် မဟုတ်လား"
ဦးဇင်း                  "ဟုတ် ကောင်းတယ်"
ရဟန်းအမ          "အကြောင်းထူး ရှိလို့လား ဦးဇင်း"
ဦးဇင်း              " အင်း --  ပိုက်ဆံ ကုန်နေလို့၊ လူကြုံလည်းရှိလို့ လေ (ဆက်ပြောဘို့ အင်အားမရှိပါ)"
ရဟန်းအမ       "အော် မှန်ပါ ဦးဇင်း၊ ဒကာကြီးနဲ့ပြောလိုက်ပါ ဘုရား ၊ ခေါ်လိုက်မယ်ဘုရား၊   အပေါ်ထပ်မှာ  ရှိတယ် ဘုရား ၊ ခဏ ကိုင့်ထားပါဘုရား"
ဦးဇင်း                 "ဟုတ် ဟုတ် ဟုတ်"
(ခဏကိုင်ထားဆိုလို့   ဦးဇင်းလေးက ကိုင်ထားရှာသည်)၊
ဖုန်းထဲမှာ  မိခင်      " သမီး ဖေဖေကြီး သွားခေါ်လိုက်ဦး၊ ဖုန်းလာတယ်လို့ "
                သမီး   " မေမေ ဘယ်သူ့ဆီက ဖုန်းလဲ "
                မိခင " ဘယ်သူ့ဆီက ရှိရမှာလဲ၊ ကိုငွေတောင်းကြီး ဆီကပေါ့  " ၊ 
ထိုသားအမိပြောသောစကားသံများသည် ဖုန်းထဲကတိုင် အထင်းသားကြားနေရသည်၊ ကြည်လင်ပြတ်သား စွာ ကြားနေရသည်၊  ဦးဇင်းလေးမှာလည်း " ငါ့ကို ကိုငွေတောင်းကြီး လို့ခေါ်နေကြပြီးလား " လို့ စိတ်မကောင်းစွာဖြင့် သူ့လက်ကိုင်ဖုန်းမှ ခလုပ်လေးတစ်ခုကို နှိပ်လိုက်သည်၊ "တီ" ၊ ပြီးပါပြီ၊ "ကိုငွေတောင်း မဖြစ်ကြဘို့ " သတိပေးချင်ပါသည်။


တစ်ခါက အတောင်းအရမ်း ရဲတင်းလွန်းသောကြောင့် မိတ်ပျက်သွားခဲ့သော အကြောင်းအရာတစ်ခုရှိခဲ့သည်၊ ပြီးတော့ မိဘကိုတောင်မှ မတောင်းရမ်းတတ်သော လူတစ်ယောက်လည်း ရှိခဲ့ပြန်သည်၊ ထိုအကြောင်းများနဲ့ ပတ်သက်ပြီး  ---
(၁) အဘိုးတန်သော တန်းဘိုးကြီးမားသော (တန်းဘိုး မကြီးသော်လည်း ပိုင်ရှင်က နှစ်သက် မြတ်နိုးနေသော တန်းဘိုးထားနေသော) အရာကို တောင်းလျှင်လည်း မုန်းတတ်သည်၊ မိတ်ပျက် တတ်သည်၊
(၂) တောင်းသော အရာကို မပေးလျှင်လည်း မုန်းတတ်သည်၊ မိတ်ပျက်တတ်သည်၊
(၃) မိဘကိုပင်လျှင် အရေးတကြီး မလိုအပ်လျှင် မတောင်းပါနဲ့ --- ဟူသော စကားများကို မိန့်မှာခဲ့သည်။


မြင်ရသော တန်းဘိုးကြီးသော နှစ်သက်စရာကောင်းသော အရာဝတ္ထုကို မြင်လျှင် လိုချင်ကြသည်မှာ သူရော ကိုယ်ရော ဖြစ်သည်၊ မြင်ရလျှင် လိုင်ချင်လျှင် တောင်းရမ်းကြသည်မှာလည်း အပြစ်တစ်ခု မဟုတ်ပေ၊ ပိုင်ရှင်က မပေးနိုင်ကြောင်း ပြောပြငြင်းလိုက်ခြင်းသည်လည်း အပြစ်တစ်ခု မဟုတ်၊  သို့သော် ကိုယ်မပေးနိုင်သော မစွန့်နိုင်သော ပစ္စည်းကို အများမြင်ရတဲ့နေရာမှာ ထားမိခြင်းသည်ကား လောကရေးရာကို မသိတတ်ရာ ရောက်နေသည်၊ ထို့ကြောင့် "ကိုယ့်မှာရှိသော တန်းဘိုးကြီးသော ကိုယ်နှစ်သက်မြတ်နိုးသော မစွန့်လွတ်နိုင် မပေးနိုင်သောအရာများကို အများမြင်နိုင်တဲ့ နေရာမှာ မထားပါနဲ့၊ သူများပိုင်သော တန်းဘိုးကြီးသော တန်းဘိုးမကြီးသော်လည်း နှစ်သက်စရာ ကောင်းသော အရာများကို မတောင်းပါနဲ့လို့ " သတိပေးပြောချင်သည်၊ ကဲပါလေ၊ ဘာပဲဖြစ်ဖြစ် "ကိုယ်ရဲ့  တောင်းရမ်းမှု့ကြောင့်လည်း မိတ်မပျက်ပါစေနဲ့၊ ကိုယ့်ဆီမှာရှိသော အရာဝတ္ထုကြောင့် လည်း   မိတ်မပျက် ပါစေနဲ့  " လို့--------------

Monday, August 1, 2011

စာရေးသူတို့ရွာမှ လူဝင်စား ဖြစ်ရပ်မှန်များမှ (၁)

စာရေးသူတို့ရွာမှ ကိုယ်တိုင်တိုက်ရိုက် ကြားသိခဲ့ရသော အဖြစ်အပျက် အကြောင်းအရာများနှင့် တဆင့် ကြားသိခဲ့ရသော အဖြစ်အပျက်အကြောင်းအရာများကို ရေးသားထားခြင်း ဖြစ်ပါကြောင်း ကြိုတင်ဝန်ခံ ပါသည်၊ တူမလေး မိချစ်အကြောင်း---

တူမလေး မိချစ်သည် ယခုဆိုလျှင် အသက် (၅) နှစ် ပြည့်ပြီးဖြစ်သဖြင့် မူလတန်းကျောင်းသူလေးဖြစ်နေပါပြီ၊ မိချစ်လေး လူဝင်စားဖြစ်ကြောင်းကို စာရေးသူ၏ အစ်မ (မိချစ်၏အမေ) ပြောပြလို့သိခဲ့ရသည်၊ စာရေးသူ သည် ညီအစ်ကိုမောင်နှမများနဲ့သော်လည်းကောင်း တူလေးတူမလေးများနဲ့သော်လည်းကောင်း အတူနေခွင့် မရခဲ့တာ နှစ်တွေ အတော်ကြာခဲ့ပါပြီ၊ ထို့ကြောင့်လည်း သူတို့တွေရဲ့ အဖြစ်အပျက်အကြောင်းအရာများကို စာရေးသူ ကိုယ်တိုင် သိနိုင်ဘို့ မလွယ်ပါ၊ ကဲ အစ်မပြောပြသော မိချစ် အကြောင်းလေးကို ဖတ်ကြည့်ကြ ပါစို့နော်---

ချစ်သူခင်သူ ပေါများသောကြောင့်လည်းကောင်း,  တကယ်ပင်ချစ်စရာကောင်းသောကြောင့် လည်းကောင်း " မိချစ် " ဟုသာ အများက ခေါ်ကြသည်၊ မိချစ်ဟူသော နာမည်သည် သူ့နာမည်အရင်းတော့ မဟုတ်ပါ၊ နာမည်အရင်းမှာ ရွှေရည်ဝင်းဖြစ်သည်၊ မိချစ်သည် အရင်ဘ၀က ကြူကြူမာ ဟူသောနာမည်ဖြင့် မိန်းကလေး ပင်ဖြစ်ခဲ့သည်၊ ကြူကြူမာသည် စာရေးသူ၏ ဖခင်နဲ့မောင်နှမ တစ်ဝမ်းကွဲ တော်စပ်သည်၊ စားရေးသူတို့နဲ့ ဆိုလျှင်တော့ ဒေါ်လေးခေါ်ရမည် ထင်သည်၊ သို့သော်လည်း စာရေးသူတို့က ကြူမာ ဟုသာခေါ်ကြသည်။

စာရေးသူ သာသာနာ့ဘောင်ထဲသို့ မရောက်ခင်က ရွာအရှေ့ ပိုင်းက အောင်ထွေးတို့ညီအစ်ကိုနှစ်ယောက်နဲ့ စကားများ ရန်ဖြစ်ဘူးသည်၊ စာရေးသူ သာသနာ့ဘောင်ထဲရောက်ပြီး ၃ - နှစ်လောက်အကြာမှာ  ကြူမာနဲ့ အောင်ထွေးတို့ လက်ထပ်လိုက်ကြသည်၊ စာရေးသူသည် စာသင်နှစ်ပြီးတိုင်း မိဘတို့ ရှိရာ မွေးရပ်မြေသို့ ပြန်လာဖြစ်သည်၊ တစ်နေ့ ကြူမာနဲ့ တွေ့သည်၊ သူတို့အိမ်ကို လာလည်ဘို့ ပင့်ဖိတ်ခေါ်သည်၊ သူက အောင်ထွေးအိမ်မှာ လိုက်နေတာလေ၊ စားရေးသူကလည်း " ငါနဲ့မတည့်တဲ့ကောင်ရဲ့  အိမ်ကို မလာချင်ဘူး၊ နင်တွေ့ချင်ရင် ကျောင်းလာတွေ့လည်း ရတာပဲ၊ အိမ်လာတွေ့လည်း ရတာပဲ " လို့ခပ်မာမာပဲ ပြောလိုက်သည်၊ သူကတော့ ဆွေမျိုးရင်းဖြစ်တော့ ပင့်ချင် ဖိတ်ချင် လာလည်စေချင်တာ ဖြစ်မည်၊ စာရေးသူ မသွားဖြစ်ခဲ့ပါ၊ သူလည်း အလုပ်တွေများနေလို့ထင်ရဲ့   ၊ ကျောင်းကိုလည်း မလာ၊ အိမ်ကိုလည်း မလာပါ။

ဒီတစ်ခါ တွေ့ရခြင်းသည် သူနဲ့နောက်ဆုံးတွေ့ရခြင်းပဲလို့ ကြိုသိထားလျှင်တော့ အမုန်းကို ချိုးနှိမ်ပြီး သွားဖြစ်လိမ့်မည်ထင်သည်၊ အဲလို ကြိုမသိရတော့လည်း ခက်သားဗျာ၊ နောက်နှစ်တွေပြန်လာတော့လည်း ကြူမာနဲ့မတွေ့ဖြစ်၊ မဆုံဖြစ်ပါ၊ နောက်တော့ " ကြူမာ ဆုံးသွားပြီ " သူသော သတင်းသာ ကြားရသည်၊ စိတ်မကောင်းပါ၊ ဘာမှလည်း မတတ်နိုင်ပါ၊ အမျိုးတွေဖြစ်နေပေမဲ့ နောက်ဆုံးတွေ့ရချိန်မှာတောင် ရန်သူတွေလို ခပ်မာမာနဲ့ပြောဆိ့ခဲ့မိပုံကို သတိရတိုင်း စိတ်မကောင်းဖြစ်ရသည်၊ ဘာမှ မဟုတ်သော ကလေးဘ၀က ရန်ဖြစ်ခြင်း ကိစ္စလေးကို မကြေနိုင် မအေးနိုင်ခဲ့၊ အစွဲကြီးသော စာရေးသူ၏ စိကြောင့်ခက်ရသည်၊ စာသင်နှစ်ကုန်လို့ ရွာပြန်သွားတော့ အစ်မက " ဒီနှစ်ရွာမှာ ဘယ်သူတွေတော့ ဆုံးကုန်ပြီ၊ ဘယ်သူတွေတော့ ဘာဖြစ်ကုန်ပြီ " စသည် စသည်ဖြင့် ရွာနဲ့ဝေးနေသော စာရေးသူကို ကိုယ့်ရွာအကြောင်း သိအောင် စုံစုံလင်လင်ပြောပြတတ်သည်၊ သူက ပြောမပြဖြစ်ရင်လည်း စာရေးသူက မေးနေကြလေ၊ ကိုယ့်မွေးရွာနဲ့ ကိုယ့်ရွာကလူတွေ အကြောင်း ကိုတော့ စိတ်ဝင်စားသည်၊ " မမေ့အပ်သော နေရာများထဲမှာ ကိုယ့်မွေးရပ်မြေလည်း ပါသည် မဟုတ်ပါလားဗျာ "

ဒီလိုပဲ ပြောရင်း ပြောရင်းနဲ့ " ကြူမာက ကလေးမဖွားနိုင်လို့ ဆုံးသွားတာ၊ ဟိုဘက်ရွာမှာ ဆုံးခဲ့တာလေ၊ ရွာထဲကိုတောင် ပြန်သွင်းခွင့်မရှိဘူး၊ သူတို့ အိမ်နောက်ဘေးက ရွာစည်းလွတ်တဲ့နေရာလေးမှာ ထားရတာ " လို့ ပြောပြသည်၊ အဆိုးထဲက အကောင်းလို့ ပြောရမလိုပင်၊ ကြူမာနေသောအိမ်သည် ရွာရဲ့ အရှေ့ တောင် ပိုင်းမှာ အစွန်ဆုံးအိမ်ဖြစ်နေသည်၊ ကဲ ဒီလောက်ဆိုရင် ကြူမာ ဘယ်လို သေဆုံး ခဲ့တယ်ဆိုတာကို သိလောက်ပါပြီ၊ ဒီအကြောင်းလေးကို ကြိုတင်သိထားသင့်သည်ဟု ယူဆမိသဖြင့် ရေးသားလိုက်ခြင်းပါ၊ ကြူမာဆုံးတော့ သူ့ခင်ပွန်း အောင်ထွေးက ဘေးရွာမှ ဆရာဝန်ကို တရားစွဲဘို့ လုပ်သည်၊ ဆရာဝန်မှာလည်း အထိပ်တလန့် ဖြစ်နေသည်၊ သို့သော်လည်း လူရင်းတွေဖြစ်နေတာရော သေသောသူ ပြန်ရှင် မလာ တော့တာရော ဆရာဝန်ကတမင်လုပ်လိုက်တာ မဟုတ်တာရော ဆေးထိုးမှားသေတာ ဟုတ်/ မဟုတ် သေချာ မသိတာရော ဘေးက၀ိုင်းဝန်းဖြောင့်ဖြတာရောကြောင့် တရားစွဲဆိုမှု့ မဖြစ်ခဲ့။

နောက် ၂- နှစ်လောက်အကြာမှာတော့ စာရေးသူ၏အစ်မက သမီးလေး ဖြစ်ထွန်းသည်၊ မိချစ်ပါပဲ၊ မိချစ်လေး စကား မပြောတတ်သေးသော အရွယ်မှာ ယားပိန့်အကြီးကြီးတွေ ပေါ်တဲ့ ရောဂါဖြစ်သည်၊ ယားပိန့်တွေက သာမာန်ထက် ကြီးနေတာကို သတိထားမိကြသည်၊ လူကြီးများက ရွာရဲ့ ဓလေ့ အတိုင်း နတ်ကတော်ကို ခေါ်မေးကြသည်၊ နတ်ကတော်က " ရွှေ ခမဲ ပေးရမယ်ဟေ့၊ ဒါလေးက လူဝင်စားလေးဟေ့၊ နင်တို့ အမျိုး ထဲကပဲဟေ့" စသည်စသည်ဖြင့် ပြောဟောသွားလိုက်တာ ကြူမာဖြစ်နေပါရော့လားဗျာ၊ ကြူမာတဲ့ ဟူသော အသံလည်းကြားတော့ အောင်ထွေးက မနေနိုင်ပါ၊ သံယောဇဉ်ရဲ့ စွဲအားက ပြင်းထန်လွန်းလှသည်၊ ရွှေမခဲပေးရမယ် --စသည်အကြောင်းတွေကို ကြားသိသော အောင်ထွေးက ကြူမာ ကျန်ခဲ့သော ရွှေနားကပ် လေးကို လာပေးသည်၊ မိချစ်က ရွှေနဲ့ မတည့်ပြန်ဘူးလေ၊ ရွှေနဲ့ထိရင် ယားပိန့်တွေ ပြန်ပေါ်လာပြန်ရော၊ ဒါနဲ့ သူ့ အရင်ဘ၀က ရွှေနားကပ်လေးကို ပ၀ါနဲ့လိပ်ပြီး လည်ပင်းမှာ ကြိုးနဲ့ ဆွဲပေးထားရသည်၊ ရွှေခမဲပေးလိုက် သည်ဆိုလျှင်ပဲ အငိုတိတ်ပြီး ယားပိန့်တွေ ပြန်ပိန် ပျောက်သွားတာက ဆန်းကြယ်နေသည်၊ နတ်ကတော် ပြောတာ ဟောတာကို ယုံဘို့ကလည်း ခက်သည်၊ " နတ်ကတော်တို့ ဆေးဂိုဏ်းဆရာတို့ဆိုတာ သူတို့ ကိုယ်တိုင်ပြုစား (သို့) အောက်လမ်းသမားနဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်၊ သူတို့က ပြန်ကုစားနဲ့ ရိုက်စားလုပ်နေကြတာများတယ် " ဟူသော စကားကိုလည်း ကြားဘူးသည်၊ ဟုတ်သည် မဟုတ်သည် ကတော့ ထိုသို့သော ပုဂ္ဂိုလ်များသာလျှင် အသိဆုံးဖြစ်ပေလိမ့်မည်၊ နတ်ကတော် ပြောသွား ဟောသွားရုံနဲ့  လူဝင်းဆိုတာကို လက်ခံဘို့    မလုံလောက်ပါ။

မိချစ်လေး စကားပြောတတ်သောအခါ၊ တစ်နေ့မှာ အိမ်းနီးချင်းလည်းဖြစ်သော အမျိုးလည်းဟုတ်သော အောင်ဇော်လင်း( ကြူမာနဲ့  ဖအေတူ မအေကွဲမောင်လေး) ၏ ဇနီး အေးခိုင်က ဖျားနေသည်၊ အစ်မကလည်း အေးခိုင်းရဲ့ ကျန်းမာရေးအခြေအနေလည်းမေးရင်း ကူညီလုပ်ပေးစရာများရှိရင်လည်း လုပ်ပေးရင်းဆိုပြီး မိချစ်ကိုခေါ်ပြီးသွားသည်၊ အေးခိုင်တို့ အိမ်ရောက်တော့ အေးခိုင်ရဲ့ ကလေးများက ဆော့ကစားနေကြသည်၊ အစ်မက အိမ်ပေါ်တက်ကြည့်တော့ အေးခိုင်းမှာ အရမ်းကို ဖျားနေသည်၊ အဖျားတွေတက်နေသည်၊ ကလေးများကတော့ ငယ်ရွယ်ကြသေးသည့်အတွက် သူတို့ အမေဖျားနေသည်ကို မသိကြ၊ အောင်ဇော်လင်းကလည်း မရှိ၊ တောသွားသည်၊ အစ်မလည်း ဘေးနားအိမ်က လူများကို အကူညီတောင်းပြီ ဆရာဝန် ပင့်ခိုင်းရသည်၊ ဆရာဝန်ရောက်လာလျှင် ဆေးထိုးနိင်ဘို့အတွက်လည်း ရေနွေးအိုးကို အသင့်ဖြစ်အောင် တည်ထားလိုက်သည်၊ ဘေးနားအိမ်များမှ လူများလည်းရောက်လာကြသည်၊ တစ်ဦးတစ်ယောက် အကူညီလိုနေလျှင် ၀ိုင်းဝန်းကူညီတတ်သော တောဓလေ့သည် သိပ်ကို ချစ်စရာကောင်းသော အချက်တစ်ခုဖြစ်သည်။

ဆရာဝန်ရောက်လာတော့ လူနာကို စမ်းသပ်ပြီး ဆေးထိုးဘို့ ပြင်တော့သည်၊ ဆေထိုးမည့်အခြင်းအရာကို လည်းမြင်ရော မိချစ်လေးက " ဆေးမထိုးနဲ့ ဆေးမထိုနဲ့၊ ဆေးထိုးရင် သေတတ်တယ်၊ ငါလည်း အရင်ဘ၀က ဆေးထိုးလို့ သေခဲ့တာ " လို့ ကြောက်လန့် တကြားပြောသည်၊ ဘေးမှ လူများကလည်း အရွယ်နဲ့  မလိုက်အောင် ပြောထွက်လာသော စကားများကြောင့် မိချစ်ကို တအံ့တသြငေးကြည့် မိကြသည်၊ အစ်မမှာလည်း သူ့ သမီးလေး အခြင်းအရာကို ကြည့်ပြီး မယုံနိုင်ခဲ့၊ မိချစ်လေးက အိမ်ပြန်ဘို့ ပူဆာသည်၊ ဘေးမှ လူများကလည်း ပြန်ဘို့ တိုက်တွန်းကြသည်၊ အစ်မလည်း မိချစ်လေးကို ခေါ်ပြီး အိမ်ပြန်လာခဲ့သည်၊ အိမ်ရောက်တော့လည်း မိချစ်လေးက " မေမေ သမီးကို ဆေးမထိုးနဲ့နော်၊ သမီး ဆေးထိုးလို့ သေခဲ့တာ " လို့ ကြောက်လန့်နေသည် အမူအရာများနဲ့ ပြောပြန်သည်၊ ထိုသို့ဖြစ်တော့ အစ်မလည်း မနေသာတော့ပဲ " သမီးက ဘယ်လိုဆေးထိုး မှားတာလဲ၊ ဘယ်လို သေခဲ့တာလဲ " လို့ မေးမိသည်၊ မိချစ်လေးက " သမီး ဟိုဘက်ရွာကို ကလေးဖွားဘို့ သွားတာလေ၊ အဲဒါ ဆေးထိုးလို့ အဲဒီရွာမှာပဲ သေခဲ့တာ၊ သမီးကို သယ်သွားတဲ့ လှည်းနောက်ကတိုင် လိုက်လာခဲ့ရတာ "လို့ သူမှတ်မိသမျှ အကုန်ပြောပြသည်၊ အစ်မမှာ စိတ်မကောင်းဖြစ်ရသည်၊ မိချစ်လေးကို တင်းတင်းကျပ်ကျပ်လေး ထွေးပွေ့ရင်း " အင်းပါ ၊ ဆေး မထိုးပါ ဘူး၊ တကယ်လို့ ဖျားရင်တော့ ဆေးသောက်ရမယ်နော် " လို့ ပြောတော့ မိချစ်လေးက ခေါင်းငြိမ့်ပြသည်၊ အင်း  ကြူမာ ဆေးထိုးမှား သေဆုံးခဲ့တာတော့ သေချာခဲ့ပါပြီ  ။

နောက်တစ်ခု၊ တစ်နေ့ မှာ မိချစ်လေးက " မေမေ ချဲထိုးရအောင်နော်၊ သမီးညက အိပ်မက်တယ်" ဆိုပြီး သူအိပ်မက်သော ဂဏန်းသုံးလုံးကို ပြောပြသည်၊ အစ်မက " ချဲထိုးတာက ဟုတ်ပါပြီဗျာ၊ မေမေတို့မှာ ပိုက်ဆံမှ မရှိတာ သမီးရဲ့   " လို့ပြောတော့ မိချစ်လေးက သမီးသိမ်းထားတဲ့ ပိုက်ဆံ နှစ်ရာရှိတယ်လေ လို့ ပြောပြန်သည်၊ "သမီးပိုက်ဆံက ဘယ်မှာလဲ" လို့ မေးတော့  မိချစ်လေးက " အိမ်က တံစက်မြိက်မှာ လေ၊ အောင်ထွေးသိရင် ထန်းရည်ဝယ်သောက်မှာ စိုးလို့ သူမသိအောင် ညှပ်ထားတာ "လို့ပြောပြ သည်၊ မိချစ်အိပ်မက်သော ဂဏန်းသုံးလုံးကိုတော့ စာရေးသူ မမှတ်မိတော့ပါ၊ စာရေးသူလည်း ရွာမှာ ရှိခိုက် ထိုးခဲ့သေးသည်၊ မထွက်ပါ၊ အစ်မကတော့ ခုထိတိုင်အောင် ထိုးနေဆဲပဲ ဖြစ်မည်၊ မထွက်သေးရင်ပေါ့၊ အစ်မက "သမီးလေး စိတ်ချမ်းသာအောင် အဲဒီဂဏန်းမထွက်မချင်း အပါတ်တိုင်း ၂၀၀ ဘိုး ထိုးမယ်လို့ စိတ်ကူးထားတယ်" ဟု ပြောပြဘူးသည်၊ အောင်ထွေးကို တွေ့လို့ ပိုက်ဆံနှစ်ရာအကြောင်းကို ပြောကြည့်တော့ "အေးဗျ၊ သူသိမ်းထားတဲ့ ပိုက်ဆံ ၂၀၀ ကို ထန်းရည်ဝယ်မသောက်ဘို့တော့ ပြောဘူးတယ်၊ ဒါပေမဲ့ ဘယ်နေရာမှာ ထားမှန်းတော့ မသိခဲ့ဘူး၊ တံစက်မြိက်မှာ ထားတာဆိုရင် တော့ မရှိလောက်တော့ဘူး၊ အိမ် အမိုး လဲလိုက်တဲ့အထဲ ပါသွားလောက်ပြီ " ဟု ပြောသည်။

ကဲ ဒီလောက်ဆိုရင်တော့ မိချစ်လေး လူဝင်းစား ဟုတ်/ မဟုတ်ဆိုတာကို တွေးကြည့်ပြီး သိနိုင်လောက် ပါပြီနော်၊ လက်ခံနိုင်တာ လက်မခံနိုင်တာကတော့ စားဖတ်သူများ၏ ခံယူချက်နဲ့သာ သက်ဆိုင်လိမ့်မည်ဟု ထင်ပါသည်၊ အရင်ဘ၀က စာရေးသူတို့ထက် အသက်ကြီးသော ဒေါ်လေးကြူမာက ခုတော့ စာရေးသူရဲ့  တူမလေး ဖြစ်နေပါပြီ၊ ဖေဖေနဲ့ မောင်နှမတော်ခဲ့သူ ကြူမာက ခုတော့ ဖေဖေ့ မြေးမလေး ဖြစ်နေပါပြီ၊ ဘ၀တွေရဲ့ ကျင်လည်နေပုံက သိပ်ကို သံဝေဂရဘို့ ကောင်းလှသည်၊ သို့သော်လည်း ဘဘာဝ အဖြစ်အပျက် အမှန်ကို မသိသေးသမျှတော့ ကျင်လည်နေကြရပေဦးမည်၊ ထိုသို့ ကျင်လည် ရသော်လည်း လူဝင်စားလေး တွေဖြစ်ဘို့ မြင့်သထက် မြင့်သော ဘ၀များကို ပိုင်ဆိုင်နိုင်ဘို့တော့ အရေးကြီးလှသည်၊ သတ္တ၀ါတိုင်းမှာ သေခါနီးကာလလေးမှာ ထင်မြင်ဖြစ်ပေါ်လာသော စွဲလမ်းမိသော အာသန္နကံကြောင့်လည်း ဘ၀တွေပြောင်းလဲ သွားနိုင်သည်၊ "ဆေးထိုးလည်းမှား ဗိုက်ကလည်းနာ မောဟိုက်ပြီး သေဆုံးသွား ခဲ့သော ကြူမာအနေနဲ့ အာသန္နကံ ကောင်းကောင်း ဖြစ်ပါ့မလား" လို့တော့ တွေးမိသည်၊ စိတ်ဆိုတဲ့အရာက မြန်ဆန်လွန်းတော့လည်း တွေးရခက်လှသည်၊ အာသန္နကံမကောင်းလျှင်တော့ ဘ၀က လည်း မကောင်းနိုင်ပါ၊ သို့သော်လည်း လူ့ဘ၀ကို ပြန်ရောက်လာတာကတော့ ဆန်းကြယ်နေသည်၊ ထို့သို့  ဘ၀ကောင်းကို မြန်မြန်ပြန်ပို့လိုက်သောကံသည် အရင်အရင်ဘ၀တွေကပြုလုပ်ခဲ့ဘူးသော ဥပပဇ္ဇဝေဒနီယကံ (သို့) အပရာပရိယဝေဒနီယကံ ကြောင့်ဖြစ်မည်လို့လည်း တွေးမိပြန်သည်၊ မည်သို့သော ကံကြောင့်ဖြစ်ဖြစ် လူဖြစ်မရှုံးဘို့ တော့ လိုအပ်သည်မှာ အမှန်ပင်ဖြစ်သည်။