Friday, July 15, 2011

သံယောဇဉ်ဟူသည်

စာရေးသူ မန္တလေးမြို့ မှာနေခိုက် ဦးသောင်းဝင်းသည် သူသိဘူးသော သံယောဇဉ်အကြောင်းကို ဥပမာနဲ့တကွ (ပါဠိစကားရပ်နဲ့ပါ) ရှင်းပြပေးပါရန် ပြောကြားလာသည်၊ စာရေးသူလည်း တွေ့ဖူးသော အကြောင်းအရာဖြစ်သဖြင့် " အင်း " ဟု အလွယ်တကူပင် ခေါင်းညိမ့်လိုက်သည်၊ နေရာပြန်ရောက်လို့ စာအုပ် လှန်ကြည့်မှ သူပြောသော ဥပမာကို မတွေ့၊ အခက်တွေ့ ရပြီ။

စာရေးသူလည်း သူပြောသော "ဆုံလည်နွား ဥပမာ " စတဲ့ ဥပမာသုံးမျိုးကို မှတ်သားဖူး ကြားဖူးသည်၊ သို့သော် စာအုပ်သာ တစ်အုပ်ဆုံးသွားသည်၊ ထိုအကြောင်းအရာ ဥပမာများကို မတွေ့ ၊ တစ်ယောက်တည်း ချွေးများပင် ထွက်နေသည်၊ နောက်နေ့ တွေ့မှ " ဦးသောင်းဝင်း အဲဒီဥပမာတွေကို သိချင်တာလား၊ သံယောဇဉ်ရဲ့ အကြောင်းအခြင်းအရာကို သိချင်တာလား၊ သံယောဇဉ်ရဲ့ အကြောင်းကို သိချင်တာ ဆိုရင်တော့ ပြောပြ ရှင်းပြလို့ ရတယ်၊ ဥပမာတွေကို သိချင်တာဆိုရင်တော့ ရှင်းမပြတတ်တော့ဘူး၊ ရှာကြည့်တာ မတွေ့ဘူး၊ အဲဒီဥပမာတွေကို ကြားဖူး မှတ်ဖူးတယ်၊ ခုတော့ မတွေ့တော့ဘူး၊ ဘယ်စာအုပ်ထဲ ပါမှန်းလည်း မမှန်းတတ်တော့ဘူး၊ ထင်တဲ့ စာအုပ်ထဲမှာလည်း မပါဘူး" လို့ ပြောလိုက်ရသည်၊ ရှက်ရှက်နဲ့ပေါ့၊ မျက်နှာငယ်လေးနဲ့ပေါ့၊ ထိုသို့ ပြောလိုက်လျှင်ပဲ ဦးသောင်းဝင်းက"ဟုတ်လား၊ ရပါတယ်ဘုရား၊ သံယောဇဉ်ရဲ့  အကြောင်း အခြင်းအရာလေးပဲ သိချင်တာပါ" လို့ ပြောလာမှ နေသာထိုင်သာ ရှိသွား တော့သည်၊ မျက်နှာလေးလည်း ကြည်လင်စပြုလာတော့သည်၊ နေရာပြန်ရောက်လို့ သံယောဇဉ် အကြောင်း အခြင်းအရာကိုရေးဘို့ လုပ်ကာမှ ဘယ်ကစရေးရမှန်း မသိပြန်တော့၊ စာအုပ်ထဲက ပါဠိတစ်ချို့ ကောက် ရေးလိုက်၊ ပါဠိကို မြန်မာလို အဆင်ပြေအောင် နားလည်လွယ်အောင် ပါဠိစကားရဲ့ ဆိုလိုရင်းလည်း မလွတ်အောင် ရေးကြည့်လိုက်နဲ့၊ " သြော် စာရေးဆရာတွေများ ချီးကျူးစရာ ကောင်းလိုက်တာလို့ " မဆီမဆိုင် စာရေးဆရာများကို ချီးကျူးမိသည်၊ ဟုတ်တယ်လေ၊ စာဖတ်သူတွေ နားလည်လွယ်အောင် စာအထားအသို စကားအသုံးအနှုန်း အကြောင်းအရာ အနေအထားတွေဟာ စာရေးကြည့်မှ ဘယ်လောက် ခက်ခဲတယ်ဆိုတာ သိလာရတာ မဟုတ်လားဗျာ။

ထားပါတော့လေ၊ စာရေးသူလည်း ဘယ်လိုစရေးပြီး ဘယ်လိုအဆုံးသတ်ရမည် မသိတာက တစ်ကြောင်း သံယောဇဉ်ရဲ့ သဘောသဘာဝကို ပိုမိုရှင်းလင်းအောင် ဘယ်လို ဥပမာပေး ရှင်းပြရရင် ကောင်းမလဲလို့ တွေးမိတာက တစ်ကြောင်း ဥပမာပေးဘို့ တွေးမရဖြစ်နေတာကတစ်ကြောင်း အဲလို အကြောင်းအမျိုးမျိုး ကြောင့် လူသူရှင်းသော အလယ်ကျောင်းတိုက် အပေါ်ထပ်ကို လေးကွေးစွာနဲ့ပဲ တစ်လှမ်းချင်း လှမ်းတက်သွား မိသည်၊ ဘာရယ် မဟုတ်ပါ၊ ခေါင်းထဲမှာ " ဘယ်လို ဥပမာပေးပြီး ဘယ်လို ဖြေပေးရရင် အရှင်းဆုံး နားလည်လွယ်ဆုံးဖြစ်မလဲ" လို့ တွေးရင်း တက်လာခဲ့ခြင်းဖြစ်သည်၊ ညနေချိန်ဖြစ်သဖြင့် ကျောင်းအပြင် ဘက်က စေတီရင်ပြင်မှာ စွန်လွှတ်ကစားနေကြသော ကလေးများ ရှိနေကြသည်၊ သူတို့စွန်လွှတ်တာ လေးတွေကို ကြည့်ပြီး " သြော် ကလေးဘ၀ ဘာမှ ပူပန်မှု့မရှိကြပါလား၊ ငါ အဲလို ကလေး ဘ၀ကို ပြန်လိုချင် လို့ မရတော့ပါလား" လို့ တွေးရင်း  အတွေးတွေက ဟိုရောက် ဒီရောက်၊ ကလေးလေးတွေက သူတို့ စွန်အစွမ်း ပြိုင်နေကြသည့်ထင်ရဲ့ ။

စွန်လေးတွေကလည်း ဟို --- အမြင့်ကို တက်သွားလိုက် အောက်ကို ပြန်ဆင်း လာလိုက်နဲ့ပါပဲ၊ တစ်ယောက် ၏စွန်ကို တစ်ယောက်က လိုက်ပြိုင်နေကြသည်၊ ဆူဆူညံညံ ပြောဆိုနေကြသည်၊ ကြည့်နေရင်း ကလေးလေး တစ်ယောက်ရဲ့ စွန်က ကြိုးပြတ်ပြီး လေခေါ်ရာကို လိုက်ပါသွားတော့သည်၊ ပိုင်ရှင်ကလေးလေးမှာ စိတ်မကောင်းစွာနဲ့ ငေးကြည့်နေသည်၊ နောက်ကလေးတစ်ယောက်ရဲ့ စွန်ကတော့ ကြိုးဆွဲရာ ပိုင်ရှင်ရှိရာသို့ ပြန်ရောက်လာသည်၊ စွန်ကြိုးပြတ်သွားသော ကလေးလေးကတော့ ငိုင်လို့ မှိုင်လို့၊ ကြိုးမပြတ်ပဲ အနိုင်ရလိုက်သော ကလေးလေးကတော့ ပျော်လို့ရယ်လို့၊ အင်း " နိုင်သူကပျော်ရွှင် ကျေနပ် ရှုံးသူက ၀မ်းနည်းကြေကွဲ ဖြစ်ကြတာဟာ လောကသဘာဝတစ်ခုပါ " ပဲလေ၊ အဲလို ကြည့်နေရင်းက အမှတ်မထင် အတွေးတစ်ခု စာရေးသူရင်ထဲ ၀င်လာခဲ့သည်၊ ရောက်လာခဲ့သည်၊ "ဟာ သံယောဇဉ်ဆိုတာ စွန်လေးတွေလိုပါလား" ဟူသော အတွေးဖြစ်သည်၊ ထိုအတွေးလေးကပင် ဦးသောင်းဝင်း၏ အမေးကို ရင်အေးစွာ ဖြေပေးနိုင်ခဲ့သည်၊ ထိုအကြောင်းအရာလေးကို သံယောဇဉ်၏သဘောကို သိချင်သူများအတွက် ဗဟုသုတ ဖြစ်အောင် ပြောပြချင်သော သမ္မာဆန္ဒလေးကြောင့် သံယောဇဉ်အကြောင်းလေးကို ရေးပြမိခြင်းဖြစ်သည်။

" သံယောဇဉ် " ဟူသည် သတ္တ၀ါများကို ကာမနယ်ပယ်ကတိုင် ထွက်ခွါ မသွားနိုင်အောင် ချည်နှောင်ထားသော အရာဖြစ်သည်၊ သံယောဇဉ်သည် အကြောင်းအရာအမျိုးမျိုးနဲ့ သတ္တ၀ါတို့ကို ချည်နှောင်ထားသည်၊ ထိုအခြင်းအရာ အမျိုးမျိုးထဲက လွတ်အောင် မရုန်းထွက်နိုင်သရွေ့ ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့ နေကြဦးမှာလည်း မလွဲဧကန်ပင်၊ သံယောဇဉ်၏ နှောင်ဖွဲ့ ချည်နှောင်ပုံ အမျိုးမျိုးမှာ---
(၁) ကာမဂုဏ်အာရုံတွေ  နှစ်သက်တတ်သူကို နှစ်သက်တပ်မက်မြတ်နိုးတွယ်တာဖွယ်ရာ ကာမဂုဏ် အာရုံများဖြင့် ချည်နှောင်ခြင်း၊
(၂) ရူပဘ၀ အရူပဘ၀သို့ သွားချင်နေသူကို ရူပဘ၀ အရူပဘ၀များ၏ နှစ်သက်ဖွယ်ရာ အကြောင်းအရာ ဈာန်တရားများဖြင့် ချည်နှောင်ခြင်း၊
(၃) ဒေါသကြီးသူကို ဒေါသဖြစ်ဖွယ်ရာ အရာများဖြင့် ချည်နှောင်ထားခြင်း၊
(၄) မာနကြီးသူကို မာနဖြစ်ဖွယ်ရာ အကြောင်းတရားများဖြင့် ချည်နှောင်ခြင်း၊
(၅) ပညာမဲ့ အတွေးခေါင်သူကို အတွေးမှား အမြင်မှားဖွယ်ရာ အကြောင်းအရာများဖြင့် ချည်နှောင်ခြင်း၊
(၆) ထူးထူးခြားခြား ပြောင်းတိပြောင်းပြန် ကျင့်လိုသူကို မှားယွင်းစာကျင့်ဖွယ် အကြောင်းအရာများဖြင့် ချည်နှောင်ခြင်း၊
(၇) ခိုင်မာ ပြတ်သားသော ပညာမရှိသူကို သိုလောသိုလောတွေးတောချင်ဖွယ်ရာ အကြောင်းအရာများဖြင့် ချည်နှောင်ခြင်း၊
(၈) အတွေးများ အကြံများသူကို စိတ်ပျံလွင့်ဖွယ်ရာ အကြောင်းအရာများဖြင့် ချည်နှောင်ခြင်း၊
(၉) ပညာမဲ့သူကို အမြင်မှားဖွယ်ရာ အမှားမြင်ဖွယ်ရာ အကြောင်းအရာများဖြင့် ချည်နှောင်ခြင်း၊
(၁၀) သူများကြီးပွားချမ်းသာ အဆင်ပြောတာကို မုဒိတာမပွားနိုင် ၀မ်းမသာနိုင်သူကို ထိုသို့ ဖြစ်ဖွယ်ရာ အကြောင်းအရာများဖြင့် ချည်နှောင်ခြင်း၊
(၁၁) မိမိလို ဖြစ်လာမှာ မလိုလားတတ်သူ မိမိလို နာမည်ကြီး ထင်ရှား ကျော်ကြားမှာ မိမိကဲ့သို့ ပညာတော်မှာ မိမိလိုလှပလာမှာ မိမိလို ရာထူးရလာမှာကို မလိုလားတတ်သူကို ထိုသို့ ဖြစ်ဖွယ်ရာ အကြောင်းအရာများဖြင့် ချည်နှောင်ထားခြင်းတို့ ပဲဖြစ်သည်။

ထိုသို့သော အကြောင်းအရာတစ်မျိုးမျိုးနဲ့ ချည်နှောင်ခံထားရသူသည် သံယောဇဉ်၏နယ်မြေဖြစ်သော ကာမ ရူပ အရူပဘုံမှ မလွတ်မြောက်နိုင်၊ လွတ်အောင် ရုန်းမထွက်နိုင်၊ ထိုဘုံတို့သည် ချမ်းသာ ဆင်းရဲ မမြဲခြင်းစသော လောကဓံ( လောကကို ဆောင်ထားသော တရား ရှစ်ပါး) တရားတို့ရှိရာ နယ်မြေလည်း ဖြစ်သည်၊ လောကဓံ တရားတို့ရှိရာ နယ်မြေမှ မရုန်းထွက်နိုင်သမျှကာလပတ်လုံး လောကဓံတရားတို့နဲ့လည်း တွေ့ဆုံ ကြုံတွေ့ နေကြရဦးမည်ပင်၊ လောကဓံတရားများနဲ့ရင်ဆိုင်မတွေ့လိုဘူး ရင်ဆိုင်တွေ့ရင်လည်း ခံနိုင်ရည်မရှိဘူးဆိုရင်တော့ လောကဓံမရှိတဲ့ နေရာကို သွားနိုင်မှ ဖြစ်မည် (သို့) လောကဓံတရားကို အောင်နိုင်သော အရိယဓမ္မ ရှိမှဖြစ်မည်၊ ၀ိပဿနာဥာဏ်အမြင်ကို အချိန်မရွေး ရယူနိုင်သော အလေ့အကျင့်ရှိပြီးသူ အဆင့်ရှိပြီးသူဖြစ်ရမည်၊ ထို့ကြောင့် သံယောဇဉ်ဟူသော အရာသည် သံယောဇဉ်မှန်း မရိပ်မိအောင်ပင် သတ္တ၀ါတွေကို ချည်နှောင်နိုင်စွမ်းရှိသည်၊ ဥပမာဖြင့်ပြောရလျှင် သံယောဇဉ်သည် စွန်ကို ချည်ထားသော ကြိုးနဲ့တူသည်၊ သတ္တ၀ါများသည် ကြိုးဖြင့်ချည်ခံထားရသော စွန်လေးနဲ့တူသည်၊ စွန်လေးသည် သူသွားလိုရာသွားနိုင်ဘို့ လွင့်လိုရာလွင့်နိုင်ဘို့ ကြိုးမရှိမှ ကြိုးချည်ပြီးသားဖြစ်နေ လျှင်လည်း ကြိုးပြတ်သွားမှ သွားခွင့် လွင့်ခွင့်ရသည်၊ ကြိုးမပြတ်သေးလျှင်တော့ ကြိုးဆွဲခေါ်ရာ ရောက်ရောက်လာနေကြရဦးမည်၊ ထို့အတူပင် စွန်နဲ့တူသောသတ္တ၀ါများသည်လည်း သွားလိုရာ သွားနိုင်ဘို့ လွင့်လိုရာ လွင့်နိုင်ဘို့ ကြိုးနဲ့တူသော သံယောဇဉ်များ မရှိမှ ရှိထားလျှင်လည်း ပြတ်ပစ် နိုင်မှ သွားနိုင်မည် လွင့်နိုင်ရွေ့ နိုင်မည် ဖြစ်သည်၊ မပြတ်နိုင် မဖြတ်နိုင်သေးလျှင်တော့ သံယောဇဉ် ရှိရာ အရပ်နေရာဒေသသို့ ခဏခဏရောက်နေ ဖြစ်နေ ကျင်လည်နေကြရဦးမည်။

နတ်တွေ ဗြဟ္မာတွေ လူတွေမှာ အသိဥာဏ်ရှိနေတာဟာ သိပ်ကို ချစ်စရာ တန်ဘိုးထားလေးစားစရာ ကောင်းသော အချက်ဖြစ်သည်၊ သက်မဲ့ဖြစ်သော စွန်သည် သူသွားလိုရာကို လွတ်လွတ်လပ်လပ် မသွားနိုင်ခင် ကြိုးဆွဲရာ ပါသွားရသည့်အခါ ပြန်လာရသည့်အခါ လေအဟုန်ကြောင့် သစ်ပင်နဲ့ ငြိလို့ စုတ်ပြဲသွားတာမျိုး မီးကြိုးနဲ့ငြိလို့စုတ်ပြဲသွားတာမျိုး အခြားတစ်ခုခုနဲ့ထိမိခိုက်မိလို့ စုတ်ပြဲသွားတာ မျိုး  ဖြစ်ရတာတွေရှိသည်၊ လူတွေမှာလည်း လောကဓံနဲ့ထိမိခိုက်မိတဲ့အခါ စွန်လေးလိုပဲ ဘ၀တွေစုတ်ပြတ် ပေါက်ပြဲသွားနိုင်သည်၊ ထိုသို့မဖြစ်သွားဘို့ ကာကွယ်တားဆီးပေးဘို့ရန် ကံတရားက အသိဥာဏ်လေး တွေကို ကိုယ်စီပိုင်ဆိုင်ခွင့် လက်ဆောင်အဖြစ် ပေးလိုက်သည်၊ အသိဥာဏ်သည် သိမ်းဆည်းထားဘို့ ချက်ပြုတ်စားသောက်ဘို့ မဟုတ်ပါ၊ လျှောက်လှမ်းနေတဲ့ဘ၀ မှန်ကန်စေဘို့ သာယာအေးမြစေဘို့ ကိုယ်လုပ်နေတဲ့ အလုပ်မှန်ကန်စေဘို့ ကိုယ်ပြောတဲ့စကား မှန်ကန်လေးနက်စေဘို့ ကိုယ်တွေးတဲ့ အတွေး မှန်ကန်လေးနဲ့စေဘို့အတွက် ဖြစ်သည်၊ စာရေးသူတို့ အားလုံး ငြိမ်းအေးသော နေရာ (သို့) ကိုယ်သွားလိုရာ တစ်နေရာရာကို သွားတော့မယ်ဆိုလျှင် ကိုယ်ချမ်းသာ စိတ်ချမ်းသာနဲ့ စိတ်အေးလက်အေး သွားနိုင်ဘို့ လွတ်လွတ်လပ်လပ်သွားနိုင်ဘို့ သံယောဇဉ်မရှိမှ ဖြစ်မည်၊ သံယောဇဉ်ရှိလျှင်တော့ သံယောဇဉ်နဲ့ ပတ်သက်တဲ့ လောကဓံတရားတွေကို ခံကြရမည်၊ ခံနိုင်ရည်ရှိဘို့လည်း ကြိုတင်ပြင်ဆင်ထားရမည်၊ ကြုံတွေ့ လာတဲ့အခါမှာလည်းဘ၀တွေ စုတ်ပြတ်မသွားစေဘို့ အသိဥာဏ်ကို သုံးကြရမည်။

ကဲ စာဖတ်သူ မိတ်ဆွေသူငယ်ချင်းအပေါင်းတို့ရေ " သံယောဇဉ်ဆိုတာ  စွန်လေးကို  သွားလိုရာသွားလို့ မရအောင် လွင့်လိုရာလွင့်လို့မရအောင်  ချည်နှောင်ထားသော ဖမ်းချုပ်ထားသော ကြိုးနဲ့တူတယ် ဆိုတာနှင့်  သတ္တ၀ါတွေဆိုတာ ကြိုးနဲ့ချည်နှောင်ခံထားရသော စွန်နဲ့တူတယ်ဆိုတာကိုသိစေ ချင်တာပါ"၊ သံယောဇဉ်ရဲ့ ချည်နှောင်တတ်ပုံ အမျိုးမျိုးကို သိကြပြီး ရှောင်နိုင်ကြပါစေ၊ မရှောင်နိုင်ခဲ့လျှင် လည်း ဘ၀တွေ စုတ်ပြတ် မသွားအောင် အသိဥာဏ်ကို သုံးတတ်ကြပါစေ၊ သုံးနိုင်ကြပါစေ၊ သုံးဖြစ်ကြပါစေ၊ သံယောဇဉ်ရဲ့ အနှောင်အဖွဲ့နဲ့ ကင်းအောင်နေနိုင်ကြပါစေ၊ ချည်နှောင်ခံထားရရင်လည်း ပြတ်အောင် ဖြတ်နိုင် ကြပါစေ၊ ပြတ်နိုင်ဖြတ်နိုင်ပြီး  သွားလို ရောက်လိုရာ ဒေသ ဘုံဌာနသို့ လွတ်လွတ်လပ်လပ်အေးအေးချမ်းချမ်း လွယ်လွယ်ကူကူ သွားနိုင် ရောက်နိုင် လှမ်းတက်နိုင် ကြပါစေလို့--------------------------------

(ဦးသောင်းဝင်းပြောသော ဥပမာ သုံးမျိုးကို သီချင်းဆိုသံကြားလို့ပဲ မှတ်ထားဘူးတာလား ဘာလားတော့ မသိ၊ မှတ်ဘူး ကြားဘူးခဲ့တာတော့ အမှန်ပင်၊ ဇာတ်တော်ထဲမှာလိုလို ဓမ္မပဒထဲမှာလိုလို ၀ိဘာဝနီဋီကာ ထဲမှာလိုလိုနဲ့၊ ထင်တဲ့စာအုပ်ထဲမှာ ရှာပြန်တော့လည်း မတွေ့ခဲ့၊ စာရေးသူလည်း ရှာလိုစိတ်မရှိသဖြင့် ခုထိတိုင်အောင် မရှာဖြစ်တော့ပါ၊ ထိုအကြောင်းအရာများသည် တစ်အုပ်တစ်အုပ်အုပ်ထဲမှာတော့ အခိုင်အမာရှိနေမည်မှာ မလွဲပါ၊ ခုရေးလိုက်ခြင်းသည် "သံယောဇဉ်ရဲ့ သဘောသဘာဝလေးကို သိပြီး ရှောင်နိုင် ဖြတ်နိုင် ပြတ်နိုင်ပါစေ၊ မရှောင်နိုင် မဖြတ်နိုင် မပြတ်နိုင်ဘူးဆိုလျှင်လည်း  ဘ၀လေးတွေ မစုတ်ပြတ်ဘို့ အသိဥာဏ်ကို သုံးတတ်ပါစေ သုံးမိပါစေ" ဆိုတဲ့ ရည်ရွယ်ချက် သမ္မဆန္ဒမွန်နဲ့ ရေသားမိခြင်းဖြစ်သည်)။

No comments:

Post a Comment