Wednesday, January 4, 2012


"  ၆၄- လွပ်လပ်ရေးနေ့ အမှတ်တရ "


ဒီ ခြောက်ဆယ့်လေး၊ လွတ်လပ်ရေးနေ့၊
ယူပေး လွတ်လပ်၊ အအေးဓာတ်ကို၊
ညီညွတ်လို့သာ၊ ရနိုင်ပါသည်၊
ဒို့များ ညီညွတ်ကြပါစို့။

ဒီ ခြောက်ဆယ့်လေး ၊ လွတ်လပ်ရေးနေ့၊
ငါတွေးမြင်မိ၊ ဗိုလ်ချုပ်သိလျှင်၊
ငိုမိသည်ထိ ၊ ဖြစ်မိလိမ့်မည်၊
ဒို့များတွေးသိ စိုးထိပ်မိ။

နှစ်နှစ်ဆယ်ပ၊ လုပ်ဆောင်ပြသော်၊
ကမ္ဘာက သိစေ၊ မြန်မာတွေကို၊
မော်စေ ကြည့်ရ၊ ငါလုပ်ပြမည်၊
စိတ်က ရည်ထား၊ ဗိုလ်ချုပ်အားကို၊
ဒို့များတွေးမိ လွမ်းမိသည်။

ခြောက်ဆယ့်လေးမြောက်၊ တကယ်ရောက်လာ၊
စိတ်ခြောက်ခြားမိ၊ ငါ့ရင်ထိစေ၊
ငါ့အသိ များလည်း၊ မှုန်ဝါးဆဲလေ၊
ဒို့ဗိုလ်ချုပ်ရေ၊ တွေးလေတွေးလေ၊
လွမ်းဆွတ်နေဆဲ၊ ၀မ်းလည်းနည်းသည်၊
သင် သိပါစေ။

လွတ်လပ်ရေးနေ့ ၊ ငါ မမေ့ပါ၊
ရောက်လေ့ နှစ်စဉ်၊ င့ါစိတ်စဉ်ဝယ်၊
ထိပ်ပင် ပန်သ၊ ဆုတောင်းရသည်၊
မြန်မာပြည်ဖွား၊ တိုင်းရင်းသားတို့၊
လွတ်လပ်ဘို့ရန်၊ အသက်ပေးသွား၊
ဗိုလ်ချုပ်စသား ၊ ဇာနည်များတို့၊
ကောင်းရာသုဂတိ၊ လားစေဘို့ရန်၊
လွတ်လပ်ရေးနေ့ ၊ တောင်းဆုပန်။

Monday, January 2, 2012

ငါတို့က သာဓုတွေပါကွာ


ဒီနေ့ တတိယအကြိမ် လင်္ကာတမန်မဂ္ဂဇင်း မိတ်ဆက်ပွဲအခန်းအနားရှိသည်၊ နေ့လည်စာ စားကြတော့ စာရေးသူက တစ်ဝိုင်းထိုင်တဲ့ သူငယ်ချင်းကို “ ဟေ့ ဒီနေ့ ညနေ ၃း၀၀ မှာ လင်္ကာတမန် မဂ္ဂဇင်း မိတ်ဆက်ပွဲ ရှိတယ်နော် ” လို့ ပြောလိုက်သည်၊ သူငယ်ချင်းက “ အဲဒါ ငါတို့နဲ့ သိပ်မဆိုင်သလိုပဲ၊ ငါတို့က ဘာမှ မဟုတ်ဘူး၊ ငါတို့က သာဓုကောင်တွေပါကွာ၊ သာဓု လောက်ပဲ ရတဲ့ကောင်တွေပါ၊ အဲလောက်ပဲ အသုံးဝင်တာလေ” လို့ ပြောသည်၊ စာရေးသူလည်း သဘောကျလို့ အားရအောင် ရယ်မိလိုက်သည်၊ မပြီးသေးတဲ့ နေ့လည်စာတောင် မစားချင်တော့၊ ဗိုက်နာနေသည်၊ သဘောကျရင် အဲလိုကို ရယ်တတ်တဲ့ စာရေးသူပါ။

စာရေးသူလည်း “ မင်းက မှတ်တမ်းတင်ရမှာလေကွာ၊ ကင်မရာ ယူလာခဲ့ပေါ့၊ မင်းက သတင်းဖြန့်ဝေရေးပဲဟာ” လို့ ပြောမိသည်၊ ဒီတော့ သူငယ်ချင်းက “ င့ါမှာ ကင်မရာမှ မရှိတာ” တဲ့၊ စာရေးသူ ထပ်ပြီး ဗိုက်နာရပြန်သည်၊ အဲဒီသူငယ်ချင်းက စာရေးသူနဲ့ တော်တော်လေးကို ရင်နှီးသည်၊ ခင်ဘို့လည်း သိပ်ကောင်းပါသည်၊ စာရေးသူလည်း အပြောမတတ်ပါဘူး၊ အပြောမတတ်ဆို စကားပြောတာ မပြေပြစ်ဘူး မကြေညစ်ဘူးလို့ ပြောတာ ပိုအဆင်ပြေပါလိမ့်မယ်၊ တည့်တွေချည်းပဲ ဒိုးဒိုးဒေါက်ဒေါက်ပဲ ပြောတတ် သည်၊ အဲ့ဒီသူငယ်ချင်းက စာရေးသူထက်ပိုသည်၊ ဟာဟ၊ သူမသိတုန်း သူ့အတင်းလေး နည်းနည်းပါးပါးတော့ တုတ်လိုက်ဦးမှ၊ ဒီလိုနဲ့ စားလို့ပြီးတော့ “ သာဓုတွေပါဆိုတာကို ငါ သဘောကျတယ်ကွ၊ စာတစ်ပုဒ်တော့ ရေးဦးမှနဲ့တူတယ် ” လို့ ပြောမိသည်၊ သူကလည်း “ရေးကွာ”လို့ ပြောသည်၊ သူပြောတာ အတည်ဟုတ်မဟုတ်တော့ မသိ၊ စာရေးသူ ကတော့ ယခု တကယ် ရေးနေမိပါပြီ။

မဂ္ဂဇင်းစာအုပ်မိတ်ဆက်ပွဲ တက်လိုက်တော့ သူငယ်ချင်းက ကင်မရာတစ်လုံးနဲ့ လက်စွမ်း ပြနေပါပြီ၊ ဘယ်သူ့ ကင်မရာလဲတော့ မသိ၊ စာရေးသူရောက်တော့ သူ့ဘေးက ခုံတစ်ခုံမှာ ထိုင်လိုက်သည်၊ သူက စာဖတ်နေပုံ လုပ်ခိုင်းသည်၊ ပြီးတော့ ဓာတ်ပုံတစ်ပုံ ရိုက်ယူသည်၊ ဒါမျိုးတွေက ရိုးတော့ ရိုးနေပါပြီ၊ မြန်မာပြည်မှာ တုန်းကလည်း စာသင်နေပုံ လုပ်ခိုင်းပြီး ဓာတ်ပုံရိုက်တာတွေ ခဏခဏကြုံခဲ့ရဘူး သည်လေ၊ ရယ်တော့ ရယ်စရာပဲနော်၊ ဟန်ဆောင်နေခဲ့ရမှု့တွေ သိပ်များနေတော့ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို ရှက်မိပါသည်၊ ဘယ်လိုဟန်ဆောင်မှု့မျိုးကိုမှ စာရေးသူ မလုပ်ချင်ပါ၊ အဲဒါဟာ ရင်ထဲက ဆန္ဒအမှန်ပါ၊ ဒါပေမဲ့ လောကကြီးကိုက ဟန်ဆောင် တတ်အောင် သင်ပေးနေသလို ခံစားရသည့်အခါလည်း ရှိနေပြန်ပါသည်၊ ခက်တော့ လည်း ခက်သားနော်။

စာပေမိတ်ဆက်ပွဲ အခမ်းအနားမှာ အဓိကခေါင်းဆောင်များနဲ့ စာမူရှင်များကို မဂ္ဂဇင်းစာအုပ် လက်ဆောင်အဖြစ်ပေးအပ်ပါသည်၊ စာရေးသူလည်း စာမူရှင် တစ်ယောက်အနေနဲ့ စာအုပ်တစ်အုပ်ရခဲ့ပါသည်၊ သို့သော်လည်း မပျော်ပါ၊ အကြောင်းမှာ စာရေးသူ၏ ဆောင်းပါးကို စာရေးသူမကြိုက်သော “ မည်သို့ပင် ဆိုစေကာမူ ” စသော စကားလုံးများဖြင့် အစားထိုးပြင်ထားသောကြောင့် ဖြစ်သည်၊ တစ်ချို့ စကားလုံးများသည် အယ်ဒီတာများအနေဖြင့် နှစ်သက်ချင် နှစ်သက်ပေ လိမ့်မည်၊ သို့သော် စာရေးမကြိုက်၊ ထို့ကြောင့် စာမူအရွေးခံရသဖြင့် စာအုပ် လက်ဆောင်ရသဖြင့် ပျော်ရမည့်အစား မရွေးခံရလျှင် မပါလျှင် ပိုကောင်းမည် ဟု စိတ်ပိန်စွာ စိတ်မကောင်းစွာတွေးနေမိသည်၊ အင်း  အယ်ဒီတာတွေအားလုံးက စာရေးသူထက် အစစအရာရာ အဘက်ဘက်မှ တော်နေသူတွေဆိုတော့လည်း ကောင်းသထက် ကောင်းဘို့ပြင်တာ ဖြစ်မှာပါလေ၊ စာရေးသူကတော့ မကြိုက်ပါ၊ ( အယ်ဒီတာများအနေနဲ့ သတ်ပုံမှားနေတာ သတ်ပုံကျနေတာများကိုသာ ပရုဖတ်ပြီး ပြင်သင့်သည်ဟု စာရေးသူ ထင်မိသည်၊ စာရေးသူရဲ့ အာဘော် စကားလုံးအသုံး အနှုန်းများကိုတော့ မပြင်သင့်ဟု တွေးထင်မိသည်၊ သို့သော်လည်း စာရေးသူအနေနဲ့ စာပေရေးရာ စည်းကမ်းချက်များကို ကောင်းကောင်းနားမလည်တာကြောင့် ထိုသို့ တွေးမိတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသည်)။

ဘယ်လိုပဲ ဖြစ်ဖြစ်ပါလေ၊ ခုတော့ စာရေးသူက သာဓုသူငယ်ချင်းကိုသာ လိုက်ကြည့်နေမိသည်၊ (သာဓုတွေပါ ဟုပြောခဲ့သော သူငယ်ချင်း)၊ အခမ်းအနား စပါပြီ၊ သာဓုသူငယ်ချင်းက ကင်မရာတစ်လုံးနဲ့ ဒေါင့်စေ့အောင် ရိုက်နေရှာသည်၊ အခမ်းအနားတွင် တာဝန်ရှိပုဂ္ဂိုလ်များက တစ်ယောက်ပြီး တစ်ယောက် သူတို့တာဝန် ကျရာ အခန်းကဏ္ဍ အကြောင်းအရာများကို ပြောပြသည်၊ တစ်ယောက်ပြီးတိုင်း သာဓု ၃ ကြိမ်ခေါ်ရသည်၊ ဟိ ၊ သာဓုသူငယ်ချင်းမှာလည်း ဓာတ်ပုံရိုက်လိုက် လက်အုပ်လေးချီ ကာ သာဓုခေါ်လိုက်နဲ့ အခမ်းအနားပြီးဆုံးခဲ့ရသည်၊ ပွဲပြီးတော့မှ “သြော် သူပြောတဲ့ သာဓုတွေပါကွာ” ဆိုတဲ့ သဘောကို ကောင်းကောင်းကြီး သဘောပေါက်ခဲ့သည်။

စာရေးသူသည် တရားပွဲတော်တော်များများကို နာဖူးပါသည်၊ တရားပွဲတွေမှာ သာဓုခဏခဏခေါ်ရသော တရားပွဲဆိုလျှင် သိပ်စိတ်ပျက်သည်၊ “သာဓုဆိုတာ သဘောကျ နှစ်သက်လို့ ကောင်းလိုက်တာ ကောင်းလိုက်တာ ” လို့ ကောင်းချီးပေးတဲ့ စကားသံပါ၊ တစ်ချို့ဆရာတော်တွေပြောတာ ဟောတာကို စာရေးသူ သဘောမကျပါ၊ အဲဒီအခါမျိုးမှာ စာရေးသူ သာဓုလို့ လိုက်မခေါ်ပါ၊ မဆိုပါ၊ စာရေးသူအနေနဲ့ လွတ်လွတ် လပ်လပ် လုပ်ပိုင်ခွင့်ရှိပါတယ်နော်၊ တရားသဘောက အရမ်းကို သဘာဝကျပြီး ကောင်းမွန်ပါသည်၊ ပြည့်စုံပါသည်၊ လေးနက်ပါသည်၊ တရားကို ဟောပြောသော ပုဂ္ဂိုလ်များ၏ အတွေးနဲ့ ပြောပြချက်တွေကြောင့် ပေါ့သွားတာ တိမ်သွားတာတွေ ရှိနေတတ်သည်၊ စာရေးသူကိုယ်တိုင်က တရားဟောတာလည်း ၀ါသနာ မပါပါ၊ ဟောလည်း မဟောတတ်ပါ၊ စာချဘုန်းကြီးပီပီ စကားပြောသလိုသာ ပြောတတ်သည်၊ ဒါကြောင့် တရားဟောသော ဆရာတော်များကို မကြိုက်တာ တစ်ချို့ရှိသော်လည်း ပုဂ္ဂိုလ်လို့ သုံးနှုန်းခေါ်ဝေါ ပြောဆိုပါသည်၊ (စာရေးသူ ထင်တာက ပုဂ္ဂိုလ်ဆိုတာ အပုတ်စာ စားတဲ့ သက်ရှိအားလုံးနဲ့ဆိုင်တယ်လို့ ထင်ထားတာပါ၊ ဒါပေမဲ့ သူငယ်ချင်း တစ်ယောက်က “ ပုဂ္ဂိုလ်ဆိုတာ မြင့်မြတ်တဲ့လူတွေ လေးစားတဲ့လူတွေကို ခေါ်တာ၊ သတ္တ၀ါဆိုတာက တိရစ္ဆာန်နဲ့တူတဲ့လူတွေနဲ့ တိရစ္ဆာန်အစစ်တွေကို ခေါ်တာ” လို့ ပြောဘူးပါသည်၊ ဒါကြောင့်လေးစားလို့ ပုဂ္ဂိုလ်လို့ သုံးနှုန်းပါသည်၊ သတ္တ၀ါဆိုရင် အားလုံးပါဝင်ပေမဲ့ “ ဒီသတ္တ၀ါလေးက ပြောရင်နားမထောင်ဘူး၊ ကလန်ကဆန်နဲ့”လို့ ပြောသံဆိုသံ ငေါက်သံတွေကို စာဖတ်သူများကြားဖူးပါလိမ့်မည်၊ အဲဒါဟာ တိရစ္ဆာန် လိုပဲ အသိမရှိဘူးလို့ နှိုင်းယှဉ်ပြောဆိုတာပါပဲ)။

ပထမအကြိမ် ကမ္ဘာ့ဘာသာရေးအစည်းအဝေးကြီးမှာ ထင်ပါသည်၊ အတိအကျတော့ မမှတ်မိတော့ပါဘူး၊ မစိုးရိမ်ဆရာတော်ကြီးလည်း တက်ရောက်တဲ့မြန်မာပြည် ကိုယ်စားလှယ်ဆရာတော်ကြီးများထဲတွင် ပါဝင်လေသည်၊ နိုင်ငံပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များ တက်ရောက်ကြတာဆိုတော့ နိုင်ငံတကာသုံး ဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်စာဘာသာကိုပဲ အသုံးပြုရပါတယ်၊ ဆရာတော်များက အင်္ဂလိပ်စာကို သူများနည်းတူ မပြောဆိုနိုင်တော့ ဘာမှမပြောခဲ့ရဘူးပေါ့နော်၊ နားပါသော်လည်း နားမကြားနိုင်သူလိုဖြစ်နေပါတယ်၊ မျက်စိပါသော်လည်း မမြင်ရသူပမာဖြစ်နေပါတယ်၊ မြန်မာပြည်ပြန်ရောက်တော့ ဆရာတော်ကြီးရဲ့ တပည့်ဒကာတစ်ယောက်က သူတို့ဆရာတော်ကြီး ဒီလိုအခမ်းအနားမှာ မြန်မာကိုယ်စားလှယ်အဖြစ် တက်ရောက်ခဲ့ တယ်ဆိုတော့ ၀မ်းသာလို့ မဆုံးပေါ့၊ အဲဒါနဲ့ “ ဆရာတော်ဘုရား၊ ဆရာတော်က ဘယ်လိုအခန်းကဏ္ဍကတိုင် ပါဝင် ဆောင်ရွက်ခဲ့ပါသလဲဘုရား “ လျှောက်ထားကြည့် ပါတယ်၊ ဆရာတော်ကြီးက သူ့ပင်ကိုယ်ရိုးရှင်းတဲ့ စရိုက်အတိုင်း “ငါတို့က သာဓုခေါ်ပြီး ပြန်လာရတာပါကွာ”လို့ ပြောပြပါသည်၊ အင်း ဆရာတော်ကြီးလည်း သာဓုပုဂ္ဂိုလ်ဖြစ်ခဲ့ ပါလားနော်။

တစ်ခါက စာရေးသူနေသော ကျောင်းတိုက်မှ ဆရာတော်သည် နိုင်ငံတော် သံဃမဟာနာယကတာဝန်ကို လုပ်ကိုင်ခဲ့ဘူးသောဆရာတော်တစ်ပါးဖြစ်သည်၊ ခုတော့ အနားယူနေတာကြာပါပြီ၊ အသက်အရွယ်ကလည်း ရလာပြီလေ၊ တစ်နေ့ ဆရာတော်က အဂ္ဂမဟာပဏ္ဍိတဆရာတော်များ အခမ်းအနားတက်ရောက်ဘို့ ရှိပါ သည်၊ ဆရာတော်ကလည်း အဲဒီဘွဲ့ကို လက်ခံထားသည်လေ၊ ဆရာတော်က စာရေးသူကို “ငါတို့ အခမ်းအနားတက်တယ်ဆိုလို့ အထင်ကြီးမနေနဲ့၊ အစိုးရ တာဝန်ရှိသူတွေ ပြောတာ လျှောက်ထားတာ နားထောင်ပြီး ပြန်လာရတာပဲ၊ ဒို့များ မဟနဆရာတော်ဖြစ်တုန်းကလည်း အခမ်းအနားရှိရင် ဒို့ကအရင်ရောက်နေရပြီး သူတို့ကို စောင့်နေရတယ်ဗျ၊ သူတို့ရောက်လာရင် သူတို့ ပြောတာဆိုတာ နားထောင် ခေါင်းငြိမ် လက်မှတ်ထိုးပြီး အခမ်းအနား သိမ်းတာပဲ” လို့ ပြောဘူးပါတယ်၊ စာရေးသူက ဆရာတော်ရဲ့ ဝေယျာဝစ္စလုပ်ရသူလေ၊ ဆရာတော်က သိပ်ချစ်တော့ အကုန်ပြောပြ တာပါ၊ အင်း စာရေးသူရဲ့ ဆရာတော်လည်း သာဓုပုဂ္ဂိုလ်တစ်ပါးဖြစ်ခဲ့သည်ပေါ့။

စာရေးသူတို့ မြန်မာများကလည်း ခက်ပါသည်၊ သူများက ဘာတဲ့ ဆိုလျှင် ဘာညာဘာညာ လိုက်လုပ်တတ်ကြသည်၊ အယုံ လွယ်လွန်းသည်၊ မဖြစ်သင့်ပါ၊ စာရေးသူ ကြားဖူးတာ တစ်ခုရှိသည်၊ ဟုတ်သည် မဟုတ်သည်တော့ မသိ၊ တစ်ခါက တရားပွဲတစ်ပွဲတွင် ဆရာတော်တစ်ပါးက တရားဟောသည်၊ မောင်မျိုးဆိုတဲ့ လူတစ်ယောက်က အိပ်ချင်မူးတူးနဲ့ “မှန်ပါ မှန်ပါ ၊ဟုတ်ပါ ဟုတ်ပါ” နဲ့ လိုက်လုပ်နေသည်၊ ကြာတော့ ဆရာတော်က သူ့ကို နောက်နေတာ ထင်ပြီး စိတ်ထဲမှာ တစ်မျိုးဖြစ်နေသည်၊ ဒါနဲ့ တရားပွဲပြီးတော့ “ ယခုပြုရ ကုသလကြောင့် မောင်မျိုး၏ သမီးကြီး ငါနဲ့နီးကာ ညားရပါစေသတည်း” ဟု တရားပွဲကို အဆုံးသတ်လိုက်သည်၊ ထိုအခါ မောင်မျိုးအပါအ၀င် အားလုံးက “သာဓု သာဓု သာဓု” လို့ သံပြိုင်ဆို လိုက်ကြ သည်၊   ဆရာတော် ဘာပြောလိုက်သည်ဆိုတာကို သေချာနားမထောင်ကြ၊ အီးယောင်ဝါးလိုက်တတ်ကြသည်၊ အဲဒီလို အချောင်လိုက် အကျင့်ကြောင့်ပဲ ဗမာပြန် မြနမာပြည် သူ့ကျွန့်ဘ၀ရောက်ခဲ့ရသည့် ထင်ရဲ့၊ ခက်လှပါသည်၊  တရားခွေကို အသံ ဖမ်းထားပြီး ပြန်ဖွင့်နားထောင်ရင်တော့ သိကြမှာပေါ့။


စာရေးသူကတော့ တဆင့်စကား ကြားရတာ၊ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ စာရေးသူတို့ လူမျိုးများ အယုံကြည် မလွယ်သင့်ပါဘူး၊ ပြီးတော့ အရာရာတိုင်းကိုလည်း အကျိုးများသည် နည်းသည်  ဖြစ်သင့်သည် မဖြစ်သင့်ဘူး ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး အကြောင်းအကျိုး အမျိုးမျိုးကို ဥာဏ်နဲ့အရင်စဉ်းစားဆင်ခြင်ပြီးမှ မှန်တယ် ကောင်းတယ် အကျိုးရှိတယ်ဆိုမှ ၀ီရီယစိုက်ထုတ်ကာ လုပ်သင့်ပါသည်၊ ဘာပဲဖြစ်ဖြစ် ပါ၊ စာဖတ်သူများ အနေနဲ့ သာဓုပုဂ္ဂိုလ်ထဲမှာ မပါပါစေနဲ့လို့ ဆုတောင်းဆန္ဒပြုရင်း ----------------------
"  ဆန္ဒတော် ပြုပါသည် "


ဗြောက်အိုးသံတွေ ဆူညံ၊
သန်းခေါင်းယံ အိပ်မရ၊
ကားလမ်းမ ထွက်ထိုင်၊
ယိုင်တိုင်တိုင်နဲ့ မူးနေကြတယ်၊
မြင်ရတာ စိတ်မကောင်း၊
အားလုံးကို ထောင်းထုပစ်ချင်တယ်။


ကြည့်နေရင်း ကားတစ်စီး ၀င်လာ၊
အခြေနေက မဟန်လှပါ၊
ဝင်ဝင်ချင်း လူတစ်ယောက်ကို ၀င်တိုက်၊
ငိုက်စိုက်ကျသွားတဲ့ ထိုလူ၊
ခေါ်သူခေါ် ထူသူထူပေမဲ့ ၊
သူ မသိရှာတော့ဘူး။



တကယ်ရူးတဲ့ လူတွေ၊
နှစ်သစ်မှာ နှစ်သက်စရာ ကောင်းတာတွေလုပ်ကြရော့ပေါ့၊
ခုတော့ မဟုတ်ပါ၊ မဟုတ်တာတွေပဲ လုပ်ကြတယ်၊
မင်းတို့ နှစ်သက်ကြိုပုံက ဘ၀င်မကျစရာပဲ၊
ဒို့ပြည်နိုင်ငံမှာလည်း ဒီလိုပဲ ကဲနေကြတယ် ထင်တယ်၊
အတုမယူတတ် မဆင်ခြင်တတ်တဲ့ လောက၊
စိတ်ဒုက္ခ သိပ်ရောက်ရတယ်။



ဘုရားသခင်က ကောင်းချီပေး၊
တွေးကြည့်စရာမလိုပြီ သေသူတွေက များလှပြီ၊
မသေအောင်သာ ဖန်ဆင်းပါတော့၊
ခေါင်းထောင်ကာ အခါခါမော့လို့ ၊
တိုင်တည်မိပေါ့။



ရုပ်ဆိုး မရှိ၊ ဆင်းရဲ မရှိ၊
အစစ တူညီ၊
ဥာဏ်ရည်တူ ဖန်းဆင်းလို့ ပေးပါ၊
ဒီလိုသာ ဖြစ်နိုင်ပါမူ၊
တူညီစွာ စိတ်ထားနဲ့၊
နှစ်သစ်ကို ကြိုဆိုဘို့၊
ကျွန်တော်ပါ ပါဝင်လို့ နေမှာပါ။


" စည်းစောင့်အပျော် "


နှစ်ကူးမှာ အထူးပျော်ဘို့၊

ရည်စူးလို့ စိတ်ကြံစည်၊

မျော်နေမည့် ချစ်သူဆီ၊

ဦးတည်လို့ လှမ်းခဲ့။



ချိန်းတဲ့နေရာ ရောက်တော့၊

စက်ဘီးဒေါက်ထောက်လို့ ထိုင်နေ၊

ချစ်သူရေ ရောက်တာ ကြာပြီလား၊

မေးလျှက် မိသား။



ချစ်သူ မျက်နှာ မရွှင်၊

စိုးထိပ်တဲ့ အသွင်ကပေါ်၊

ရွှေစိတ်တော် မရွံ့  ပါနဲ့၊

မခူး ရက်ခဲ့။



ညင်သာတဲ့ အနမ်းလေးချွေ၊

ပန်းနှင်းဆီရေ မကြွေစေချင်ဘူး၊

မဆွတ်ခူးပါဘူး ချစ်သူရယ်၊

မြန်မာ့ မျိုးဂုဏ် မပျက်စေရဘူး။



ပျော်ရွှင်စွာ ချိန်းကာမူးလို့၊

အလွန်အကြူး မခူးစေချင်၊

မြန်မာမှန်လျှင် ကျား/ မ နှစ်ဘက်၊

စည်းများ စောင့်သင့်။



ဒို့ပျိုမေများ စည်းစောင့်ငြားမှ၊

ဒို့များ ကိုယ်တွေ ထင်ကြီးပေမပေါ့၊

ဒို့များ ကိုယ်တွေ စည်းစောင့်ပေမှ၊

ဒိုများပျိုမေ သန့်ရှင်းပေမပေါ့။



ဒို့များ ကိုယ်တွေ ဒို့ပျိုမေရေ၊

ဒို့တွေ ထိန်းသိမ်း ဒို့မယိမ်းမှ၊

ဒို့များ ဂုဏ်ရည် ကမ္ဘာကျော်မည်၊

ဒို့များ ဆက်ကာ ထိမ်းကြစို့၊

ဒို့များ သစ္စာ ရှိကြစို့၊

ဒိုများ စည်းတွေ စောင့်ကြစို့။

" သူငယ်ချင်းများသို့ အမှာ "


တစ်နှစ်ကုန်ပြန်ပြီ၊
ရင့်ရော်လာသည့် ခန္ဓာ၊
ဆုတ်ယုတ်လာသည့် အားအင်၊
သေမင်းထံ နင်ပေးနေတဲ့ အချိန်ရယ်၊
မိဘကျေးဇူး ဆပ်ဖူးချင်ပါသေးတယ်၊
တရားထူးအရသာလည်း ခံစားဖူးချင်ပါသေးတယ်၊
သနားကာ ထောက်ထားလို့၊
တစ်နှစ်တာ အသက်ရှင်ခွင့်ပေးပါနော်။

မိဘကျေးဇူးလည်း ဆပ်ဖူးချင်တယ်၊
တရားထူးအရသာလည်း ခံစားဖူးချင်တယ်၊
အများအကျိုးလည်း သယ်ပိုး ရွက်ဆောင်ချင်ပါတယ်၊
ကူညီတဲ့ သဘော၊
သင့် မနောမှာ ထားလို့၊
၂၀၁၂ တစ်နှစ်တာ အသက်ရှင်ခွင့်ပေးပါနော်၊
နောက်နှစ်ခါ နှစ်ကုန်ပြန်လည်း၊
ဒီလိုပဲ တောင်းဆုချွေမည်၊
သေမင်းရေ မရယ် (မရည်) ပါနဲ့၊
လူ့ဘ၀ ရခဲလှလို့၊
တောင်းနေမိ ရဲ့  ။

ဘ၀တွက် အသက်ရှင်သန်၊
တည်မြဲနိုင်ရန်ပ ရည်စူး၊
ဝီရိယထား အလုပ် လုပ်ကားနေ၊
ကုသိုလ်ထူးလည်း ဆက်ကာထားတာမို့၊
ငါ မသေပါဘူးလို့ ယုံကြည်၊
မိဘကျေးဇူး ဆပ်ဖူးအောင်သာ ကြိုးစား၊
တရားထူးအရသာလည်း ခံစားဖူးမှ သင့်မည်၊
တရားအားထုတ်ဘို့ကိုလည်း စိတ်က ရည်ပါ။

စိတ်ဆိုတာ မကောင်းမှု့မှာ ပျော်တာမို့၊
ပျော်ဘို့လည်း စိတ်သန်မည်၊
သိပ်မာန်တွေ တက်မနေကြပဲ၊
ခံစားသင့်တာ ခံစားလို့၊
တရားထူးအရသာ စံစားဘို့လည်း စိတ်ကူးပါ၊
နှစ်ကူးမှာ အထူးမှာချင်ပါသည်၊
မိဘကျေးဇူး ဆပ်ဖူးအောင် လုပ်ပါ၊
တရားထူးအရသာကို ခံစားဖူးအောင်လည်း တရားအားထုတ်ပါ၊
နောက်တစ်နှစ် မသေချာ၊
မရေရာတဲ့ ဘ၀၊
သေချာနေတဲ့ ခဏလေးမှာ၊
ကျိုးနှစ်ဖြာ လုပ်နိုင်မှ၊
နှစ်သစ်မှာ တို့တတွေ၊
အကျိုးရှိမှာပ။